'ဒါက ခွန်အားချင်းယှဉ်တဲ့ တိုက်ပွဲမျိုး မဟုတ်ဘူးပဲ။ ဒီစစ်တုရင်လိုလို အကွက်တွေက စမ်းသပ်မှုရဲ့ အဓိကအစိတ်အပိုင်း ဖြစ်ရမယ်။ ငါက ဘုရင်နေရာမှာ ရပ်ပြီး စစ်တုရင်ကစားသလို တိုက်ခိုက်ရမှာလား။ ဒါပေမဲ့ ဒါက စစ်တုရင်လည်း မဟုတ်ဘူး။ ငါက စည်းမျဉ်းတွေလည်း ဘာမှမသိဘူး။ အကွက်အရေအတွက်ကလည်း မတူဘူး' လုံချန်းက မျက်မှောင်ကြုတ်ကာ တွေးတောနေမိသည်။
"ဒီမှာ ငါတို့ ဘာလုပ်ရမှာလဲ" လုံချန်းက အခန်း၏ အခြားတစ်ဖက်တွင် ရပ်နေသော ဆံပင်နီနှင့် တပည့်ကို လှမ်းမေးလိုက်သည်။
"မင်းက လူအလား။ ငါတို့ရှေ့မှာ လျန်ရီခုံ ရှိနေတာ ဘာလုပ်ရဦးမှာလဲ။ ငါတို့မှာရှိတဲ့ အကွက်တွေကို သုံးပြီး လျန်ရီနည်းဗျူဟာနဲ့ တိုက်ခိုက်ရမှာပေါ့။ အသက်ရှင်ကျန်ရစ်တဲ့ ဘုရင်ပဲ ရှေ့ဆက်သွားခွင့်ရမှာ။ အခု ပါးစပ်ပိတ်ပြီး ဘုရင်နေရာကို တက်လိုက်စမ်း။ ငါ မင်းကိုသတ်ပြီး တိုက်ပွဲစနိုင်အောင်လို့" ဆံပင်နီနှင့်တပည့်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ငါက စည်းမျဉ်းတွေကို မသိဘူးလေ" လုံချန်းက ရှက်ကိုးရှက်ကန်း အပြုံးဖြင့် ပြန်ပြောသည်။
"အဲဒါ အရေးမကြီးဘူး။ ဘုရင်နေရာကိုသာ တက်ပြီး တိုက်ပွဲစလိုက်စမ်း။ အဲဒီလောက်တောင် သတ္တိမရှိဘူးဆိုရင်လည်း မင်းရဲ့ပုံဆောင်ခဲကိုခွဲပြီး ဒီကနေ လစ်လိုက်တော့။ မင်းရဲ့ အသုံးမကျမှုတွေနဲ့ ငါ့အချိန်တွေကို လာမဖြုန်းနဲ့" ဆံပင်နီကောင်က စိတ်ပျက်လက်ပျက် အော်ပြောပြန်သည်။
"ဒီကောင်ကတော့ ငါ့ကို တကယ် ဒေါသထွက်အောင် လုပ်နေပြီ" လုံချန်း၏ သွေးများ ဆူပွက်လာပြီး ဒေါသက ငယ်ထိပ်ရောက်လာသည်။
"သူ့ကို ဂရုမစိုက်နဲ့။ ဒေါသမထွက်နဲ့ဦး။ သူသာ နင့်ရဲ့ ခွန်အားအစစ်အမှန်နဲ့ နင်သတ်ခဲ့ဖူးတဲ့ သူလိုကျင့်ကြံသူတွေ ဘယ်လောက်တောင် ရှိလဲဆိုတာ သိရင် နင့်ရှေ့မှာ ပါးစပ်တောင် ဟရဲမှာ မဟုတ်ဘူး။ သူ့ကို ပုရွက်ဆိတ်တစ်ကောင်လိုပဲ သဘောထားပြီး လျစ်လျူရှုလိုက်" ရွှင်းက လုံချန်း စိတ်အေးသွားအောင် ဖျောင်းဖျလိုက်သည်။
'ဒီကစားပွဲအကြောင်း နင် တစ်ခုခု သိလား။ ငါကတော့ ဘာမှမသိဘူး။ ဘာဗဟုသုတမှ မရှိဘဲ အဲဒီနေရာကို တက်လိုက်ရင် သေဖို့လမ်းရှာနေသလို ဖြစ်လိမ့်မယ်' လုံချန်းက သူ၏ဘက်မှ လွတ်နေသော ဘုရင်အကွက်ကို ကြည့်ရင်း ရွှင်းအား မေးလိုက်သည်။
"ဟိုမှာ လျန်ရီခုံကြီးပါလား။ သူ့ရဲ့ မတော်တဆမှုဖြစ်ပြီးကတည်းက လျန်ရီအကြောင်း ငါ ဘာမှမသင်ပေးရသေးဘူး။ သူ့ရဲ့ ပျောက်ဆုံးသွားတဲ့ မှတ်ဉာဏ်တွေနဲ့အတူ သိထားသမျှတွေလည်း မေ့ကုန်လောက်ပြီ" မူယွမ်က စိုးရိမ်တကြီး ရေရွတ်လိုက်သည်။
"ပုံဆောင်ခဲကို ခွဲလိုက်ပါတော့။ ကျေးဇူးပြုပြီး ပုံဆောင်ခဲကိုသာ ခွဲလိုက်ပါတော့" သူမသည် ဖန်သားပြင်ကို ကြည့်ရင်း သူမ၏သား မှန်ကန်သော ဆုံးဖြတ်ချက်ချကာ စမ်းသပ်မှုမှ ထွက်လာရန် ဆုတောင်းနေမိသည်။
"ဟုတ်တယ်... လျန်ရီအကြောင်း မသိဘဲနဲ့ သူ မနိုင်နိုင်ဘူး။ အဲဒီခုံပေါ် တက်လိုက်တာနဲ့ သေဖို့ပဲ ရှိတော့တယ်။ သူ ပုံဆောင်ခဲကို ခွဲသင့်တယ်" ရွမ်းယီကလည်း လုံချန်းကို ကြည့်ကာ ဆိုသည်။
'ဟင်း... သူ့ရဲ့ ခရီးက ဒီမှာတင် အဆုံးသတ်ပြီပေါ့။ ဒီကောင် ဒီစမ်းသပ်မှုကို ဘယ်တော့မှ မကျော်ဖြတ်နိုင်ဘူးဆိုတာ ငါ သိသားပဲ။ လူအချို့ကို သတ်နိုင်ပြီး စမ်းသပ်မှု အချို့ကို အောင်မြင်ခဲ့ရင်ကော ဘာဖြစ်လဲ။ ကံကောင်းရင် ဘယ်သူမဆို အောင်မြင်နိုင်တာပဲ။ နောက်ပိုင်း အဆင့်တွေရောက်မှ တပည့်တစ်ယောက်ရဲ့ ပါရမီအစစ်ကို သိရမှာ' အကြီးအကဲ ဖုမင်ကတော့ လုံချန်း၏ ကံဆိုးမှုကို သဘောကျနေပုံရပြီး ပြုံးနေသည်။ ရွမ်းယီက သူမနှင့် သူမ၏ လူယုံကို စော်ကားခဲ့ဖူးသဖြင့် ရွမ်းယီ ထောက်ခံထားသော လုံချန်းကိုလည်း သူမ မကြည်ဖြူခြင်း ဖြစ်သည်။
'ငါ ဒီကစားပွဲကို အထက်ဘုံမှာ မြင်ဖူးသလိုပဲ။ အကွက်တွေ ရွှေ့ဖို့ ငါ နင့်ကို ကူညီပေးနိုင်ပေမဲ့ ငါတို့ နိုင်မယ်လို့တော့ အာမမခံနိုင်ဘူးနော်' ရွှင်းက လုံချန်းအနားမှာ ပေါ်လာပြီး ပြောလိုက်သည်။
"ဘာမှမရှိတာထက်စာရင်တော့ တော်ပါသေးတယ်။ စည်းမျဉ်းတွေကိုသာ ပြောပြ။ ကျန်တာကို ငါ ကိုင်တွယ်မယ်" လုံချန်းက ရွှင်းကို ပြောလိုက်သည်။
သူ၏ ယခင်ဘဝက လုံချန်းသည် ကောလိပ်ကျောင်းသား လူငယ်တစ်ဦးအဖြစ် သေဆုံးခဲ့ခြင်း ဖြစ်သည်။ သူသည် စာပေတွင် တော်သော်လည်း ထိပ်တန်းတော့ မဟုတ်ပေ။ အကြောင်းမှာ သူသည် စာတစ်ခုတည်းမှာပဲ အာရုံမစိုက်ဘဲ အခြားအရာများကိုလည်း စိတ်ဝင်စားသောကြောင့် ဖြစ်သည်။ သူသည် စစ်တုရင်ကလပ်၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ကောလိပ်၏ ထိပ်တန်း စစ်တုရင်ကစားသမား တစ်ဦးလည်း ဖြစ်ခဲ့သည်။ အကယ်၍ စည်းမျဉ်းများကိုသာ သိခဲ့ပြီး စစ်တုရင်နှင့် ဆင်တူနေမည်ဆိုလျှင် သူ၏ ကိုယ်ပိုင်ဗျူဟာဖြင့် အနိုင်ယူနိုင်မည်ဟု သူ ယုံကြည်သည်။
"ကောင်းပြီလေ။ စည်းမျဉ်းတွေကို အကျဉ်းချုပ် ရှင်းပြမယ်။ နင့်ဘက်မှာရှိတဲ့ ရုပ်သေးတစ်ရုပ်ချင်းစီက လျန်ရီရဲ့ အစိတ်အပိုင်းတစ်ခုစီကို ကိုယ်စားပြုတယ်။ သေချာကြည့်ရင် အဲဒီအကွက်တွေရဲ့ ကိုယ်ပေါ်မှာ နံပါတ်တွေ ပါတာ တွေ့လိမ့်မယ်။ ပထမဆုံး အကွက်က နံပါတ် ၁၊ ၁၇ ခုမြောက် အကွက်က နံပါတ် ၁၇ ပေါ့။ နင်ကတော့ နံပါတ် ၁၈ လို့ သတ်မှတ်ခံရလိမ့်မယ်" ရွှင်းက စတင်ရှင်းပြသည်။
"ဟေ့... အမှိုက်ကောင်၊ အဲဒီမှာ ရပ်ပြီး ဘာလုပ်နေတာလဲ။ ဒီခုံပေါ်ကို တက်မလား၊ ဒီကနေ လစ်မလား တစ်ခုခုလုပ်စမ်း။ ငါ့အချိန်တွေကို ဒီမှာ လာမဖြုန်းနဲ့။ ငါက အသုံးမကျတဲ့ ကောင်လေးတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ကို စောင့်နေဖို့ စမ်းသပ်မှုတွေကို အမြန်ကျော်ဖြတ်လာခဲ့တာ မဟုတ်ဘူး။ ငါ တခြားလူတွေကို လိုက်မီဖို့ လိုသေးတယ်" ဆံပင်နီနှင့်တပည့်က ဘေးမှနေ၍ ဒေါသတကြီး အော်ဟစ်နေသော်လည်း လုံချန်းကတော့ ထိုစကားများအား လျစ်လျူရှုကာ ရွှင်း၏ စကားကိုသာ အာရုံစိုက်နေသည်။
'သူ့ကို ထားလိုက်၊ နင်ပြောလက်စကို ဆက်ပြော' လုံချန်းက လက်ပိုက်လျက် ခုံကို စိုက်ကြည့်ရင်း ဆုံးဖြတ်ချက်ချရန် တွေးတောနေသယောင် ဟန်ဆောင်ကာ ရွှင်းအား ပြောလိုက်သည်။
သေမင်းခန်းမ အပြင်ဘက်တွင်တော့ ထုတ်လွှင့်ပြသမှုကို ကြည့်နေသူအားလုံးမှာ လုံချန်း အဘယ်ကြောင့် ဤမျှ ကြာနေမှန်း တွေးတောနေကြသည်။ သူသည် ဤစမ်းသပ်မှုကို အောင်မြင်ရန် မျှော်လင့်ချက် မရှိသဖြင့် ပုံဆောင်ခဲကို ခွဲလိုက်ရုံသာ ရှိသည်။
"သူ တစ်ခုခုကို သတိရအောင် ကြိုးစားနေတာလား။ တကယ်လို့ သူ မေ့နေတဲ့ မှတ်ဉာဏ်တွေထဲက လျန်ရီအကြောင်း တစ်ခုခု ပြန်သတိရလာရင်တော့ အနိုင်ရဖို့ အခွင့်အရေး ရှိကောင်းရှိနိုင်တယ်" ရွမ်းယီက လက်ကို မေးစေ့မှာတင်၍ လုံချန်း၏ မျက်နှာအား စိတ်ဝင်တစား စိုက်ကြည့်ရင်း ရေရွတ်လိုက်သည်။
'ဒါပေမဲ့ သူ တကယ်ပဲ အလေးအနက် တွေးနေတာလား၊ ငါ မှားနေတာလား။ သူ တမင် အချိန်ဆွဲနေတာလား' လုံချန်း၏ မျက်နှာကို ကြည့်ကာ သူမ တွေးတောနေမိသည်။
"ဒါက တစ်လှည့်စီ ကစားရတဲ့ ကစားပွဲပဲ။ နံပါတ် ၁ ကနေ ၉ အထိ အကွက်တွေက ပုံမှန်အကွက်တွေဖြစ်ပြီး တစ်လှည့်ကို ရှေ့တစ်လှမ်းပဲ တက်လို့ရတယ်။ နင့်ရဲ့အကွက်က တခြားကစားသမားရဲ့ အကွက်ရှေ့တည့်တည့်ကို ရောက်သွားမှပဲ ပြိုင်ဘက်ရဲ့ အကွက်ကို သတ်လို့ရတယ်" ရွှင်းက ဆိုသည်။
'ဒါက စစ်တုရင်ထဲက နယ်ရုပ်တွေနဲ့ တူတာပဲ၊ ဒါပေမဲ့ နယ်ရုပ်တွေလိုမျိုး ထောင့်ဖြတ်စားလို့ရတယ်လို့တော့ သူ မပြောဘူးပဲ' လုံချန်းက ရှေ့တန်းက ရုပ်သေးများကို ကြည့်ရင်း စဉ်းစားနေမိသည်။
'ရှေ့တန်းအကွက်တွေအတွက် တခြားစည်းမျဉ်းတွေ ရှိသေးလား။ ပြိုင်ဘက်က အရှေ့မှာ ရှိနေရင် ထောင့်ဖြတ် ရွှေ့လို့ရလား' လုံချန်းက ရွှင်းကို မေးလိုက်သည်။
"မရဘူး။ ရှေ့ကိုပဲ သွားလို့ရပြီး ရှေ့တည့်တည့်မှာ ရှိတဲ့သူကိုပဲ သတ်လို့ရတယ်" ရွှင်းက ခေါင်းခါရင်း ပြန်ဖြေသည်။
'ဒါဆို ကစားပွဲရဲ့ ဗျူဟာက အများကြီး ပြောင်းလဲသွားပြီ။ ထင်သလောက်တော့ မရိုးရှင်းဘူးပဲ' လုံချန်းက သက်ပြင်းချရင်း တွေးလိုက်သည်။
'တခြားအကွက်တွေအကြောင်းလည်း ပြောပြဦး'
"နံပါတ် ၁၀ ကနေ ၁၅ အထိ အကွက်တွေကတော့ ထောင့်ဖြတ်ကို နှစ်လှမ်းအထိ သွားလို့ရတယ်။ ပြိုင်ဘက်ရဲ့ အကွက်ရှေ့ကို ရောက်သွားရင် သတ်လို့ရတယ်။ သူတို့က သူတို့အရှေ့တည့်တည့် ဒါမှမဟုတ် ထောင့်ဖြတ် တစ်လှမ်းမှာ ရှိတဲ့သူကို သတ်နိုင်တယ်" ရွှင်းက ကျန်အကွက်များအကြောင်း ရှင်းပြသည်။
"ဒါဆို ငါ့မှာ ကန့်သတ်ချက်အချို့ရှိတဲ့ အမတ် ငါးကောင် ရှိနေတာပေါ့" လုံချန်းက ခေါင်းညိတ်ကာ ရေရွတ်လိုက်သည်။
ဆံပင်နီနှင့်လူမှာ လုံချန်းက သူ့ကို လျစ်လျူရှုထားသဖြင့် ရူးမတတ် အော်ဟစ်နေတော့သည်။ လုံချန်းကတော့ ဂရုမစိုက်ဘဲ မိမိအကွက်များကို ပိုနားလည်အောင်သာ အာရုံစိုက်နေသည်။
"၁၆ နဲ့ ၁၇ ခုမြောက် အကွက်တွေကတော့ ရှေ့တည့်တည့် ဒါမှမဟုတ် ထောင့်ဖြတ် ဘယ်ဘက်ကိုမဆို သုံးလှမ်းအထိ သွားလို့ရတယ်။ သတ်တဲ့ပုံစံကတော့ တူတူပဲ" ရွှင်းက ကျန်အကွက်များအကြောင်းကိုလည်း ရှင်းပြလိုက်သည်။
'ဒါဆို သူတို့က စွမ်းအားမပြည့်ဝတဲ့ ဘုရင်မတွေပေါ့။ နားလည်ပြီ။ ဒါနဲ့ ဘုရင်ကကော ဘယ်နှစ်လှမ်း သွားလို့ရလဲ' လုံချန်းက သူ မသိသေးသည့် နောက်ဆုံးအကွက်အကြောင်း မေးလိုက်သည်။
"ဘုရင်ကတော့ ဒီဂိမ်းမှာ လုံးဝ ရွှေ့လို့မရဘူး။ ဒါကြောင့် နင့်ရဲ့ အကွက်တွေ အရင်ကုန်သွားရင် ပြိုင်ဘက်က နင့်ကို အလွယ်တကူ သတ်နိုင်လိမ့်မယ်၊ နင်လည်း ထွက်ပြေးလို့ မရဘူး။ ဒါကြောင့် နင့်ရဲ့ အကွက်တွေကို ဂရုတစိုက် သုံးဖို့ လိုလိမ့်မယ်။ ငါ တစ်ခုခု မြင်ရင်လည်း အကြံပေးမယ်လေ" ရွှင်းက လုံချန်းကို ပြောလိုက်တော့သည်။
***