"ဘုရားရေ... ဒီအသင်းရဲ့ ဖွဲ့စည်းပုံက ငါ သူတို့ထဲက တစ်ယောက် ဖြစ်ထိုက်တယ်လို့တောင် မထင်တော့ဘူး"
တောက်လန် နှင့် ဝူကန်းမန် တို့၏ အဖွဲ့ဝင်များက နောက်မှ လိုက်သွားကြလေသည်။ ရှေ့ပိုင်းတွင် လော့မင် နှင့် အဖွဲ့က လမ်းကို ရှင်းလင်းပေးသည်။ မိုးကြိုးသားရဲကြီးများမှာ ခေါင်းပြူထွက်လာသည့် အချိန်မှာပင် အသတ်ခံလိုက်ရသည်။
အစပိုင်းတွင် သူတို့သည်လည်း ထိုကလေးများမှာ ပထမဦးဆုံး တာဝန်ကို လုပ်ဆောင်နေခြင်း ဖြစ်သဖြင့် မိမိတို့ကဲ့သို့ ရင့်ကျက်သော လူကြီးများကသာ ရှေ့မှထွက်၍ ကြွယ်ဝသော သားရဲအတွေ့အကြုံကို ဖော်ပြပြီး လက်ခုပ်အားပေးသံများကို ယူရန် စဉ်းစားထားခဲ့ကြသည်။
သို့သော် လက်စသတ်တော့ ထိုကလေးများအားလုံးမှာ အနိမ့်ဆုံး SS အဆင့် မွန်းစတားများကို ပိုင်ဆိုင်ထားကြသည်ဖြစ်ရာ ဘေးမှာ ရပ်နေရသည့် သူတို့မှာ ဆယ်နှစ်ကျော်လောက် ထမင်းအပိုစားခဲ့ရုံသာရှိသော အသုံးမကျသည့် အဘိုးကြီးများလို ဖြစ်နေတော့သည်။
မိုးကြိုးသားရဲက ခေါင်းပြူထွက်လာသည်နှင့် အသတ်ခံလိုက်ရသည်။ ကျောင်းယွီယန် ၏ ဓားသိုင်းကပင်ဖြစ်စေ၊ ချူချင်းနင် ၏ နုပျိုခိုင်မာသော စွမ်းရည်ကပင်ဖြစ်စေ၊ ရှားချင်းချန် ၏ ရေခဲထိုးဖောက်ခြင်းများကပင်ဖြစ်စေ၊ လုချန် ၏ အပြာရောင် မီးတောက်များကပင်ဖြစ်စေ၊ ထန်မော့မော့ ၏ လေ၊ မိုးကြိုး ပူးတွဲအသုံးပြုနိုင်စွမ်းရည်ကပင်ဖြစ်စေ၊ လော့မင်၏ တစ်ချက်တည်းနှင့် အားလုံးကို အကုန်အစင် ရှင်းနိုင်သော ကြောက်စရာကောင်းသည့် အင်အားကပင်ဖြစ်စေ အလွန်ပင် အင်အားကြီးမားလွန်းနေသည်။
ထို့ကြောင့် သူတို့အားလုံး ရှက်နေကြ၏။ သူတို့သည် အစပိုင်းတွင် အတွေ့အကြုံရှိသော လူဟောင်းများအနေဖြင့် လူသစ်တစ်အုပ်ကို အတွေ့အကြုံပေးရန် စဉ်းစားထားကြသော်လည်းယခုအခါတွင် သူတို့ကသာ အတွေ့အကြုံ ပြန်ယူလိုက်ရသည်။
"ဒါ ဘယ်လို အခြေအနေလဲ"
"အင်း... မိတ်ဆွေကြီး လော့မင်၊ မင်း ငါတို့ကို နည်းနည်းလောက် ပေးသတ်ရင် ဘယ်လိုလဲ။ ငါတို့ ဒီအတိုင်း အလကားနေရင်း အနိုင်ရသွားတာကတော့ မဟုတ်သေးဘူး"
တောက်လန်က ပြောသည်။ ထိုအခါ လော့မင်က ခေါင်းခါသည်။
"ထားလိုက်ပါ၊ အချိန်ဖြုန်းမနေနဲ့။ ငါတို့ နယ်မြေထဲ သွားလိုက်မယ်"
"ခွပ်"
တောက်လန်သည်လည်း သူ့ရင်ဘတ်ကို အချက်ပေါင်းများစွာ အထိုးနှက်ခံလိုက်ရသလို ခံစားလိုက်ရသည်။ "ဟုတ်တယ်... ငါတို့က အချိန်ဖြုန်းတာ"
လော့မင်နှင့် အဖွဲ့က သတ်ဖြတ်သည့် အရှိန်နှုန်းထားအတိုင်း ဆိုလျှင် ထိုဂူထဲမှ မွန်းစတားများအားလုံး ကုန်သွားရန် အချိန် သိပ်မကြာလိုက်ပေ။
"ဒါက လမ်းသုံးခွလား"
ထိုအချိန်တွင် ဂူမှာ မြင်ကွင်းကျယ်သွားပြီးနောက် အရှေ့ဘက်တွင် လမ်းသုံးခွ ပေါ်လာသည်။
"ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်။ လမ်းသုံးခွဆိုကတည်းက လူစုခွဲရအောင်"
တောက်လန်က သဘောတကျ ပြုံးပြီး အကြံပေးသည်။ လော့မင်က သူ့ကို ထူးဆန်းစွာကြည့်၏။ သူသည်လည်း ဘာကြောင့်ရယ်မသိ ထိုလူမှာ အလွန်ပျော်နေလေသည်။
ယခုအခါ တောက်လန်တင် ပျော်နေခြင်းမဟုတ်ဘဲ ဝူကန်းမန်ကပင် ထောက်ခံနေသည်။ မိုးကြိုးသားရဲများမှာ အင်အားကြီးမားသော မွန်းစတားများ မဟုတ်လျှင်ပင် အနည်းဆုံးတော့ မြေကမ္ဘာအဆင့် အင်အားမျိုးကို ပိုင်ဆိုင်ထားသေးသည်။ မကြာခဏဆိုသလို တစ်ကောင်နှစ်ကောင်ခန့်က ရောနှောပါလာတတ်ပြီး ထိုအကောင်များမှာ ရွှေအဆင့်များ ဖြစ်တတ်၏။
သို့ရာတွင် သူတို့၏ သားရဲအမြူတေနှင့် အသား၊ သွေးများမှာ တန်ဖိုးကြီးသည်။ ပို၍ဆိုးသည်မှာ ၁၀ စင်တီမီတာခန့် ရှည်သော ဦးချိုမှာလည်း ရှားပါးသော ရတနာဖြစ်သည်။ ထိုနှဖူးထိပ်မှ ဦးချိုမှာ မိုးကြိုးစွမ်းအားများကို ဆွဲဆောင်ယူနိုင်ခြင်းအားဖြင့် လျှပ်စီးဓာတ်ကူပစ္စည်းလည်း ဖြစ်သည်။ ထို့ကြောင့် ရောင်းချပါက ပိုက်ဆံကောင်းကောင်း ရနိုင်သည်။
လော့မင်က ဝေစုပစ္စည်းကြောင့် သူတို့ကို လှုပ်ရှားခိုင်းခြင်း မပြုပေ။ ထို့ကြောင့် သူတို့အတွက် လှုပ်ရှားရ လွယ်ကူစေသည်။ သို့ပါသော်လည်း ပစ္စည်းများကလည်း သူတို့၏ လက်ထဲသို့ ရောက်လာမည် မဟုတ်ပေ။ ယခုအခါ လူစုခွဲနိုင်ပြီဖြစ်သဖြင့် သူတို့မှာ သဘောတကျပင် ပျော်သွားကြသည်။
"လော့မင် ကလေး... သွား၊ ဘယ်ဘက်ခြမ်းကို သွား။ အဲဒီ ဘယ်ဘက်ခြမ်းမှာ မိုးကြိုးသားရဲဘုရင် ရှိတယ်။ ရွှေအဆင့် ၅ လေ"
ထိုအချိန်တွင် သူ့စိတ်ထဲမှာ သတ်ဖြတ်ခြင်း ကျားဖြူ ၏ အသံက ထွက်လာသည်။
"သူ့ရဲ့ဦးချိုထဲမှာ အင်အားကြီးမားလွန်းတဲ့ မိုးကြိုးစွမ်းအားတွေ ပါတယ်၊ အဲဒီဦးချိုက သားရဲကိုယ်တစ်ခုလုံးမှာ တန်ဖိုးအကြီးဆုံးပဲ"
"အိုး... ပစ္စည်းကောင်းပဲ"
လော့မင်၏ မျက်လုံးများ တောက်ပသွားသည်။ "ကောင်းပြီလေ... သုံးခွခွဲတာပေါ့။ ငါ ဘယ်ဘက်ခြမ်း သွားမယ်"။
"ဒါဆိုရင် ငါ အလယ်"
တောက်လန်က ပြောသည်။
"ဒါဆိုရင် ငါ ညာဘက်"
သုံးဖွဲ့မှာ လျင်မြန်စွာပင် လူစုခွဲ၍ ဂူအနက်ပိုင်းသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားကြသည်။ သူတို့ ပျောက်သွားပြီး သိပ်မကြာခင် လူတစ်ယောက် ပေါ်လာသည်။ သူမှာ လီဟောင် ဖြစ်သည်။
"အင်း... လမ်းသုံးခွလား။ ထားလိုက်၊ ငါ တစ်ခုပဲ ဖြစ်သလို ရွေးလိုက်မယ်"
ထိုသို့ဖြင့် သူက အလယ်သို့ သွားသည်။ သူ၏ အရှိန်နှုန်းထားအတိုင်း ဆိုလျှင် ဝင်ပေါက်ကို လျင်မြန်စွာ ကျော်ဖြတ်ပြီး သူ မရှိခဲ့သကဲ့သို့ ပြန်ထွက်ကာ ပတ်သွားနိုင်သည်။ ထို့ကြောင့် ပြဿနာမရှိပေ။
သူ ထွက်သွားပြီး သိပ်မကြာခင် လူဆယ်ယောက်ပါသော အဖွဲ့တစ်ဖွဲ့ ထပ်ရောက်လာသည်။ သူတို့သည်လည်း ဂူထဲသို့ ခိုးကြောင်ခိုးဝှက် ဝင်လာကြသည်။
"သခင်မက ပြောတယ်၊ ငါတို့ လော့မင်ရဲ့ခေါင်းကို ပြန်ယူလာရမယ်တဲ့။ ငါတို့ လော့မင်ရဲ့ခေါင်းကို ပြန်မယူနိုင်ရင် ငါတို့ခေါင်းပဲ ပြန်ပို့ရမှာ"
အနက်ရောင် ဝတ်စုံနှင့် အဖွဲ့ခေါင်းဆောင်က အေးစက်စွာ ပြောသည်။
"ဟွန်း... ဒီကောင်တွေ တော်တော်ကို ကောင်းကောင်း သတ်ဖြတ်ထားကြတာပဲ။ တစ်ဂူလုံးမှာ လျှောက်သွားနေတာပဲ။ ကောင်းပြီလေ... ဒါဆိုလည်း မင်းတို့ကို ဒီဂူမှာ ထာဝရ နေခိုင်းလိုက်မယ်။ မိုးကြိုးသားရဲ အလောင်းတွေက အဖော်ပြုနေမှာပေါ့"
ချင်းစန်း က လှောင်သည်။
"သွား"
"ခေါင်းဆောင်... ငါတို့ ဒီလမ်းဆုံကို ဘယ်လိုလုပ်ကြမလဲ။ သုံးခွခွဲမှာလား"
"မလိုပါဘူး၊ ဒီမှာပဲ စောင့်မယ်။ သူတို့ ထာဝရ နေနေမယ်လို့တော့ မထင်ဘူး"
"အရူးကမှ တစ်ခုချင်းစီ လိုက်ရှာနေမှာ။ မပင်ပန်းဘူးလား၊ ဟုတ်တယ်မလား"
"နောက်ပြီး ငါတို့ သုံးခွခွဲလိုက်ရင် အဲဒီ မရွေးတဲ့အထဲက လော့မင် ထွက်သွားရင် ဘယ်လိုလုပ်မလဲ"
"ငါ မိုက်ရူးရဲဆန်တဲ့ အလုပ်မျိုး မလုပ်နိုင်ဘူး"
ချင်းစန်းက လက်ကို ရမ်း၍ ကြီးမားလှသော ကျောက်တုံးကြီး တစ်တုံးပေါ် ထိုင်ချလိုက်သည်။
ထိုအချိန်တွင် လော့မင်နှင့် အဖွဲ့က ဂူအနက်ပိုင်းသို့ ဝင်ရောက်သွားပြီ ဖြစ်သည်။ မိုးကြိုးသားရဲများမှာ များသထက် များလာသည်။
"တခြား ဂူနှစ်ခုထဲမှာတောင် မိုးကြိုးသားရဲတွေ ဒီလောက် များနေရင်တော့ တောက်လန်နဲ့ ဝူကန်းမန်တို့ ဒုက္ခရောက်လောက်ပြီ"
ကျောင်းယွီယန်က ဓားကို ဆွဲထုတ်ထားပြီး မိုးကြိုးသားရဲ တစ်ကောင်ကို အစိတ်စိတ်အမွှာမွှာ ဖြစ်အောင် ခုတ်ပိုင်းရင်း ပြောသည်။
"မဖြစ်နိုင်ဘူး၊ သူတို့ လုပ်နိုင်လိမ့်မယ်"
လော့မင်က ခေါင်းခါသည်။
"ဒီမိုးကြိုးသားရဲတွေက သူတို့ရဲ့ သားရဲဘုရင်ကို စောင့်ကြပ်နေတာ။ သားရဲဘုရင်က ငါတို့ဘက်မှာလေ၊ ဆိုတော့ ငါတို့က အရှိန်နှုန်းမြှင့်ပြီး အမြန်လေး ရှင်းလင်းရေး လုပ်လိုက်ရုံပဲ။ မစ်ရှင်က ထင်ထားတာထက် လွယ်သားပဲ"
လော့မင်၏ သွေးနီရောင် မျက်ဝန်းများမှာ တဖျတ်ဖျတ်လက်နေသည်။
"ဒီအတိုင်းသာ အဆုံးသတ်သွားရင် ကစားပွဲက ပျော်စရာ မကောင်းတော့ဘူး။ ငါက ဒီထောင်ချောက်ကို တမင်သက်သက် ခင်းထားတာ။ မင်းကို ထွက်လာအောင် မျှားထုတ်လိုက်မယ်၊ အဲဒီနောက်မှာ မင်းက ငါ့ဆီ ဟပ်လာရင် ပိုကောင်းမယ်"
သူက ခပ်တိုးတိုး ပြောသည်။
လက်တစ်ဖက်တည်းတွင် အားက တိုးပွားလာပြီး နောက်ထပ် သွေးနီရောင် မီးတောက်များက ကောင်းကင် ဝါးမြိုခြင်း လှံတံ ကို လွှမ်းခြုံသွားသည်။ ထို့နောက် တစ်စက္ကန့်အတွင်း ဗုန်းခနဲ အသံထွက်လာ၏။ လှံတံမှာ သွေးနီရောင် အလင်းတန်း ဖြစ်ပြောင်းကာ ထိုးထွက်သွားသည်။ အလျှံတငြီးငြီး တောက်လာသော သွေးမီးတောက်များ ဖွာခနဲ ထွက်လာပြီး ထိုနေရာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ မိုးကြိုးသားရဲများအားလုံး သိပ်သည်းသော သွေးနီရောင် မီးတောက်အောက် ရောက်သွားကြသည်။ ကောင်းကင် ဝါးမြိုခြင်း လှံတံက တစ်ဖြောင့်တည်း တိုးဝင်သွားပြီးနောက် ဟိုးအနက်ပိုင်းသို့ ချက်ချင်း ရောက်ရှိသွားသည်။
"ဘုရားရေ... မင်းရဲ့ အင်အားက ထပ်ပြီး တက်သွားပြန်ပြီ"
ကျောင်းယွီယန်၏ မျက်နှာတွင် အံ့သြမှုများ ပြည့်နေသည်။
မနေ့က လီချန်းနဲ့ တိုက်ခိုက်တုန်းကတောင် ဒီလောက်ထိ အင်အား မကြီးသေးဘူး"
"အင်း... ငါ လူသစ်ပြိုင်ပွဲက ရတဲ့ ဆုတွေကို သုံးပြီး ငွေအဆင့် ၁၀ ထိ အဆင့်တက်လိုက်တာ" ဟ
လော့မင်က ခေါင်းညိတ်သည်။
"ဒါ..."
ကျောင်းယွီယန်နှင့် ချူချင်းနင်တို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး အံ့သြနေကြသည်။
"တစ်ရက်တည်းနဲ့ အကုန် စုပ်ယူပစ်လိုက်တာလား"
တိုးတက်သည့် အရှိန်နှုန်းက တအားမြန်သည်။ SSS အဆင့် မွန်းစတားတွေတောင် အစောပိုင်းအဆင့်မှာ အကန့်အသတ်ရှိတတ်သော်လည်း သူတို့ ဆွဲယူနိုင်သည့် အရှိန်နှုန်းမှာ အရမ်းလွန်နေပြီ။
"သားရဲဘုရင်ရဲ့ အစောင့်တွေ အားလုံးကို ရှင်းပြီးပြီ၊ သွားရအောင်။ တစ်သုတ်တည်း ဆွဲချမယ်"
ဗုန်း။
လုချန်။
သူသည် အော်လိုက်သည်နှင့် လုချန်၏ ကိုယ်ပေါ်သို့ ခုန်တက်သည်။ လုချန်ကလည်း သားရဲတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ ထိုသို့ဖြင့် အပြာရောင်နှင့် သွေးနီရောင် အလင်းတို့ ပေါင်းစည်း၍ ဟိုးအတွင်းပိုင်းသို့ ဝင်သွားကြသည်။
"ဝမ်း"
သူတို့ ဝင်သွားသည်နှင့် ဟိုးအတွင်းပိုင်းမှ အော်သံကြီး ထွက်လာသည်။ ကြီးမားသော သတ္တဝါကြီးတစ်ကောင် လှဲနေသည်။ သွေးနီရောင် လှံတံက သူ၏ ခြေလက်များကို တိုက်ရိုက် ထိုးစိုက်ထားသည်။ သူ၏ နောက်ခြေတစ်ဖက်ကို တိုက်ရိုက် ထိုးစိုက်ထားခြင်းဖြစ်သည်။ ထို မိုးကြိုးသားရဲကြီးမှာ ကျောက်သား မီးခိုးရောင်ဖြစ်ပြီး တစ်ကိုယ်လုံးတွင် ကြီးမားသော ရွှေရောင် မိုးကြိုးသင်္ကေတများဖြင့် လွှမ်းခြုံနေသည်။ သူ၏ ခြေလက်လေးဖက်မှာ မြေပြင်ပေါ်၌ရှိပြီး ခေါင်းထိပ်မှ ရွှေရောင် ဦးချိုကြီးမှာလည်း မိုးကြိုးစွမ်းအားများဖြင့် လင်းလက်နေသည်။
လော့မင်ကို မြင်သည်နှင့် သူသည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ အခြားသော အကောင်အထည်ရှိသည့် ခြေထောက်တစ်ဖက်က ကောင်းကင် ဝါးမြိုခြင်း လှံတံကို ဆွဲထုတ်ရန် ကြိုးစားသည်။
"စွပ်... စွပ်... စွပ်"
ဟိန်းသံ တစ်ချက်ကို သုံးကြိမ် အားယူ၍ သူ၏ ရွှေရောင် လျှပ်စီးဦးချိုထံမှ ကြောက်မက်ဖွယ်ကောင်းသော အစွမ်းတစ်လှိုင်းကို လွှတ်ထုတ်ကာ လော့မင်တို့ကို လှမ်း၍ ပစ်ခတ်သည်။ မိုးကြိုးသားရဲဘုရင်ကြီး၏ ကျယ်လောင်စွာ အော်ဟစ်သံမှာ ဂူတစ်ခုလုံးနှံ့ ပျံ့နှံ့သွားသည်။
"ဒီအသံက... ဖြစ်နိုင်တာက"
လမ်းတစ်ဝက်တစ်ပျက်မှ လီထျန်း ကလည်း အခြေအနေကို နားလည်သွားသည်။
"ဘေးခန်းမှာပဲ။ ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်။ ငါ မင်းကို လွဲတော့မလို့"
သူသည် သဘောတကျ ရယ်လိုက်သည်။
အပြင်ဘက်မှ လူဆယ်ယောက်ပါသော အဖွဲ့ကလည်း အသံကို ကြားသည်နှင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
"ဘယ်ဘက်ခြမ်းမှာပဲ။ အဲဒီ အော်သံကြီးက သားရဲဂူရဲ့ ဘုရင်ကို စလိုက်မိလို့ ဖြစ်မယ်။ ကြည့်ရတာ လော့မင်က ဒီဂူထဲမှာပဲ။ အားလုံး ငါ့နောက် လိုက်ခဲ့ကြ"
ထိုသို့ဖြင့် ပုရွက်ဆိတ်နှစ်စုကလည်း ဘယ်ဘက်ခြမ်းမှ ဂူထဲသို့ အတူတကွ ဝင်ရောက်သွားကြသည်။
အပိုင်း ၁၂၁ ပြီး၏။
***