"အဆိပ်ပြင်းတဲ့ ကောင်မ... အခုချက်ချင်း ထွက်လာစမ်း။ "
အသံမှာ ကျယ်လောင်လှသည်။ ချင် မိသားစု စံအိမ်တစ်ခုလုံးကိုပင် လှုပ်ခါသွားစေ၏။
ဒီနေ့မှာ ချင် မိသားစု၏ အကြီးဆုံးသမီး ချင်ယွီရွှမ်း ၏ မွေးနေ့ပွဲနေ့ဖြစ်ပြီး နာမည်ကျော်ပုဂ္ဂိုလ်များအားလုံး ရောက်ရှိနေကြသည်။
ထိုသို့ အရေးကြီးဆုံး အခိုက်အတန့်တွင် တစ်စုံတစ်ယောက်က ပြဿနာ လာရှာသည်။ ဧည့်သည်များက မျက်မှောင်ကြုတ်ကြသော်လည်း ပြဿနာရှာသူကို အလေးအနက် မထားလိုက်ကြပေ။ မည်သို့ပင်ဆိုစေ မြို့တော်၏ မဟာကလန် ငါးခုထဲမှ တစ်ခုဖြစ်သော ချင် မိသားစုကလည်း ထိုမျှ အသေးအဖွဲကိစ္စလောက်ကို မကိုင်တွယ်နိုင်စရာ အကြောင်းမရှိပေ။
"မြို့ပြင်က အကောင်... ငါ့ရဲ့ ချင် မိသားစု စံအိမ်မှာ ဘာလာအော်နေတာလဲ။ သေချင်လို့လား"
စံအိမ်ထဲမှ ပုံရိပ်တစ်ခု ထွက်လာသည်။
"သခင်လေးဟောင်ရန်... သခင်လေးဟောင်ရန် လာပြီ။ ဒီကိစ္စကို ဖြေရှင်းလို့ ပြီးတော့မှာပဲ"
ချင်ဟောင်ရန် ထွက်လာသည်နှင့် အားလုံးက တဖြည်းဖြည်း ခေါင်းညိတ်ကြသည်။ ချင် မိသားစုဆိုသည့်အတိုင်း ဒီသခင်လေးကတောင်မှ ကြောက်စရာကောင်းသော အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။
စစ်တပ်က ဗိုလ်ချုပ်ဆိုသည့်အတိုင်းပါပဲ။
သို့ရာတွင် ချင်ဟောင်ရန်က စံအိမ်ထဲမှ အပြင်သို့ မထွက်နိုင်ခင် ဝုန်းခနဲ အသံတစ်ခု ထွက်ပေါ်လာသည်။ ရှည်လျားသော ငွေရောင်အလင်းတန်းများကို ထုတ်လွှတ်နေသော တစ်စုံတစ်ရာက လေထုကို ဟိန်းဟောက်သံအပြည့်နှင့်အတူ ထိုးဖောက်ကာ သူ့ထံသို့ ဝင်ရောက်လာသည်။ ချင်ဟောင်ရန်၏ မျက်လုံးများ ချက်ချင်း ပြောင်းလဲသွားသည်။
ထိုလှံမှာ ဖော်ပြရန် ခက်ခဲပြီး ကြောက်စရာကောင်းသော အင်အားကို လွှတ်ထုတ်ထားသည်မှာ သူ့ကို ချက်ချင်းသတ်နိုင်ပုံရသည်။ ထိုအချိန်တွင် ချင်ဟောင်ရန်အနောက်မှ လက်မောင်းတစ်ဖက် ထွက်လာကာ သူ့ကို ဆွဲလိုက်သဖြင့် အနောက်သို့ ဆုတ်သွားရသည်။
ချွင်း...။
ထို့နောက် တစ်ခဏတွင် ငွေနဂါးလှံတံက ချင်ဟောင်ရန် ရပ်နေခဲ့သော နေရာရှိ မြေပြင်သို့ ထိုးစိုက်သွားသည်။ လှံမှ အမွှေးဖွားလေးကပင် အနည်းငယ် တုန်ရင်သွား၏။ အေးစက်သော အလင်းကိုလည်း လွှတ်ထုတ်ထားသေးသည်။ စူးရှကာ ထိုးဖောက်နိုင်စွမ်းရှိသော ပြင်းထန်သည့် အေးစိမ့်ဓာတ်တစ်မျိုးက လေထုကို ထိုးဖောက်သွားရာ ရှိနှင့်နေသမျှ လူတိုင်း၏ ကျောကို အေးစက်သွားစေသည်။
"ငွေ... နဂါး... လှံ"
ချင် မိသားစုမှ ဒုတိယသား ချင်ဟောင်ယွဲ့က တစ်လုံးချင်းစီ ရေရွတ်သည်။
"ဘာ။ "
ထိုအခါ အားလုံးက လန့်ဖျပ်သွားပြီး မျက်နှာများ ဖြူဖျော့သွားကြသည်။ လှံပိုင်ရှင်မှာ မြို့တော်တွင် ဒေါသ အကြီးဆုံး ကြောက်စရာအကောင်းဆုံး ဆရာကြီး ရဲ့ချန်အန်း ဖြစ်နေသည်။ အားလုံးက သေချာလေ့လာလိုက်သောအခါ ထိုလှံတွင်လည်း ယောက်ျားပီသမှု၊ အကျိုးအကြောင်းသိမှု၊ သဘောထားကြီးမြတ်မှု၊ ဖြောင့်မတ်မှန်ကန်မှု၊ အသိစိတ်ရှိမှု စသည့် စကားလုံးများစွာကို ဝင့်ကြွားစွာ ထွင်းထုထားသည်။
ရှိနှင့်နေသမျှ လူတိုင်း တုန်ရင်သွားကြ၏။ အားလုံး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ကြသည်။ ရှင်းလင်းစွာပင် ထိုလှံမှာ ရဲ့ချန်အန်း၏ လက်နက်ဖြစ်သည်။
"ရဲ့ချန်အန်းက ထျန်းချီ တော်ဝင်တပ်ဖွဲ့ ဗိုလ်ချုပ်ကြီးနဲ့အတူ တောင်တန်းနဲ့ မြစ်ပြင်ခံတပ်ကို သွားပြီး ကြယ်လ သားရဲကပ်ဘေးရဲ့ ဇစ်မြစ်ကို စုံစမ်းနေကြတာ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ"
ချင်ဟောင်ယွဲ့၏ မျက်နှာမှာ တင်းမာသွားသည်။ သူသည် ဘယ်သူ့ကိုမဆို ကိုင်တွယ်နိုင်သော်လည်း ထိုသူကတော့ မပါပေ။ ချင် မိသားစုမှ ဒုတိယသားအနေဖြင့် ချင်ဟောင်ယွဲ့မှာ ယုံကြည်မှုအလွန်ရှိသော်လည်း ရောက်လာသော ရဲ့ချန်အန်းမှာမူစည်းမျဉ်းအတိုင်း ကစားတတ်သူ မဟုတ်ပေ။ သူ့အား ကောင်းကျိုးဆိုးကျိုး သွားပြောမည်ဆိုလျှင် နာရီပေါင်းများစွာ ကြာသွားပေလိမ့်မည်။ သူသည် မင်းပြောတာ မှန်တယ် ဟု လက်ခံမိပြီး ဖြစ်သော်လည်း ထိုနောက်တစ်ခဏချင်းမှာပင် လှံနှင့် လိုက်ထိုးမည့်သူမျိုး ဖြစ်သည်။
"ဒါ ဘယ်လိုအခြေအနေလဲ"
ရဲ့ချန်အန်းက ရန်လိုမှုအပြည့်နှင့် လာတာ။ ဒါပေမဲ့ သူ ဘာလို့ လာတာလဲ။
"ဟောင်ရန်... သွား၊ အစ်ကိုကြီးရဲ့ ယောက်ဖကို သွားခေါ်။ "
ချင်ဟောင်ယွဲ့က ချက်ချင်းပြောသည်။ တကယ်လို့သာ တိုက်ခိုက်မည်ဆိုလျှင် သူတို့နှစ်ယောက်တည်းနှင့် မနိုင်ပေ။ ရဲ့ချန်အန်းကို ထိန်းနိုင်သော တစ်ဦးတည်းသောသူမှာ ချင် မိသားစုမှ အကြီးဆုံးသား ချင်ဟောင်ရီနှင့် ယောက်ဖ ကုယွီမော့ တို့ ဖြစ်သည်။
"ဒီအသံက ... ရဲ့ချန်အန်းရဲ့ အသံပဲ။ ဘာလို့ ရဲ့ချန်အန်းက ချင် မိသားစုကို လာတာလဲ။ ယွီရွှမ်း... မင်း ဘာလုပ်ထားလဲ၊ ဖြစ်နိုင်တာက..."
အသံထွက်လာသည်နှင့် ကုယွီမော့၏ မျက်နှာမှာ ချက်ချင်း ပျက်သွားသည်။ သူသည် ချင်ယွီရွှမ်းကို ကြည့်ပြီး တစ်စုံတစ်ရာကို ခန့်မှန်းမိလိုက်သည်။ ထို့နောက် အတည်ပြုရန် မလိုအပ်တော့ဘဲ လုံးဝသေချာသွားသည်။
"ဟုတ်တယ်။ ငါ လော့မင်ကို သတ်ဖို့ လူလွှတ်ထားတာ။ သူက ငါတို့ရဲ့သားကို သတ်ထားတာလေ။ ဒီလိုကောင်မျိုးကို ငြိမ်ငြိမ်သက်သက် နေထိုင်ခွင့် မပေးနိုင်ဘူး။ သူ့ကို ငါ့သားနဲ့အတူ မြှုပ်ရမယ်"
ချင်ယွီရွှမ်းက ထိုသို့ပြောသည်။ သူမ၏ မျက်နှာတွင် နာကျည်းချက်များ ပြည့်နှက်နေသည်။ သူမ ယခု ဂရုအစိုက်ဆုံးမှာ လော့မင် သေ၊ မသေ ဆိုသည့် ကိစ္စဖြစ်သည်။ ဒီနေ့ ဖခင်ဖြစ်သူကသာ အိမ်တွင် မရှိနေခဲ့ဘဲ ရဲ့ချန်အန်း ရောက်ရှိလာခဲ့ပါက ချင် မိသားစုမှ မည်သူမျှ သူ့ကို မတားနိုင်ပေ။ သို့သော် သူမ၏ ဖခင်ကလည်း ဒီနေ့ အိမ်တွင်ရှိနေသည်။ အဆင့်အမြင့်ဆုံးမှ အင်အားကြီးမားသော ပုဂ္ဂိုလ်တစ်ယောက်အနေဖြင့် ရဲ့ချန်အန်းကလည်း သူမကို ဘာမှ လုပ်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ချင်ယွီရွှမ်းက မကြောက်ပေ။ လော့မင် သေသွားသမျှ သူမ၏အကြောင်း ပေါ်သွားခဲ့လျှင်ပင် အရှုံးမရှိပေ။ ဖခင်ဖြစ်သူကလည်း သူမကို ထိခိုက်စေလိမ့်မည် မဟုတ်ပေ။ ထျန်းချီ တော်ဝင်တပ်ဖွဲ့ ကလည်း လူသေတစ်ယောက်ကြောင့်နှင့် ချင် မိသားစုကို စစ်ဖြစ်လိမ့်မည် မဟုတ်ပေ။ ဒါပေမဲ့ လော့မင် မသေသေးလျှင်ရော...။
ချင်ယွီရွှမ်းမှာ ထိုဖြစ်နိုင်ခြေကို ကျော်လိုက်သည်။
"မဖြစ်နိုင်ဘူး။ လော့မင်က အသက်ရှင်စရာ အကြောင်းမရှိဘူး။ ငါက ငါ့ရဲ့ အင်အားအကြီးဆုံး လုပ်ကြံသတ်ဖြတ်သူ သုံးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ချင်းစန်းကို လွှတ်ထားတာ။ လော့မင်က ရွှေအဆင့်ကိုတောင် မရောက်သေးတာ မဟုတ်ဘူးလား။ ချင်းစန်းက စိန်အဆင့်လေ။ သူဘယ်လိုနိုင်မှာလဲ။ ဟုတ်တယ်။ လော့မင် သေသွားလို့ပဲ ရဲ့ချန်အန်းက ဒေါသထွက်နေတာ ဖြစ်မှာ"
ချင်ယွီရွှမ်းက ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်သည်။
"သွားမယ်... သွားမယ်။ မြန်မြန် ထွက်ကြည့်ရအောင်။ ရဲ့ချန်အန်းက ငါ့ရဲ့ ချင် မိသားစု စံအိမ်မှာ လှုပ်ရှားရဲလား ကြည့်ရအောင်"
ချင်ယွီရွှမ်း၏ လှပသော မျက်နှာပေါ်တွင် အေးစက်သော အမူအရာမျိုး ပေါ်နေရင်း တံခါးကို တွန်းဖွင့်ကာ ထွက်လာသည်။
"ဟူး..."
ကုယွီမော့က သက်ပြင်းချပြီး လိုက်သွားရသည်။ ရဲ့ချန်အန်းမှာ အင်အားအပြည့်နှင့် လာမှန်းလည်း သိသည်။ ဒီနေ့တွင် တာဝန်ကို ရှောင်၍ မရနိုင်ပေ။
"ယွီမော့"
ယသူတို့ အခန်းထဲမှ ထွက်သည်နှင့် လူကြီးတစ်ယောက်က သူတို့ကို လှမ်းခေါ်သည်။
"အစ်ကိုကြီး"
ကုယွီမော့နှင့် ချင်ယွီရွှမ်းတို့ကလည်း တစ်ချိန်တည်းမှာပင် ရိုသေစွာ ပြောလိုက်ကြသည်။ သူတို့မှာ ထိုအစ်ကိုကြီးကို လေးစားကြသည်။
အထူးသဖြင့် ချင်ယွီရွှမ်း ဖြစ်သည်။ သူမသည် ခင်ပွန်းဖြစ်သူကို ပြောဆိုရဲသော်လည်း ထိုအစ်ကိုကြီးကိုတော့ မပါပေ။ အကြောင်းမူကား အကြီးဆုံးအစ်ကိုသည် အဖေနှင့်အတူတူပင် ဖြစ်သည်။ ချင်ဟောင်ရီမှာ သခင်ကြီးချင် အိမ်တွင် မရှိတော့သည့် ကာလအတောအတွင်း မိသားစုကြီး၏ ကိစ္စများအားလုံးကို စီမံခန့်ခွဲနေသူ ဖြစ်သည်။
"ယွီမော့... ခဏနေ မင်း ငါနဲ့ လိုက်ခဲ့ပြီး အဲဒီ ရဲ့ချန်အန်းကို တားရမယ်"
ချင်ဟောင်ရီ၏ မျက်လုံးထဲတွင် ပြင်းထန်သော အမျက်ဒေါသများ ပေါ်နေသည်။ သူနှင့် ရဲ့ချန်အန်းတို့ ရန်ငြိုးဟောင်း ရှိသည်။ ယခင်နှစ်များတွင် သူတို့နှစ်ယောက်မှာ စစ်မြေပြင်တွင် ကတောက်ကဆ ဖြစ်တိုင်း တိုက်ခိုက်နေကြခြင်းဖြစ်သည်။ ချင်ဟောင်ရီမှာ ရဲ့ချန်အန်း၏ တိုက်ကွက်ကို တစ်ယောက်တည်းတော့ မနိုင်ပေ။ ထို့ကြောင့် ကုယွီမော့ကို အဖော်ခေါ်သည်။
"ညီမလေး... ရဲ့ချန်အန်းက မင်းဆီလာတာ။ မင်း ဘာလုပ်ခဲ့လဲ ငါ မသိချင်ဘူး။ လင်းရှောင် သေတဲ့ကိစ္စကြောင့်လည်း ငါ့ညီမလေး အရမ်းပင်ပန်းနေပြီပဲ။ ညီမလေး လုပ်ချင်တာကိုလုပ်၊ ဒီအစ်ကိုကြီးက ခွင့်လွှတ်တယ်။ မစိုးရိမ်ပါနဲ့... မင်းအစ်ကို ဒီမှာ ရှိနေတာ။ ရဲ့ချန်အန်းက မင်းကို မထိနိုင်စေရဘူး။ သွားမယ်"
ချင်ဟောင်ရီက ထိုသို့ပြောသွားသည်။ သူတို့သုံးယောက်မှာ ချင် မိသားစု စံအိမ်အပြင်ဘက်သို့ အတူထွက်ကြသည်။
ခြံဝင်းထဲတွင် သွေးစိုသောမျက်နှာ ရန်လိုသော အကြည့်နှင့် ပုဂ္ဂိုလ်တစ်ယောက်က လှံကို ကိုင်ပြီး ရပ်နေသည်။ သူ့၏ လက်ထဲတွင် သွေးသံရဲရဲနှင့် လူခေါင်းတစ်ခေါင်း ရှိသည်။ အားလုံးမှာ သူ့ကို ထိတ်လန့်တကြား ကြည့်နေကြ၏။
မြို့တော်မှ ကြောက်စရာကောင်းသော ပြဿနာရှာသူ ရဲ့ချန်အန်း။ သူ့ကို တွေ့ရုံနှင့် ဘယ်သူက ကျောမအေးဘဲ နေမှာလဲ။
ချင်ယွီရွှမ်းတို့ အားလုံး ထွက်လာသောအခါ ရဲ့ချန်အန်းက သူတို့ကို ကြည့်သည်။ အထူးသဖြင့် ချင်ယွီရွှမ်း ဖြစ်သည်။ သူမသည် ရဲ့ချန်အန်း၏ အကြည့်ကြောင့် အလိုအလျောက် တုန်သွားသည်။ ထိုအကြည့်က ကြောက်စရာကောင်း၏။
ချင်ဟောင်ရီက ချင်ယွီရွှမ်း၏ အရှေ့တွင် ထွက်ရပ်သည်။
"ရဲ့ချန်အန်း... ချင် မိသားစုက မင်းကို မကြိုဆိုဘူး၊ ထွက်သွား"
ချင်ဟောင်ရီက အေးစက်စွာ ပြောသည်။ ရဲ့ချန်အန်းက ဖြတ်ထားသော ခေါင်းကို မြေပြင်ပေါ်သို့ ပစ်လိုက်သည်။ ခေါင်းက ချင်ယွီရွှမ်းတို့ အနားသို့ လှိမ့်လာသည်။
"ချင်ယွီရွှမ်း... ဒီခေါင်းပိုင်ရှင်ကို သိလား။ ရှန်းဟိုင် ခံတပ်က မင်းကိုယ်တိုင်ကိုယ်ကျ လေ့ကျင့်ပေးထားတဲ့ လုပ်ကြံသတ်ဖြတ်သူဖြစ်တဲ့ ချင်းစန်း လေ။ ဒါပေမဲ့ နှမြောစရာကောင်းတာက လော့မင်က သတ်လိုက်ပြီ"
ရဲ့ချန်အန်းက ရယ်သည်။
"အဲဒါတင် မဟုတ်သေးဘူး။ ဒီအချိန်အတိုင်းဆိုရင် မင်းရဲ့ ရှန်းဟိုင်ခံတပ်ကတောင်မှ အခုဆိုရင် ငါ့ရဲ့လူတွေကြား အရှုံးပေးလိုက်ရလောက်ပြီ"
ထို့နောက် ရဲ့ချန်အန်းက ပုလဲကဲ့သို့ ဖြူဖွေးသော သွားတစ်စုံကို ဖော်ပြပြီး ဆက်ပြောလိုက်သည်။
"အဘိုးကြီး... ခင်ဗျား ဘာပြောလိုက်တယ်။ ငါ့ကို မကြိုဆိုဘူး ဟုတ်လား။ ငါက ပြဿနာလာရှာတာ၊ ငါ့ဖင်ကို ကြိုဆိုပါလား"
သူသည် လှံကို မြှောက်လိုက်သည်။ သူသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ချင်ယွီရွှမ်းထံသို့ ခုန်ဝင်သွားသည်။ ချက်ချင်းဆိုသလိုပင် အဆင့် ၉ ငွေနဂါးအဖြစ် အသွင်ပြောင်းလိုက်ပြီးချင် မိသားစု စံအိမ်တစ်ခုလုံးအတွင်း မြေကမ္ဘာကွဲအက်စေသော ဟိန်းဟောက်သံကြီး ဟိန်းထွက်သွားသည်။
"ငါ မင်းကြိုဆိုတာကို လိုလို့လား။ ငါ မင်းတို့ တစ်မိသားစုလုံးကို ရိုက်နှက်ပြမယ်။ "
အပိုင်း ၁၂၈ ပြီး၏။
***