သို့သော် ရှန်မိုကတော့ ရှိထျန်းဟောက်၏ ဘဝနောက်ခံ ကဏ္ဍဖြစ်သော အကြေးခွံနှင့် လက်သည်း ဖော်ပြချက်မှတစ်ဆင့် နဂါးနက်ဝါ တိုက်ပွဲအလံ၏ စွမ်းပကားကို အစောကတည်းက အာရုံခံမိထားပြီးသား ဖြစ်သည်။ အလွယ်ပြောရလျှင် ဤအလံသည် ကိုင်ဆောင်သူအတွက် အကျိုးရှိစေမည့် နယ်ပယ်တစ်ခုကို ဖန်တီးပေးနိုင်စွမ်း ရှိပြီး စိုက်ထူထားသရွေ့ မိုင်တစ်ထောင်အတွင်းရှိ အသုံးပြုသူနှင့် ၎င်းအတွက် အကျိုးရှိစေမည့် အရာမှန်သမျှ နဂါးနက်ဝါ တိုက်ပွဲအလံထံမှ ဘက်စုံစွမ်းအား မြှင့်တင်ပေးမှုများကို အဆက်မပြတ် ရရှိနေမည် ဖြစ်သည်။ ထို့အပြင် ထိုအရာကို ကြာကြာစိုက်ထူထားလေလေ စွမ်းအားမြှင့်တင်ပေးမှုမှာ ပို၍ အစွမ်းထက်ပြီး ပို၍ ပြင်းထန်လာလေလေ ဖြစ်၏။
သို့သော်လည်း ထိုအလံကို အချိန်ပြည့် သွေးအနှစ်သာရများဖြင့် ကျွေးမွေးပြုစုထားရန် လိုအပ်သည်။ ၎င်းကို အသက်သွင်းလိုက်သည့် အကြိမ်တိုင်းတွင်လည်း များပြားလှသော သွေးအနှစ်သာရများကို ဝါးမျိုသွားမည် ဖြစ်သည်။ အတိုင်းအဆမရှိသော သွေးစွမ်းအားများကို ပိုင်ဆိုင်ထားသည့် မြစိမ်းရောင် အထွတ်အထိပ်ပညာရှင်ပင်လျှင် ၎င်းကို ဆက်တိုက်အသုံးပြုရန် ခက်ခဲသည်ဟု ယူဆခဲ့၏။ ထို့အပြင် မြစိမ်းရောင် အထွတ်အထိပ်ပညာရှင်သည် ပို၍ အစွမ်းထက်သော ထိပ်တန်းအဆင့် သူတော်စင်ကိရိယာကို ရရှိထားပြီး ဖြစ်သဖြင့် ဤအရာကို ချိပ်ပိတ်သိမ်းဆည်းထားခဲ့ပြီး ခဲယဉ်းစွာသာ ထုတ်သုံးခဲ့ခြင်း ဖြစ်သည်။ သို့သော် ရှန်မိုအတွက်မူ ၎င်းမှာ ပြဿနာမဟုတ်ပေ။
သွေးအနှစ်သာရကို ဝါးမျိုမည်လား။
သူ့တွင် ထိုအရာများ အလျှံပယ် ရှိနေသဖြင့် တွန့်တိုနေရန် မလိုပေ။ သူ ချက်ချင်းပင် နဂါးနက်ဝါ တိုက်ပွဲအလံကို ရွေးချယ်လိုက်၏။ ထိုအခါမှသာ ပတ်ဝန်းကျင်ရှိ မြစိမ်းရောင် အလင်းတန်းများမှာ လျင်မြန်စွာ မှေးမှိန်သွားတော့သည်။ ရှန်မို၏ အမြင်အာရုံ ပြောင်းလဲသွားပြီး သူ အရင်နေရာတွင်ပင် ပြန်လည်ရပ်နေသည်ကို တွေ့လိုက်ရသည်။ ဘာမှ ပြောင်းလဲသွားခြင်း မရှိပေ။ သူအချိန်ဆွဲမနေဘဲ ရှေ့ဘက်ရှိ မြင့်မားလှသော တောင်တန်းကြီးဆီသို့ ဆက်လက် လျှောက်လှမ်းခဲ့သည်။ ထိုနေရာမှာ တတိယမြောက် စမ်းသပ်မှုဖြစ်သော မြစိမ်းတောင်ထိပ်သို့ တက်လှမ်းခြင်းကို စောင့်ကြိုနေသည့် နေရာပင် ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ အခြားသူများ၏ နောက်မှ ရောက်လာသော ရှိထျန်းဟောက်သည် အတောင် ခုနစ်ထောင် အမှတ်သို့ ရောက်ရန် အလောတကြီး လာခဲ့သည်။ ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက်တွင် သူ ပျက်စီးနေသော ဝိညာဉ်ချမ်းစိမ့်ကျောက်စိမ်းတုံးကို ရှာတွေ့ခဲ့သည်။ သို့သော် သူ၏ လက်ချောင်းများဖြင့် အတွင်းသို့ နှိုက်ကြည့်လိုက်သည့်အခါ ဘာကိုမျှ မထိတွေ့မိပေ။ ၎င်းမှာ လုံးဝ ဗလာဖြစ်နေသည်။
ရှိထျန်းဟောက် မှင်တက်သွားရသည်။
ဘာမှမရှိဘူးလား။
မဖြစ်နိုင်တာ။
သူ၏ မိခင် နောက်ဆုံးပြောခဲ့သော စကားများအရ ကျောက်စိမ်းတံတား၏ အတောင် ခုနစ်ထောင်အမှတ်ရှိ ပျက်စီးနေသော ဝိညာဉ်ချမ်းစိမ့်ကျောက်စိမ်းတုံး အတွင်းတွင် ၎င်းကို ဝှက်ထားသည်ဟု အသေအချာ ဆိုခဲ့သည်။ ဤမြစိမ်းရောင် ဂူဗိမာန်မှာ ယခင်က တစ်ခါမျှ မဖွင့်ခဲ့ဖူးသလို မည်သူမျှလည်း မဝင်ခဲ့ဖူးပေ။ ထိုကျောက်စိမ်းပေလွှာ ပျောက်ကွယ်သွားရန် လုံးဝ အကြောင်းမရှိပေ။
"ဘယ်ကျောက်တုံးလဲ… ငါ မှားရွေးလိုက်မိတာလား… ပြန်ရှာကြည့်ဦးမယ်"
ရှိထျန်းဟောက် မျက်မှောင်ကို အပြင်းအထန် ကြုတ်လိုက်ပြီး အတောင် ခုနစ်ထောင် အမှတ်အနီးရှိ ဝိညာဉ်ချမ်းစိမ့်ကျောက်စိမ်းတုံး အားလုံးကို ပြန်လည် စစ်ဆေးခဲ့သည်။ သို့သော်လည်း ပျက်စီးနေသော အတုံးသည် ဤတစ်တုံးတည်းသာ ရှိသည်မှာ ထင်ရှားလှ၏။ ၎င်း၏ အတွင်း၌မူ လုံးဝ ဗလာဖြစ်နေသည်။
"တစ်ယောက်ယောက် ငါ့ထက်အရင် ရောက်သွားတာလား"
ရှိထျန်းဟောက် ရုတ်တရက် သတိဝင်လာသည်။ အကယ်၍ တစ်စုံတစ်ယောက် ဤနေရာသို့ အရင်ရောက်ခဲ့လျှင် ၎င်းမှာ သူ၏ ရှေ့တွင် ရှိနေသော လူအနည်းငယ်ထဲမှ တစ်ဦးဦးသာ ဖြစ်ရမည်။ သို့သော် ထိုသူများမှာ ရွေးချယ်ခံရသော ပါရမီရှင်များ၊ ပြိုင်ဘက်ကင်းသော သူများ မဟုတ်ပါလား။
သူတို့ဆီကနေ တစ်ခုခုကို လုယူဖို့ ဘယ်လိုလုပ် သတ္တိရှိပါ့မည်နည်း။
"အောက်ဆန်းက စစ်မှန်တဲ့ နဂါးတစ်ကောင်ပဲ… သူက ကျောက်စိမ်းပေလွှာရဲ့ တည်ရှိမှုကို အာရုံခံမိဖို့ အဖြစ်နိုင်ဆုံးပဲ… သူပဲ ဖြစ်ရမယ်"
"တောက်... သူက စစ်မှန်တဲ့ နဂါး… ငါကတော့ အောက်တန်းကျတဲ့ နဂါးသွေးနှောရုံပဲ… သူတို့်ဆီကနေ ကျောက်စိမ်းပေလွှာကို လုယူဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး"
ရှိထျန်းဟောက် စိတ်ပျက်လက်ပျက်ဖြင့် အံကို တင်းတင်းကြိတ်လိုက်သည်။ ဤခံစားချက်မှာ သည်းခံနိုင်စရာ မရှိပေ။ သူသည် ထိုကျောက်စိမ်းပေလွှာအတွင်းရှိ သိုင်းပညာကို ရရှိရန်အတွက် အချိန်အတော်ကြာ ပြင်ဆင်ခဲ့ရခြင်း ဖြစ်၏။ ထိုကျောက်စိမ်းပေလွှာမှာ လက်တစ်ကမ်းအကွာသို့ ရောက်နေပြီဟု ထင်ရချိန်တွင် သူ၏ နှလုံးသားမှာ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေခဲ့သည်။ သို့သော် ယခုမူ ၎င်းမှာ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း၊ အခြားတစ်ဦးက ယူသွားပြီဖြစ်ကြောင်း အပြောခံလိုက်ရ၏။ ဤသို့သော ထိုးနှက်ချက်ကို မည်သူ တောင့်ခံနိုင်ပါမည်နည်း။
မျှော်လင့်ချက်မှသည် စိတ်ပျက်အားငယ်မှုသို့၊ အတက်မှသည် အကျသို့ ပြောင်းလဲသွားခြင်းမှာ လူတစ်ဦးကို ရူးသွပ်သွားစေရန် လုံလောက်လှပေသည်။
"အောက်ဆန်းဆီကနေ ဒါကို ပြန်ယူဖို့ အခွင့်အရေး ရှာရမယ်”
ရှိထျန်းဟောက်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး အောက်ဆန်း၏ နောက်ကျောကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
...
ထိုအချိန်တွင် ဝိညာဉ်ပင်လယ်၏ အထက်၌။ မိုးကြိုးငါးတန်တောင်ဂိုဏ်းမှ ကျင့်ကြံသူ အုပ်စုတစ်စုသည် ရတနာရှားပါးစုစည်းမှု မဟာမိတ်အဖွဲ့မှ ကျင့်ကြံသူများကို ဝိုင်းရံထားကြပြီ ဖြစ်သည်။ မိုးကြိုးငါးတန်တောင်ဂိုဏ်းကို ဦးဆောင်လာသူများမှာ ဂိုဏ်းချုပ်ကြီး ကျောက်ကျန့်ထင်နှင့် တတိယဂိုဏ်းချုပ် မော့ဟွမ်ဟိုင်တို့ ဖြစ်ကြသည်။ ဝိုင်းရံခံထားရသော ရတနာရှားပါးစုစည်းမှု မဟာမိတ်အဖွဲ့မှ ကျင့်ကြံသူများထဲတွင်မူ သူတို့၏ မဟာမိတ်ခေါင်းဆောင် ဝမ်ချန်ဖု ကိုယ်တိုင် ပါဝင်နေသည်။ ဝမ်ချန်ဖုမှ ထိတ်လန့်တကြားနှင့် ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဂိုဏ်းချုပ်ကျောက်၊ ဂိုဏ်းချုပ်မော့၊ ခင်ဗျားတို့က စမ်းသပ်မှုကို သေချာ မလုပ်ဘဲ ဘာလို့ ငါတို့ကို လာတိုက်ခိုက်နေတာလဲ… ခင်ဗျားတို့ ရူးသွားကြပြီလား"
ကျောက်ကျန့်ထင်နှင့် မော့ဟွမ်ဟိုင်တို့ အေးစက်စွာသာ ပြုံးလိုက်ကြသည်။ လက်တစ်ချက် ဝေ့ယမ်းလိုက်သည်နှင့် မိုးကြိုးငါးတန်တောင်ဂိုဏ်းမှ ကျင့်ကြံသူ အားလုံးမှာ ရှေ့သို့ တိုးဝင်သွားကြပြီး ဒဏ်ရာအပြင်းအထန် ရထားသော မဟာမိတ်အဖွဲ့ဝင်များကို အကုန်အစင် သတ်ဖြတ်လိုက်ကြသည်။ ဝမ်ချန်ဖု ကိုယ်တိုင်ပင်လျှင် ကျောက်ကျန့်ထင်နှင့် မော့ဟွမ်ဟိုင်တို့၏ ညှပ်တိုက်မှုကို ခံရပြီး ကျဆုံးသွားခဲ့ရ၏။
မိုးကြိုးငါးတန်တောင်ဂိုဏ်းမှ ကျင့်ကြံသူများသည် ထိုမဟာမိတ်အဖွဲ့ဝင်များကို သတ်ဖြတ်ပြီးနောက် အလောင်းများကို စည်းမဲ့ကမ်းမဲ့ ပစ်မထားခဲ့ကြပေ။ ထိုအစား သေချာစွာ စုဆောင်းပြီး အနီးနားရှိ ကျွန်းငယ်လေးတစ်ခုသို့ သယ်ဆောင်သွားကြသည်။ ယခုအချိန်တွင် ထိုကျွန်းမှာ လှုပ်ရှားမှုများဖြင့် စည်ကားနေ၏။ အရပ်မျက်နှာ အသီးသီးမှ မိုးကြိုးငါးတန်တောင်ဂိုဏ်းနှင့် သွေးနေဓားဂိုဏ်းတို့၏ ကျင့်ကြံသူများ ရောက်ရှိလာကြပြီး သူတို့ အမဲလိုက်ခဲ့သော ကျင့်ကြံသူများ၏ အလောင်းများကို ယူဆောင်လာကြသည်။ ကျွန်းပေါ်တွင် အလောင်းပေါင်း တစ်ထောင်ကျော် စုပုံနေပြီ ဖြစ်ပြီး အရေအတွက်မှာလည်း တိုးပွားနေဆဲပင်။
ဤအချိန်တွင် သွေးနေဓားဂိုဏ်း၏ ဂိုဏ်းချုပ် ရှုန့်ထျန်းရှင်းသည် သူ၏ တပည့်များကို အစီအရင်တစ်ခု တည်ဆောက်ရန် ကြီးကြပ်နေသည်။ ကျောက်ကျန့်ထင်နှင့် မော့ဟွမ်ဟိုင်တို့ ပြန်လာသည်ကို မြင်သောအခါ ရှုန့်ထျန်းရှင်းမှ အကျယ်ကြီး ရယ်မောလိုက်၏။
"မင်းတို့နှစ်ယောက် တော်တော်လေး ရခဲ့ပုံပဲ"
ကျောက်ကျန့်ထင် ပြုံးလိုက်သည်။
"ဒါက ဘာမှမဟုတ်ပါဘူး… ရတနာရှားပါးစုစည်းမှု မဟာမိတ်အဖွဲ့က ဝမ်ချန်ဖုကို သတ်ခဲ့ရုံပါပဲ" ရှုန့်ထျန်းရှင်း မျက်ခုံးပင့်လိုက်သည်။
"ဝမ်ချန်ဖုက မဟာမိတ်ခေါင်းဆောင်လေ… ဓမ္မအမှတ်အသား ၆၀ ရှိတဲ့ နိဗ္ဗာန်အဆင့် ကျင့်ကြံသူပဲ… မင်းတို့ တကယ်ပဲ သူ့ကို သတ်နိုင်ခဲ့တာလား"
မော့ဟွမ်ဟိုင် အကျယ်ကြီး ရယ်မောလိုက်သည်။
"အဲဒီ ဓမ္မအမှတ်အသား ၆၀ ဆိုတာက အလကားပါပဲ… သူက ကုန်သည်တစ်ယောက်ထက် မပိုဘူး… ကျောက်အစ်ကိုကြီးနဲ့ ငါနဲ့ ညှပ်တိုက်လိုက်တာ သူ မသေဘဲ နေပါ့မလား"
"ဟုတ်တာပေါ့"
ရှုန့်ထျန်းရှင်း အကြိမ်ကြိမ် ခေါင်းငြိမ့်သည်။
ကျောက်ကျန့်ထင်မှ မေးလိုက်၏။
"အလောင်းတွေ ဘယ်လောက်လောက် ရပြီလဲ… အလောင်းပေါင်းသောင်းချီ ဝိညာဉ်နှိုးထခြင်း အစီအရင်ကြီးကို အသက်သွင်းဖို့ လုံလောက်ပြီလား"
ရှုန့်ထျန်းရှင်း ခေါင်းငြိမ့်ပြသည်။
"ငါ အခုပဲ ရေတွက်ကြည့်ပြီးပြီ… ဝမ်ချန်ဖု အပါအဝင် ဓမ္မအမှတ်အသား ၅၀ ကျော်ရှိတဲ့ ကျင့်ကြံသူ အလောင်း ၅ လောင်း ရပြီ"
"ဓမ္မအမှတ်အသား ၂၀ ကနေ ၅၀ ကြားကတော့ အလောင်း ၁၀၀ ကျော်တယ်"
"ဓမ္မအမှတ်အသား ၂၀ အောက်ကတော့ ၄၀၀ ကျော်တယ်"
"နိဗ္ဗာန်အဆင့် တစ်ဝက်ကျင့်ကြံသူတွေ ဆိုရင်တော့ ပိုတောင် များသေးတယ်… ဒီအလောင်းတွေက ဒီနေရာမှာ အိပ်ပျော်နေတဲ့ နတ်ဆိုးဧကရာဇ်ကြီးကို နှိုးဖို့ လုံလောက်တာထက်တောင် ပိုနေပါပြီ"
ကျောက်ကျန့်ထင် စိတ်လှုပ်ရှားသွားသည်။
"ကောင်းပြီ… ဒါဆိုရင် အစီအစဉ်ကို ဘာကမှ မနှောင့်ယှက်ခင် မြန်မြန် လုပ်ကြရအောင်"
ရှုန့်ထျန်းရှင်း ရယ်မောလိုက်၏။
"ဒါပေါ့… ငါတို့အားလုံးက အလောင်းဆောင်အတွက် အမှုထမ်းနေကြတာပဲ… ဘာလို့ တစ်ယောက်ကိုတစ်ယောက် နှောင့်ယှက်ရမှာလဲ"
ထိုသို့ပြောပြီး သုံးယောက်သား တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကာ လေးနက်စွာ ကြေညာလိုက်ကြ၏။ "အလောင်းဆောင်အတွက်… နတ်ဆိုးမျိုးနွယ်စုရဲ့ ကြီးမြတ်တဲ့ အရေးတော်ပုံအတွက်"
သူတို့၏ လေသံမှာ အလွန်ပင် လေးနက်နေကြသည်။
သေချာကြည့်လျှင် သူတို့၏ မျက်လုံးများထဲတွင် နက်မှောင်သော ခရမ်းရောင် အလင်းတန်းများ ဖြတ်သန်းသွားသည်ကို တွေ့ရပေမည်။ သူတို့၏ ဝိညာဉ်များပင်လျှင် နတ်ဆိုးစွမ်းအားများ၏ ဝါးမျိုခြင်းကို ခံထားရပုံရသည်။
မြစိမ်းတောင်ထိပ်၏ ခြေရင်းတွင်။
ရှန်မိုသည် သူ၏ ကံကြမ္မာစနစ်တွင် ပြသနေသော မကြာသေးမီက အပြောင်းအလဲများကို တိတ်ဆိတ်စွာ စဉ်းစားနေသည်။
"သူတို့ အလောင်းတွေကို စုဆောင်းပြီး အလောင်းပေါင်းသောင်းချီ ဝိညာဉ်နှိုးထခြင်း အစီအရင်ကြီးကို အသက်သွင်းတာက ငါ မျှော်လင့်ထားတာထက် ရက်နည်းနည်း ပိုစောနေတယ်"
"ဖြစ်နိုင်တာက ငါ့ရဲ့ လုပ်ဆောင်ချက်တချို့က ကံကြမ္မာရဲ့ လမ်းကြောင်းကို သွားပြီး ပြောင်းလဲစေခဲ့တာ ဖြစ်မယ်"
ရှန်မို လေးနက်စွာ စဉ်းစားနေသည်။
ဂူဗိမာန်ထဲ မဝင်ခင်ကတည်းက ဘာတွေ ဖြစ်လာမည်နည်းဆိုသည်ကို သူ သိထားခဲ့၏။ မြစိမ်းရောင် အထွတ်အထိပ်ပညာရှင်သည် ဤနေရာကို သူ၏ ဂူဗိမာန်အဖြစ် ရွေးချယ်ခဲ့သော်လည်း ၎င်း၏ အောက်ခြေ အတောင် တစ်သောင်းခန့်တွင် နတ်ဆိုးအထွတ်အထိပ်ပညာရှင် တစ်ဦးနှင့် ၎င်း၏ လက်အောက်ခံ နတ်ဆိုးဧကရာဇ် အချို့၏ အိပ်ပျော်နေသော ရုပ်အလောင်းများ ရှိနေသည်ကို သူ မသိခဲ့ပေ။ နတ်ဆိုးအထွတ်အထိပ်ပညာရှင်ဆိုသည်မှာ လူသားတို့၏ အထွတ်အထိပ်အဆင့် ကျင့်ကြံသူများနှင့် အဆင့်တူသော နတ်ဆိုးကျင့်ကြံသူများ ဖြစ်ကြသည်။ ရှေးဟောင်း နတ်ဘုရားနှင့် နတ်ဆိုးစစ်ပွဲအတွင်း ထိုနတ်ဆိုးအထွတ်အထိပ်ပညာရှင်မှာ လုံးဝ သေဆုံးသွားခြင်း မရှိခဲ့ပေ။ သူ၏ နောက်ဆုံးအချိန်တွင် နောက်လိုက်များ အားလုံး၏ ဇီဝစွမ်းအားများကို စုပ်ယူကာ အသက်ဓာတ် အစအနလေး တစ်ခုကို ထိန်းသိမ်းထားခဲ့သည်။ ယခု နှစ်ပေါင်း သောင်းချီ ကြာပြီးနောက် ထိုအသက်ဓာတ်မှာ သူ၏ ခန္ဓာကိုယ်အတွင်း တဖြည်းဖြည်း လည်ပတ်လာခဲ့ပြီ ဖြစ်သည်။ သူ ပြန်လည် နိုးထတော့မည် ဖြစ်၏။ မြစိမ်းရောင် ဂူဗိမာန်အတွင်းရှိ နတ်ဆိုးအရှိန်အဝါများမှာ ဤနတ်ဆိုးအထွတ်အထိပ်ပညာရှင်ထံမှ မြစ်ဖျားခံလာခြင်း ဖြစ်သည်။
"နတ်ဆိုးမျိုးနွယ်စုတွေရဲ့ ခြေကုပ်စခန်းက မြောက်ပိုင်းဒေသမှာ မဟုတ်လား… ငါ မှတ်မိသလောက်ဆိုရင် နတ်ဘုရားငါးပါး နတ်ဆိုးနိုင်ငံလို့ ခေါ်တာထင်တယ်"
ရှန်မို တစ်ယောက်တည်း တွေးနေမိသည်။
နတ်ဘုရားငါးပါး နတ်ဆိုးနိုင်ငံ ဆိုသည်မှာ စာသားအရ နတ်ဆိုးသူတော်စင် ငါးပါးတည်း ရှိသည်ဟု မဆိုလိုဘဲ ၎င်းကို ဂိုဏ်းခွဲ ငါးခုအဖြစ် ခွဲခြားထားခြင်းသာ ဖြစ်သည်။ ၎င်းတို့မှာ မှောင်မိုက်ဆောင်၊ ညစ်ညမ်းဆောင်၊ အရိပ်ဆောင်၊ ရူးသွပ်ဆောင်နှင့် အလောင်းဆောင်တို့ ဖြစ်ကြသည်။ အဆောင်တစ်ခုစီတွင် အနည်းဆုံး နတ်ဆိုးသူတော်စင် တစ်ပါးစီ ရှိ၏။ ဤအချက်အလက်များကို သူသည် စုန့်ကျန့်ဖေး၊ လျိုယွန့်ထျန်းနှင့် အခြားသူများနှင့် စကားပြောရင်း မတော်တဆ သိခဲ့ခြင်း ဖြစ်သည်။ နတ်ဘုရားငါးပါး နတ်ဆိုးနိုင်ငံသည် မြင့်မြတ်နက်ရှိုင်းသော ကမ္ဘာကြီး၏ မြောက်ပိုင်းဒေသတွင် ဝေးကွာစွာ တည်ရှိသော်လည်း၊ နတ်ဆိုးမျိုးနွယ်စုများ၏ အစွမ်းမှာ အရှေ့ပိုင်းဒေသ၊ အလယ်ပိုင်းဒေသနှင့် တောင်ဘက်ကျွန်းစုများသို့ ထိုးဖောက်ဝင်ရောက်ရန် ဘယ်သောအခါမှ မရပ်တန့်ခဲ့ပေ။
မိုးကြိုးငါးတန်တောင်ဂိုဏ်းနှင့် သွေးနေဓားဂိုဏ်းတို့မှာ နတ်ဘုရားငါးပါး နတ်ဆိုးနိုင်ငံမှ တောင်ဘက်ကျွန်းစုတွင် ချထားသော နယ်ရုပ်များသာ ဖြစ်ကြပေတော့သည်။
***