"ဆရာ… ကျွန်တော် ကိုယ်တိုင် သတ်ချင်တဲ့ ကျင့်ကြံသူ တစ်ယောက် ရှိပါတယ်"
ယဲ့ယန်မှ ရုတ်တရက် ပြောလိုက်သည်။
ရှုန့်ထျန်းရှင်း ခပ်ကျယ်ကျယ် ရယ်မောလိုက်သည်။ "ဘယ်သူမို့လို့ မင်းရဲ့ ဒီလောက်ပြင်းထန်တဲ့ အမုန်းတရားတွေကို ရရှိသွားတာလဲ"
ယဲ့ယန်မှာ ရိုသေစွာဖြင့်
"ရှန်မို ပါ… ဆရာနဲ့အတူ ဂိုဏ်းချုပ်ကျောက်၊ ဂိုဏ်းချုပ်မော့တို့ရဲ့ လက်အောက်ခံတွေ သူ့ကို သတိထားကြည့်ပေးဖို့ မျှော်လင့်ပါတယ်"
ရှုန့်ထျန်းရှင်း အနည်းငယ် ခေါင်းငြိမ့်လိုက်၏။
"ကောင်းပြီလေ… ကျင့်ကြံသူတွေဆိုတာ ချစ်ခြင်း၊ ရန်ငြိုးခြင်းတွေမှာ လွတ်လပ်စွာ လုပ်ဆောင်သင့်တာပဲ"
"မင်းကို ဒေါသထွက်အောင်လုပ်တဲ့ ဘယ်သူ့ကိုမဆို တွန့်ဆုတ်မနေဘဲ သတ်ရမယ်… ပြီးတော့ သူတို့ရဲ့ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေ အားလုံးကိုလည်း အမြစ်ပြတ် သုတ်သင်ပစ်ရမယ်"
ယဲ့ယန် လေးနက်စွာ ခေါင်းငြိမ့်၏။
"ဆရာ့ရဲ့ သွန်သင်ဆုံးမမှုကို ကျွန်တော် လိုက်နာပါ့မယ်"
ကျောက်ကျန့်ထင်နှင့် မော့ဟွမ်ဟိုင်တို့ကလည်း ပြုံးလျက်
"ဂိုဏ်းချုပ်ရှုန့်… ခင်ဗျားရဲ့ တပည့်ကတော့ ခင်ဗျားရဲ့ ငယ်မူငယ်နာ စရိုက်တွေကို အပြည့်အဝ ဆက်ခံထားတာပဲ"
ရှုန့်ထျန်းရှင်း အားရပါးရ ရယ်မောလိုက်သည်။
"ဒါပေါ့… ဒီလို စရိုက်မျိုးရှိလို့လည်း ငါက သူ့ကို ချွင်းချက်အနေနဲ့ တပည့်အဖြစ် လက်ခံခဲ့တာ"
ကျောက်ကျန့်ထင် အဝေးသို့ လှမ်းကြည့်ကာ ပြုံးလိုက်သည်။
"ဒီအချိန်ကစပြီး ငါတို့လုပ်ဖို့ လိုတာကတော့ ပွဲကြည့်ရုံပါပဲ"
"တောင်ဘက်ကျွန်းစုရဲ့ ထိပ်သီးဂိုဏ်းကြီး ငါးခု ဟုတ်လား… ဟဲဟဲ… အဲဒီ နတ်ဆိုးအထွတ်အထိပ်ပညာရှင် နိုးထလာတာနဲ့ သူတို့ကို ဖျက်ဆီးဖို့ဆိုတာ လက်ဖဝါးလှန်သလောက် လွယ်ကူပါလိမ့်မယ်"
ယဲ့ယန် တစ်စုံတစ်ခုကို စဉ်းစားနေပုံရပြီး မေးလိုက်သည်။
"ဒါပေမဲ့ အဲဒီ ထိပ်သီးဂိုဏ်းကြီး ငါးခုမှာ သူတော်စင်အဆင့် ပညာရှင်တွေ စောင့်ရှောက်နေတယ်လို့ ကျွန်တော် ကြားဖူးပါတယ်… နတ်ဆိုးအထွတ်အထိပ်ပညာရှင် တစ်ပါးတည်းနဲ့ သူတို့ကို တကယ်ပဲ အကုန်အစင် သုတ်သင်နိုင်ပါ့မလား"
မော့ဟွမ်ဟိုင်မှ ကြောက်မက်ဖွယ်ကောင်းသော ရယ်သံဖြင့် ရယ်မောလျက်
"သူတော်စင် အတော်များများက မြင့်မြတ်နက်ရှိုင်းသော ကမ္ဘာကြီးကို စွန့်ခွာပြီး ဟင်းလင်းပြင်ထဲမှာ လှည့်လည်သွားလာနေကြတာ ကြာပါပြီ"
"ငါသိသလောက်ဆိုရင် အခုအချိန်မှာ တောင်ဘက်ကျွန်းစုမှာ သူတော်စင် တစ်ပါးမှ မရှိတော့ဘူး"
ယဲ့ယန် မှင်တက်သွား၏။
"အဲဒါ ဘာဖြစ်လို့လဲခင်ဗျာ"
ရှုန့်ထျန်းရှင်းမှ လေးနက်စွာဖြင့်
"သူတို့အားလုံးက နတ်ဆိုးမျိုးနွယ်စုတွေရဲ့ မြစ်ဖျားခံရာကို လိုက်ရှာဖို့ သွားကြတာ"
ယဲ့ယန် ဆက်ပြီး မေးလိုက်သည်။
"ဒါဆိုရင် အထွတ်အထိပ်အဆင့်ရော… အဲဒီ နတ်ဆိုးအထွတ်အထိပ်ပညာရှင်က အခုမှ ပြန်နိုးထလာတာဆိုတော့ အထွတ်အထိပ်အဆင့် ကျင့်ကြံသူတွေကို ယှဉ်နိုင်ပါ့မလား"
ကျောက်ကျန့်ထင် ပြုံးလိုက်သည်။
"အလောင်းဆောင်က နတ်ဆိုးအထွတ်အထိပ်ပညာရှင်က တခြားသူတွေနဲ့ မတူဘူး… သူ့ရဲ့ အကြီးမားဆုံး အစွမ်းက အလောင်းတွေကို စေခိုင်းတာပဲ"
"နဂါးသင်္ချိုင်းထဲမှာ တခြား ဘယ်သူတွေ မြှုပ်နှံခံထားရသေးလဲဆိုတာ ခန့်မှန်းကြည့်စမ်း"
ယဲ့ယန် ခေတ္တမျှ တိတ်သွားပြီးနောက် သဘာဝအတိုင်း ပြန်ဖြေလိုက်သည်။
"မြစိမ်းရောင် အထွတ်အထိပ်ပညာရှင်..."
သူပြောလိုက်သည့် ခဏမှာပင် သူ၏ အမူအရာမှာ ထိတ်လန့်သွားတော့၏။
မော့ဟွမ်ဟိုင် တိုးတိုးလေး ပြောလိုက်သည်။
"မဟုတ်ဘူး… မြစိမ်းရောင် အထွတ်အထိပ်ပညာရှင် တစ်ယောက်တည်း မဟုတ်ဘူး… သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်း သုံးယောက်လည်း ရှိသေးတယ်"
"မြစိမ်းရောင် အထွတ်အထိပ်ပညာရှင်ရဲ့ သူငယ်ချင်း သုံးယောက်လုံးက သူ မသေခင်မှာပဲ အရင်ဆုံး ကွယ်လွန်သွားကြတဲ့ လူသားကျင့်ကြံသူတွေပဲ"
"သူတို့က အသက်ရှင်စဉ်မှာ အတူနေပြီး သေရင်လည်း တစ်နေရာတည်းမှာ အတူမြှုပ်နှံဖို့ ကတိပြုခဲ့ကြတာ"
"အဲဒီ နဂါးသင်္ချိုင်းထဲမှာ အထွတ်အထိပ်အဆင့် ပညာရှင် လေးဦးရဲ့ ရုပ်အလောင်းတွေ ရှိနေတယ်"
ဟူး...
ယဲ့ယန်က အသက်ကို ပြင်းပြင်းရှူလိုက်သည်။
နတ်ဆိုးအထွတ်အထိပ်ပညာရှင် တစ်ပါးရယ်၊ ပြီးတော့ ပြန်လည်နိုးထလာမယ့် အထွတ်အထိပ်အဆင့် အလောင်း လေးလောင်းရယ်…
ဤစွမ်းအားမျိုးမှာ တောင်ဘက်ကျွန်းစု တစ်ခုလုံးကိုပင် အမှန်တကယ် သိမ်းကျုံးဖျက်ဆီးနိုင်သည်။
သူသိထားသလောက်ဆိုလျှင် ထိပ်သီးဂိုဏ်းကြီး ငါးခုမှာ အစောင့်အရှောက်အနေနဲ့ အထွတ်အထိပ်အဆင့် တစ်ဦးစီသာ ရှိကြ၏။
တခြားသော အထွတ်အထိပ်အဆင့် ကျင့်ကြံသူများမှာမူ အရှေ့ပိုင်းဒေသနှင့် အလယ်ပိုင်းဒေသရှိ အဆင့်တူ ပညာရှင်များနှင့် ဆက်ဆံရန် တစ်နှစ်ပတ်လုံး ခရီးထွက်နေကြသူများ သို့မဟုတ် တခြားသော နယ်ပယ်များမှ နတ်ဘုရားကိရိယာများကို ရှာဖွေရန် ဟင်းလင်းပြင်ထဲသို့ နက်ရှိုင်းစွာ သွားနေကြသူများ ဖြစ်ကြသည်။
သူတို့ ပြန်ရောက်လာချိန်တွင် တောင်ဘက်ကျွန်းစုမှာ ထိုနတ်ဆိုးအထွတ်အထိပ်ပညာရှင်ကြောင့် ပြာအတိ ဖြစ်နေလောက်ပြီ ဖြစ်သည်။
"မင်းရဲ့ အလုပ်ကို သေချာလုပ်ပါ… အကယ်၍ အဲဒီ နတ်ဆိုးအထွတ်အထိပ်ပညာရှင်က သဘောကျသွားရင်တော့ မင်းကို နတ်ဆိုးအရှိန်အဝါတွေ သွင်းပေးချင် သွင်းပေးလိမ့်မယ်"
"နိဗ္ဗာန်အဆင့်ကို တက်လှမ်းဖို့ဆိုတာ သူ့အတွက်တော့ မပြောပလောက်တဲ့ ကျေးဇူးပြုမှုလေး တစ်ခုပါပဲ"
ရှုန့်ထျန်းရှင်း ပြုံးလိုက်သည်။
ယဲ့ယန်လည်း ခပ်ဖျော့ဖျော့ ခေါင်းငြိမ့်လိုက်၏။
ပိုပြီး သန်မာလာနိုင်သရွေ့တော့ နတ်ဆိုးအရှိန်အဝါဖြစ်နေလည်း ဘာမှ မဖြစ်ပေ။
အခု သူ အလိုချင်ဆုံးအရာမှာ အခွင့်အရေးကို အရယူပြီး ရှန်မိုအား ကိုယ်တိုင်သတ်ဖို့ပင် ဖြစ်သည်။
ဒါမှသာ နှစ်ပေါင်းများစွာ သူ့နောက်ကို ခြောက်လှန့်နေသည့် အရိပ်မည်းကြီးကို ဖယ်ရှားနိုင်မည် ဖြစ်သည်။
"ရှန်မိုရဲ့ အစွမ်းက ဒီလောက် မမြင့်နိုင်ပါဘူး… အလွန်ဆုံးရှိမှ နိဗ္ဗာန်အဆင့် ဓမ္မအမှတ်အသား ၁၀ ခုလောက်ပဲ ရှိမှာပါ… သူက ဝိညာဉ်ပင်လယ်ကို ဖြတ်ကျော်တဲ့ ကျင့်ကြံသူတွေထဲမှာ မပါတော့ ဒုတိယမြောက် စမ်းသပ်မှုကို ရောက်နေလောက်ပြီ"
"နှမြောစရာပဲ… သူ့ကို ငါကိုယ်တိုင် သတ်ခွင့်ရချင်မှ ရတော့မယ်"
ယဲ့ယန် ခပ်တိုးတိုး သက်ပြင်းချလိုက်သည်။
သူ၏ ရင်ထဲတွင် တကယ်ပင် နောင်တရသလို ခံစားချက်မျိုး ဖြစ်ပေါ်လာ၏။
မြစိမ်းတောင်ထိပ်တွင်။
ရှန်မိုသည် အေးစက်ပြီး ဟိန်းဟောက်နေသော လေပြင်းများနှင့် ခြေထောက်အောက်တွင် တဖြည်းဖြည်း တိုးလာသော ဆွဲအားဖိအားများကို တစ်ယောက်တည်း ရင်ဆိုင်လျက် ရပ်နေ၏။
သို့သော်လည်း အရိုးထဲအထိ စုတ်ဖြဲပစ်နိုင်လောက်သော လေပြင်းများက သူ့ကို တစ်ချက်ကလေးမှ နောက်ဆုတ်အောင် မလုပ်နိုင်ခဲ့ပေ။
သာမန်လူတစ်ယောက်ကို မြေကြီးပေါ်တွင် ကြိတ်ခြေပစ်နိုင်လောက်သော ဆွဲအားကလည်း သူ့ကို ငြိမ်သက်နေအောင် မပြုနိုင်ခဲ့ပေ။
ထိုဖြောင့်မတ်သော ကိုယ်ဟန်မှာ လေပြင်းနှင့် ဆွဲအားတို့ကို အန်တုလျက် ရှေ့သို့ ချီတက်နေပြီး
ခြေလှမ်းတိုင်းမှာ အောက်ခြေ ကျောက်တုံးပေါ်တွင် နက်ရှိုင်းသော ခြေရာများကို ချန်ရစ်ခဲ့သည်။
"ကိုးသောင်း ကိုးထောင် ရှစ်ရာ နှစ်ဆယ့်နှစ်..."
"ကိုးသောင်း ကိုးထောင် ကိုးရာ ငါးဆယ့်ခြောက်..."
"တစ်သိန်း"
ရှန်မိုသည် တစ်သိန်းမြောက် လေခါးထစ်ကို နောက်ဆုံး ဖြတ်ကျော်လိုက်၏။
ချက်ချင်းဆိုသလို လေပြင်းနှင့် ဆွဲအားများမှာ အစအနမကျန် ပျောက်ကွယ်သွားသည်။
သူ၏ ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအားနှင့် သွေးစွမ်းအား အားလုံးလည်း ပြန်လည် ရောက်ရှိလာ၏။
သူ မျက်လုံးမှိတ်ကာ အပြောင်းအလဲများကို တိတ်ဆိတ်စွာ အာရုံခံကြည့်လိုက်သည်။
သူ၏ ခန္ဓာကိုယ်မှာ လှေကားထစ် တစ်သိန်း၏ သွေးစုပ်ပုံဖော်မှုကို ခံယူပြီးနောက် အရင်ကထက် ပို၍ ကြံ့ခိုင်ပြီး ပို၍ သိပ်သည်းလာခဲ့သည်။
ချဲ့ကားပြောခြင်း မဟုတ်ပါ။
သူ ယခုဆိုလျှင် ခန္ဓာကိုယ်၏ ကြမ်းတမ်းသော အစွမ်းသက်သက်ဖြင့်ပင် အနိမ့်စား သူတော်စင်လက်နက် တစ်ခုကို အစိတ်စိတ်အမွှာမွှာ ချေမွပစ်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
"စမ်းသပ်မှု သုံးခုလုံး... ပြီးဆုံးသွားပြီ"
ရှန်မို၏ မျက်နှာတွင် စိတ်သက်သာရာရသော အပြုံးတစ်ခု ပေါ်လာ၏။
မြစိမ်းရောင် အထွတ်အထိပ်ပညာရှင် ကိုယ်တိုင် စီစဉ်ထားသော စမ်းသပ်မှုများ ဖြစ်သည်နှင့်အညီ သူပင်လျှင် ဖိအားကို ခံစားခဲ့ရသည်။
ထိုအချိန်တွင် ယခင် စမ်းသပ်မှု နှစ်ခုတုန်းကအတိုင်း မြစိမ်းရောင် အလင်းတန်းများ အရပ်မျက်နှာ အသီးသီးမှ စုပြုံရောက်ရှိလာသည်။
ရှန်မို၏ အသိစိတ်မှာ ၎င်းတို့နှင့် တစ်သားတည်း ဖြစ်သွားခဲ့သည်။
တောက်ပနေသော အလင်းလုံး အမြောက်အမြားသည် သူ့ရှေ့တွင် အထက်အောက် လွင့်မြောနေကြ၏။
အားလုံးကို အကဲခတ်ကြည့်ပြီးနောက် ရှန်မို တစ်ခုဆီသို့ ချက်ချင်း အာရုံစိုက်လိုက်သည်။
၎င်းမှာ အပြာရောင် သမ်းနေသော တာဝါပုံစံ အရာတစ်ခု ဖြစ်သည်။
ဤရတနာကို ရတနာရှစ်ပါး ဝိညာဉ်မွေးမြူရေးစေတီဟု ခေါ်ပြီး အလယ်အလတ်အဆင့် သူတော်စင်လက်နက် တစ်ခု ဖြစ်သည်။
သူ့တွင် ထူးခြားလှသော တိုက်ခိုက်ရေးစွမ်းရည်၊ ခံစစ်စွမ်းရည်များ မရှိပေ။
သို့သော် ထိုသို့ဆိုရုံဖြင့် မစွမ်းဟု မဆိုလိုပေ။
တကယ်တော့ မြစိမ်းရောင် အထွတ်အထိပ်ပညာရှင်၏ ရတနာအားလုံးထဲတွင် ရတနာရှစ်ပါး ဝိညာဉ်မွေးမြူရေးစေတီမှာ ထိပ်ဆုံးအဆင့်တွင် ရှိနေသည်။
၎င်း၏ အဆင့်မှာ အလယ်အလတ်အဆင့်သာ ဖြစ်မနေခဲ့လျှင် သေချာပေါက် ထိပ်ဆုံး သုံးခုစာရင်းဝင် ဖြစ်ပေလိမ့်မည်။
အစွမ်းမှာ ပြင်းထန်သော စွမ်းအား၊ ဖျက်ဆီး၍မရသော ခံစစ်တွင် ရှိခြင်း မဟုတ်ဘဲ အခြားသော ရတနာများကို မွေးမြူပေးနိုင်သည့် စွမ်းရည်တွင် ရှိခြင်း ဖြစ်၏။
ရတနာအားလုံးမှာ တိုက်ပွဲတွင် အသုံးပြုသည့်အခါ အချိန်ကြာလာသည်နှင့်အမျှ ထိခိုက်ပျက်စီးမှုများကို သေချာပေါက် ခံစားရမည် ဖြစ်သည်။
အကယ်၍ ထိုပျက်စီးမှုများ စုပုံလာလျှင် တိုက်ပွဲအတွင်းမှာပင် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားနိုင်သည်။
သာမန်အချိန်တွင် ပျက်စီးသွားလျှင် ကိစ္စမရှိသော်လည်း တိုက်ပွဲအတွင်း ပျက်စီးသွားခြင်းမှာ သေမိန့်အတိုင်းပင် ဖြစ်သည်။
တိုက်ပွဲတိုင်းပြီးနောက် ရတနာများ ပျက်စီးမှု ရှိ၊ မရှိ စစ်ဆေးခြင်းနှင့် ရှားပါးသော ပစ္စည်းများကို သုံးပြီး ပြုပြင်ခြင်းမှာ အဖိုးတန်သော အချိန်များကို ဖြုန်းတီးရာ ရောက်ပေလိမ့်မည်။
ထိုနေရာတွင် ရတနာရှစ်ပါး ဝိညာဉ်မွေးမြူရေးစေတီက အစွမ်းပြပါတော့သည်။
မည်သည့် ရတနာမဆို ဤစေတီအတွင်း ထည့်ထားလိုက်လျှင် အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့၏ ပျက်စီးမှုများကို အလိုအလျောက် ပြန်လည် ကုသပေးမည် ဖြစ်၏။
ပိုအရေးကြီးသည်မှာ လက်နက် ဝိညာဉ် မရှိသော ရတနာများကို ဤစေတီအတွင်း အချိန်အတော်ကြာ မွေးမြူထားလျှင် ၎င်းတို့မှာ သဘာဝအတိုင်း ဝိညာဉ်တစ်ခု ပေါ်ပေါက်လာနိုင်သည်။
၎င်းမှာ ဖမ်းဆီးထားသော ဝိညာဉ်ကို ရတနာထဲသို့ အတင်းအကြပ် ထည့်သွင်းခြင်းမျိုး မဟုတ်ဘဲ ရတနာ၏ ကိုယ်ပိုင်စိတ်ဝိညာဉ်နှင့် အသက်ဓာတ်ကို ဆွဲထုတ်ပေးခြင်း ဖြစ်၏။
သဘာဝအတိုင်း ပေါ်ထွက်လာသော လက်နက်ဝိညာဉ်များမှာ သူတို့၏ ရတနာများနှင့် အပြည့်အဝ တစ်သားတည်း ဖြစ်ကြသည်။
"ဒါပဲ"
ရှန်မို ပြုံးလိုက်ပြီး ထိုအလင်းလုံးကို လှမ်းယူလိုက်သည်။
ပတ်ဝန်းကျင်ရှိ မြစိမ်းရောင် အလင်းတန်းများမှာ ချက်ချင်းဆိုသလို နောက်ဆုတ်သွားကြသည်။
ငုံ့ကြည့်လိုက်သည့်အခါ သူ၏ လက်ဝါးပေါ်တွင် ရိုးရှင်းပြီး ရှေးကျသော အပြာရောင် စေတီငယ်လေးတစ်ခု ရှိနေသည်ကို တွေ့လိုက်ရ၏။ ၎င်းမှာ အမှန်တကယ်ပင် ရတနာရှစ်ပါး ဝိညာဉ်မွေးမြူရေးစေတီပင် ဖြစ်သည်။
စေတီကို သိမ်းဆည်းလိုက်ပြီးနောက် သူ ရှေ့သို့ လှမ်းကြည့်လိုက်သည်။
အဝေးတွင် ထူထပ်ပြီး ပုပ်ပွနေသော အရှိန်အဝါတစ်ခုမှာ ဝေ့ဝဲနေ၏။
၎င်းမှာ 'နဂါးသင်္ချိုင်း' ပင် ဖြစ်သည်။
"ရှေ့မှာ နဂါးသင်္ချိုင်း ရှိနေပြီ… ငါက အရင်ဆုံး ရောက်တာဆိုတော့ ထိပ်တန်းအဆင့် သူတော်စင်လက်နက်တစ်ခုကို စိတ်ကြိုက် ရွေးယူလို့ ရပြီ… ငါနဲ့ ယှဉ်ပြိုင်မယ့်သူလည်း ဘယ်သူမှ မရှိဘူး"
ဤသို့တွေးပြီး ရှန်မို သူ၏ ခြေလှမ်းများကို အရှိန်မြှင့်လိုက်သည်။
ယခုဆိုလျှင် သူ၏ လက်ထဲတွင် ရွှေရောင်စာမျက်နှာ သုံးခု ရှိနေပြီ ဖြစ်သည်။
ပထမတစ်ခုကို ရှီကျဲအတွင်းမှ ရရှိခဲ့ခြင်း ဖြစ်ပြီး ဒုတိယတစ်ခုမှာ မြင့်မြတ်နက်ရှိုင်းသော ကမ္ဘာကြီးသို့ သူ ပထမဆုံး စတင်ရောက်ရှိချိန်တွင် ရှိထျန်းဟောက်ထံမှ လုယူခဲ့ခြင်း ဖြစ်သည်။
တတိယတစ်ခုမှာ မကြာသေးမီက ချီယန် ကောင်းကင်ကျမ်းအတွင်းမှ ရရှိခဲ့ခြင်း ဖြစ်သည်။
ဤရွှေရောင်စာမျက်နှာ သုံးခုက သူ့ကို ထိပ်တန်းအဆင့် သူတော်စင်လက်နက် သုံးခုအထိ ရွေးယူခွင့် ပေးပေလိမ့်မည်။
သုံးခုလုံး အပြည့်အစုံ။
ပြင်ပလောကတွင်ဆိုလျှင် အထွတ်အထိပ်အဆင့် ပညာရှင်များပင်လျှင် ဤကဲ့သို့သော အခြေအနေကို မက်မောကြပေလိမ့်မည်။
***