ချည်ခဲ့သောကြိုးကိုဖြေရန် ချည်ခဲ့သူကိုသာ ရှာရပေမည်။
ကျန့်ဝူ မြင့်မြတ်နယ်မြေရှိ တပည့်များနှင့် အကြီးအကဲများ အားလုံးမှာ အဘိုးကြီး ကျန်းယိပိုင်၏ အမာခံ ပရိသတ်များသာ ဖြစ်ကြသည်။
အကယ်၍ သူသည် ကျန့်ဝူမြင့်မြတ်နယ်မြေကို နေရာလွတ် ကမ္ဘာငယ် အတွင်းသို့ ဝင်ရောက် စေလိုပါက အဓိကသော့ချက်မှာ အဘိုးကြီးကျန်းပင်။
ချန်ဟွိုက်အန်နှင့် ကျန်းယိပိုင်တို့က တိတ်တဆိတ် တိုင်ပင်ကာ အစီအစဉ်တစ်ခု ကြိုတင်ချမှတ် ထားပြီးသား ဖြစ်သည်။
“အမှန်အတိုင်း ပြောရရင်... ငါ ကျန်းဘိုးဘေးရဲ့ ဓားဝိညာဉ်ကို ရှာတွေ့ခဲ့တယ်...” သူက ကြေးခွံနက်ဓားကို အကြီးအကဲများရှေ့ ထုတ်ပြလိုက်ရာ သူတို့ ချက်ချင်းပင် ဝိုင်းအုံလာကြပြီး ဓားသွားကို ကြည့်ကာ မျက်လုံးများ တောက်ပနေကြတော့သည်။
ကြည့်ရသည်မှာ ကျောင်းဆင်းချိန်တွင် အရုပ်ဆိုင်ရှေ့၌ ဂျင်ပေါက်ပွဲကို ဝိုင်းအုံကြည့်နေကြသော ကျောင်းသားလေးများနှင့်ပင် တူနေသေး၏။
“ဘိုးဘေးကြီး... ဘိုးဘေးကြီး တကယ်ပဲ ဓားထဲမှာ ရှိနေတာလား။”
“ဘိုးဘေးကြီး... ဘိုးဘေးကြီး မသေသေးဘူးဆိုတာ ငါ သိနေသားပဲ။ ကောင်းကင်ကြီးက တကယ် မျက်စိရှိတာပဲ...”
ဆံပင်ဖြူဖြူ အဘိုးကြီး တစ်စုက ကြေးခွံနက်ဓားကို ဝိုင်းအုံကာ ကလေးလေးများလို အော်ဟစ်ငိုယိုနေကြသည်။
ချန်ဟွိုက်အန်က အခြေအနေမှာ အရောင်အဝါ ကောင်းနေပြီ ဖြစ်ကြောင်း သတိပြုမိပြီး ကျန်းယိပိုင်ကို ဓားထဲမှ ထွက်လာရန် တိတ်တဆိတ် အချက်ပေးလိုက်သည်။
ကျန်းယိပိုင် ပေါ်လာ၏။
သို့သော် သူက လဲလျောင်းလျက်သားနှင့်ပင်။
သူ၏ ဝိညာဉ်အကြွင်းအကျန်က ကြေးခွံနက်ဓား ဘေးနားတွင် အလောင်းကောင် တစ်ကောင်ကဲ့သို့ ဖြူဖျော့စွာ ငြိမ်သက်နေသည်။
“ဘိုးဘေးကြီး... ဘာ... ဘာဖြစ်တာလဲ...”
“ဘိုးဘေးကြီး...”
အဘိုးကြီးများမှာ ပို၍ပင် အသည်းအသန် ငိုကြွေးကြတော့သည်။
လီကျစ်ဖျင်၏ မျက်နှာအမူအရာမှာ ရှုပ်ထွေးနေပြီး သူ တစ်ခုခု ပြောချင်သော်လည်း မပြောရဲပေ။
၎င်းက သရုပ်ဆောင်ချက် တစ်ခုမှန်း သသိသည်။ ကျန့်ဝူ မြင့်မြတ်နယ်မြေကို ဓားကျောင်းတော် အထဲသို့ ဆွဲဆောင်ရန်အတွက် သူတို့၏ ဘိုးဘေးကြီးနှင့် ဓားကျောင်းတော်ဘိုးဘေးတို့ ပူးပေါင်း ခင်းကျင်းထားသော လှည့်ကွက်တစ်ခုပင်။
သို့သော် သူက ဓားကျောင်းတော်ဘိုးဘေး၏ စွမ်းအားနှင့် ပါရမီအပေါ်တွင် လုံးဝ အညံ့ခံပြီးသား ဖြစ်နေသည်။
ထို့ပြင် သူတို့၏ ကိုယ်ပိုင်ဘိုးဘေး ကိုယ်တိုင်သည်ပင် ဓားကျောင်းတော်ထဲဝင်ရန် ဦးဆောင် နေသည်ဖြစ်ရာ...
၎င်းက လုံးဝကို မျှော်လင့်ချက်မရှိတော့၍ မဟုတ်ပါလား။
ထားလိုက်ပါတော့။ ဘာပဲဖြစ်ဖြစ်ပါ...
သူတို့ လုပ်ချင်တာ လုပ်ကြပါစေ။
သူက အကြည့်ကို တခြားသို့ လွှဲလိုက်ပြီး ဆူညံသံများကို နားမထောင်ဘဲ နေလိုက်သည်။ မမြင်ရလျှင် စိတ်မပူရတော့ပေ။
“မင်းတို့ ဘိုးဘေးကြီးရဲ့ အခြေအနေက အတော်လေး စိုးရိမ်ရတယ်။ မင်းတို့ မြင်နေရတဲ့ ဒီဓားရဲ့ အခြေအနေအတိုင်းပဲ။ သူက အခု ဒီဓားထဲမှာပဲ အင်အားပြန်ဖြည့်နိုင်တော့မယ်။ တစ်နေ့နေ့မှာ သူ ပြန်နိုးလာရင် နိုးလာမယ်။ ဒါမှမဟုတ် တဖြည်းဖြည်းနဲ့ ကွယ်ပျောက် သွားတာမျိုးလည်း ဖြစ်နိုင်တယ်...” ချန်ဟွိုက်အန်က လေးနက်စွာ ပြောလိုက်သည်။
အကြီးအကဲများ၏ မျက်နှာများမှာ သိသိသာသာ ပျက်သွားကြ၏။
သူတို့၏ ဘိုးဘေးကြီး ပြန်ရောက်လာကာမှ ကွယ်ပျောက်သွားမည့် အဖြစ်ကို သူတို့ ဘယ်လိုမှ ကြည့်မနေနိုင်ကြပေ။
အကြီးအကဲတစ်ဦးက ချန်ဟွိုက်အန်၏ ရှေ့တွင် ချက်ချင်း ဒူးထောက်ကာ သုံးကြိမ် ဦးတိုက်ပြီး အလေးအနက် ပြောလိုက်သည်။
“စီနီယာ... ဘိုးဘေးကြီးက ကျန့်ဝူမြင့်မြတ်နယ်မြေအတွက် အသက်တမျှ အရေးကြီးပါတယ်။ ကျေးဇူးပြုပြီး ဒီဓားကို ကျွန်တော်တို့ဆီမှာ ထားခဲ့ပေးပါ။ သူ့ရဲ့ ကြွင်းကျန်တဲ့ ဝိညာဉ်ကို ပြုစု စောင့်ရှောက်ဖို့ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားပါ့မယ်။ ကျွန်တော်တို့ မြင့်မြတ်နယ်မြေမှာ ဓားကို ပြန်လည်ပြုပြင်ပေးနိုင်တဲ့ ရှားပါး ဆေးပင်တွေနဲ့ ရတနာတွေ အစုံအလင် ရှိပါတယ်။ ပြီးတော့ ကျွန်တော်တို့ဆီမှာ သီးသန့် “ဓားပြုစုကန်”တောင် ရှိသေးတယ်။ ကျေးဇူးတင်တဲ့အနေနဲ့ ကျွန်တော်တို့ရဲ့ ဘဏ္ဍာတိုက်ထဲက ကြိုက်တာကို ယူနိုင်ပါတယ်။ အကုန်ယူသွားမယ် ဆိုရင်တောင်... ကျွန်တော်တို့ စကားတစ်ခွန်းမှ မဟပါဘူး...”
ချန်ဟွိုက်အန် လက်ကိုမြှောက်ကာ သက်ပြင်းချလျက် စကားဖြတ်လိုက်သည်။
“မင်းတို့ရဲ့ စိတ်ရင်းကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ငါ သဘောမတူနိုင်ဘူး။”
“ဘာလို့လဲ။” အကြီးအကဲက အံ့အားသင့်စွာ မေးလိုက်သည်။ “စီနီယာ... ကျွန်တော်တို့ရဲ့ စိတ်ရင်း မမှန်ဘူးလို့ ထင်လို့လား။”
“မဟုတ်ပါဘူး။” ချန်ဟွိုက်အန်က ကြေးခွံနက်ဓားကို ဒန်တျန်အတွင်း ပြန်ထည့်လိုက်ပြီးမှ ပြန်ထုတ်ပြကာ အေးဆေးစွာ ပြောလိုက်သည်။
“မင်းတို့ မြင်တဲ့အတိုင်းပဲ။ ဒီဓားက ငါ့ရဲ့ ပင်ကိုယ်အသက်စည်းနှောင် ဝိညာဉ်လက်နက်ပဲ။ ငါ့ရဲ့ ကိုယ်ပိုင် ပင်ကိုယ်လက်နက်ကို စွန့်ပစ်ခဲ့ပြီး မင်းတို့ရဲ့ မြင့်မြတ်နယ်မြေမှာ ထားခဲ့ဖို့ဆိုတာက မဖြစ်နိုင်ဘူး မဟုတ်လား။”
အကြီးအကဲများ မှင်တက်သွားကြသည်။
ထို ရိုးရိုးစင်းစင်း ကြေးခွံနက်ဓားမှာ အမှန်တကယ်တွင် ဓားကျောင်းတော်ဘိုးဘေး၏ ပင်ကိုယ် အသက်စည်းနှာင်လက်နက် ဖြစ်နေသည်လား။
“အဲ... ဒါကတော့... ဟူး...” အကြီးအကဲက သူ၏ ပေါင်ကို ရိုက်ကာ မျက်နှာညှိုးငယ်စွာဖြင့် သက်ပြင်းချလိုက်သည်။
ထိုလူက ဟင်းလင်းပြင်ပေါင်းစည်းခြင်း အဋ္ဌမအဆင့် ရှိသည့် ပညာရှင်တစ်ဦး ဖြစ်သည်။ သူ၏ ပင်ကိုယ်ဓားမှာ သူနှင့်အတူ နှစ်ပေါင်းမည်မျှ ရှိနေခဲ့သည်ကို မည်သူမှ မသိနိုင်ပေ။ ၎င်းမှာ သူ၏ ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေပြီ ဖြစ်သည်။
သူတို့ဘက်မှ ထိုကဲ့သို့ လွန်ကဲသော တောင်းဆိုမှုကို ဆက်ပြောရန် မျက်နှာမရှိတော့ပေ။
ထို့ပြင် သူ၏ စွမ်းအားကလည်း သူတို့ရှေ့မှာ ရှိနေသည်ဖြစ်ရာ တောင်းဆိုချင်လျှင်ပင် မည်သူမှ မတောင်းဆိုရဲကြချေ။
နေရခက်သော တိတ်ဆိတ်မှုကြီး လွှမ်းမိုးသွား၏။
ကျန့်ဝူမှ အကြီးအကဲများက ကူကယ်ရာမဲ့စွာ တစ်ဦးကိုတစ်ဦး ကြည့်လျက် ခေါင်းကုတ်၍ နေကြသည်။ သို့သော် မည်သူမှ နှစ်ဦးနှစ်ဖက် အဆင်ပြေမည့် နည်းလမ်းကို မစဉ်းစားနိုင်ကြပေ။
ချန်ဟွိုက်အန်က အချိန်ကိုက်ပင် စဉ်းစားဟန်ပြုလိုက်သည်။ ခဏအကြာ သူက တုံ့ဆိုင်းလျက် ပြောလိုက်သည်။
“ကြေးခွံနက်ဓားကို မင်းတို့ဆီမှာ ထားခဲ့ဖို့တော့ မဖြစ်နိုင်ဘူး။ ငါကိုယ်တိုင်လည်း ဒါကို လိုအပ်နေသေးလို့ပါ။ ဒါပေမဲ့ မင်းတို့က ဒါကို ပုံမှန် ပြုစုစောင့်ရှောက်ချင်တယ် ဆိုရင်တော့ နည်းလမ်းတစ်ခု ရှိတယ်။”
အကြီးအကဲများသည် ကယ်တင်ရှင်ကို တွေ့လိုက်ရသကဲ့သို့ အလုအယက် ပြောကြသည်။
“ကျေးဇူးပြုပြီး မိန့်ကြားပေးပါ စီနီယာ...”
“ငါ့မှာ နေရာလွတ် ကမ္ဘာငယ်တစ်ခု ရှိတယ်။ အဲဒီထဲမှာ ငါ့ရဲ့ ဓားကျောင်းတော်အပြင်၊ မဟာမိတ် ဂိုဏ်းနှစ်ခုဖြစ်တဲ့ လင်းရှီးတောင်ကြားနဲ့ အဂ္ဂိရတ်ဂိုဏ်းတို့လည်း ရှိနေတယ်။ အဲဒီ ကမ္ဘာငယ်ထဲမှာ စိတ်ဝိညာဉ်ချီစွမ်းအင်တွေ ကြွယ်ဝပြီး မြေနေရာကလည်း အကျယ်ကြီးပဲ။ ကျန့်ဝူ မြင့်မြတ်နယ်မြေက အဲဒီထဲကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိမယ်ဆိုရင် ဓားကို အသုံးပြုတာနဲ့လည်း မငြိသလို အားလပ်တဲ့ အချိန်တွေမှာလည်း မင်းတို့တွေ ထုံးစံအတိုင်း ဒီဓားကို ဆက်ပြီး ပြုစုစောင့်ရှောက်နိုင်တယ်။”
အကြီးအကဲများက တွန့်ဆုတ်နေကြပြီး အကောင်းအဆိုးကို ချိန်ဆနေလိမ့်မည်ဟု ချန်ဟွိုက်အန် မျှော်လင့်ထားခဲ့သည်။
သို့သော် သူ စကားအဆုံးမှာပင် အကြီးအကဲတစ်ဦးက ချက်ချင်း ဆိုလာသည်။
“စီနီယာ။ အဲဒါ တကယ့်ကို အကောင်းဆုံး နည်းလမ်းပဲ။ ကျွန်တော်တို့က တကယ့်ကို ငတုံးတွေပဲ။ ဒီလိုနည်းလမ်းမျိုးကို ဦးနှောက်ခြောက်အောင် စဉ်းစားတာတောင် မထွက်ခဲ့ဘူး။ တကယ်လို့ ဘိုးဘေးကြီးကို ကယ်တင်နိုင်မယ် ဆိုရင်တော့ ပြောင်းရွှေ့ဖို့ မပြောနဲ့။ လိုအပ်ရင် ကျန့်ဝူ မြင့်မြတ်နယ်မြေ တစ်ခုလုံးကိုတောင် ရောင်းပစ်ဖို့ အသင့်ပါပဲ...”
ကြေးခွံနက်ဓားဘေးတွင် လဲလျောင်းနေသော ကျန်းယိပိုင်မှာ အလွန်ပင် စိတ်လှုပ်ရှား သွားရသည်။
နှာခေါင်းထဲတွင် စပ်ဖျဉ်းဖျဉ်း ဖြစ်လာကာ သူ၏ စိတ်ခံစားချက်ကို မနည်းထိန်းလိုက်ရ၏။
သံသယဖြစ်စရာ မလိုတော့ပေ။ ထိုသူများက သူကိုယ်တိုင် စနစ်တကျ ရွေးချယ်ပျိုးထောင်ခဲ့သော တပည့်များ ဖြစ်သည်။ တစ်ယောက်မှ အလကား မွေးထားခဲ့ခြင်း မဟုတ်ပေ။
“ကောင်းပြီလေ။ ဒါဆိုရင်တော့...” ချန်ဟွိုက်အန် အချိန်မဆွဲတော့ပေ။
နောက်ဆုံးမိနစ်တွင် အပြောင်းအလဲများ မဖြစ်စေရန် သူက ကမ္ဘာငယ်ကို ချက်ချင်းပင် ဆင့်ခေါ်လိုက်တော့သည်။
ကမ္ဘာငယ်အတွင်း၌။
ကျန့်ဝူမြင့်မြတ်နယ်မြေ၏ တောင်တန်းများက ယခုအခါ ဓားကျောင်းတော်၏ နောက်ဘက်တွင် တည်ရှိနေပြီ ဖြစ်သည်။
မြင့်မြတ်နယ်မြေတစ်ခုလုံး၏ အရွယ်အစားမှာ အံ့မခန်းလှသည်။ နေရာလွတ် အက်ကွဲကြောင်း အတွင်းမှ ဆွဲထုတ်လိုက်သောအခါ ချန်ဟွိုက်အန်ကိုယ်တိုင်ပင် အံ့သြသွားရသည်။
ရှေ့တံခါးမကြီး တစ်ခုတည်းကပင် ဓားကျောင်းတော်၏ ပင်မတောင်ထိပ်တစ်ခုလုံးနှင့် အရွယ်အစားချင်း ပြိုင်နေသည်။
တောင်ထိပ်များ၊ ဓားသင်္ချိုင်းများ၊ အစီအရင်ကြီးများနှင့် ဓားပြုစုကန်များ အားလုံးကို ရေတွက် လိုက်မည်ဆိုလျှင်...
ကျန့်ဝူ မြင့်မြတ်နယ်မြေသည် ဓားကျောင်းတော်ထက် အနည်းဆုံး အဆတစ်ရာခန့် ပိုကြီးသည်။
ချန်ဟွိုက်အန် မသိခဲ့သည်မှာ...
ကျန့်ဝူ အကြီးအကဲများမှာလည်း အလားတူပင် မှင်တက်နေကြခြင်းပင်။
“ဒီနေရာက ဖုန်တော၊ သဲတော ခြောက်သွေ့နေတဲ့ နေရာလို့ ထင်နေတာ။ စိတ်ဝိညာဉ် ချီစွမ်းအင်တွေ ဒီလောက် ကြွယ်ဝနေလိမ့်မယ်လို့ ဘယ်သူ သိမှာလဲ...”
လီကျစ်ဖျင် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။
အရာအားလုံးမှာ စိမ်းစိုနေပြီး သက်ရှိများဖြင့် စည်ကားနေ၏။ ၎င်းမှာ အသက်ဓာတ်ဖြင့် ပြည့်စုံနေသော သာယာလှပသည့် ကမ္ဘာငယ်တစ်ခုပင်။
သိပ်သည်းလှသော စိတ်ဝိညာဉ်ချီစွမ်းအင်များမှာ တောင်ပေါ်မြူနှင်းများအဖြစ် ဖွဲ့စည်းနေပြီး ၎င်းတို့၏ သိပ်သည်းဆမှာ ကျန့်ဝူအတွင်းရှိ နေရာအများစုနှင့်ပင် ယှဉ်နိုင်နေသည်။
သူတို့ ပြောင်းလာပြီးနောက် နောက်တောင်တန်းရှိ ဆေးဖက်ဝင်အပင်များ ညှိုးနွမ်းသွားမည်ကို သူ စိုးရိမ်ခဲ့ဖူးသည်။ ယခုမူ ထိုစိုးရိမ်စိတ်များ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
“ဒီဓားကျောင်းတော်ဘိုးဘေး ဘာလို့ ဒီလောက် အစွမ်းထက်နေရသလဲဆိုတာ မဆန်းတော့ဘူး။” လီကျစ်ဖျင်က ခါးသီးစွာ ရယ်ရင်း ပြောလိုက်သည်။
ဟင်းလင်းပြင်ပေါင်းစည်းခြင်း အဋ္ဌမအဆင့်ချင်း အတူတူပင် ဖြစ်သော်လည်း...
ဆရာတော် ဖန်ခုန်း၏ ကမ္ဘာငယ်နှင့် ဤကမ္ဘာငယ်ကို ယှဉ်ကြည့်မည်ဆိုပါက ကလေးငယ်နှင့် လူကြီးကျင့်ကြံသူကို ယှဉ်ကြည့်ရသကဲ့သို့ပင်။
ဓားတစ်ချက်တည်းနှင့် အသတ်ခံလိုက်ရခြင်းမှာ ယခုတော့ အဓိပ္ပာယ်ရှိသွားပြီ ဖြစ်သည်။
[ ဟေး... အဘိုးကြီးလီ မဟုတ်လား ]
ရင်းနှီးနေသော ဝိညာဉ်အာရုံတစ်ခု ရောက်ရှိလာ၏။
ထိုအသံတွင် အံ့သြမှုများ ပါဝင်နေသည်။
[ ဟိုး... မဆိုးဘူးပဲ။ ဒါကြောင့် ဒီလောက် ဆူညံနေတာကိုး။ စီနီယာက ကျန့်ဝူ မြင့်မြတ်နယ်မြေ တစ်ခုလုံးကို ဒီထဲ ပြောင်းလာတာလား... ]
“မင်းက... အဘိုးကြီးကျန်းလား။” လီကျစ်ဖျင်က ကျန်းမုန့်ချူး၏ အသံကို ချက်ချင်း မှတ်မိသွားသည်။
သူက အတိုင်းမသိ ဝမ်းသာသွားပြီး အော်ဟစ်လိုက်သည်။
“မင်း ဒီအဘိုးကြီးစုတ်၊ မသေသေးဘူးလား...”
[ ငါက ဘာလို့ သေရမှာလဲ။ မင်း သေရင်တောင် ငါက အသက်ရှင်နေဦးမှာ... ]
[ ဓားကျောင်းတော်နောက်တောင်ကို လာပြီးတော့ “ကိုလာ” လာသောက်...]
“ကို..လာ ဟုတ်လား။ အဲဒါ ဘာလဲ...”
လီကျစ်ဖျင် လုံးဝ ဇဝေဇဝါ ဖြစ်သွားသည်။
ရုတ်တရက်ဆိုသလို ကျန်းမုန့်ချူး ပြန်ရောက်လာပုံက တစ်ခုခု... ပြောင်းလဲသွားသလိုမျိုး သူ ခံစားလိုက်ရသည်။
[ ဒါက ဓားကျောင်းတော်ဘိုးဘေးကြီးရဲ့ ကမ္ဘာငယ်ထဲက ဒေသထွက် အထူးပစ္စည်းပဲ။ လာပြီး မြည်းကြည့်လိုက်။ အေ့... ]
“ဒီသခင်က လောကမှာရှိတဲ့ နာမည်ကြီး ဝိုင်မှန်သမျှ အကုန်သောက်ဖူးတယ်...” လီကျစ်ဖျင်က စိတ်ထဲမှ ကဲ့ရဲ့လိုက်ရင်း ဓားကို စီးကာ ဓားကျောင်းတော်၏ နောက်တောင်ဘက်သို့ ပျံသန်း၍ သွားတော့သည်။
ဓားကျောင်းတော်ဘိုးဘေး၏ ကမ္ဘာငယ်က အထင်ကြီးစရာ ကောင်းသည်ကို သူ ဝန်ခံသည်။
သို့သော် ဝိညာဉ်အရက်များနှင့် ပတ်သက်လာလျှင်မူ...
ထိုနေရာက မည်သည့်အရာမှ ကျန့်ဝူ မြင့်မြတ်နယ်မြေ၏ နှစ်ပေါင်းထောင်ချီသော ရိုးရာကို ယှဉ်နိုင်လိမ့်မည်ဟု သူ မယုံကြည်ပေ။
သူ မသိခဲ့သည်မှာ...
“ကိုလာ”သည် သူ၏ ကျရှုံးမှု စတင်ခြင်းသာ ရှိနေသေးခြင်းပင်။
နောက်တွင်မူ စပရိုက်၊ ဖန်တာ၊ ဆဲဗန်းပလက်စ်နှင့် ဝမ်ကျဲနွားနို့တို့ ရှိနေသေးသည်။
တစ်ချိန်တည်းမှာပင်...
ချန်ဟွိုက်အန်၏ ဝိညာဉ်က လက်တွေ့ဘဝ ခန္ဓာကိုယ်သို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်သည်။
သူက ရေချိုးခန်းထဲတွင် ရှိနေဆဲဖြစ်ပြီး လုံးဝ ကိုယ်လုံးတီးနှင့်ပင်။
တစ်ခုခုကြောင့် တစ်ချိန်ချိန်တွင် ဗီအာဦးထုပ်က ခေါင်းပေါ်သို့
ပြန်ရောက်နေပြီ ဖြစ်သည်။
ထို့ပြင် အကျဉ်းခန်း နံပါတ်(၀)၏ ရေချိုးခန်းထဲတွင် တစ်ချိန်လုံး လင်းနေခဲ့သော မီးလုံးများက...
ယခုအခါ ပိတ်ခံထားရလေသည်။
အခန်းတစ်ခုလုံး ပိန်းပိတ်အောင် မှောင်နေတော့၏။
…
***