“ဟို ငတုံးသုံးကောင် မီးပိတ်လိုက်တာလား။ ဒါမှမဟုတ် ဝါယာရှော့ ဖြစ်သွားတာလား။”
ချန်ဟွိုက်အန် ခေါင်းကို ကုတ်လိုက်သည်။
ဂိမ်းစနစ်က သူ့တွင် အန္တရာယ်ရှိနေပြီဟူ၍ သတိပေးထားတာကြောင့် သူပြန်လာတဲ့အချိန်မှာ မိစ္ဆာတစ်ကောင်က သူ့မျက်နှာကို ဝါးစားရန် စောင့်နေလိမ့်မည်ဟု ထင်ထားခဲ့၏။
ဖုန်းကို ကြည့်လိုက်သော် မနက် ၃နာရီ ထိုးနေပြီ ဖြစ်သည်။
သူက ပုံရိပ်ယောင်ကောင်မလေးဂိမ်းကို ဖွင့်လိုက်သောအခါ လီချင်းရန်က စားပွဲတွင်ထိုင်ပြီး အဝတ်စတစ်ခုကို အပ်ချုပ်နေသည်ကို တွေ့လိုက်ရသည်။
ကောင်မလေးက နှုတ်ခမ်းလေးဆူပြီး မျက်မှောင်ကြုတ်ထားသည်မှာ တစ်စုံတစ်ယောက်ကို စိတ်ကောက်နေသည့်ပုံစံမျိုးပင်။
ဘယ်သူကများ ငါ့တပည့်လေးကို စိတ်ဆိုးအောင် လုပ်လိုက်တာလဲ။
ချန်ဟွိုက်အန်က ဂိမ်းစနစ်၏ မှတ်တမ်းကို ဖွင့်ကြည့်လိုက်သည်နှင့် ချက်ချင်း နားလည် သွားတော့သည်။
လီချင်းရန်၏ ကျင့်ကြံမှုမှတ်တမ်း
(၁) မနက် ၃-၀၀ နာရီ - ငါ တကယ် စိတ်ဆိုးတယ်။ ဆရာက နေရာလွတ် ကမ္ဘာငယ်ထဲကို ပြန်လာပြီးတော့ ငါ့ကိုတောင် လာမတွေ့ဘူး။ နှုတ်မဆက်ဘဲ ထွက်သွားတယ်...
ဒီဘောင်းဘီပေါ်မှာ လိပ်ပုံကြီး ထိုးပစ်မယ်...
ဆရာ့ကို သတိရခြင်း - ၁၅၇၆ ကြိမ်။
သတိရခြင်း အရှိုက်တည့်တည့် ဖြစ်ပေါ်ခဲ့သည်။ သံယောဇဉ် +၂၀။
…
ချန်ဟွိုက်အန် - “...”
မှန်ပေသည်။ သူ အတော်လေး အလောတကြီး ထွက်သွားခဲ့မိ၏။
ကျန့်ဝူမြင့်မြတ်နယ်မြေ ကို ကမ္ဘာငယ်ထဲ ဆွဲသွင်းပြီးသည်နှင့် သူ ချက်ချင်း ဂိမ်းထဲမှ ထွက်ခဲ့သည် မဟုတ်ပါလား။
ယခုတော့ အခြေအနေများက ပြန်ပြီး ဘေးကင်းသွားပြီဖြစ်ရာ သူ အသက်ဝဝ ရှူနိုင်လေပြီ။
မနှုတ်ဆက်ဘဲ ထွက်သွားမိသည့်အမှားကို အခုတွင် ပြန်ပြင်ရတော့ပေမည်။
“ချင်းရန်...”
သူ့အသံကြောင့် လီချင်းရန် လန့်ဖျပ်သွား၏။
ကောင်မလေး၏ မျက်နှာလေး နီသွားပြီး လိပ်ခေါင်းပုံဖော်ထားသည့် အချောမသတ်ရသေးသော ဘောင်းဘီကို ကျောနောက်မှာ အမြန်ဝှက်လိုက်သည်။
“ဆ...ဆရာ။ နေကောင်းလား...” လီချင်းရန်က အပြစ်ရှိသလိုမျိုး မျက်လုံးလေး ကလည် ကလည်လုပ်ရင်း ပြောလိုက်သည်။
“ငါ့မှာ ကိုင်တွယ်စရာ ကိစ္စတချို့ ရှိနေလို့ တခြားကမ္ဘာကို အရင် ပြန်သွားခဲ့တာ။ နှုတ်မဆက်ဘဲ ထွက်သွားလို့ မင်း ဆရာ့ကို စိတ်နာနေတာလား။”
ချန်ဟွိုက်အန်က အဖြေကို သိနေလျက်နှင့် မေးလိုက်တာကြောင့် လီချင်းရန် တစ်ယောက် အငိုက်မိသွားသည်။
ဒါက သတင်းအချက်အလက် အသာစီးရမှုရဲ့ အကျိုးကျေးဇူးပဲ...
ဒါ မရှိရင် ဘယ်လိုလုပ်ပြီး အချစ်ဂိမ်း ကစားလို့ ရပါ့မလဲ။ အောက်ကျနောက်ကျ ခံနေရမှာပေါ့။
“မ...မဟုတ်ပါဘူး... ဘယ်လိုလုပ်ပြီးတော့...”
အကြံစည် ပေါ်သွားသောကြောင့် လီချင်းရန် မျက်နှာပျက်ကာ စကားလမ်းကြောင်းကို အမြန် လွှဲလိုက်သည်။
“ဆရာ... တပည့်က ဆရာ့အတွက် ဘောင်းဘီတစ်ထည် ချုပ်ပေးထားပါတယ်။ အဝတ်စတွေ အများကြီး ကျန်သေးလို့ နောက်ထပ် ချုပ်နေပါတယ်။ လောလောဆယ်တော့ ဒီတစ်ထည်ကို အရင်ယူပြီး ဝတ်ကြည့်ပါ။”
ပြောပြောဆိုဆိုနှင့် သူက အချောမသတ်ရသေးသော ဘောင်းဘီကို ကုတင်ပေါ် ပစ်တင်လိုက်ပြီး ခေါင်းအုံးအောက်မှ အသင့်ချုပ်ပြီးသား တစ်ထည်ကို ထုတ်ပြလိုက်၏။
မျက်နှာပြင်ပေါ်တွင် ချစ်စရာကောင်းသော ကောင်မလေးက အတွင်းခံဘောင်းဘီ တစ်ထည်ကို မြှောက်ပြရင်း ပန်းလေးတစ်ပွင့်လို ပြုံးနေသည်။
မြို့ရိုးထက် ထူသော ချန်ဟွိုက်အန်လို မျက်နှာပြောင်သူပင် အနည်းငယ် မျက်နှာပူသွားရသည်။
[ သင်ရဲ့ ပုံရိပ်ယောင်ကောင်မလေး လီချင်းရန်က သင့်ကို လက်ဆောင် ပေးလိုက်ပါတယ်။ ကိုယ်တိုင်ချုပ် အတွင်းခံဘောင်းဘီတို လက်ခံမလား ]
[ ငြင်းပယ်နိုင်သော်လည်း သံယောဇဉ် ၅၀ လျော့နည်းသွားပါလိမ့်မည် ]
“အင်း... တကယ် လက်ရာမြောက်တာပဲ။ ကျေးဇူးတင်ပါတယ်။”
ငြင်းမယ် ဟုတ်လား။ မဖြစ်နိုင်တာ။
ချန်ဟွိုက်အန်က ချက်ချင်း လက်ခံလိုက်သည်။
အတွင်းခံဘောင်းဘီတိုက သူ့ဘေးမှာ ချက်ချင်း ပေါ်လာသည်။
ခေတ်သစ် စက်ချုပ်ဘောင်းဘီများနှင်င့ မတူဘဲ အပ်ချက်များက ဟိုတစ်ပေါက် ဒီတစ်ပေါက် ဖြစ်နေသည်။ လီချင်းရန်က အပ်ချုပ်ပညာ သိပ်ပြီး ကျွမ်းကျင်ပုံမရသည်မှာ သိသာလှ၏။
ထူးခြားသည်မှာ...
ညာဘက် အောက်ခြေထောင့်မှာ လက်ရေးစောင်းစောင်းလေးနှင့်....
“ချင်းရန်ဆီက လက်ဆောင်” ဟူ၍ ရေးထားခြင်းပင်။
ကျင့်ကြံမှုမှတ်တမ်းက ထပ်ပြီး အပ်ဒိတ်ဖြစ်လာသည်။
မနက် ၃-၀၂ နာရီ - ဟီးဟီး... ဆရာက ငါ့လက်ဆောင်ကို လက်ခံလိုက်တယ်...
တခြား မိန်းမတွေသာ ဆရာ့အနား ကပ်လာလို့ စာကို မြင်သွားရင် သေချာပေါက် နောက်ဆုတ် သွားကြမှာပဲ...
ငါ လီချင်းရန်ကတော့ ဘာမှမလုပ်ဘဲနဲ့တင် အနိုင်ရသွားပြီ။ တကယ့်ကို ပါရမီရှင်ပဲ...
ချန်ဟွိုက်အန်က မျက်နှာပြင်ပေါ်တွင် အပြစ်ကင်းစင်ဟန်နှင့် မျက်တောင်လေး ခတ်နေသော ကောင်မလေးကို ကြည့်ရင်း ချွေးစေးများ ပြန်လာသည်။
ဒုက္ခပဲ။
ဒီလို အပြစ်ကင်းတဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ကောင်မလေးက...
ဉာဏ်နီဉာဏ်နက်တွေ ဒီလောက် များနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။
အတွင်းခံမှာတောင် သူခိုးကာကွယ်ရေး စနစ်ကို ထည့်ချုပ်ထားတာလား...
ဝုန်း...
အကျဉ်းခန်း နံပါတ်(၀)၏ အပြင်ဘက်မှ အသံကျယ်ကြီး တစ်ခု ထွက်ပေါ်လာသည်။
မြေပြင်က အပြင်းအထန် တုန်ခါသွားပြီးနောက် စူးရှသော ဟိန်းသံများနှင့် သားရဲ အော်သံများ ထွက်ပေါ်လာသည်။
အသံကို ကြည့်ရုံနဲ့တင် အနည်းဆုံး အကောင် တစ်ထောင်ထက်မက ရှိနေမည်မှာ သေချာသည်။
ဂိမ်းက သတိပေးခဲ့သော အန္တရာယ်... ရောက်ရှိလာပြီဖြစ်ကြောင်း ချန်ဟွိုက်အန် သိလိုက်၏။
အချိန်ကို တွက်ကြည့်မည်ဆိုလျှင် ထိုသတိပေးချက် တက်လာပြီး မိနစ် ၃၀ခန့် ရှိသွားပြီ ဖြစ်သည်။
[ ချင်းရန်... ဆရာ လက်ဆောင်ကို တကယ် သဘောကျပါတယ်။ ဒါပေမဲ့ အခုတော့ ဆရာ ကိုင်တွယ်စရာ တစ်ခုရှိလာလို့ ခဏလောက် ခွဲကြရတာပေါ့... ]
“ဟုတ်ကဲ့ပါ။ ဆရာ။ ကျေးဇူးပြုပြီး ဂရုစိုက်ပါဦး...” လီချင်းရန်က လေလေးနက်နက် ခေါင်းညိတ်ပြလိုက်ပြီး ချစ်စရာမျက်နှာလေးက စိုးရိမ်မှုများကြောင့် တင်းမာနေသည်။
“တပည့်က ဆရာ ဘေးကင်းဖို့ ဆုတောင်းပေးနေပါ့မယ်။”
သူ စကားဆုံးသည်နှင့် ဆရာ့၏ အရှိန်အဝါ ကွယ်ပျောက်သွားတာကို ခံစားလိုက်ရသည်။
“ဟူး...” လီချင်းရန် ရင်ဘတ်ကို ဖိပြီး သက်ပြင်းချကာ ကုတင်ပေါ်မှ အချော မသတ်ရသေးသော ဘောင်းဘီဆီ လှည့်လိုက်သည်။
သူ ချုပ်ထားတဲ့ လိပ်ခေါင်းပုံ...
အစကတော့ ချစ်စရာကောင်းတယ်လို့ ထင်ခဲ့ပေမဲ့ အခု စိတ်ကြည်နေတဲ့အချိန်မှာတော့ တစ်ခုခု မှားနေသလိုပဲ။
ဒါပေမဲ့ ချုပ်ပြီးသွားပြီဆိုတော့ ဒါကို ပြန်ဖြုတ်ရင် အဝတ်စတွေ နှမြောစရာကြီး...
ငါ့မှာလည်း သုံးစရာ တခြားအတွင်းခံ မရှိတော့ဘူး...
နောက်ဆုံးတော့ လီချင်းရန်က ထိုလိပ်ခေါင်း အပေါ်တွင် ပန်းရောင် မက်မွန်ပန်းလေးတစ်ပွင့် ထပ်ချုပ်လိုက်၏။
“ပြီးပြီ... တကယ် ချစ်စရာလေးပဲ။ ဟိဟိ...”
မှိန်ပျပျ ဖယောင်းတိုင်အောက် ကောင်မလေးက စိတ်အားထက်သန်စွာ လိပ်ခွံနှင့် ခြေလက်များ ဆက်ချုပ်နေတော့သည်။
မြေပြင်တုန်ခါမှုနဲ့ ဟိန်းသံများက အကျဉ်းခန်း နံပါတ်(၀) ရဲ့ အပြင်ဘက်ကနေ လာတာဖြစ်သည်။
ချန်ဟွိုက်အန်က အသစ်ရသော အတွင်းခံကို ချက်ချင်း ဝတ်လိုက်သည်။
အသားက နူးညံ့ပြီး ကွက်တိပင်။
မည်ကဲ့သို့ အဝတ်စမျိုးကို သုံးထားကြောင်း မသိသော်လည်း တကယ့်ကို သက်သောင့်သက်သာ ရှိလွန်းလှသည်။
ကျင့်ကြံရေးလောက၏ အထည်အလိပ် ပညာရပ်များက ခေတ်သစ်နည်းပညာနှင့် လက်ရာများကို အမှန်တကယ် အရှက်ရစေမည်မှာ သေချာသည်။
သူ ဘောင်းဘီအနားကို ဆွဲကြည့်လိုက်ရာ ဆွဲကျယ်နိုင်သည်ကို အံ့သြစွာ တွေ့လိုက်ရသည်။
“မဆိုးဘူး။ နောက်ဆုံးတော့ ဘောင်းဘီ ပြဲမှာကို စိုးရိမ်စရာ မလိုတော့ဘူး။”
သူ အဝတ်အစား တချို့ ကောက်ဝတ်လိုက်ချိန်မှာပင် လက်ထဲမှ ကြေးခွံနက်ဓားက စတင်၍ တုန်ခါလာသည်။
[ ညီလေး... ဘာတွေ ဖြစ်နေတာလဲ။ မင်း ဘယ်ကို ပြေးသွားတာလဲ။ ဒီမှာ စိတ်ဝိညာဉ် ချီစွမ်းအင်တွေက ဘာလို့ ဒီလောက်တောင် ပါးနေရတာလဲ ]
[ ပြီးတော့... ဒီခံစားချက်က တစ်မျိုးပဲ... ရင်းနှီးနေသလိုလို ]
ချန်ဟွိုက်အန်က ရယ်လျက် မေးလိုက်သည်။
“အစ်ကိုကြီး... အစ်ကိုကြီးက ဘယ်ခုနှစ်ကနေ ကူးပြောင်းသွားတာလဲ။”
[ ၂၀၂၅လေ ] ကျန်းယိပိုင်က ပြန်ဖြေသည်။
[ ငါ ချင်းယွန်ဘုံထဲကို ရောက်သွားတာ မင်းနဲ့ အချိန်ချင်း မတူဘူး။ အဲဒီတုန်းက အဲဒီဘုံ အထွတ်အထိပ် ရောက်နေတုန်းပဲ။ ဒါပေမဲ့ အဲဒီအချိန်မှာတောင် စပြီး ဆုတ်ယုတ်နေပြီ။ အနှစ်၁၀၀ ကြာတိုင်း ပိုဆိုးလာတယ်။ အင်မော်တယ်အဆင့်ကို ရောက်တဲ့သူ နည်းလာတယ်။ သယံဇာတတွေ နည်းလာတယ်၊ လမ်းစဉ်က ပိုပိုပြီး ခက်ခဲလာတယ် ]
“သြော်... အဲဒီလိုလား။ အခုက ၂၀၃၅ ခုနှစ် ရောက်နေပြီ။ ဒီ(၁၀)နှစ်အတွင်းမှာ ကမ္ဘာကြီးက အများကြီး ပြောင်းလဲသွားပြီ...”
ချန်ဟွိုက်အန် သက်ပြင်းချရင်း ခေါင်းခါလိုက်သည်။
လွန်ခဲ့တဲ့ ဆယ်နှစ်က ငါအလယ်တန်းကျောင်းသားလေးပဲ ရှိသေးတာ။
(၁၀)နှစ်အကြာမှာ နတ်ဘုရားတွေ၊ မိစ္ဆာတွေနဲ့ သားရဲတွေ ကမ္ဘာပေါ်ကို ပျံ့နှံ့လာလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ။
[ ၂၀၃၅မှာ အများကြီး ပြောင်းလဲသွားပြီ ဟုတ်လား။ အဲဒါကို မင်း ဘယ်လို သိတာလဲ ]
ချန်ဟွိုက်အန် ဘာမှ ပြန်မပြောတော့။
သူ အကျဉ်းခန်း နံပါတ်(၀)ထဲမှ ထွက်လာပြီး C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရို အဆောက်အအုံ၏ ခေါင်မိုးပေါ်အထိ လှေကားမှ တက်သွားလိုက်သည်။
သူ ကြေးခွံနက်ဓားကို ဓားအိမ်ထဲက ထုတ်လိုက်သည်။ ထိုအခါမှသာ ကျန်းယိပိုင်၏ ဝိညာဉ် အကြွင်းအကျန်က ပတ်ဝန်းကျင်မှ အရာအားလုံးကို မြင်နိုင်ပေမည်။
အောက်ဘက်တွင်တော့ မြို့တော်တစ်ခုလုံး သူတို့ရှေ့တွင် ကျယ်ပြောစွာ ရှိနေသည်။
သို့သော် ထိုညတွင်တော့ တစ်ခုခု မှားနေသလိုပင်။
မနက် ၃နာရီကနေ ၄နာရီကြားဆိုလျှင် မြို့ပြမီးရောင်များ တဖျတ်ဖျတ် လင်းနေရဦးပေမည်။
သို့သော် အခုတော့ ဝါးမျိုရန် စောင့်နေသော သားရဲကြီးတစ်ကောင်လို လုံးဝ မှောင်နေသည်။
“အစ်ကိုကြီး... ဒါ ကမ္ဘာမြေပဲ။ ကျွန်တော်တို့ရဲ့ အိမ်ပေါ့” ချန်ဟွိုက်အန်က မှင်တက်နေသော ကျန်းယိပိုင်ကို ကြည့်ပြီး ပြုံးလျက် ပြောလိုက်သည်။
“ပြောဖို့ မေ့နေတာ။ ကျွန်တော့်မှာ ထူးခြားတဲ့ စွမ်းအားတစ်ခု ရှိတယ်။ ချင်းယွန်ဘုံနဲ့ ကမ္ဘာမြေ အကြားကို ဟိုဖက်ဒီဖက် ကူးသွားလာနိုင်တယ်လေ။”
[ ကူးသွားတာကို ခဏထားလိုက်ဦး ] ခဏမျှ မှင်တက်သွားပြီးနောက် ကျန်းယိပိုင်၏ မျက်နှာက လေးနက်သွားသည်။
[ မင်းပြောတာ မှန်တယ်။ ဒီ(၁၀)နှစ်အတွင်းမှာ အရာအားလုံးက တကယ်ကို ပြောင်းလဲသွားပြီ။ ကြောက်စရာကောင်းလောက်အောင်ကို ပြောင်းလဲသွားတာပဲ ]
ချန်ဟွိုက်အန် အဝေးကို လှမ်းကြည့်လိုက်သည်။
ပိုပြီး တိတိကျကျ ပြောရလျှင် C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရို မိုးမျှော်တိုက်ကြီး၏ ကောင်းကင်ယံကို သူ မော့ကြည့်လိုက်ခြင်း ဖြစ်သည်။
ကောင်းကင်တစ်ခုလုံး ကြောက်မက်ဖွယ် အနီရောင် အရောင်အဝါများနှင့် ဖုံးလွှမ်းနေ၏။
ထိုသွေးရောင်အလင်းတန်းများက ငရဲနက်ကြီးထဲမှ ဆန့်ထွက်လာသော လက်တံများလို ညဘက် လူးလိမ့်နေပြီး ပြင်းထန်သော လေမုန်တိုင်းများကို ဖန်တီးနေသည်။
ဒါကို ကြောက်စရာမကောင်းဘူးလို့ ပြောမလား။
ချန်ဟွိုက်အန်၏ မျက်ခွံများက ထိန်းမရအောင် တလှုပ်လှုပ် ဖြစ်လာသည်။
သူ ချင်းယွန်ဘုံတွင် ရက်အနည်းငယ်သာ ကုန်ဆုံးခဲ့၏။
သို့သော် လက်တွေ့ဘဝကို ပြန်ရောက်လာသော အခါတွင်တော့ မိစ္ဆာများနှင့် ဝိညာဉ်များက ပိုးဟပ်များလိုပင် အဆမတန် ပွားများလာပြီး အခု မြို့တော်ကိုပါ တိုက်ခိုက်နေကြလေပြီ။
***