“ဒီလောက်များတဲ့ မကောင်းဆိုးဝါးတွေ ဘယ်ကနေ ရောက်လာတာလဲ။”
ကျန်းယိပိုင်၏ အသံတွင် ဒေါသအရိပ်အယောင်များ ပါဝင်နေ၏။
မည်သို့ဆိုစေကာမူ ကမ္ဘာမြေက သူ၏ ချက်မြှုပ်ရာ ဇာတိမြေ မဟုတ်ပါလား။ ဟောင်းနွမ်းသော ခံစားချက်များ ပြန်လည် နိုးထလာပုံရသည်။
“ငါ ကူးပြောင်း မသွားခင်တုန်းက ဘာလို့ တစ်ကောင်မှ မရှိခဲ့တာလဲ။ တောက်....”
ချန်ဟွိုက်အန် - “...”
ဒီလူကြီးကတော့... အခုလိုအချိန်မှာ အချိန်ကိုက်မကျတာကို တကယ်ကြီး ဒေါသထွက် နေတာလား။
“အစ်ကိုကြီး... အစ်ကိုကြီးမှာ ကမ္ဘာပေါ်မှာ ကျန်ခဲ့တဲ့ မိသားစုဝင်တွေ မရှိဘူးလား။”
“မရှိဘူး။” ကျန်းယိပိုင်က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။“ငါက မိဘမဲ့။ ကူးပြောင်း မသွားခင်တုန်းက ဆီးဆိပ်တက်ရောဂါ ရှိနေတာ။ တစ်သက်လုံး မိန်းကလေး တစ်ယောက်ရဲ့ လက်ကိုတောင် မကိုင်ဖူးခဲ့ဘူး။ ရုပ်ကလည်း သိပ်မဖြောင့်တဲ့အပြင် နေမကောင်းပြီးတဲ့တော့ လုံးဝကို စုတ်ပြတ်သတ်သွားတာပေါ့။ စက်ရုံမှာ ဝက်အူလှည့်ပြီး ရသမျှ ပိုက်ဆံတွေ အကုန်လုံး ဆေးကုသစရိတ်ထဲ ထည့်ခဲ့ရပေမဲ့ ကိုယ့်ကိုယ်ကိုယ် မကယ်တင်နိုင်ခဲ့ဘူးလေ။”
“ဝိုး... တိုက်ဆိုင်လှချည်လား။” ချန်ဟွိုက်အန်က နှုတ်ခမ်းသပ်လျက် ဆိုသည်။ “ကျွန်တော်လည်း မကူးပြောင်းခင်တုန်းက ကင်ဆာဖြစ်နေတာ။ ဒါပေမဲ့ ချင်းယွန်ဘုံက ဆေးလုံးတွေကြောင့် အခု လုံးဝ ပျောက်ကင်းသွားပြီ။”
“အင်း.. အဲဒါက ပြန်စဉ်းစားကြည့်ရင် တကယ့်ကို ထိတ်လန့်စရာပဲ။” ကျန်းယိပိုင် မျက်လုံးများကို မှေးလိုက်သည်။ “ဒါဆို ရောဂါကျွမ်းပြီး သေခါနီးဖြစ်တာက ကူးပြောင်းဖို့အတွက် လိုအပ်ချက် တစ်ခုလား။ ဒါက တကယ်တော့ သတင်းကောင်းပဲ။ ရောဂါသည်တွေကို ဒါကို သွားပြောပြလို့ ရတယ်။ သူတို့ရဲ့ အနာဂတ်ကို မကြောက်ကြဖို့ပေါ့။ အဆိုးဆုံးဖြစ်ရင်တောင် တခြားကမ္ဘာမှာ ဘဝသစ်စပြီး အကြီးအကျယ် အောင်မြင်နိုင်တာပဲ မဟုတ်လား...”
“အစ်ကိုကြီး... စကားတွေ အသာထား။ မြို့ကို အရင် ကယ်ကြတာပေါ့။”
ချန်ဟွိုက်အန်က ကြေးခွံနက်ဓားကို ဆုပ်ကိုင်လိုက်သည်။ ကျန်းယိပိုင်၏ ဝိညာဉ် အကြွင်းအကျန်က သူ့ဘေးတွင် ဝဲပျံနေ၏။ ချန်ဟွိုက်အန်က ခြေလှမ်းအနည်းငယ်အတွင်း ခေါင်မိုးလက်ရန်းကို ကျော်ဖြတ်ကာ အဆောက်အအုံပေါ်မှ တည့်တည့် ခုန်ချလိုက်တော့သည်။
တစ်ချိန်တည်းမှာပင်...
မြို့တော်ရှိ လမ်းမများနှင့် လမ်းကြားတိုင်းတွင် တွားတွားသွားနေသော အရိပ်မည်းကြီးများဖြင့် ပြည့်နှက်နေ၏။
စူးရှသော ဥဩဆွဲသံများနှင့် ခေတ်မီလက်နက်များ၏ ပစ်ခတ်သံများက သေမင်းတေးသံ တစ်ခု အလား ရောထွေးနေသည်။
C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရိုအနီးရှိ ဈေးဝယ်စင်တာတစ်ခုတွင် ညကောင်းကင်ယံအောက်၌ သေနတ်သံများ တစီစီ မြည်နေသည်။
စစ်သားတစ်စုက ကျည်ဆန်များ၏ အကာအကွယ်ဖြင့် ဆုတ်ခွာနေကြပြီး သူတို့နောက်ကွယ်က မှောင်မိုက်မှုထဲသို့ ရမ်းသန်း ပစ်ခတ်နေကြသည်။ ရန်သူက များလွန်းသဖြင့် အသေအချာ ချိန်ရွယ်နေရန်ပင် မလိုအပ်တော့ချေ။
မှောင်ရိပ်ထဲတွင် နီရဲသော မျက်လုံးအစုံများ တောက်ပနေကြ၏။
မြေပြင်ပေါ်တွင် တွားသွားနေသော ခြေလက်များ၏ ရှပ်တိုက်သံမှလွဲ၍ သူတို့ မည်သည့်အသံမှ မထွက်ကြပေ။
အနောက်တန်းမှ စစ်သားတစ်ဦးမှာ ကျည်ကုန်သွား၏။ သူက ပစ္စတိုကို လှမ်းအဆွဲ မှောင်ရိပ်ထဲမှ အရိပ်တစ်ခုက ခုန်အုပ်ပြီး သူ့ကို ဖိထားလိုက်သည်။ ထိုအချိန်တွင် ရှာဖွေရေးမီးရောင်က ထိုအရာပေါ်သို့ ကွက်တိ ကျရောက်သွားသည်။
၎င်းမှာ တစ်ကိုယ်လုံး မည်းနက်နေသော ဧရာမ ပင့်ကူကြီး တစ်ကောင်ပင်။
၎င်း၏ ကိုယ်ထည်တစ်ခုတည်းကပင် ထမင်းစားပွဲခုံ အရွယ်အစားခန့် ရှိသည်။
ရှည်လျားသော ခြေထောက် ရှစ်ချောင်းကိုပါ ထည့်တွက်မည်ဆိုလျှင် ကားတစ်စီးစာခန့် ကြီးမား လှသည်။ မှောင်မိုက်ထဲမှ နီရဲသော အလင်းတန်းမှာ ၎င်း၏ ဦးခေါင်းပေါ်ရှိ မျက်လုံး လေးစုံမှ ထွက်ပေါ်လာခြင်းဖြစ်သည်။
၎င်း၏ ရှေ့ခြေလက်များသည် တံစဉ်းများကဲ့သို့ ထက်မြက်လှ၏။
စစ်သားကို ထိမှန်လိုက်သည့် ခဏမှာပင် ခြေတံက စစ်သား၏ ပေါင်ကို ဖောက်ထွက်၍ သွားတော့သည်။
အခြားစစ်သားတစ်ဦးက ထိုပင့်ကူကို ချက်ချင်းပင် ပစ်ခတ်လိုက်သည်။ ၎င်းတွင် ထူထဲသော သံချပ်ကာ မရှိပေ။ ကျည်ဆန်မိုးအောက်တွင် ၎င်းမှာ နောက်သို့ ယိုင်သွားပြီး အခွံများမှာ ကျည်ဆန်များကြောင့် ပျက်စီးကာ စိမ်းပုပ်ရောင် သွေးများ ပန်းထွက်လာသည်။ အကြောဆွဲသလို ခဏမျှ တုန်ခါသွားပြီးနောက် ငြိမ်သက်သွားတော့သည်။
စစ်သားသည် သူ၏ ရဲဘော်ကို ကူညီရန် အမြန်ပြေးသွားသော်လည်း...
တွန်းထုတ်ခြင်း ခံလိုက်ရသည်။
“သွားတော့...” ဒဏ်ရာရနေသော အမျိုးသားက ဟိန်းဟောက်လိုက်သည်။ “သွားတော့...”
ဈေးဝယ်စင်တာ၏ မှိန်ပျပျ အရေးပေါ်မီးရောင်အောက်တွင် ထိုသူ မော့ကြည့်လိုက်ရာ သူ၏ သူငယ်ချင်းနောက်ကွယ်တွင် ဒီရေနက်ကြီးက လှိုင်းလုံးကြီးတစ်ခုကဲ့သို့ လိပ်တက်လာနေသည်။
သွေးပူဖောင်းများကဲ့သို့ ဖောင်းကြွနေသော မျက်လုံးများမှာ အသက်ရှူတိုင်း ဖောင်းလိုက် ပိန်လိုက် ဖြစ်နေပြီး မှောင်မိုက်မှုတစ်ခုလုံးက သူတို့ကို မျက်လုံးသူငယ်အိမ် ပုံစံဖြင့် စောင့်ကြည့် နေသကဲ့သို့ပင်။
များလွန်းလှ၏။
ထိုမကောင်းဆိုးဝါးများက များလွန်းလှသည်။
စစ်သားက နောက်သို့ ခြေလှမ်းမှားလျက် ဆုတ်ခွာသွားမိသည်။
ကျည်ဆန်များက ထိုဒီရေနက်ကြီးထဲတွင် သွေးစက်အနည်းငယ်သာ စင်ထွက်စေနိုင်သည်ကို သူ မြင်လိုက်ရသည်။
လက်ပစ်ဗုံးများ ပေါက်ကွဲသော်လည်း ထိုဒီရေကြီးတွင် အပေါက်လေးတစ်ခုပင် မဖြစ်နိုင်ကြောင်း သူ မြင်လိုက်ရသည်။
ဒဏ်ရာရနေသော ရဲဘော်မှာ ထိုအုပ်စုကြီး၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်ကို သူ မြင်လိုက်ရ၏။
သေနတ်သံ တိုးတိုးလေး နှစ်ချက် ထွက်ပေါ်လာပြီးနောက် အရာအားလုံး တိတ်ဆိတ်သွားသည်။ သူက သေနတ်ပြောင်းဝမှ မီးပွင့်သည်ကိုတောင် မမြင်လိုက်ရပေ။
“ဆုတ်... ဆုတ်ကြ...”
ရှေ့နားမှ ဗိုလ်ကြီး၏ အသံက ဟိန်းထွက်လာသည်။ “ပြေးကြ... ဒုံးကျည်တွေ လာနေပြီ...”
သူပြောလိုက်သည်နှင့် တပြိုင်နက် လေထုကို ခွင်းသွားသော စူးရှသည့် အသံတစ်ခု ထွက်ပေါ်လာသည်။
ဝုန်း...
ကမ္ဘာပျက်မတတ် ပေါက်ကွဲသံကြီးက ဈေးဝယ်စင်တာ နောက်ကွယ်မှ မြေပြင်ကို လှုပ်ခါ၍ သွားစေသည်။
မီးခိုးရောင် မှိုပွင့်ပုံစံ တိမ်တိုက်ကြီးမှာ ကောင်းကင်ယံသို့ မြင့်တက်သွား၏။
ပေါက်ကွဲမှုကြောင့် ညနက်ပိုင်းမှာ နေ့ခင်းဘက်ကဲ့သို့ လင်းထိန်သွားပြီး အနက်ရောင် ဒီရေကြီးကို လင်းစေသည်။
အမွှေးအမျှင်များဖြင့် ပြည့်နေသော ထောင်ပေါင်းများစွာသော ပင့်ကူများက အရူးအမူး တွားသွား နေကြသည်။
နောက်စက္ကန့်တွင်မူ ၎င်းတို့ လွင့်စင်သွားကြပြီး ဖရိုဖရဲ လူးလိမ့်ကုန်ကြသည်။
သို့သော် ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကပင် ရုန်းကန်နေရသော စစ်သည်စုကို ဝိုင်းအုံနေသည့် ပင့်ကူအုပ်ကြီးကို မတားဆီးနိုင်ပေ။
ထို့အပြင် သူတို့က ၏ ကိုယ်ပိုင်တပ်ဖွဲ့ဝင်များပေါ်သို့ ဒုံးကျည်များ တည့်တည့် ပစ်ချ၍လည်း မရပေ။
ကံကောင်းသည်မှာ သူတို့သည် C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရို၏ ပတ်ဝန်းကျင် နယ်နိမိတ်သို့ ရောက်ရှိလာခြင်းပင်။
ချန်ဟွိုက်အန်၏ ဦးဆောင်မှုအောက်တွင် C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရိုသည် ရင်းမြစ်များနှင့် ရန်ပုံငွေများ ကြွယ်ဝပြီး အဆောက်အအုံများကိုလည်း အကြိမ်ကြိမ် အဆင့်မြှင့်တင်ထားပြီး ဖြစ်သည်။
ပတ်လည်တံတိုင်း တစ်ခုတည်းကပင် မီတာ ၂၀မြင့်သော သတ္တုစပ် အဆောက်အအုံ ဖြစ်ပြီး အပေါ်တွင် ဆူးကြိုးများ တပ်ဆင်ထားသည်။ သို့သော် အခုအချိန်တွင် ထိုဆူးကြိုးများမှာ အလှပြရုံသာ ရှိတော့သည်။ လျှပ်စစ်စနစ်များမှာ ပျက်စီးနေပြီး အရန်ပါဝါများကိုလည်း ခြံစည်းရိုး အတွက် အလဟဿ အသုံးမပြုနိုင်ပေ။
“ကျွီ...”
လေးလံသော သတ္တုစပ်တံခါးကြီး ပွင့်လာသည်။
ထို့နောက် ဟိန်းခနဲ အသံကြီးနှင့်အတူ ပြန်ပိတ်သွားတော့သည်။
အသက်ရှင်ကျန်ရစ်သူများက တံခါးကို မှီကာ အသည်းအသန် အမောဖြေနေကြသည်။
အနီးနားတွင် ရာပေါင်းများစွာသော မိစ္ဆာနှိမ်နင်းသူများမှာ အသင့်အနေအထားဖြင့် ရှိနေကြသည်။
“အနားယူလို့ မရသေးဘူး။” ကျောက်ရင်းက အပြင်ဘက်မှ အသံများကို နားထောင်ရင်း တင်းမာစွာ ပြောလိုက်သည်။ “အန္တရာယ်ရှိနေတုန်းပဲ။ ဒီတံတိုင်း တစ်ခုတည်းနဲ့တင် အဲဒီ မကောင်းဆိုးဝါးတွေကို တားထားနိုင်မှာ မဟုတ်ဘူး။”
သူ ပြောသည်မှာ မမှားပေ။
သူ စကားအဆုံးမှာပင် သတ္တုစပ်တံခါးကြီးပေါ်မှ ကုတ်ခြစ်သံတစ်ခု ပဲ့တင်ထပ်လာ၏။
မာကျောသော အရာတစ်ခုက အပေါ်သို့ ကုတ်တက်လာနေခြင်းပင်။
လူတိုင်း မော့ကြည့်လိုက်ကြသည်။
အနက်ရောင် ပင့်ကူမကောင်းဆိုးဝါးများက တံတိုင်းကို ကျော်ဖြတ်ကာ အောက်သို့ ခုန်ဆင်း၍ လာကြပြီ ဖြစ်သည်။
ပထမဆုံး ပင့်ကူလှိုင်းက အောက်တွင် နားနေသော စစ်သားများဆီသို့ ဆင်းသက်လာသည်။
၎င်းတို့၏ ခန္ဓာကိုယ်များမှာ ဝေဟင်တွင် တန်းစီလျက် ရှိနေစဉ....
“ရွှီး...”
စူးရှသော ဓားသံတစ်ခု ထွက်ပေါ်လာ၏။
တောက်ပသော ဓားအလင်းတန်းတစ်ခုက ၎င်းတို့ကို ဖြတ်တောက်သွားလေသည်။
ပင့်ကူများ ချက်ချင်းပင် ထက်ပိုင်း ပြတ်သွားကြတော့သည်။
ချန်ဟွိုက်အန်က အလောင်းများနှင့်အတူ မြေပြင်ပေါ်သို့ တစ်ချိန်တည်း ဆင်းသက်လိုက်သည်။
သူ ဘယ်အချိန် ဓားကို ဓားအိမ်ထဲ ပြန်ထည့်လိုက်သည်ကို မည်သူမျှ သတိမထားမိလိုက်ကြပေ။
လက်တစ်ဖက်က ဓားရိုးကို ဆုပ်ကိုင်လျက် မျက်စိတစ်မှိတ်အတွင်း သူက ဓားကို ထပ်မံ ထုတ်လိုက်ပြန်သည်။
လခြမ်းပုံစံ ဓားချီလှိုင်းတစ်ခုက တံတိုင်း၏ နေရာအများစုကို လွှမ်းခြုံသွားပြီး ခုန်အုပ်လာသော ပင့်ကူတိုင်းကို ချက်ချင်းပင် ပိုင်းဖြတ်လိုက်၏။
နောက်ဆုံးတွင်တော့ အဆုံးမဲ့ ဒီရေနက်ကြီး၏ အရှိန်အဟုန်မှာ ပြတ်တောက်သွားတော့သည်။
“အုပ်ချုပ်ရေးမှူး...”
မိစ္ဆာနှိမ်နင်းသူများက ချန်ဟွိုက်အန်ကို မြင်လိုက်ရသောအခါ မျက်နှာများ ဝင်းပသွားကြသည်။
အုပ်ချုပ်ရေးမှူး ရောက်လာသဖြင့် သူတို့မှာ အားကိုးရာ ရသွားပြီ ဖြစ်သည်။
သူတို့က နောက်ထပ် ဘာဆက်လုပ်ရမလဲဆိုသည်ကို စိုးရိမ်နေကြခြင်းပင်။
“ကျောက်ရင်း...” ချန်ဟွိုက်အန်က အနည်းငယ် ကိုယ်ကို စောင်းလိုက်ပြီး ထန်ဓားကို ကိုင်ဆောင်ထားသော အေးစက်သည့် အလှပိုင်ရှင်လေးကို စောင်းကြည့်လိုက်သည်။ “ကျွန်တော် ခင်ဗျားကို ပြောခဲ့တာ မှတ်မိသေးတယ်။ အရေးပေါ် အခြေအနေရှိရင် အကြောင်းကြားလို့။ မကောင်းဆိုးဝါးတွေက ကျွန်တော်တို့ တံခါးဝရှေ့ ရောက်နေပြီ။ ကျွန်တော် အာရုံမခံနိုင်ခဲ့ရင်၊ ကျွန်တော် မပေါ်လာခင်မှာ ခင်ဗျားတို့အားလုံး သေကုန်ကြမှာ မဟုတ်လား။”
သူ၏ လေသံထဲမှ အပြစ်တင်သံကို ကြားရသောအခါ ကျောက်ရင်းက ခါးသီးစွာ ပြုံးလိုက်သည်။
“အုပ်ချုပ်ရေးမှူး။ ကျွန်မတို့ အကြောင်းကြားခဲ့ပါတယ်။ ဒါပေမဲ့ ရှင့်ဖုန်းက ဆက်သွယ်လို့ မရဘူး ဖြစ်နေတာ။ ကျွန်မတို့မှာ အကျဉ်းခန်း နံပါတ်(၀)ရဲ့ သော့လည်း မရှိဘူး။ လင်းလင်လင်ဆိုရင် ရှင့်နာမည်ကို အော်ခေါ်ရင်း တံခါးကိုတောင် ဖျက်ဆီးတော့မလို့ပဲ။ သူရဲ့ အသံတွေတောင် ဝင်ကုန်ပြီ။ ဒါပေမဲ့ ရှင်က ထွက်မလာခဲ့ဘူးလေ…”
“ဆက်သွယ်လို့ မရဘူး ဟုတ်လား။ မဖြစ်နိုင်တာ...”
ချန်ဟွိုက်အန်က ဖုန်းကို ထုတ်ကြည့်လိုက်ရာ...
ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။
လဗြွတ်ပဲကွာ...
ဖုန်းဘေလ် ကုန်နေတာပဲ။
ဒီဆက်သွယ်ရေးကုမ္ပဏီတွေက နည်းနည်းပါးပါး အသိဉာဏ် မရှိကြဘူးလား။
ငါက မိစ္ဆာနှိမ်နင်းသူဗျူရိုရဲ့ အုပ်ချုပ်ရေးမှူးလေ...
ငါ့ဆီက ဖုန်းခေါ်ဆိုခတွေ မကောက်သင့်ဘူး...
ထိုအချိန်တွင် ဒုတိယမြောက် ပင့်ကူလှိုင်း ဝင်ရောက်လာသည်။
မိစ္ဆာနှိမ်နင်းသူများက ကျူးကျော်သူများကို ရှင်းလင်းရန် စတင် လှုပ်ရှားနေကြလေပြီ။
ချန်ဟွိုက်အန်က ၎င်းမှာ ကိစ္စကြီးမဟုတ်ဟု တွေးလိုက်သည်။
မှန်ပေသည်။ ပင့်ကူများက အရေအတွက် များပြားပြီး သာမန်လူများအတွက် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်သော်လည်း....
သူ၏ မိစ္ဆာနှိမ်နင်းသူများ အတွက်မူ သူတို့ ကိုင်တွယ်နိုင်ကြပေသည်။
“ဒါနဲ့... ဟိုကောင်မလေး လင်းလင်လင် ဘယ်ရောက်နေတာလဲ။”
ချန်ဟွိုက်အန်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း သူ့ကို မတွေ့ရပေ။
…
***