“ရန်သူ့ဗိုလ်ကို အရင်နှိမ်မှ စစ်ကြောင်းက ပြိုမှာ။ လင်းလင်လင်က ဒီဒီရေနက်ကြီးကို တားဖို့ဆို နောက်ကွယ်က မကောင်းဆိုးဝါး အကြီးစားကို အရင်သတ်ရမယ်လို့ ပြောတယ်။ အဲဒါကြောင့် သူက အဲဒီဘုရင်နောက်ကို လိုက်သွားပြီ...” ကျောက်ရင်းက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
“သူတစ်ယောက်တည်း သွားတာလား။” ချန်ဟွိုက်အန် မျက်ခုံးတစ်ချက် ပင့်လိုက်မိ၏။
“ဟုတ်တယ်...”
“ဒါဆို ခင်ဗျား ဘာလို့ မတားခဲ့တာလဲ။”
ကျောက်ရင်းက ခါးသီးစွာ ပြုံးလိုက်သည်။ “ကျွန်မ တားကြည့်ပါသေးတယ်။ ဒါပေမဲ့ မရဘူး။ အခုချိန် ကျွန်မ သူ့ကို မယှဉ်နိုင်တော့ဘူး။”
ချန်ဟွိုက်အန် တိတ်ဆိတ်သွား၏။
လင်းလင်လင်က သူ၏ စစ်မှန်သော ပညာရပ်များကို ဆက်ခံထားသူ ဖြစ်ကြောင်း သူ မေ့လျော့နေခဲ့သည်။ အခြေခံအတွင်းအား ကျင့်စဉ်များကိုသာ လေ့ကျင့်နေရဆဲ ဖြစ်သော ကျောက်ရင်းနှင့် ရှန့်ရှောင်ယွမ်တို့နှင့် ယှဉ်လျှင် ထိုကောင်မလေး၏ စွမ်းအားမှာ အတောမသတ် မြင့်မားနေပြီ ဖြစ်သည်။
သူတို့အားလုံးမှာ ဗိုလ်ချုပ်အဆင့် ဖြစ်ကြသော်လည်း ကျောက်ရင်းတို့ သူ့ကို မယှဉ်နိုင်သည်မှာ သဘာဝကျပေသည်။
ထို့အပြင် နောက်ဆုံးတစ်ခေါက် ဂိမ်းထဲဝင်စဉ်က လင်းလင်လင်၏အဆင့်မှာ ဗိုလ်ချုပ်အဆင့် ရောက်ရှိနေပြီ ဖြစ်သည်။ ယခုဆိုလျှင် တပ်မှူးအဆင့်သို့ပင် ရောက်ရှိနေလောက်ပြီ။
ကျောက်ရင်း၊ ရှန့်ရှောင်ယွမ်နှင့် အခြားသူများအတွက် သင့်တော်သော ကျင့်စဉ်များကို ရှာပေးရန် အချိန်တန်လေပြီ။ အဆုံးတွင်တော့ သူတို့က သူ၏ တိုက်ရိုက် လက်အောက်ငယ်သားများ မဟုတ်ပါလား။ သူတို့အတွက် အကျိုးခံစားခွင့်များကို အဆင့်မီအောင် လုပ်ပေးရပေမည်။
“ကောင်းပြီ။ ကျွန်တော် နားလည်ပြီ။ အခုပဲ သူ့ကို သွားရှာလိုက်မယ်။”
ချန်ဟွိုက်အန် ခေါင်းညိတ်လိုက်သည်။
သူက ပတ်ဝန်းကျင်ရှိ ပင့်ကူမကောင်းဆိုးဝါးများကို ဝေ့ကြည့်လိုက်ရာ အများစုမှာ အခြေခံ ချီသန့်စင်ခြင်းအဆင့် ဝန်းကျင်တွင်သာ ရှိကြပြီး တစ်ကောင်နှစ်ကောင်ခန့်သာ ထိုအဆင့်၏ အထွတ်အထိပ် အရှိန်အဝါမျိုး ရှိကြသည်။
ယနေ့ခေတ် မိစ္ဆာနှိမ်နင်းသူဗျူရိုအတွက်မူ ထိုကဲ့သို့သော မကောင်းဆိုးဝါးများမှာ ကိုင်တွယ်ရ မခက်ခဲလှပေ။
ထို့အပြင် သူတို့တွင် C ပြည်နယ် စစ်တပ်၏ နောက်ခံနှင့် အပူလက်နက်များ၏ ပံ့ပိုးမှုရှိနေသဖြင့် အချိန်ဆွဲရန်အတွက် မကောင်းဆိုးဝါးများကို တားဆီးထားရသည်မှာ ပြဿနာရှိမည်မဟုတ်ပေ။
လင်းလင်လင်၏ ဆုံးဖြတ်ချက်မှာ မှန်ကန်ပေသည်။
ခေါင်းဆောင်ကို အရင်နှိမ်နင်းရပေမည်။
သို့သော် လင်းလင်လင်အတွက်မူ ထိုဘုရင်မှာ အလွန်အမင်း အင်အားကြီးနေနိုင်သည်။
မကောင်းဆိုးဝါးတို့၏ ဘုရင်ဆိုသည်မှာ နောက်လိုက်များထက် တစ်ဆင့်မြင့်ရုံသာ မဟုတ်ပေ။ “အနောက်အရပ်သို့ခရီးသွားခြင်း” ပုံပြင်ထဲကလိုပင် နောက်လိုက်လေးများနှင့် ဘော့စ်ကြီးတို့ အကြား ကွာခြားချက်မှာ ကြီးမားလှသည်။ ထို့ကြောင့် ထိုပင့်ကူဘုရင်မှာ အခြေခံအုတ်မြစ်အဆင့် သို့မဟုတ်ရွှေရောင်အနှစ်သာရအဆင့်ပင် ဖြစ်နေနိုင်သည်...
ချန်ဟွိုက်အန်တွင် ရွှေရောင်အနှစ်သာရ မရှိပေ။
သို့သော် သူ့တွင် ကောင်းကင်မိစ္ဆာကျင့်စဉ် ရှိသည်။ နဂါးအသွင် ရှိသည်။
ထို့ပြင် ကြေးခွံနက်ဓားထဲက ဘိုးဘိုးလည်း ရှိသေးသည်။
သူ မျက်လုံးမှိတ်ကာ မိစ္ဆာအရှိန်အဝါ အပြင်းထန်ဆုံးရှိရာ အရပ်ကို အာရုံခံလိုက်၏။
ခြေနှစ်ဖက်ဖြင့် မြေပြင်ကို အရှိန်ယူ ဆောင့်ကန်လိုက်ပြီး သတ္တုစပ်တံတိုင်းပေါ်သို့ ခုန်တက်လိုက်ကာ ပင့်ကူခြေတံပြတ်များဖြင့် ပြည့်နေသော လမ်းကြောင်းကို လက်ဖဝါးဖြင့် ခပ်အေးအေး ဝေ့ယမ်းကာ ရှင်းလင်းလိုက်သည်။ သတ္တုစပ်တံတိုင်းကို နောက်တစ်ချက် ထပ်ကန်ပြီး သူက အမြောက်ဆန်တစ်ခုကဲ့သို့ ညနက်ပိုင်းထဲသို့ တိုးဝင်သွားတော့သည်။
တစ်ချိန်တည်းမှာပင်...
ပင့်ကူအုပ်ကြီး၏ အနက်ရှိုင်းဆုံးနေရာတွင်။
ဝုန်း...
လက်ပစ်ဗုံးတစ်လုံး ပေါက်ကွဲသွား၏။
အကျိုးအပဲ့များနှင့် အမှိုက်သရိုက်များ ပါဝင်သော လှိုင်းလုံးကြီးက ပျက်စီးနေသော နံရံများ တစ်လျှောက် ပျံ့နှံ့သွားတော့သည်။
လင်းလင်လင်က အကာအကွယ်နောက်သို့ ပို၍ တိုးဝင်ပုန်းကွယ်လိုက်ရသည်။
သူ၏ လှပသော မျက်နှာလေးတွင် အနည်းငယ် ပွန်းပဲ့ဒဏ်ရာ ရထားသော်လည်း အမူအရာမှာ အေးစက်နေကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
“တကယ် ခေါင်းမာတဲ့ အကောင်ပဲ။ ပါးစပ်ထဲကို ပေါက်ကွဲအားပြင်း လက်ပစ်ဗုံးတစ်လုံးတောင် ပစ်ထည့်ခဲ့တာ။ ဒါဆိုရင်တော့ သေသင့်ပြီ မဟုတ်လား။”
မှန်ပေသည်။ သူသည် သိုင်းပညာရှင်တစ်ဦး ဖြစ်သည်။
သို့သော် သူ ဝန်ခံရသည်မှာ အုပ်ချုပ်ရေးမှူးကဲ့သို့ ဓားချီများကို ဒုံးကျည်များကဲ့သို့ ပစ်လွှတ် နိုင်သည့် အဆင့်မရောက်မချင်း သိုင်းပညာကို ခေတ်မီလက်နက်များနှင့် ပေါင်းစပ်၍ အသုံးပြုခြင်းကသာ ခေတ်သစ်ကာလအတွက် အသိဉာဏ်အရှိဆုံး နည်းလမ်းပင်။
တစ်ခုခု အပေါ်တွင်သာ အလွန်အမင်း အားကိုးနေမိပါက တိုက်ပွဲတွင် လှည့်ကွက်များ ကုန်ဆုံး၍ သွားနိုင်ပေသည်။
သူက ဉာဏ်ကောင်းသည့် မိန်းကလေးပင်။
ကံမကောင်းသည်မှာ ရန်သူက အလွန်အမင်း မာကျောနေခြင်း ဖြစ်၏။
အမှန်တကယ်တွင်မူ သူ့တွင် လှည့်ကွက်များ ကုန်ဆုံးသွားလေပြီ။
လင်းလင်လင် အပြင်ဘက်သို့ သတိထားကာ ချောင်းကြည့်လိုက်သည်။
တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် သူ လန့်ပြီး ငိုချင်သွားသည်။
ဧရာမ ပင့်ကူကြီးက ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော ကျင်းထဲမှ တွားတက်လာခဲ့လေပြီ။
၎င်း၏ ပါးစပ်တစ်ဝိုက်တွင် ကားတံခါး အရွယ်အစားခန့်ရှိသော အပေါက်ကြီးတစ်ခု ဖြစ်နေကာ သွေးများ ပန်းထွက်နေပြီး အတွင်းဘက်တွင် လက်တံကဲ့သို့ အသားစများက လူးလိမ့်နေသည်။
ထိုဒဏ်ရာမှာ သိသိသာသာကို ပြန်လည်ကောင်းလာနေသည်။ တကယ့်ကို မြန်မြန်ဆန်ဆန်ပင်။
ဒါကို ငါ ဘယ်လိုလုပ်ရမှာလဲ...
လှံရှည်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း လင်းလင်လင် ငိုချင်စိတ်ကို အောင့်ထားရသည်။
ယခင်က သူသည် လျင်မြန်သော ခြေလှမ်းများဖြင့် ပင့်ကူကြီးကို ရှောင်တိမ်းနိုင်ခဲ့သော်လည်း ၎င်း၏ အကာကို မဖောက်နိုင်ခဲ့ပေ။ အခုတော့ သူ အကာကို ဖောက်နိုင်ခဲ့ပြီ။
သို့သော် ထိုအကောင်က ပြန်ပြီး ကျန်းမာလာနေ၏။
တစ်ချိန်တည်းမှာပင် သူ၏အင်အားများကလည်း ကုန်ခမ်းလုနီးပါး ဖြစ်နေလေပြီ။
ဒါကို သူ ဘယ်လိုမျိုး အနိုင်ယူရမှာလဲ။
ပေါက်ကွဲအားပြင်း လက်ပစ်ဗုံးက ပင့်ကူဘုရင်ကို သိသိသာသာ ဒေါသထွက်စေခဲ့သည်။
၎င်းကို ဒဏ်ရာရအောင်လုပ်ခဲ့သည့် လူသား မည်သည့်နေရာတွင် ပုန်းနေသလဲဆိုသည်ကိုပင် ဂရုမစိုက်တော့ဘဲ...
စူးရှစွာ ဟိန်းဟောက်လိုက်ပြီး ၎င်း၏ ပါးစပ်မှ ကပ်စေးနှဲ ပင့်ကူမျှင်များကို ပတ်ဝန်းကျင် တစ်ခုလုံးသို့ မှုတ်ထုတ်လိုက်တော့သည်။
အသက်တစ်ရှိုက် အချိန်အတွင်းမှာပင် ငွေရောင် တဖျတ်ဖျတ်လက်နေသော ပင့်ကူအိမ်ကြီးမှာ ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ အမှိုက်သရိုက်များ ရှိနေသော အချို့သော ထောင့်စွန်းလေးများသာ လွတ်ကျန်တော့သည်။
လင်းလင်လင် ပတ်ဝန်းကျင်ကို ကြည့်ကာ မျက်နှာပျက်သွား၏
လူတိုင်း သိကြသည့်အတိုင်း ပင့်ကူအိမ်တွင် ရှိနေသော ပင့်ကူတစ်ကောင်က အခြားအချိန်များနှင့် လုံးဝ မတူဘဲ အစွမ်းထက်လှသည်။
ပင့်ကူအိမ်ဆိုသည်မှာ ပင့်ကူ၏ အမဲလိုက်ကွင်းပင်။
သားကောင်ကသာ ထိုပင့်ကူမျှင်ကို ထိမိလိုက်သည်နှင့် လွတ်လမ်းမရှိတော့။
ယခုမူ သူသည် ခြေချစရာ နေရာပင် မရှိတော့ဘဲ ပင့်ကူဘုရင်က သူ့ကို တွေ့သည်အထိ အေးအေးဆေးဆေး လိုက်ရှာနေရုံသာ ရှိတော့သည်။ သူ အသံမထွက်ဘဲ နေနေလျှင်ပင် ၎င်းမှာ အနှေးနှင့် အမြန်သာ ဖြစ်သည်။
“သွားပြီ အုပ်ချုပ်ရေးမှူးရေ။ ဒီတစ်ခါတော့ တပည့် တကယ် အလုပ်ရှုပ်သွားပြီ...”
သူ နောင်တရနေမိသည်။
“ခေါင်းဆောင်ကို အရင်နှိမ်ရမယ်” ဆိုတဲ့ စကားတွေ...
ငါက စစ်သားချင်း စစ်သား၊ ဗိုလ်ချင်း ဗိုလ်ပဲ တိုက်ခိုက်သင့်ခဲ့တာ။
ပင့်ကူဘုရင်ဆိုတာ အုပ်ချုပ်ရေးမှူး ကိုင်တွယ်ရမယ့် ပြဿနာလေ။ ငါ ဘာလို့များ သူရဲကောင်း လာလုပ်မိပါလိမ့်။
ပိုဆိုးတာက ငါ ဘာလို့များ ဓားဓာတ်လုံးကို ယူမလာခဲ့မိတာလဲ။
ကိုယ့်ကိုယ်ကိုယ် တော်ပြီထင်နေတာလား။ ဘဝင်မြင့်နေတာလား။
ဥသုံးလုံးရေ... မင်းကတော့ တကယ့် ဥပဲ...
…
ပင့်ကူဘုရင်က ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း လျှောက်သွားနေရင်း သူ ပုန်းနေသည့် နေရာနှင့် ပို၍ ပို၍ နီးကပ်လာသည်။
လင်းလင်လင်က ၎င်းသည် သူ့ကို မမြင်သေးဘူးဟု ထင်နေခဲ့သည်။ မီတာ ငါးဆယ်အတွင်း ရောက်လာမှ ၎င်းက ရုတ်တရက် ရူးသွပ်သွားသည်အထိပင်။
၎င်း၏ ပစ်မှတ်က ရှင်းလင်းနေ၏။
မျက်လုံး(၈)လုံးစလုံးမှာ သတ်ဖြတ်လိုစိတ်များ ယိုဖိတ်နေလေသည်။
၎င်းက ဧရာမ ခြေထောက် (၈)ချောင်းဖြင့် မြေပြင်ကို ကန်ထုတ်ကာ သူ ပုန်းနေသည့် နေရာဆီသို့ တည့်တည့် ခုန်အုပ်လိုက်တော့သည်။
ပတ်ပတ်လည်မှာလည်း ပင့်ကူအိမ်တွေ ရှိနေတဲ့အတွက် ထိုမျှ နီးကပ်သော အကွာအဝေးတွင် လင်းလင်လင်မှာ ပြေးစရာ နေရာမရှိတော့။
“နင်ကတော့ တကယ့် ခိုးကြောင်ခိုးဝှက်ကြွက်ပဲ...”
သူ စိတ်ပျက်စွာဖြင့် မျက်လုံးလှန်လိုက်မိ၏။
သူက လောင်ချာကို ထုတ်ယူလိုက်ကာ အကာအကွယ်ပေါ်သို့ ခုန်တက်ပြီး ပင့်ကူဘုရင်ဆီသို့ ဒုံးကျည်တစ်စင်း ပစ်လွှတ်လိုက်သည်။
ဒုံးကျည်က မီးခိုးတန်းကြီးနှင့်အတူ ပစ်မှတ်ဆီသို့ ပျံသန်းသွားစဉ် သူသည် ကောင်းကင်ယံသို့ ခုန်တက်လိုက်ပြီး လှံရှည်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ အောက်ဘက်သို့ အဝိုင်းပုံစံ ပိုင်းချလိုက်သည်။
နေရာတစ်ခုလုံးမှာ ပင့်ကူအိမ်များဖြင့် ပြည့်နှက်နေလေပြီ။
အကယ်၍ သူ အသက်ရှင်ချင်လျှင် ပင့်ကူဘုရင်ကို သတ်ရမည်သာ။
သူ ရှိသမျှ အင်အားအကုန် ထုတ်သုံးလိုက်တော့သည်။
ဒုံးကျည်က ပင့်ကူ၏ ချောမွတ်သော အခွံပေါ်မှ လွင့်စင်သွားပြီး အနီးနားမှ နံရံကို ထိမှန်ကာ ပေါက်ကွဲသွားသည်။
သို့သော် သူ မျှော်လင့်ထားသလို မဟုတ်ဘဲ မီးတောက်များက ပင့်ကူအိမ်ကို လောင်ကျွမ်းခြင်း မရှိပေ။
၎င်းက သူကို ပို၍ စိုးရိမ်စိတ် ပိုစေသည်။
“နဂါးမီးတောက် အာဏာရှင်လှံ။ ဟာ့...”
ထိုအကွက်က နာမည်အစစ်တော့ မဟုတ်ပေ။
လင်းလင်လင်က ၎င်းကို ကြားရသည်မှာ တကယ် အားရစရာကောင်းသည်ဟု ထင်၍ပင်။
တိုက်ပွဲအလယ်တွင် ထိုကဲ့သို့ ကြောက်စရာအမည်ကို အော်ဟစ်လိုက်ခြင်းက သူ၏ သတ္တိနှင့် စွမ်းအားကို တိုးသွားစေသည်။
အခုအချိန်တွင် သူ့အတွက် ထိုနှစ်ခုလုံး လိုအပ်နေသည်။
သူ မကြောက်ချင်။ မသေချင်ပေ။
မိစ္ဆာနှိမ်နင်းသူဗျူရိုကို သူ မစွန့်ခွာနိုင်ပေ။
နိုင်လွန်ခြေအိတ်မှတစ်ဆင့် ဉာဏ်အလင်းရသွားသော အုပ်ချုပ်ရေးမှူးကိုလည်း သူ မခွဲနိုင်ပေ။
သူ၏လှံက လေထဲတွင် အနီရဲရောင် အဝိုင်းပုံစံတစ်ခုကို ပုံဖော်လိုက်သည်။
ထိုအဝိုင်းက စိတ်ဝိညာဉ်ချီစွမ်းအင် အဟုန်ကြောင့် တောက်လောင်နေသော မီးတောက်များ အဖြစ် ပြောင်းလဲသွားပြီး ဧရာမ နဂါးခေါင်းတစ်ခုအဖြစ် ပုံဆောင်ကာ အပေါ်စီးမှ ဆင်းသက် လိုက်တော့သည်။
မီးတောက်များနှင့် မီးခိုးများအကြား...
ပင့်ကူဘုရင်က နာကျင်စွာဖြင့် စူးရှစွာ ဟိန်းဟောက်လိုက်သည်။
၎င်း၏ ခေါင်းမှ အမြီးအထိ အနီရဲရောင် မီးလောင်ရာကြီး တစ်ခု ဖြစ်သွား၏။
၎င်း၏ ဦးခေါင်းခွံမှာ ချိုင့်ဝင်သွားသည်။
ခေါင်းပေါ်မှ အမွှေးအမျှင်များ လောင်ကျွမ်းသွားပြီး၊ အက်ကွဲနေသော အခွံမာကြီး ပေါ်လာသည်။
လေထုထဲတွင် ပရိုတင်းဓာတ် လောင်ကျွမ်းသည့် အနံ့ဆိုးများဖြင့် ပြည့်နှက်သွားတော့သည်။
လင်းလင်လင်၏မျက်နှာ ဖြူလျော့သွား၏။
သူ၏ဒူးများ ပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ လဲကျသွားရာ လှံရှည်ကို အားပြုကာ မနည်း ထိန်းထားရသည်။
သူ၏ခြေထောက်များမှာ ကပ်စေးနေသော ပင့်ကူအိမ်ထဲတွင် ငြိနေပြီ ဖြစ်သည်။
“သွားပြီ... ငါ့ရဲ့ အစွမ်းကုန် တိုက်ကွက်ကတောင် သူ့ကို မသတ်နိုင်ဘူး။ ဒီအကောင်က အနည်းဆုံး တပ်မှူးအဆင့်ပဲ ဖြစ်ရမယ်...”
တပ်မှူးအဆင့်ဆိုသည်မှာ အခြေခံအုတ်မြစ်အဆင့် နှောင်းပိုင်း သို့မဟုတ် အထွတ်အထိပ် အဆင့်နှင့် ညီမျှသည်။
သူက ၎င်းကို အနိုင်ယူနိုင်စရာ လုံးဝ မရှိပေ။
“ငါတော့ သေပြီထင်တယ်...”
လင်းလင်လင်က လှံကိုမှီကာ မြေပြင်ပေါ်သို့ ပုံကျသွားသည်။
အမှန်အတိုင်းပြောရလျှင် ပင့်ကူမျှင်များက တကယ့်ကို နူးညံ့သော ဖိနပ်အစုံလို ခံစားရ၏။
အကယ်၍ သူသာ ထိုနေရာမှ အသက်ရှင်လျက် ထွက်သွားနိုင်လျှင် ထိုင်ခုံ ဒါမှမဟုတ် မွေ့ရာ လုပ်ရန် ထိုပင့်ကူမျှင်တချို့ကို သေချာပေါက် သိမ်းသွားရပေမည်။
ပြေးဝင်လာနေသော ပင့်ကူဘုရင်ကို စိုက်ကြည့်ရင်း လင်းလင်လင်က မျှော်လင့်ချက်မဲ့စွာ မျက်လုံးများကို မှိတ်ထားလိုက်သည်။
သို့သော် ထိုအချိန်မှာပင်...
အေးမြသော လေပြေတစ်ခု ဖြတ်တိုက်သွား၏။
သူက ဗီဇအရ မျက်လုံးများကို ဖွင့်လိုက်ရာ...
အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး၊ အနက်ရောင်ဓားကို ကိုင်ဆောင်ကာ သူ၏ အရှေ့တွင် ရပ်နေသော အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။
ဓားတစ်ချက် ပိုင်းချလိုက်ရုံဖြင့် သူက ထိန်းမရအောင် ဝင်လာနေသော ပင့်ကူဘုရင်ကို နောက်သို့ လွင့်စင်သွားစေသည်။
အနက်ရောင်ဝတ် အမျိုးသားက အနည်းငယ် ကိုယ်ကိုစောင်းလိုက်ပြီး အေးစက်သော အကြည့်များဖြင့် သူ့ကို ဝေ့ကြည့်ကာ အေးဆေးစွာ ပြောလိုက်သည်။
“ငါက ဓားနက်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ရန်ဝူချန်းပဲ။”
“မင်းမှာ မဆိုးလှတဲ့ ပါရမီရှိတာကို မြင်တယ်။ မင်းက ငါ့ရဲ့ ဓားနက်ဂိုဏ်းကို ဝင်ရောက်ပြီး အင်မော်တယ်လမ်းစဉ်ကို လျှောက်လှမ်းဖို့ ထိုက်တန်တယ်။”
“ဒီနေ့ ငါ မင်းရဲ့ အသက်ကို ကယ်ခဲ့ပြီ။ အခုကစပြီးတော့ မင်းက ငါ့ရဲ့ ဓားနက်ဂိုဏ်းက တပည့်တစ်ယောက်ပဲ။”
***