လွန်ခဲ့သော ငါးမိနစ်ခန့်က...
ဆောက်လုပ်ရေးလုပ်ငန်းခွင်အနီးရှိ အဆောက်အအုံတစ်ခု၏ ခေါင်မိုးပေါ်တွင်။
“ဒီကောင်မလေးက ပါရမီရှိတယ်။ သူ့ရဲ့ သေနတ်ပစ်ခတ်မှုနဲ့ ပညာရပ်တွေကလည်း မဆိုးဘူး။ ငါတို့ဂိုဏ်းထဲကိုသာ စည်းရုံးနိုင်မယ်ဆိုရင်...”
“မင်းတို့က စောစောစီးစီး ပါရမီရှင် အပင်ပေါက်လေးတွေကို အရင်ဦးအောင် သိမ်းခဲ့ကြပြီပဲ။ အခုတော့ ငါ့ရဲ့ ဓားနက်ဂိုဏ်း အလှည့် ရောက်ပြီ...”
ရန်ဝူချန်း ခေါင်းကိုမော့ကာ အရက်ပြင်းပြင်းကို တစ်ငုံ သောက်လိုက်သည်။ သူ၏ လေသံမှာ ငြင်းခုံရန် အခွင့်အရေးမပေးပေ။
တိုက်ပွဲဖြစ်နေသည်မှာ အတော်ကြာပြီ ဖြစ်သည်။
သို့သော် ခေါင်မိုးပေါ်တွင် ရှေးဟောင်းဝတ်စုံများ ဝတ်ဆင်ထားသော လူအနည်းငယ်မှာ ကူညီရန် အစီအစဉ်မရှိကြပေ။ သူတို့က ဝိုင်ကို တစ်ငုံချင်း မြည်းစမ်းရင်း စွန့်ပစ်ထားသော ဆောက်လုပ်ရေး လုပ်ငန်းခွင်အတွင်း ပင့်ကူဘုရင်နှင့် အသက်လုတိုက်နေရသော ကောင်မလေးကို ပုလင်းထဲ ပိတ်မိနေသော ပုစဉ်းရင်ကွဲတစ်ကောင်ကို ကြည့်နေသည့် ပွဲကြည့် ပရိသတ်များကဲ့သို့ ကြည့်နေကြသည်။
“ဂိုဏ်းချုပ်ရန်... ဒါကတော့ မတရားဘူးလေ...” တစ်ယောက်က မကျေမနပ် ကန့်ကွက် လိုက်သည်။
“အရင် ငါတို့ ခေါ်သွားတဲ့သူတွေက အမြောက်စာတွေပဲ။ သူတို့တွေကို အလေးအနက် သင်ပေးဖို့ စိတ်ကူးမှမရှိတာ။ ဒါပေမဲ့ ဒီကောင်မလေးကတော့ မတူဘူး။ သူ့ပါရမီက အတွင်းစည်းတပည့်၊ တိုက်ရိုက်တပည့်တောင် ဖြစ်နိုင်တယ်။ ပြီးတော့ သူ့ရဲ့ ပညာရပ်တွေကလည်း ထိပ်တန်း အဆင့်တွေပဲ။ ဒါက တစ်ချက်ခုတ် နှစ်ချက်ပြတ်ထက် သာသေးတယ်။ ဒီလိုအခွင့်အရေးမျိုးကို လက်လွတ်မခံနိုင်ဘူး...”
ရန်ဝူချန်းက ပြန်မဖြေပေ။
သူက အနက်ရောင်ဓားကို ဆွဲထုတ်ပြီး အေးစက်သော အကြည့်တစ်ချက် ဝေ့ကြည့်လိုက်သည်။
“မင်းတို့ ဂိုဏ်းငယ်လေးတွေရဲ့ ဂိုဏ်းချုပ်တွေအားလုံး ကျောက်နဂါးအိုင်မှာ သေကုန်ကြပြီဆိုတာ ငါမှတ်မိနေတယ်နော်။”
“အဲဒါ ဘာဖြစ်လဲ။” တစ်ယောက်က ပြန်ပက်လိုက်သည်။
“ဘာမှမဖြစ်ပါဘူး။”
ရန်ဝူချန်းက ခေါင်းခါလိုက်သည်။
“ငါ့ရဲ့ ဓားနက်ဂိုဏ်းမှာ မင်းတို့ထက် ရွှေရောင်အနှစ်သာရအဆင့် ကျင့်ကြံသူ တစ်ယောက်၊ နှစ်ယောက် ပိုရှိနေတာရယ်... မင်းတို့ ဂိုဏ်းချုပ်တွေလည်း မရှိတော့ဘူးဆိုတော့ ငါ့ထက် အင်အားနည်းနေတာရယ်ပဲ ရှိတာပါ။”
သူက ဓားကို ဓားအိမ်ထဲမှ အကုန် ဆွဲထုတ်လိုက်သည်။
အနက်ရောင်ဓား၏ အသွားမှာ ညနက်ပိုင်းတွင် အေးစက်စွာ တောက်ပနေပြီး နီမှိန်မှိန် သတ်ဖြတ်လိုသော အရှိန်အဝါများ ယိုဖိတ်နေ၏။
“ဒီဓားက သွေးမသောက်ရတာ ကြာပြီ။ ဒီည ငါတို့ လက်ရည်စမ်း ကြမလား။”
သူက လက်ရည်စမ်းရန် ပြောနေသော်လည်း သူ၏ လေသံမှာ နူးညံ့မှု အလျဉ်းမရှိပေ။
၎င်းမှာ သေမိန့်ပေးသည့် ခြိမ်းခြောက်မှုနှင့် ပိုတူနေ၏။
သူ၏ စကားကြောင့် အခြားသူများမှာ တောင့်ခဲသွားကြသည်။
လေထုမှာ သေခြင်းတရားကဲ့သို့ တိတ်ဆိတ်သွားတော့သည်။
တစ်ချိန်တည်းမှာပင် ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း တိုက်ပွဲမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ။ ကောင်မလေးမှာ လှည့်ကွက်များ ကုန်ဆုံးနေပြီဖြစ်သည်။
ရူးသွပ်နေသော ပင့်ကူဘုရင်နှင့် ရင်ဆိုင်ရချိန်တွင် သူ လုပ်နိုင်သည်မှာ မျက်လုံးမှိတ်ကာ သေမင်းကို စောင့်ဆိုင်းရန်သာ ရှိတော့သည်။
“ကမ္ဘာကြီးက ကျယ်ပြောပါတယ်။ ပါရမီရှင်တွေကလည်း ပေါတယ်။ ဖရိုဖရဲ ကာလကြီး ရောက်လာတော့မှာဆိုတော့ ငါတို့အတွက် တခြား ပါရမီရှင်တွေကို ရှာဖို့က အခွင့်အရေးတွေ အများကြီး ရှိဦးမှာပါ။”
ရန်ဝူချန်း စိတ်မရှည်ဖြစ်လာသည်ကို မြင်သောအခါ အမျိုးသားတစ်ဦးက ရှေ့သို့တက်၍ အခြေအနေကို ထိန်းရန် ရယ်မောလျက် ပြောလိုက်သည်။
“ဂိုဏ်းချုပ်ရန်... မင်းက အခုထိ ငါတို့နဲ့ တပည့်လုတာမျိုး တစ်ခါမှ မလုပ်ခဲ့ဖူးဘူး။ ဒါကြောင့် ဒီတစ်ယောက်ကိုလည်း ငါတို့တွေ မလုကြတာ အကောင်းဆုံးပဲ မဟုတ်လား။ အားလုံးကော ဘယ်လိုသဘောရလဲ။”
“အင်း... အဲဒါကတော့ အဓိပ္ပာယ်ရှိသားပဲ...” အစောပိုင်းက အမျိုးသားက စိတ်ပျက်စွာ လျှာသပ်ရင်း ပြောလိုက်သည်။
“ကလေးမလေး တစ်ယောက်တည်းပဲလေ။ ဂိုဏ်းချုပ်ရန်ပဲ ယူပါစေ။ ဘယ်သူက ဂရုစိုက်မှာလဲ။ ငါတော့ စိတ်မဝင်စားဘူး...”
“ဒါဆိုရင်တော့ အားလုံးကို ကျေးဇူးတင်ပါတယ်။”
ရန်ဝူချန်းက ဓားကိုကိုင်ကာ ခေါင်းမိုးစွန်းတွင် ရပ်လိုက်ပြီး အောက်သို့ ခုန်ချလိုက်သည်။
သူ၏ အေးစက်သော အသံမှာ သူတို့နားထဲတွင် ပဲ့တင်ထပ်နေဆဲဖြစ်သည်။
“ကျော်ကြားမှုကာလ ရောက်လာပြီး ထိပ်သီးလုပွဲတွေ စတင်တဲ့အခါကျ ငါတို့ ပြန်ဆုံခဲ့ရင်... ငါ ညှာတာပေးပါ့မယ်။”
ရန်ဝူချန်းက ဓားတစ်ချက် ပိုင်းချလိုက်ရုံဖြင့် ပင့်ကူဘုရင်ကို နောက်သို့ လွင့်စင်သွားစေသည်။
ထိုပင့်ကူဘုရင်မှာ အနီးနားရှိ မိစ္ဆာချိပ်ပိတ်မျှော်စင်၏ ပထမအဆင့်မှ လွတ်မြောက်လာသော အုပ်စု၏ ခေါင်းဆောင်သာ ဖြစ်သည်။
၎င်းမှာ အတော်လေး အစွမ်းထက်သည်။ အခြေခံအုတ်မြစ်အဆင့် နှောင်းပိုင်းဖြစ်ကာ ဧရာမ အုပ်စုကြီးကို အုပ်ချုပ်နေသည်။
သို့သော် တစ်စုံတစ်ရာသော အကြောင်းကြောင့် ထိုမကောင်းဆိုးဝါးအုပ်မှာ အခြားသူများကဲ့သို့ ဂိုဏ်းများကို ပစ်မှတ်မထားဘဲ C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရိုကိုသာ လာရောက် တိုက်ခိုက် နေကြခြင်း ဖြစ်သည်။
ထိုအရာမျိုးက တခြားနေရာများတွင် မဖြစ်ဖူးပေ။
မည်သို့ဆိုစေ ထိုမကောင်းဆိုးဝါးများ၏ အဓိကရန်သူမှာ တက်လှမ်းသူများသာ ဖြစ်ပြီး မိစ္ဆာနှိမ်နင်းသူများ မဟုတ်ပေ။
သို့သော်လည်း ရန်ဝူချန်းမှာ မိစ္ဆာနှိမ်နင်းသူဗျူရို သို့မဟုတ် တခြားသူတွေ အသက်ရှင်ခြင်း၊ သေခြင်းကို ဂရုမစိုက်ပေ။
သူ ထိုနေရာကို လာရခြင်းမှာ နောင်လာမည့် တိုက်ပွဲများအတွက် အင်အားစုဆောင်းရန်သာ ဖြစ်သည်။
အင်အားကြီးမားသော ပြန်လည်နေရာချထားမှုကြီး...
ရှေးဟောင်း တားမြစ်ချက်များ ပွင့်ထွက်လာမှု...
သယံဇာတများအတွက် စစ်ပွဲကြီး။
ပါရမီရှင် အများဆုံးနှင့် အင်အား အကြီးဆုံးဂိုဏ်းကသာ ထိပ်ဆုံးသို့ လမ်းဖောက်နိုင်မည်ဖြစ်ကာ ခွန်းလွန်နှင့် မဟာမိုးကြိုးဘုရားကျောင်း ကဲ့သို့သော ရှေးဟောင်း အင်အားကြီးများနှင့်ပင် ယှဉ်နိုင်ပေလိမ့်မည်။
ယခုတစ်ခါတော့ သူက တက်လှမ်းခြင်းလမ်းစဉ်ကို အဝေးမှ ကူကယ်ရာမဲ့စွာ ငေးကြည့်နေရသူ တစ်ယောက်အဖြစ် အဖြစ်ခံတော့မည် မဟုတ်ပေ။
ထို့ကြောင့် ကောင်မလေးကို ပြောလိုက်သော စကားမှာ ဖိတ်ခေါ်ချက် မဟုတ်ပေ။
ညှိနှိုင်းမှုလည်း မဟုတ်။
အမိန့်ပေးခြင်းသာ ဖြစ်သည်။
အကယ်၍ ကောင်မလေးက ငြင်းပယ်ခဲ့မည်ဆိုပါက သူ့တွင် ရွေးချယ်စရာ သုံးခု ရှိသည်။
သူ့ကို ထားခဲ့ပြီး ပင့်ကူဘုရင် ဝါးမျိုသည်ကို ကြည့်နေလိုက်မည်။
သူ့ကို ဓားနက်ဂိုဏ်းသို့ အတင်းအဓမ္မ ဖမ်းခေါ်သွားမည်။
တခြားဂိုဏ်းများကို စည်းရုံးပြီး နောင်တစ်ချိန်မှာ ရန်သူဖြစ်မလာစေရန် သူ့ကို ထိုနေရာမှာတင် သတ်ပစ်မည်။
သို့သော် ထိုကောင်မလေး ငြင်းလိမ့်မည်မဟုတ်ဟု သူ ယုံကြည်နေသည်။
သူ့ကဲ့သို့သော လူများအတွက် ဂိုဏ်းတစ်ခုသို့ ဝင်ခွင့်ရခြင်းမှာ ကောင်းချီးတစ်ခုပင်။
ဘယ်လိုလူမျိုးကများ ဒီလိုကောင်းချီးမျိုးကို လွှင့်ပစ်မှာလဲ။
“ဓားနက်ဂိုဏ်းထဲ ဝင်ရမယ် ဟုတ်လား။” လင်းလင်လင် ခေါင်းကို အသည်းအသန် ခါလိုက်သည်။
သူက ခေါင်းမာစွာဖြင့် ပြောသည်။ “ကျွန်မအသက်ကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်မမှာ ဆရာရှိပြီးသားပါ။ ကျွန်မက C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရိုဝင်အဖြစ် မွေးဖွားလာတာ၊ သေရင်လည်း အဲဒီက တစ္ဆေပဲ ဖြစ်မှာပါ။ ကမ်းလှမ်းချက်အတွက်တော့ ကျေးဇူးပါပဲ...”
သူက တကယ်ကြီး သူ့ကို ငြင်းလိုက်တာလား။
ရန်ဝူချန်း၏ မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး ဒေါသများ ဝုန်းခနဲ ထွက်လာသည်။
ပင့်ကူဘုရင်မှာ ခြိမ်းခြောက်မှုအသစ်ကို အာရုံခံမိပြီး ရူးသွပ်သွားသည်။
၎င်းက ဟိန်းဟောက်ရင်း ရှေ့သို့ ပြေးဝင်လာသော်လည်း ရန်ဝူချန်း၏ ပေါ့ပေါ့ပါးပါး ခြေတစ်ချက် ဆောင့်ကန်မှုဖြင့် မြေပြင်ထဲသို့ နစ်ဝင်သွားတော့သည်။
ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်ခုလုံး တုန်ခါသွားရသည်။
သူက အနက်ရောင်ဓားကို မြှောက်လိုက်ပြီး ပင့်ကူဘုရင်၏ ဦးခေါင်းခွံထဲသို့ ဂျွတ်ခနဲ အသံနှင့် အတူ စိုက်ချလိုက်ကာ အလောင်းကို မြေပြင်ပေါ်မှာတင် သံရိုက်ထားသလို လုပ်လိုက်တော့သည်။
လင်းလင်လင်သည် သူ၏ ခြေထောက်အောက်မှ ကြေမွသွားသော ကြမ်းပြင်ကို ကြည့်ကာ နှုတ်ခမ်းများ တုန်ယင်နေသည်။
ဒါက ဘယ်လို မကောင်းဆိုးဝါးမျိုးလဲ။ သူက... သူက ပင့်ကူဘုရင်ကို ဒီတိုင်း နင်းသတ်လိုက်တာလား..
သူက စိတ်ထဲ ရေရွတ်နေမိသည်။
အုပ်ချုပ်ရေးမှူးရေ... ကယ်ပါဦး... ရှင်သာ အမြန်ရောက်မလာရင် ရှင့်ရဲ့ လျှော့စျေးနဲ့ရထားတဲ့ တပည့်လေးတော့ ဒီအဘိုးကြီးစုတ်ရဲ့ ပြန်ပေးဆွဲတာ ခံရပြီး ချီဘီလူသတ်လက်နက်လေး ဖြစ်သွားတော့မယ်... အီးဟီးဟီး...
“မင်း ခုနက ဘာပြောလိုက်တာလဲ။”
ရန်ဝူချန်းက သူ၏ အေးစက်သော မျက်လုံးများဖြင့် သူကို လှည့်ကြည့်လိုက်သည်။
“အဲဒါကို နောက်တစ်ခါ ထပ်ပြောကြည့်။”
“အဲ... ဦးလေး... ကျွန်မ ပြောတာက..”
လင်းလင်လင်က လှံကို အမြန်သိမ်းလိုက်ကာ လက်နှစ်ဖက်ကို နောက်ပစ်လျက် အတင်းပြုံးပြရင်း နောက်သို့ တစ်လှမ်းဆုတ်လိုက်သည်။ သူက သီချင်းလေး ညည်းလိုက်၏။
“လင်ကန်းမှိုလေး... စားလို့ကောင်း... ဝါးစားမယ်... လင်ကန်းမှိုလေး... လင်ကန်းမှို...”
ရန်ဝူချန်း- “...”
သူ၏ စိတ်ရှည်မှု ကုန်ဆုံးသွားလေပြီ။
သူက ဟိန်းဟောက်လိုက်သည်။ “လူစကားပြောစမ်း... အဲဒီလို ဒေသစကားတွေနဲ့ မရေမရာတွေ လာမလုပ်နဲ့...”
ပင့်ကူဘုရင် သေသွားလေပြီ။
ပင့်ကူအိမ်များလည်း အရည်ပျော်သွားပြီ ဖြစ်သည်။
လင်းလင်လင် ထွက်ပြေးရန် အသင့်ပြင်လိုက်သည်။
“ဟိုမှာကြည့်... ပန်းကန်ပြားပျံကြီး...”
သူက ရုတ်တရက် ရန်ဝူချန်း၏ နောက်ကျောဘက်ကို လက်ညှိုးထိုးပြလိုက်သည်။
ကံမကောင်းစွာဖြင့် ရန်ဝူချန်းမှာ ဘာမှမသိသော ရှေးဟောင်းလူမျိုး မဟုတ်ပေ။
သူက လင်းလင်လင်ကို ငတုံးတစ်ယောက်လို ကြည့်လိုက်သည်။
“ကလေးမ... ငါက သာမန်အားဖြင့် ယောက်ျားတွေကိုတောင် အတင်းအကျပ် မလုပ်ချင်ဘူး။ မိန်းကလေးဆိုရင် ပိုတောင် မလုပ်ချင်သေးတယ်။ ဒါပေမဲ့ မင်းက ဒီလောက်တောင် ငြင်းနေမှတော့ ငါ နောက်ဆုံးနည်းလမ်းကိုပဲ သုံးရတော့မယ်။ မင်းကို ဓားနက်ဂိုဏ်းဆီ အတင်းဆွဲခေါ်သွားပြီး ပိတ်လှောင်ထားမယ်။ မင်း ဒုက္ခတော်တော်လေး ခံစားရပြီးရင်တော့ လိမ်လိမ်မာမာနဲ့ ငါ့ရဲ့ တပည့် ဖြစ်လာမှာပါ...”
“ကျွန်မက လူသတ်လက်နက် မဖြစ်ချင်ဘူး အီးဟီးဟီး......”
လင်းလင်လင် လှည့်ပြီး ထွက်ပြေးတော့သည်။
သို့သော် သူ မည်သို့ မြန်မြန်ပြေးပါစေ ရန်ဝူချန်းလို မကောင်းဆိုးဝါးအိုကြီးကို မကျော်နိုင်ပေ။
ဓားနက်ဂိုဏ်းချုပ်သည် တစ္ဆေတစ်ကောင်ကဲ့သို့ လှုပ်ရှားလျက် မီတာ ဒါဇင်ပေါင်းများစွာကို ဖြတ်ကျော်ကာ သူ၏ ရှေ့တွင် ပိတ်ရပ်လိုက်သည်။
သူ၏ ပုခုံးကို ဖမ်းဆွဲရန် လက်ကို မြှောက်လိုက်စဉ်....
“အုပ်ချုပ်ရေးမှူးရေ... ကယ်ပါဦး...”
လင်းလင်လင်က နောက်ဆုံးတွင် အကျယ်ကြီး အော်ဟစ်လိုက်တော့သည်။
ယခုတစ်ခါတော့...
သူ၏ အော်ဟစ်သံက အဖြေတစ်ခု ရရှိခဲ့သည်။
အနောက်ဘက်မှနေ၍ ဓားအလင်းတန်းတစ်ခုက စာရွက်အနက်ရောင်ကို ဓားဖြင့် ဖြတ်လိုက် သကဲ့သို့ မှောင်မည်းသော ကောင်းကင်ယံကို ခွဲထွက်လာသည်။
ဓားသံနှင့် လေတိုးသံများ နောက်ကနေ ကပ်ပါလာ၏။
ရန်ဝူချန်း၏ အမြင်အာရုံမှာ တစ်စက္ကန့်မျှ ဝေဝါးသွားပြီး ရုတ်တရက်ဆိုသလို သူနှင့် ကောင်မလေး အကြားတွင် တစ်စုံတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။
ချန်ဟွိုက်အန်က လက်တစ်ဖက်ကို မြှောက်ကာ ရန်ဝူချန်း၏ ရောက်လာသော လက်ဖဝါးကို လက်ချောင်းတစ်ချောင်းတည်းဖြင့် ဖိထားလိုက်သည်။
သူ၏ စူးရှသော မျက်လုံးများ မော့ကြည့်လာ၏။
“ခင်ဗျား သူ့အသက်ကို ကယ်ခဲ့တယ်။ ဒါကြောင့် ကျွန်တော် ခင်ဗျားကို မသတ်ဘူး။ ခင်ဗျား မရှိရင်တောင် ကျွန်တော် အချိန်မီ ရောက်လာမှာ ဆိုပေမဲ့ပေါ့။ ဒါပေမဲ့ ခင်ဗျား နောက်ထပ် တစ်လှမ်း ထပ်လှမ်းမယ်ဆိုရင်တော့...”
စကားမဆုံးခင်မှာပင် ချန်ဟွိုက်အန်ထံမှ ပြင်းထန်သော ဓားအရှိန်အဝါများ
ပေါက်ကွဲ၍ ထွက်လာပြီး...
မြေပြင်ပေါ်တွင် အက်ကွဲကြောင်းများစွာ ဖြစ်ပေါ်သွားစေသည်။
ထို့နောက်တွင်တော့...
အေးစက်သော စကားနှစ်လုံးက ရန်ဝူချန်း၏ နားထဲတွင် ဝုန်းခနဲ ပေါက်ကွဲသွားတော့သည်။
”လုံးဝ..မညှာဘူး...”
…
***