မြေပြင်ပေါ်မှ ဓားရာများကို ကြည့်ပြီး ရန်ဝူချန်း အနည်းငယ် တုန်လှုပ်သွားသည်။
သို့သော် သူ့ရှေ့မှလူ၏ ကျင့်ကြံမှုအဆင့်ကို အသေအချာ အာရုံခံကြည့်ပြီးနောက်တွင်တော့ သူ၏ အံ့သြမှုများက အထင်အမြင်သေးမှုအဖြစ် ပြောင်းလဲသွားတော့သည်။
“အခြေခံအုတ်မြစ်အဆင့်လေးနဲ့ ငါ့ရှေ့မှာ ဆရာကြီး လာလုပ်ရဲတယ်ပေါ့။”
သူက ဓားသွားကို ပင့်ကူဦးခေါင်းခွံထဲကနေ ဖြည်းဖြည်းချင်း ပြန်ဆွဲထုတ်လိုက်သည်။ သူ၏ မျက်လုံးတွေက ဓားသွားလို ထက်မြက်နေ၏။
“အခုလို အချိန်မျိုးမှာ မင်းဘာသာမင်း အခြေခံအုတ်မြစ်အဆင့် အလယ်ပိုင်းအထိ ရောက်အောင် ကျင့်နိုင်တာကို ကြည့်ရင် မင်းရဲ့ပါရမီက မဆိုးဘူးပဲ။ ငါနဲ့အတူ ဓားနက်ဂိုဏ်းကို လိုက်ခဲ့မလား။ အဲဒီလိုဆိုရင်တော့ ဒီနေ့ မင်း ငါ့အပေါ် မလေးမစား လုပ်ခဲ့တာတွေကို မေ့ပေးလိုက်မယ်။”
ချန်ဟွိုက်အန်က ရိုင်းစိုင်းပြီး အကျိုးအကြောင်းမရှိသော တပည့်စုဆောင်းနည်းမျိုးစုံကို အရင်က မြင်ဖူးခဲ့သည်။
ဥပမာအားဖြင့် ဓားကျောင်းတော်ဆိုလျှင်လည်း သိပ်ပြီး နူးညံ့လှသည်တော့မဟုတ်။
သို့သော် သူတို့ မည်မျှပင် အကျိုးအကြောင်းမဲ့ပါစေ အခု သူ့ကိုယ်သူ ဓားနက်ဂိုဏ်းချုပ်ဟု ခေါ်သူလောက်တော့ လူမိုက်မဆန်ကြပေ။
အမှန်အတိုင်းပြောရလျှင် ထိုလူက စိတ်မနှံ့တာများလားဟူ၍ပင် တွေးမိလာသည်။
“ဥသုံးလုံး... သွားကြစို့။”
ရန်ဝူချန်းက လင်းလင်လင်၏ အသက်အား ကယ်ခဲ့တာကို ထောက်ထားပြီး ချန်ဟွိုက်အန်က ကိစ္စတွေကို ပိုကြီးမလာစေချင်ပေ။
သူက ကိုယ်ကို အနည်းငယ်စောင်းကာ လင်းလင်လင်ကို လိုက်ခဲ့ရန် လက်ဟန်ပြခေါ်လိုက်သည်။
သို့သော် ရန်ဝူချန်းအတွက်တော့ ထိုလုပ်ရပ်က သက်သက်မဲ့ စိန်ခေါ်မှုတစ်ခုလို ဖြစ်နေ၏။
သူ ဘယ်လိုမှ သည်းမခံနိုင်တော့ပေ။
“ကောင်စုတ်လေး... သေလမ်းရှာနေတာပဲ...”
ရန်ဝူချန်း၏ မျက်တောင်ထောင့်မှ အရေးအကြောင်းများက ရုတ်တရက် ဆန့်ထွက်သွားပြီး သူ၏ ထက်မြက်သော အကြည့်များထဲ အေးစက်သော သတ်ဖြတ်လိုစိတ်များ ဖုံးလွှမ်းသွား၏။
သူ့လက်ကို တစ်ချက်ခါလိုက်သည်နှင့် ပိန်းပိတ်အောင်မည်းနက်နေသော ဓားအိမ်ထဲမှ ဓားအလင်းတန်းတစ်ခု ပွင့်ထွက်လာပြီး ချန်ဟွိုက်အန်၏ နောက်ကျောဆီကို တည့်တည့် ဦးတည်သွားတော့သည်။
ပါရမီရှင်ကောင်းဆိုသည်မှာ လိမ္မာသော ပါရမီရှင်မျိုး ဖြစ်ရပေမည်။
သန်မာသောသူကို မလေးမစားလုပ်သူများက ကိုယ့်ဂိုဏ်းအတွက် ဘေးဒုက္ခသာ ယူဆောင် လာလိမ့်မည်။
ထိုသူမျိုးကို ငရဲမင်းဆီ စောစောစီးစီး ပို့ပေးလိုက်သည်ကမှ ပိုကောင်းပေမည်။
“အုပ်ချုပ်ရေးမှူး... သတိထား...”
လင်းလင်လင်၏ ထိတ်လန့်တကြား အော်ဟစ်သံနှင့်အတူ ရန်ဝူချန်းကို ကျောခိုင်းထားဆဲ ဖြစ်သော ချန်ဟွိုက်အန်၏ ပုံရိပ်က ရုတ်တရက် ဝေဝါးသွားသည်။
ဓားချက်က မထိမှန်ခဲ့။
ရန်ဝူချန်းက အကြောင်းအရင်းကို နားမလည်နိုင်ခဲ့ပေ။
ရွှေရောင်အနှစ်သာရအဆင့်က အခြေခံအုတ်မြစ်အဆင့် ကျင့်ကြံသူကို ပစ်မှတ်ထားတာ လွယ်ကူနေရမှာ မဟုတ်လား။
သို့သော် ထိုဝေခွဲမရဖြစ်နေသော စက္ကန့်ပိုင်းအတွင်း သူ့ဘေးနား၌ အရပ်အမောင်းချင်းတူသော လူတစ်ယောက် ပေါ်လာပြန်သည်။
“ခင်ဗျား သူ့ကို တစ်ခါ ကယ်ခဲ့တယ်။ အခုတော့ ကျွန်တော့်ကို သတ်ဖို့ ကြိုးစားနေပြန်ပြီ။ အကြွေးကျေသွားပြီနော်။ ဒါကြောင့်... ခင်ဗျားမှာ ထွက်သွားဖို့ အခွင့်အရေး တစ်ကြိမ်တော့ ရှိပါသေးတယ်။”
လေပြေတစ်ခု ဖြတ်တိုက်သွား၏။
ရန်ဝူချန်းက ဆံပင်တစ်ပင် လွင့်ပျံသွားတာကို မြင်လိုက်ရသည်။ ၎င်းက သူ၏ ဆံပင်ပင်။
သူ လုံးဝ သတိမထားမိလိုက်သော အချိန်တစ်ခုတွင် သူ့ရှေ့မှလူက ဓားကို ဆွဲထုတ်ခဲ့ခြင်း ဖြစ်ရပေမည်။ မြန်လွန်း၍ သူ လုံးဝ မမြင်လိုက်ရပေ။
သူ သတိထားသင့်သည်။
ကြောက်ရွံ့သင့်သည်။
နောက်ဆုတ်သင့်သည်။
သို့သော် သူ၏ ကျင့်ကြံမှုအဆင့်က သူ့ကို မိုက်မဲသော မာနများ ပေးထားသည်။
တောက်လောင်နေသော ဒေါသနှင့် ပေါင်းစပ်လိုက်သောအခါ သူ၏ ကြောက်စိတ်များက အရည်ပျော်သွားတော့သည်။
သူက စကားတစ်လုံးတည်းကို ဟိန်းဟောက်လိုက်သည်။
“သေစမ်း...”
ထို့နောက် ဓားကိုဆွဲကာ ဘေးဘက်သို့ ပိုင်းချလိုက်သည်။
သူ့နားထဲ အေးစက်သော နှာခေါင်းရှုံ့သံတစ်ခု မြည်ဟည်းသွား၏။
ညင်သာသော လေပြေက ရုတ်တရက် မုန်တိုင်းအဖြစ် ပြောင်းလဲသွားသည်။
ဝေဝါးနေသော ဓားအလင်းတန်းက အခုတွင် မှောင်မည်းသော ညနက်ပိုင်းကို ဖြတ်ကျော်ပြီး ဆီးနှင်းမုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
“ဝုန်း...”
ရန်ဝူချန်း နောက်သို့ ခြေလှမ်းအတော်များများ ယိုင်ထွက်သွားသည်။ သူ့ရှေ့ ၁၀ပေအကွာတွင် ဓားကိုကိုင်ပြီး ရပ်နေသော ပုံရိပ်ကိုကြည့်ပြီး မျက်လုံးအပြူးသားနှင့် အံ့သြနေမိသည်။
သူ့လက်ကောက်ဝတ် တုန်ယင်နေသည်။
လက်ဖဝါးထဲမှ သွေးများ စီးကျလာ၏။
သူကိုင်ထားသောဓားက ရုတ်တရက် ပေါ့သွားသလို ခံစားလိုက်ရသည်။
ငုံ့ကြည့်လိုက်ရာ သူ့ခြေရင်းတွင် ကျိုးပဲ့နေသော ဓားတစ်ဝက်ကို တွေ့လိုက်ရသည်။
ဒီလူက ငါ့လက်နက်ကို တစ်ချက်တည်းနဲ့ ချိုးပစ်လိုက်တာလား။
ဒါက သာမန်ဓား မဟုတ်ဘူး။
ဒါက တက်လှမ်းသူတွေရဲ့ လက်ရာအတိုင်း ဥက္ကာခဲသံကို သုံးပြီးတော့ ဒီခေတ်မှာ မရှိတော့တဲ့ ရှားပါးပစ္စည်းတွေနဲ့ အဆင့်မြှင့်တင်ထားတာ။
ထိပ်တန်းအဆင့် ဝိညာဉ်ကိရိယာတစ်ခုပဲ။
ဒီလို ဝိညာဉ်လက်နက်ကို ချိုးပစ်နိုင်ဖို့ဆိုတာ ဝိညာဉ်လက်နက်ကပဲ လုပ်နိုင်တာ။
ရန်ဝူချန်းက ထိုလူ့ရင်ခွင်ထဲမှ ဓားကို စိုက်ကြည့်လိုက်သည်။
၎င်းက ဟောင်းနွမ်းစုတ်ပြတ်နေပြီး ကျောက်တုံးကြီးများနှင့် အဖိခံထားရသလို အက်ကြောင်းများ ပြည့်နေသည်။
ဒီဓားက ငါ့ရဲ့ ဝိညာဉ်ကိရိယာကို ချိုးပစ်လိုက်တာလား။
မဖြစ်နိုင်တာပဲ...
ဒီလူနဲ့ ပတ်သက်သမျှ အရာအားလုံးက လွဲချော်နေတယ်။
ယခုတော့ ထိုစိုးရိမ်စိတ်က ရန်ဝူချန်း၏ ကျောရိုးတစ်လျှောက် တွားတက်လာနေလေပြီ။
တရားသေတွက်မည်ဆိုလျှင် သူ အလျော့ပေးပြီး နောက်မှ လက်စားချေရန် ကြံစည်သင့်သည်။
သို့သော် ထိုအချိန်မှာပင်...
ထိုလူက ဓားရိုးနဲ့ ဓားအိမ်ကို ဆုပ်ကိုင်လိုက်သည်။
သူ ခေါင်းမော့လိုက်သည်နှင့် သူ၏အရှိန်အဝါက ရုတ်တရက် မြင့်တက်လာ၏။
မှောင်မည်းသော ညနက်ပိုင်းလို အေးစက်သည့် သတ်ဖြတ်လိုစိတ်များက ရန်ဝူချန်း နှလုံးသားကို ဧရာမရေခဲလက်ကြီးတစ်ဖက်နှင့် ဆုပ်ကိုင်ထားသလိုမျိုး တိုးဝင်လာတော့သည်။
“ခင်ဗျား ကျွန်တော့်ကို သတ်ဖို့ နှစ်ခါတောင် ကြိုးစားခဲ့ပြီ။”
လေထဲတွင် လွင့်ပျံနေသော ထိုလူ၏ပုံရိပ်က ဖမ်းဆုပ်၍ မရနိုင်ပေ။
သို့သော် သူ့အသံကတော့ တကယ့်ကို ရှင်းလင်းစွာ ထွက်ပေါ်လာ၏။
“ခင်ဗျား...သေ...သင့်...တယ်။”
ယခုတစ်ခါတော့ ရန်ဝူချန်း အသေအချာ မြင်လိုက်ရသည်။
ထိုလူက ဓားကို မထုတ်ခဲ့ပေ။
သူ့နောက်ကွယ်မှ ဆံပင်ဖြူအဘိုးကြီးတစ်ယောက်၏ ဝိညာဉ်ပုံရိပ် ပေါ်လာ၏။
ထိုအဘိုးကြီးက သူ့ကျောပေါ်မှ ဓားအိတ်ထဲကို လက်နှိုက်ပြီး ဓားနှစ်လက်ကို ဆွဲထုတ် လိုက်သည်။
ဓားများက ထူးဆန်း၏။ တစ်လက်က လင်းပြီး တစ်လက်က မှောင်နေသည်။
ထိုဓားများကို အပေါ်ဘက်သို့ ဝှေ့ယမ်း ပိုင်းချလိုက်သောအခါ ညကောင်းကင်ယံကြီးတစ်ခုလုံးကို ဓားချီထဲ ဆွဲသွင်းလိုက်သလိုမျိုး ခံစားရသည်။
ခိုင်မာမှုနှင့် နာမ်ပိုင်းဆိုင်ရာ ပေါင်းစပ်ထားသော ဓားအလင်းတန်းနှစ်ခုက အမြှောက်သင်္ကေတ ပုံစံမျိုး ဖြတ်ကျော်ပြီး သူ့ရှေ့တွင် ချက်ချင်း ပေါ်လာတော့သည်။
၎င်းက ဓားအလင်းတန်း နှစ်ခုသာ ဖြစ်၏။
သို့သော် ရန်ဝူချန်း ခံစားနေရသည်က ဓားအလက်ပေါင်း တစ်ထောင်၏ မုန်တိုင်းထဲတွင် ပိတ်မိနေသလိုမျိုးပင်။
ရှောင်ရသည်မှာ လွယ်ကူပုံရသည်။
သို့သော် သူ ဘယ်ကိုပဲ ပြေးပြေးမြေအောက်ထဲအထိ ဆင်းပြေးလျှင်ပင် ထိုဓားများက သူ့ကို ရှာတွေ့လိမ့်မည်လို့ သူ ခံစားနေရသည်။
သူ့တွင် ရွေးချယ်စရာ မရှိတော့ပေ။
သူက ကျိုးနေသော ဓားကို မြှောက်ပြီး ခုခံကာ ကြွက်သားများထဲကို စိတ်ဝိညာဉ်ချီစွမ်းအင်များ အကုန်လောင်းထည့်လိုက်သည်၊
ထို့နောက် သူ၏ ရွှေရောင်အနှစ်သာရအဆင့် ကာကွယ်ရေး အရှိန်အဝါက ခံနိုင်ရည်ရှိပါစေဟု မျှော်လင့်နေမိသည်။
သူသည် ငယ်ငယ်ကတည်းက ဓားပညာကို သင်ယူခဲ့ရာ ရွှေရောင်အနှစ်သာရအဆင့်အောက်မှာ မည်သူမှ သူ့၏ဓားပညာကို ယှဉ်နိုင်မည်မဟုတ်ဟု ယုံကြည်ထားခဲ့သည်။
သို့သော် မဟာတက်လှမ်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ ဓားအသိကို သူ ဘယ်လိုလုပ်ပြီး နားလည်နိုင်မည်နည်း။
အထူးသဖြင့် ကျန်းယိပိုင်လို လူမျိုး...
နှစ်ပေါင်းသုံးထောင်ကြာ ကျင့်ကြံပြီးတဲ့နောက် သေခါနီးအချိန်ကျမှ သံသရာဓားအသိကို နားလည်ခဲ့တဲ့သူမျိုးပေါ့။
ဒီဓားချက်ထဲမှာ နှစ်ပေါင်းသုံးထောင်စာ အတွေ့အကြုံတွေ၊ နှစ်ပေါင်းသုံးထောင်စာ ထိုးထွင်း သိမြင်မှုတွေ၊ နှစ်ပေါင်းသုံးထောင်စာ နာကျင်စွာ ဆင်ခြင်သုံးသပ်မှုတွေ ပါဝင်နေတယ်။
ရိုးရိုး ရွှေရောင်အနှစ်သာရအဆင့်လောက်က ၎င်းကို မတားနိုင်ပေ။
ချန်ဟွိုက်အန်က ဓားနက်ဂိုဏ်းချုပ် ကျောက်ရုပ်လို တောင့်ခဲသွားသည်ကို တိတ်တဆိတ် ကြည့်နေသည်။
သာမန်အားဖြင့် ရွှေရောင်အနှစ်သာရအဆင့် အစောပိုင်း ကျင့်ကြံသူကို သတ်ရန်ဆိုလျှင် သူက ကောင်းကင်မိစ္ဆာကျင့်စဉ်နှင့် နဂါးအသွင်ကို သုံးရန် လိုအပ်လိမ့်မည်။
သို့သော် အဝေးမှ စောင့်ကြည့်နေသော တက်လှမ်းသူများ ရှိနေရာ ထိုနည်းလမ်းများက မကောင်းပေ။ ရှုပ်ထွေးလွန်းပြီး အာရုံစိုက်ခံရလွန်း၏။
ကံကောင်းသည်မှာ ယခု သူ့တွင် ဓားဘိုးဘိုး ရှိနေလေပြီ။
ဝိညာဉ်အကြွင်းအကျန် ဖြစ်နေသည့်တိုင် ကျန်းယိပိုင်၏ မဟာတက်လှမ်းခြင်း ဓားအသိ အနည်းငယ်ကပင် ရွှေရောင်အနှစ်သာရအဆင့်ကို ခြေမှုန်းပစ်ရန် လုံလောက်သည်။
၁၀ပေ အကွာမှ ရန်ဝူချန်း၏ မျက်လုံးထဲရှိ အလင်းရောင်များ ကွယ်ပျောက်သွား၏။
မျက်စိရှေ့မှာတင် သူ့ဆံပင်များက မြန်မြန်ဆန်ဆန် ဖြူဖွေးသွားသည်။
သူ၏ ကြံ့ခိုင်သော အသားအရေများက အိုမင်းရင့်ရော်ကာ တွန့်လိပ်သွား၏။
သူ၏သန်မာသော အရိုးများက ကြွပ်ဆတ်သွားသည်။
ထို့နောက် လေပြေတစ်ခု တိုက်ခိုက်လိုက်သည်နှင့် ပြာအဖြစ် ပြောင်းလဲသွားတော့သည်။
မြေပြင်ပေါ်တွင်တော့ ဝါကျင်ကျင် ဖုန်မှုန့်တစ်ပုံသာ ကျန်ခဲ့တော့သည်။
“ဟာ... မိုက်လိုက်တာ... အုပ်ချုပ်ရေးမှူး တကယ် ကြမ်းတာပဲ...”
လင်းလင်လင်က ဘေးမှ တစ်လျှောက်လုံး ကြည့်နေပြီး အခုတော့ လက်မကြီးကို ထောင်ပြ နေတော့သည်။
သူက အခြေအနေ အသေးစိတ်ကိုတော့ နားမလည်ပေ။ ချန်ဟွိုက်အန်က ဓားချက်တစ်ချက်သာ လှလှပပ ထုတ်လိုက်သည်ကို မြင်လိုက်ရပြီး ထိုကြောက်စရာကောင်းသော အဘိုးကြီးစုတ် ပျောက်သွားသည်ကိုသာ မြင်လိုက်ရ၏။
ချန်ဟွိုက်အန်က သူ၏လက်မကို ဖြတ်ခနဲ ရိုက်ချလိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
သူက အပြုံးတုနဲ့ ပြောလိုက်၏။
“လင်းလင်လင်... မင်း တိုးတက်လာတယ်ပေါ့။ ဓားဓာတ်လုံး ယူမလာဘဲနဲ့ ဒီအပြင်မှာ မကောင်းဆိုးဝါးကို လာတိုက်တယ်ပေါ့။”
လင်းလင်လင် မျက်နှာ ပျက်သွား၏။
သူက ကြောက်ကြောက်လန့်လန့်နှင့် ရယ်လိုက်ပြီး မျက်လုံးချင်း မဆုံရဲဘဲ တိုးတိုးလေး ပြောလိုက်သည်။
“ဆရာပဲ ပြောတယ်လေ။ ကျင့်ကြံသူတွေက ပြင်ပပစ္စည်းတွေအပေါ်မှာ အရမ်း မမှီခိုသင့်ဘူးဆို။ ကျွန်မ... ကျွန်မက ဆရာပြောတဲ့အတိုင်း သန်မာပြီး ကိုယ့်ခြေထောက်ကိုယ် ရပ်တည်နိုင်တဲ့ ဆွဲဆောင်မှုရှိတဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်အောင် ကြိုးစားနေတာပါ…”
“စကားမများနဲ့... ငါပြောတာက မမှီခိုနဲ့လို့ ပြောတာ၊ ယူမလာနဲ့လို့ ပြောတာ မဟုတ်ဘူး...”
ချန်ဟွိုက်အန်က သူ၏ နဖူးကို လက်ညှိုးနှင့် ထိုးလိုက်သည်။
“လူစွမ်းကောင်း လုပ်ချင်တယ်ပေါ့လေ။ ရတယ်လေ။ မင်းကို စိတ်တိုင်းကျ လူစွမ်းကောင်း လုပ်နိုင်အောင် ငါ စီစဉ်ပေးမယ်...”
“ငါတို့ ပြန်ရောက်ရင် မင်းက ဓားလုံး သေတ္တာ ၁၀၀၀ကို ထမ်းပြီး C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရို လေ့ကျင့်ရေးကွင်းကို အပတ်၅၀၀ ပတ်ပြေးရမယ်။ ပြီးတော့ တစ်လမ်းလုံးမှာ ကျွန်မက ဥငတုံးပါ လို့လည်း အော်ရမယ်...”
လင်းလင်လင်၏ မျက်နှာက ချက်ချင်း ဖြူဖျော့သွား၏။
အပြုံးများပျောက်ကွယ်သွားတော့သည်။
ချန်ဟွိုက်အန် နောက်ဆုံးတွင် စိတ်ကျေနပ်သွားသည်။
သူ့က နတ်ဘုရားအာရုံကို ထပ်ပြီး ဖြန့်ကျက်ကြည့်လိုက်ရာ...
ခေါင်မိုးပေါ်မှ စောင့်ကြည့်နေသော တက်လှမ်းသူများ မရှိတော့သည်ကို သတိထားမိလိုက်သည်။
“ဒီလူတွေက ဘာတွေ လျို့ဝှက်ကြံစည်နေကြတာလဲ မသိဘူး…”
ချန်ဟွိုက်အန် မျက်လုံးများကို မှေးလိုက်သည်။
သူ တက်လှမ်း၍ မရနိုင်ကြောင်းကိုကို သိလိုက်ရပြီးကတည်းက တက်လှမ်းသူ အားလုံးကို ဗီလိန် မျက်မှန်တပ်ပြီး ကြည့်နေမိတော့သည်။
သူတို့နှင့်ပတ်သက်လျှင် တစ်ခုခု အမြဲတမ်း မရိုးသားသလို ခံစားနေရသည်။ မကောင်းသောအရာ တစ်ခုခု ကြံနေသလိုမျိုးပင်။
…
***