ချန်ဟွိုက်အန် ဝမ်ရှိုယီကို မြင်လိုက်ရသည့် ခဏတွင် ပထမဆုံး ပေါ်လာသည့် အတွေးမှာ နှုတ်ပိတ်ပစ်ရမည်ဟူ၍ပင်။
သို့သော် ဝမ်ရှိုယီ၏ ဘာမှမသိသော အပြုံးနှင့် ထိုကြည်လင်သန့်စင်သော မျက်လုံးများကို မြင်လိုက်ရသောအခါ သူ တွေဝေသွားမိသည်။
ဝမ်ရှိုယီက ကျောက်ရင်းနှင့် ရှန့်ရှောင်ယွမ်တို့၏ လက်ထဲမှ ကျောက်စိမ်းစာလိပ်များကို သတိမထားမိတာမျိုး ဖြစ်နိုင်မလား။
“ခင်ဗျားတို့လက်ထဲက ဘာတွေလဲ။ ကျောက်စိမ်းစာလိပ်တွေလား။ ဒါတွေက ဓားနက်ဂိုဏ်းရဲ့ ကျင့်စဉ်တွေနဲ့ မတူပါလား။ ဘယ်က ရခဲ့တာလဲ။”
ဝမ်ရှိုယီက ကျောက်ရင်းအနားသို့ လျှောက်သွားကာ အနီးကပ်ငုံ့ကြည့်လိုက်ပြီး ကျောက်စိမ်း စာလိပ်အနားတွင် နှာခေါင်းဖြင့် နှစ်ချက်ခန့်ပင် ရှူကြည့်လိုက်သည်။
ကျင့်စဉ်၏ အဆီအနှစ်ကို အနံ့ခံကြည့်နေသလိုမျိုးပင်။
ချန်ဟွိုက်အန် လက်သီးကို တင်းတင်းဆုပ်လိုက်မိသည်။
သူ သတိထားမိသွားပြီ... တကယ်ကြီး သတိထားမိသွားပြီ...
“သြော်... အခုမှပဲ သဘောပေါက်တော့တယ်...”
ဝမ်ရှိုယီ လှည့်၍ ချန်ဟွိုက်အန်ကို လက်ယှက်ကာ ဂါရဝပြုလိုက်သည်။
“စီနီယာ့မှာ ကိုယ်ပိုင်အမွေအနှစ်တွေ ရှိနေတာကို ကျွန်တော် လုံးဝမေ့သွားတယ်။ အဲဒီ ဓားသိုင်းတွေ၊ မိစ္ဆာတွေကို နှိမ်နင်းပြီး ဘေးဒုက္ခတွေကို ဖယ်ရှားတဲ့ အဆောင်တွေကတင် သက်သေအထောက်အထား ခိုင်လုံနေပါပြီ။ ဒါဆိုရင် ဓားနက်ဂိုဏ်းက ပေးတဲ့ ကျင့်စဉ်တွေက စီနီယာ့မျက်စိထဲမှာ တကယ်ပဲ အဆင့်မမီတာ ဖြစ်မှာပေါ့။ ဟားဟား။ သူတို့အတွက်တော့ ရှက်စရာကြီးပဲ...”
ချန်ဟွိုက်အန် ခဏမျှ မှင်တက်သွားပြီးမှ ခက်ခဲစွာ ပြုံးပြလိုက်သည်။
“အဲဒါက အဆင့်မမီလို့တော့ မဟုတ်ပါဘူး။ C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရိုက အထူးချွန်ဆုံး သူတွေကိုပဲ ရွေးချယ်တဲ့ လမ်းစဉ်ကို လျှောက်နေလို့ပါ။ ဒါကြောင့် လူတစ်ဦးချင်းစီနဲ့ အကိုက်ညီဆုံးဖြစ်မယ့် ကျင့်စဉ်တွေကိုပဲ ငါက သတ်မှတ်ပေးတာ။ ဓားနက်ဂိုဏ်းရဲ့ ကျင့်စဉ်တွေကလည်း မဆိုးပါဘူး၊ နည်းနည်းတော့... အခြေခံဆန်လွန်းတာပေါ့။ ဒါပေမဲ့ အဲဒါတွေကို ဂိုဒေါင်ထဲမှာ သိမ်းထားလို့ ရပါတယ်။ နောက်ပိုင်း တခြားသူတွေက သူတို့စိတ်ကြိုက် ရွေးချယ်လို့ရတာပေါ့...”
“သိပ်ကောင်းတယ်...” ဝမ်ရှိုယီက လက်မအကြီးကြီး ထောင်ပြလိုက်သည်။
“တကယ်ကို ကောင်းတယ်။ စီနီယာ စကားနည်းနည်း ပြောလိုက်ရုံနဲ့ ဗျူရိုက ဂိုဏ်းကြီး တစ်ဂိုဏ်းရဲ့ စာကြည့်တိုက်လို ဖြစ်သွားတာပဲ...”
ချန်ဟွိုက်အန်မှာ ထိုမြှောက်ပင့်စကားကို တောင့်တောင့်ကြီး ပြုံးပြရုံမှတစ်ပါး အခြားမရှိချေ။
သို့သော် ဝမ်ရှိုယီကို နှုတ်ပိတ်ချင်သည့်စိတ်မှာ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ဤကလေးက အသက်နှစ်ဆယ်ထက် ကျော်မည့်ပုံမပေါ်ပေ။
အကယ်၍ ခွန်းလွန်အင်မော်တယ်နန်းတော်က မခေါ်သွားခဲ့လျှင် သူသည် အထက်တန်းကျောင်း တက်နေရဆဲ ဖြစ်နိုင်သည်။
သူက တကယ့်ကို ဘာမှမသိသည့် ဆယ်ကျော်သက်လေးသာ။
သူ့မှာ ဘယ်လို မကောင်းတဲ့ ရည်ရွယ်ချက် ရှိနိုင်မှာလဲ။
“စီနီယာ။ ကျွန်တော် မေထျွန်ကနေ အာလူးကြော် ဆယ်ပွဲ မှာထားတယ်။ စားမလား။ အားမနာနဲ့နော်...”
ဝမ်ရှိုယီက ကျောက်စိမ်းစာလိပ်ကိစ္စကို အမှုမဲ့အမှတ်မဲ့ ဘေးဖယ်ထားကာ ဖုန်းကို ပေါ့ပေါ့ပါးပါး မြှောက်ပြလိုက်သည်။
ချန်ဟွိုက်အန် အစက ငြင်းချင်နေခဲ့သည်။
သို့သော် လီချင်းရန်နှင့် ချင်းယွန်ဘုံမှ လူများက အာလူးကြော် တစ်ခါမှ မမြည်းစမ်းဖူးကြသည်ကို သူ သတိရသွားသည်။
ထို့ကြောင့် သူ ခေါင်းညိတ်ပြလိုက်သည်။
ဒါနဲ့...
မြို့ထဲမှာ မိစ္ဆာတွေ သောင်းကျန်းနေတာတောင် ပစ္စည်းပို့တဲ့လူတွေ အလုပ်လုပ်နေကြတုန်းလား။
၎င်းမှာ တကယ့်ကို မျက်ရည်ကျချင်စရာပင်။
ပစ္စည်းပို့သမား ရောက်လာသည့်အခါ ထိုအခြေအနေဆိုးထဲတွင် မည်သူက အလုပ်ဆက်လုပ် ရဲလောက်အောင် သတ္တိရှိနေသည်ကို သူ သေချာပေါက် ကြည့်ချင်မိသည်။
ကျောက်ရင်းနှင့် ရှန့်ရှောင်ယွမ်တို့က ကျောက်စိမ်းစာလိပ်များကို လေ့လာရန် ထွက်သွားသည်။
တစ်ချိန်တည်းမှာပင် ချန်ဟွိုက်အန်က အခုဆိုလျှင် မိစ္ဆာနှိမ်နင်းသူဗျူရိုဝင် အစစ်အမှန် ဖြစ်လာသည့် ဝမ်ရှိုယီကို ခေါ်ဆောင်ကာ အတွင်းသို့ လှည့်လည်ပြသခဲ့သည်။
သူကလည်း အခြေအနေများကို ရင်းနှီးကျွမ်းဝင်အောင် လုပ်ဆောင်ခဲ့သည်။
အုပ်ချုပ်ရေးမှူး ဖြစ်လာသည်မှာ ကြာပြီဖြစ်သော်လည်း ချန်ဟွိုက်အန်က ထိုနေရာတွင် အရာရာ မည်သို့ လည်ပတ်နေသည်ကို အမှန်တကယ် မသိသေးချေ။
ဝန်ထမ်းအများစုမှာ သူနှင့် စကားပြောခဲလှသည်။
သူတို့အတွက် အုပ်ချုပ်ရေးမှူးမှာ လျို့ဝှက်ချက်တွေနှင့် ပြည့်နှက်နေသော ပုဂ္ဂိုလ်ကြီးပင်။
သူ ပေါ်မလာလျှင်လည်း လုံးဝမတွေ့ရဘဲ ပေါ်လာလျှင်လည်း တစ္ဆေတစ်ကောင်လို ဘယ်ကနေ ဘယ်လိုပေါ်လာမှန်းမသိဘဲ ပြန်ပျောက်ကွယ်သွားတတ်သည်။
မိစ္ဆာနှိမ်နင်းသူဗျူရို၏ ထိပ်တန်းလက်နက်ဖြစ်သည့် အာဏာရှင်သည်ပင်လျှင် အုပ်ချုပ်ရေးမှူးက ဆင့်ခေါ်ထားခြင်းဖြစ်သည်ဟု ကောလာဟလများ ထွက်ပေါ်နေသည်။
ယခုအခါတွင် ထိုကောလာဟလမှာ ဝန်ထမ်းများအကြား အတည်ဖြစ်နေပြီး ချန်ဟွိုက်အန်အပေါ် နောက်ထပ် လျို့ဝှက်ချက်တစ်ရပ် ထပ်တိုးစေခဲ့သည်။
ထို့ကြောင့် သူ့ကို မြင်လိုက်ရသည့်အခါတိုင်း လူတိုင်းက လေးစားမှုရှိသော်လည်း ကြောက်ရွံ့ အားနာသည့် အမူအရာများဖြင့် ဆက်ဆံကြသည်။
“အုပ်ချုပ်ရေးမှူးချန်၊ ထိခိုက်သေဆုံးမှု အစီရင်ခံစာ ထွက်လာပါပြီ။”
“အင်း...” ချန်ဟွိုက်အန်၏ မျက်နှာ အုံ့မှိုင်းသွားကာ ဝန်ထမ်းကို ကြည့်လိုက်သည်။
“အခြေအနေ ဘယ်လိုလဲ။ မြို့ထဲက ပင့်ကူမကောင်းဆိုးဝါးတွေကို အကုန် ရှင်းပြီးပြီလား။”
“သေဆုံးသူ တစ်သောင်းကျော် ရှိပါတယ်။ ပင့်ကူမကောင်းဆိုးဝါးတွေကိုတော့ အကုန်နီးပါး ရှင်းပြီးပါပြီ။ တကယ်တော့ ပင့်ကူဘုရင် သေသွားပြီးတော့ ကျန်တဲ့ မကောင်းဆိုးဝါးတွေက မြို့ပြင်ကို ဆုတ်ခွာသွားကြတာပါ။ သူတို့က တိုက်ခိုက်မှုကို ဆက်လုပ်မယ့် အရိပ်အယောင် မပြကြတော့ဘူး။”
“တစ်သောင်း ဟုတ်လား”
ဘေးတွင် ရပ်နေသော ဝမ်ရှိုယီမှာ ဒေါသထွက်သွားပုံရသည်။
သူ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုသည့် အရိပ်အယောင်များ လက်ခနဲ ပေါ်လာသည်။
“ဒီမကောင်းဆိုးဝါးတွေ သေသင့်တယ်... အပြစ်မဲ့တဲ့ အသက်ပေါင်း တစ်သောင်းကျော်... ဒီတိုင်း ဆုံးရှုံးသွားရတာလား။ စီနီယာ။ ကျွန်တော်တို့ အင်အားအကုန်သုံးပြီး သူတို့တွေ မထင်ထားတုန်း အနီးဆုံးက မိစ္ဆာချိပ်ပိတ်မျှော်စင်ကို ဝင်တိုက်ရအောင်။ ကျွန်တော်တို့နှစ်ယောက် ပေါင်းလိုက်ရင် သူတို့ကို သေချာပေါက် ပညာပေးနိုင်မှာပါ...”
ချန်ဟွိုက်အန်က ၎င်းမှာ မဆိုးသည့် အကြံတစ်ခုဟု ထင်သော်လည်း ချက်ချင်း သဘောမတူခဲ့ပေ။
ထိုအစား သူက မျက်မှောင်ကြုတ်လျက် ဝန်ထမ်းကို လှည့်ကြည့်လိုက်သည်။
တစ်သောင်း...
အမှန်အတိုင်းပြောရလျှင် ထိုအရေအတွက်မှာ နည်းလွန်းနေသည်ဟု ခံစားရသည်။
သူ့တွင် စာနာစိတ်မရှိ၍ မဟုတ်ပေ။
သို့သော် ထိုမျှကြီးမားသော တိုက်ခိုက်မှုတွင် ထိခိုက်မှု ထိုမျှသာ ရှိနေသည်မှာ တစ်ခုခု လွဲနေခြင်းပင်။
C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရိုချုပ်က ပြည်နယ်၏ အကြီးဆုံးမြို့ အလယ်ဗဟိုတွင် ရှိနေသည်။
မြို့က စီးပွားရေးကောင်းသည့်အတွက် လူဦးရေ အလွန်ပင် ထူထပ်လှသည်။
မနက် ၄နာရီ၊ ၅နာရီမှာပင် ဘားများက ဆူညံနေဆဲဖြစ်သလို စူပါမားကတ် သုံးပုံတစ်ပုံက ၂၄ နာရီ ဖွင့်ထား၏။
ထိုသို့ဆိုသည့်တိုင် ညနေပိုင်း လူစည်ကားသော အချိန်မှစ၍ ရှစ်နာရီကျော်ကြာ ပင့်ကူ မကောင်းဆိုးဝါးများ သောင်းကျန်းသွားခဲ့ရာ လူတစ်သောင်းလောက်သာ ထိခိုက်သည် ဆိုသည်မှာ ယုံကြည်ရန် ခက်ခဲလှသည်။
ဒါက ဘာကြီးလဲ။ မြို့ခံပြည်သူတွေက တိုက်ပွဲအတွေ့အကြုံရှိနေတဲ့ စစ်သားတွေမို့လို့လား။
အညံ့ဆုံး ပင့်ကူမကောင်းဆိုးဝါး တစ်ကောင်တောင်မှ သာမန်လူ ဆယ်ယောက်ကို တစ်မိနစ် အတွင်းမှာ အပိုင်းပိုင်း ဖြတ်ပစ်နိုင်တယ်လေ။
“သေဆုံးသူတွေရဲ့ အချက်အလက်တွေကို သေချာ ခွဲခြားထားပြီးပြီလား။” ချန်ဟွိုက်အန်က မေးလိုက်သည်။
“ပြီးပါပြီ...” ဝန်ထမ်းက ခေါင်းညိတ်ပြသည်။
“အဲဒါကပဲ ထူးဆန်းနေတာပါ။ သေဆုံးသူ အများစုက မိစ္ဆာနှိမ်နင်းသူတွေ၊ ဂုဏ်သရေရှိ ကျင့်ကြံသူတွေ ဒါမှမဟုတ် တိုက်ပွဲထဲ ဝင်ပါတဲ့ စစ်သားတွေပဲ ဖြစ်နေတယ်။ သာမန်ပြည်သူတွေ၊ ပုန်းနေတဲ့သူတွေ ဒါမှမဟုတ် ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားတဲ့ သူတွေကတော့ ထိခိုက်မှု မရှိကြဘူး။ ပင့်ကူမကောင်းဆိုးဝါးတွေက သာမန်လူတွေကို တိုက်ခိုက်ဖို့ စိတ်မဝင်စားကြသလိုပဲ။ တစ်ယောက်ယောက်က သူတို့ကို အရင်စမတိုက်သရွေ့ သူတို့က ပြန်တောင် မတိုက်ကြဘူး။”
“မကောင်းဆိုးဝါးတွေက လူတွေကို မတိုက်ဘူး ဟုတ်လား။ အဲဒါ မဖြစ်နိုင်တာပဲ...”
ဝမ်ရှိုယီက မယုံကြည်နိုင်ဘဲ မျက်လုံးများ ပြူးသွားသည်။
“မင်းတို့ တစ်နေရာရာမှာ မှားနေတာ သေချာလား။...”
“မစ္စတာဝမ်၊ ကျွန်တော်တို့ရဲ့ ကျွမ်းကျင်မှုကို လာပြီး မသံသယဖြစ်ပါနဲ့။”
ဝန်ထမ်းက သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်သည်။
ဒီကလေးက ဘယ်သူလဲ။ ရှေးဟောင်းဝတ်စုံကို တစ်ဝက်တစ်ပျက် ဝတ်ထားပြီး အုပ်ချုပ်ရေးမှူး ဘေးနားမှာ လာပြီးတော့ ဆရာကြီး လုပ်နေတာလား။
“ဒါက အဓိပ္ပာယ်မရှိဘူး။ ကျိုးကြောင်းဆီလျော်မှု မရှိဘူး။ တစ်ခုခုတော့ လွဲနေပြီ...”
ဝမ်ရှိုယီက လက်မခံနိုင်သေးပေ။
သူက ချန်ဟွိုက်အန်ဘက်သို့ လှည့်ကာ အလေးအနက် လက်ယှက်ဂါရဝပြုလိုက်သည်။
“စီနီယာ။ အဖြေမရှိတဲ့ မေးခွန်းတွေ အများကြီး ရှိနေမှတော့ ကျွန်တော်တို့ မိစ္ဆာချုပ်နှောင်မျှော်စင်ကိုပဲ ဝင်တိုက်လိုက်ရအောင်။”
“ငါတို့ ဘာမှမသိဘဲနဲ့ ဝင်တိုက်ရင် ဘာအကျိုးရှိမှာလဲ။”
ချန်ဟွိုက်အန် မျက်တောင်ခတ်လိုက်သည်။
“ကျွန်တော်တို့ အထဲကို ဝင်ကြမယ်။ အထဲမှာ အကြမ်းဆုံး မိစ္ဆာကို ဖမ်းမယ်။ ပြီးရင် အကုန်လုံးကို ပြောထုတ်လာတဲ့အထိ စစ်မေးမယ်...”
ဝမ်ရှိုယီ၏ မျက်လုံးများမှာ ဒေါသထွက်နေသော ယုန်ကလေးတစ်ကောင်လို နီရဲနေ၏။
“ဒီမိစ္ဆာတွေက တစ်ခုခု ကြံစည်နေတာ သေချာတယ်။ ကျွန်တော်တို့ လုပ်ရမှာက သူတို့ရဲ့ ခေါင်းဆောင်ကို ဖမ်းပြီးတော့ အမှန်တရားကို နှိပ်စက်မေးမြန်းဖို့ပဲ...”
ချန်ဟွိုက်အန် အသေအချာ စဉ်းစားကြည့်လိုက်သည်။
၎င်းက မဆိုးလှသော ဦးတည်ချက် တစ်ခုပင်။
သို့သော် ပင့်ကူဘုရင်မက မျှောင်စင်၏ ပထမအဆင့်မှ အသေးအဖွဲ ခေါင်းဆောင်လေးသာ ရှိနေသေးသည်။
အဲဒီအဆင့်မှာ ရှိနေတဲ့ တကယ့် အစွမ်းအထက်ဆုံး သတ္တဝါက ဘာဖြစ်မလဲ။
ပြီးတော့ အပေါ်ထပ်အဆင့်တွေမှာ ဘယ်လို မိစ္ဆာတွေကို ချိပ်ပိတ်ထားတာလဲ။
တကယ်လို့ ငါနဲ့ ဝမ်ရှိုယီက မစဉ်းမစားဘဲ ဇွတ်တိုးဝင်သွားရင် သေတွင်းထဲ ဆင်းသွားတာနဲ့ တူနေလိမ့်မယ်။
မဆင်မခြင် လုပ်ဖို့က မဖြစ်နိုင်ဘူး။
ထို့နောက် သူ အကြံတစ်ခု ရသွားကာ ပြောလိုက်သည်။
“ညီလေးဝမ်၊ မင်းတို့ တက်လှမ်းသူတွေရဲ့ အသိုင်းအဝိုင်းထဲမှာ ကိစ္စတွေ ဘယ်လို လည်ပတ်နေလဲ ဆိုတာ ငါ သိပ်မသိဘူး။ တစ်နိုင်ငံလုံးက မိစ္ဆာချုပ်နှောင်မျှော်စင်တွေရဲ့ ဝိုင်းရံတာ ခံနေရတာ ဆိုတော့ ဒီပင့်ကူမကောင်းဆိုးဝါးတွေက သာမန်လူတွေကို မတိုက်တာ တိုက်ဆိုင်မှု ဖြစ်နိုင်တယ်။ ဒါကြောင့် မင်းရဲ့ တက်လှမ်းသူ အဆက်အသွယ်တွေကို အသုံးချကြည့်ပါလား။ သတင်း အချက်အလက်တွေ စုဆောင်းပြီးတော့ ဒီမကောင်းဆိုးဝါးရဲ့ ပုံစံကို လေ့လာကြည့်။ အဲဒီ သတင်းတွေ ရလာပြီဆိုမှ ငါတို့ မျှော်စင်ကို ဘယ်အချိန်မှာ ဘယ်လို တိုက်ခိုက်မလဲဆိုတာ ဆုံးဖြတ်လို့ ရတာပေါ့။ မင်း ဘယ်လို ထင်လဲ။”
ဝမ်ရှိုယီက အသည်းအသန် စဉ်းစားရင်း ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။
သူက အလေးအနက် စဉ်းစားနေပုံရသဖြင့် ချန်ဟွိုက်အန်က သူ အခိုင်းခံရနေသည်ကို ရိပ်မိသွားမလားဟု ခဏမျှ စိုးရိမ်သွားမိသည်။
သို့သော်...မဟုတ်ပေ။
ပို၍ပင် ကောင်းသွားသေးသည်။
ဝမ်ရှိုယီက သူ့ပေါင်သူ ပုတ်လိုက်သည်။
မလုပ်ခင်မှာ အစီအစဉ်ဆွဲရမယ်။ ရှိသမျှ အရင်းအမြစ်တွေကို အသုံးချရမယ်။
အရမ်းကို တည်ငြိမ်ပြီး စနစ်ကျလိုက်တာ။ ငါ့ရဲ့ အရင်က စိတ်မြန်လက်မြန် ပုံစံမျိုး မဟုတ်ဘူး။
ဒါကြောင့်ပဲ စီနီယာက စီနီယာ ဖြစ်နေတာပေါ့...
စီနီယာ့ရဲ့ ကျင့်ကြံမှုအဆင့်က ငါ့လောက် မမြင့်ရင်တောင်မှ...
သူ့ရဲ့ တွေးခေါ်ပုံတွေ၊ အချိန်ကိုက် လုပ်ဆောင်ပုံတွေကတော့ ငါ့ထက် အဆင့်တွေ အများကြီး သာလွန်တယ်။
ဒါကြောင့်ပဲ စီနီယာက ငါ့ကို ကယ်ခဲ့တာပေါ့။
ငါက သူ့ကို ကယ်တာ မဟုတ်ဘူး။
“စီနီယာက စီနီယာ ဖြစ်နေတာ မဆန်းပါဘူး။ အရာရာမှာ အရမ်းကို စေ့စပ်လွန်းတယ်...”
ဝမ်ရှိုယီက အံ့သြချီးကျူးနေမိသည်။
“ဒါကို ကျွန်တော့်ကိုပဲ လွှဲထားလိုက်ပါ။ အခုပဲ သွားပြီး စုံစမ်းလိုက်မယ်...”
စကားပြောပြီးသည်နှင့်တပြိုင်နက် ချန်ဟွိုက်အန်မှာ မျက်လုံးအပြူးသားဖြင့် ကြည့်နေစဉ်မှာပင် ထိုကလေးက ဓားပျံပေါ်တက်ကာ ညကောင်းကင်ယံထဲသို့ ပျံသန်းထွက်ခွာသွားတော့သည်။
...
***