"တာအိုဆရာလီ... ဒါက ဘာသောက်ကျိုးနည်း အကောင်တွေလဲ "
ဝမ်အရာရှိက တုန်လှုပ်ချောက်ချားစွာ မေးမြန်းလိုက်သည်။
"ကြည့်ရတာ တောင်ပိုင်းနယ်စပ် မှာ ခေတ်စားတဲ့ အင်းစက်ပိုးကောင် တွေနဲ့ တူတယ်"
လီယန်ချူက မျက်မှောင်ကြုတ်လျက် ပြန်ဖြေသည်။
"အင်းစက်ပိုးကောင် ဟုတ်လား"
ဝမ်အရာရှိမှာ အံ့အားသင့်သွားသည်။
"ဟုတ်တယ်"
လီယန်ချူက အနည်းငယ် ခေါင်းညိတ်ပြကာ
"ဒီအကောင်တွေရဲ့ စွမ်းအားက တော်တော်လေး ထူးဆန်းတယ်။ နန်ကျန်းမှာ အင်းစက်ပိုးကောင် အမျိုးအစားတွေ အများကြီးရှိပေမဲ့ ဒီသေဆုံးသူ သုံးယောက်ရဲ့ ပုံစံအရဆိုရင် ဒါဟာ ကိုယ်စားပြုအင်းစက် ဖြစ်ဖို့ များတယ်"
ဝမ်အရာရှိမှာ ဘာမှနားမလည်ဘဲ ဝေခွဲမရသည့် အမူအရာဖြင့် လီယန်ချူကို ကြည့်နေမိသည်။
လီယန်ချူက ဆက်လက်ရှင်းပြသည်မှာ
"ကိုယ်စားပြုအင်းစက် ဆိုတာက အင်းစက်ပိုင်ရှင်ရဲ့ ကိုယ်ထဲမှာ မဟုတ်ဘဲ တခြားသူ ရဲ့ ကိုယ်ထဲမှာ ထည့်သွင်းထားတာမျိုးပါ။ အင်းစက်ပိုင်ရှင်ဟာ သေလောက်တဲ့ ဒဏ်ရာရတဲ့အခါတိုင်း အဲဒီဒဏ်ရာက အင်းစက်ပိုးကောင် ထည့်သွင်းခံရသူ ဆီကို အလိုအလျောက် ကူးပြောင်းသွားတာမျိုးပေါ့"
"ဗုဒ္ဓေါ... ဒီလောက်တောင် ယုတ်မာရက်စက်ရသလား "
ဝမ်အရာရှိမှာ အလန့်တကြား အာမေဍိတ်သံ ထွက်သွားတော့သည်။
"ကြည့်ရတာ ဝေမြို့ထဲမှာ အင်းစက်အတတ်ကို ကျင့်ကြံတဲ့ မိစ္ဆာတစ်ယောက်ယောက်က တခြားသူနဲ့ တိုက်ပွဲဖြစ်နေပုံရတယ်။ ဒီလူ သုံးယောက်ကတော့ အကြောင်းမဲ့ သတ်ဖြတ်ခံလိုက်ရတာပဲ"
လီယန်ချူ၏ လေသံမှာ အေးစက်ခက်ထန်လို့နေသည်။
ဝမ်အရာရှိက သက်ပြင်းချလိုက်ပြီး မျက်ဝန်းထဲတွင် ဒေါသရိပ်များ ဖုံးလွှမ်းလာသည်။
"ဒီမိစ္ဆာကောင်တွေဟာ လူ့အသက်ကို မြက်ပင်လေးတစ်ပင်လို သဘောထားကြတာပဲ။ ဒီလိုဆိုရင်တော့ ဝေမြို့ဟာ နောက်တစ်ခါ မအေးချမ်းနိုင်တော့ပြန်ဘူး "
စကားအဆုံးတွင် သူသည် တစ်စုံတစ်ခုကို တွေးမိကာ မျက်မှောင်ကြုတ်လိုက်ပြန်သည်။
"ဒီမိစ္ဆာက ကိုယ်စားပြုအင်းစက် ကို သုံးကောင်တည်း ချထားမှာ မဟုတ်ဘူး။ ဆိုလိုတာက နောက်ထပ် အပြစ်မဲ့တဲ့ လူသေတွေ ထပ်ရှိလာဦးမှာပဲ "
ဝမ်အရာရှိမှာ ကျင့်ကြံသူတစ်ဦး မဟုတ်သော်လည်း ဝါရင့်အရာရှိတစ်ဦးပီပီ အခြေအနေကို ကောင်းစွာ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း ရှိပေသည်။
ထိုမိစ္ဆာကောင်မှာ တိုက်ပွဲဖြစ်ရင်း နောက်ထပ် ဘယ်နှစ်ယောက်ကို အသက်ဇီဝိန် ခြွေဦးမည်နည်းဟု သူ စိုးရိမ်မကင်း ဖြစ်နေမိသည်။
"ငါ အဲဒီကောင်ကို ရှာတွေ့အောင် လုပ်ပြီး သတ်ပစ်မယ်"
လီယန်ချူ၏ စကားသံမှာ ရေခဲတမျှ အေးစက်လှသည်။
ဝမ်အရာရှိ၏ မျက်လုံးများ ဝင်းလက်သွားကာ
"အဲဒါဆိုရင်တော့ သိပ်ကောင်းတာပေါ့ဗျာ"
သာမန်လူဆိုလျှင် ထိုသို့သော အခြေအနေမျိုး၌ လူသေထပ်ပေါ်လာမည့်အချိန်ကိုသာ စောင့်ကြည့်နေရမည် ဖြစ်သော်လည်း လီယန်ချူမှာမူ ထိုသို့မဟုတ်ချေ။
သူသည် ခြေရာခံ တာအိုအတတ်ကို တိုက်ရိုက် အသုံးပြုလိုက်သည်။
အင်းစက်ပိုးကောင်များထံမှ အလွန်အားနည်းလှသော အရှိန်အဝါ သုံးခု ထွက်ပေါ်လာရာ လီယန်ချူက ၎င်းတို့ကို လက်ဝါးထဲတွင် ဖမ်းဆုပ်လိုက်သည်။
ခဏမျှ အာရုံခံကြည့်ပြီးနောက် သူက ဝမ်အရာရှိအား
"အဲဒီမိစ္ဆာရဲ့ ခြေရာကို ရှာတွေ့ပြီ၊ ငါ အခုပဲ သွားလိုက်ဦးမယ် "
ဟု ပြောလိုက်သည်။
ဝမ်အရာရှိမှာ ကြောင်သွားမိသည်။
ဤမျှ မြန်ဆန်လှမည်ဟု သူ ထင်မထားခဲ့ချေ။
သူ ကြောင်အမ်းအမ်း ဖြစ်နေစဉ်မှာပင် လီယန်ချူမှာ အမြန်နှုန်းမြှင့်ကိုယ်ဖော့အတတ်ကို အသုံးပြုကာ ရုံးတော်အတွင်းမှ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ဝေမြို့၏ မြို့ပြင်
တောအုပ်တစ်ခုအတွင်း၌ ကလေးမျက်နှာနှင့် မိန်းကလေးတစ်ဦးမှာ မြေပြင်ပေါ်တွင် အတော်လေး ဖရိုဖရဲ ဖြစ်နေသည့် ပုံစံဖြင့် ထိုင်နေသည်။
သူမ၏ ပြည့်လျှံလှသော ရင်သားအစုံမှာ အသက်ရှူလိုက်တိုင်း သိသိသာသာ နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။
ကြည့်ရသည်မှာ သူမမှာ အသက် (၁၇) (၁၈) နှစ်ခန့်သာ ရှိဦးမည်ဖြစ်ပြီး ကြည်လင်တောက်ပသော မျက်ဝန်းအစုံမှာ အလွန်ပင် စင်ကြယ်လှသည်။
သို့သော် ယခုအခါ သူမ၏ အရှိန်အဝါမှာ မှေးမှိန်နေပြီး နဖူးပေါ်မှ ချွေးစက်များမှာ ပဲစေ့ခန့်အထိ အဆက်မပြတ် စီးကျနေသည်။
အလွန်ပင် နာကျင်ခံစားနေရပုံ ရပေသည်။
ဖြူဝင်းနုနယ်လှသော သူမ၏ လက်မောင်းမှာ ယခုအခါ မည်းနက်ပြီး ဖူးရောင်လို့နေသည်။
သူမသည် ရင်ခွင်ထဲမှ ဆေးလုံးတစ်လုံးကို ထုတ်ယူကာ မော့သောက်လိုက်သည်။
ထိုအခါ မျက်နှာတွင် သွေးရောင် အနည်းငယ် ပြန်တက်လာသော်လည်း လက်မောင်းပေါ်မှ အမည်းရောင် အဆိပ်ငွေ့များမှာ ပျောက်ကွယ်မသွားဘဲ ဝဲလှည့်နေဆဲ ဖြစ်သည်။
သူမ၏ လက်ချောင်းထိပ်မှ တစ်စက်စက် ကျလာသော သွေးစက်များမှာ မြေပြင်ပေါ်သို့ ကျသည်နှင့် တစီစီ မြည်သံပေးကာ အခိုးအငွေ့များ ထွက်လာသည်။
မြက်ပင်၊ သစ်ပင်များမှာလည်း ထိုသွေးနှင့် ထိသည်နှင့် ချက်ချင်း ညှိုးနွမ်းသေဆုံးသွားရာ အဆိပ်မှာ မည်မျှအထိ ပြင်းထန်ကြောင်း သိသာလှသည်။
သူမ အသက်ကို ခက်ခက်ခဲခဲ ရှူနေရစဉ်မှာပင် မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားကာ ခါးကြားမှ ဓားရှည်ကို ဆွဲထုတ်လိုက်ပြီး သစ်ပင်ကြီးတစ်ပင်၏ နောက်သို့ အေးစက်စွာ လှမ်းကြည့်လိုက်သည်။
"ထွက်လာခဲ့စမ်း နင်တို့ ယုံမင်ရှန်း က လူတွေဟာ တကယ်ပဲ မြောင်းထဲက ပိုးဟပ်တွေလိုပဲ "
စကားအဆုံးတွင် အရိပ်အမှောင်ထဲမှ လူနှစ်ယောက် ထွက်လာသည်။
တစ်ဦးမှာ ဝတ်စုံနက်နှင့် လူငယ်တစ်ဦးဖြစ်ပြီး နောက်တစ်ဦးမှာမူ ကြင်နာတတ်မည့်ပုံရှိသော အဖိုးအိုတစ်ဦး ဖြစ်သည်။
ဝတ်စုံနက်လူငယ်၏ မျက်ဝန်းများမှာ တောရဲတိရစ္ဆာန်တစ်ကောင်ကဲ့သို့ အေးစက်စက် အလင်းတန်းများ ထွက်ပေါ်နေကာ ကြည့်ရသူကို ကျောချမ်းစေသည်။
လှပသော မျက်နှာရှိသော်လည်း ရင်သားအစုံမှာ ထူးထူးခြားခြား ပြည့်ဖြိုးလှသည့် ထိုမိန်းကလေးကို ကြည့်ရင်း သူသည် သားကောင်ကို ဖမ်းမိထားသည့် မုဆိုးတစ်ဦးကဲ့သို့ ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်သည်။
"ရှောင်းရန်... အဲဒီ တံဆိပ်ပြားကိုသာ ကောင်းကောင်းမွန်မွန် အပ်လိုက်စမ်းပါ။ ပြီးရင် ကိုယ်တော်နဲ့အတူ တူနှစ်ကိုယ်ကျင့်စဉ် ကျင့်ကြံကြတာပေါ့၊ မင်းအတွက် နတ်ဘုရားလို ပျော်ရွှင်စေရမယ်လို့ ငါ အာမခံတယ်"
"တောက် ယုတ်မာလိုက်တာ "
မိန်းကလေးက ဒေါသတကြီး အော်ဟစ်လိုက်သည်
"ဒီလို ယုတ်မာတဲ့ အပြုအမူတွေအတွက် နင် ခွေးလို သေဘေးသင့်မှာ သေချာတယ် "
ဝတ်စုံနက်လူငယ်မှာမူ ရှောင်းရန်ကို အေးအေးလူလူ ကြည့်ရင်း အေးစက်စွာ ရယ်မောလိုက်သည်။
သူ့အမည်မှာ ကျိပေါ်ချန် ဖြစ်ပြီး ယုံမင်ရှန်းဂိုဏ်း၏ ထိုမျိုးဆက်တွင် အတော်ဆုံး ပါရမီရှင် တစ်ဦး ဖြစ်သည်။
လွန်ခဲ့သော သုံးနှစ်ကတည်းက ဒုတိယအဆင့် ယင်ဝိညာဉ် အထွတ်အထိပ်သို့ ရောက်ရှိနေသူလည်း ဖြစ်သည် ။
ယခုတစ်ခေါက် ထောင်ယွမ်ရှန်း နတ်ဘုရားနယ်မြေ ပေါ်ထွက်လာမှုသည် ပါရမီရှင်များစွာနှင့် အင်အားကြီး ပညာရှင်ဟောင်းများကို ဆွဲဆောင်ထားသည်။
အကယ်၍ သူသာ ရှောင်းရန်လက်ထဲမှ တံဆိပ်ပြားကို ရရှိမည်ဆိုပါက နတ်ဘုရားဆုလာဘ် ရရှိရန် အခွင့်အရေး ပိုများလာမည် မဟုတ်ပါလား။
ထို့ကြောင့် သူ အလွယ်တကူ လက်လွှတ်မည် မဟုတ်ချေ။
ဝေမြို့လေးကဲ့သို့ နေရာမျိုးတွင် ဂိုဏ်းကြီးများမှ ပါရမီရှင်များနှင့် အဆင့်မြင့်ကျင့်ကြံသူကြီးများ ကိုယ်တိုင် လက်မပါသရွေ့ ကျန်သည့်သူများမှာ သူ့အတွက် ခြိမ်းခြောက်မှု မဖြစ်နိုင်ဟု သူ ယူဆထားသည်။
ယခင်က ချင်းယွဲ့ထန် နတ်ဘုရားနယ်မြေ ပွင့်စဉ်က သူသည် တရားထိုင်ကျင့်ကြံနေသဖြင့် လွဲချော်ခဲ့ရပြီး အခြားသူတစ်ယောက်ကို နာမည်ကြီးခွင့် ပေးလိုက်ရသည်။
ယခုတစ်ခေါက်တွင်မူ ကျိပေါ်ချန်သည် လူကိုလည်းရ၊ တံဆိပ်ပြားကိုလည်းရအောင် ယူမည်ဟု ဆုံးဖြတ်ထားသည်။
"တာအိုဂိုဏ်းရဲ့ နာမည်ကြီး အလှလေးတွေထဲက တစ်ယောက်ဆိုတော့ တကယ်ကို ချစ်စရာကောင်းတာပဲ"
ကျိပေါ်ချန်၏ အပြုံးမှာ ကြည့်ရသူကို အလွန်ပင် စိတ်အနှောင့်အယှက် ဖြစ်စေသည်။
ချန်နိုင်ငံ တွင် မဟာယာနဗုဒ္ဓဘာသာနှင့် တာအိုဘာသာမှာ အလွန်ပင် ထွန်းကားလှရာ တာအိုကျောင်းတော်များတွင် ငယ်ရွယ်လှပသော တာအိုမယ် များစွာ ရှိကြသည်။
ရှောင်းရန်မှာ ထိုထဲတွင် ထိပ်တန်း တပည့်တစ်ဦး ဖြစ်သည်။
သူမသည် စကားကိုကြားသော် မျက်နှာအေးစက်သွားကာ ဓားရှည်ကို လှုပ်ယမ်းလိုက်ရာ အေးစက်သော ဓားရိပ်များ ထွက်ပေါ်လာပြီး စိမ်းပြာရောင် ကြာပန်းတစ်ပွင့်အသွင် ဖန်ဆင်းကာ ကျိပေါ်ချန်ကို ဝန်းရံလိုက်သည်။
ကျိပေါ်ချန်က လက်ကို မြှောက်လိုက်ရာ လက်ဖျားမှ ကြေးညိုရုပ်သေးရုပ်လေး တစ်ခု ထွက်လာပြီး ထိုကြာပန်းဓားရိပ်ကို တိုက်ရိုက် တိုက်ခိုက်ဖျက်ဆီးပစ်လိုက်သည်။
ထို့နောက် ရှောင်းရန်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။
ဒေါင်
ရှောင်းရန်၏ ဓားရှည်မှာ ကြေးညိုရုပ်သေးရုပ်နှင့် ထိမှန်သွားကာ နားကွဲလုမတတ် သတ္တုချင်း ထိခိုက်သံ ထွက်ပေါ်လာပြီး မီးပွင့်များ လွင့်စင်သွားသည်။
သူမ၏ ဓားရှည်မှာ အက်ကွဲရာများစွာ ထင်ကျန်ရစ်ခဲ့သည်။
ထိုထူးဆန်းသော ကြေးညိုရုပ်သေးမှာ ရွှေဝတ်ဘီလူးရုပ် ကိုပင် ဆွဲဖြဲနိုင်စွမ်း ရှိပြီး အလွန်မာကျောကာ တိုက်ခိုက်မှု အလွန်ပြင်းထန်လှသည်။
ထိုစဉ် အမည်းရောင် မြူတိမ်ကြီးတစ်ခုက ရှောင်းရန်ကို လွှမ်းခြုံလာသည်။
သေချာကြည့်လိုက်ပါက ၎င်းတို့မှာ အရောင်အသွေး စုံလင်လှသော ပျံလွှားပိုးကောင်များ ဖြစ်နေသည်။
၎င်းမှာ နန်ကျန်း၏ အင်းအတတ်ဖြစ်သော အဆိပ်အင်းစက် ပင် ဖြစ်ပြီး ပြင်းထန်လှသော အဆိပ်အတောက်များ ပါဝင်နေသည်။
သူမ၏ လက်မောင်းမှာလည်း အဆိပ်ပျား အတုပ်ခံရခြင်းကြောင့် ကျင့်စဉ်စွမ်းအားများ လှည့်ပတ်ရာတွင် အဟန့်အတား ဖြစ်နေရခြင်း ဖြစ်သည်။
"ရွှေဝတ်ဘီလူး... မိစ္ဆာကို နှိမ်နင်းစမ်း "
ရှောင်းရန်က အော်ဟစ်လိုက်ရာ သူမ၏ ခါးကြားမှ အဝါရောင် အဆောင်တစ်ရွက် ပျံထွက်လာပြီး လေထုထဲတွင် ကြီးမားထွားကျိုင်းလှသော ဘီလူးရုပ်ကြီးအဖြစ် ပြောင်းလဲသွားသည်။
၎င်းမှာ တာအိုဂိုဏ်း၏ နတ်ဘုရားစေခိုင်းခြင်း အတတ်ပင် ဖြစ်၏။
ထိုရွှေဝတ်ဘီလူး၏ ကိုယ်ပေါ်တွင် မီးတောက်များ ထွက်ပေါ်လာပြီး အမည်းရောင်မြူတိမ်ကို တားဆီးလိုက်သည်။
သို့သော်လည်း အချို့သော အဆိပ်ပိုးကောင်များမှာ ထိုမီးတောက်များကိုပင် မကြောက်ဘဲ ဘီလူးရုပ်ကြီး၏ ကိုယ်ကို ကိုက်ခဲဖျက်ဆီးပစ်လိုက်ကြသည်။
ရှောင်းရန်မှာ ခေါင်းများ ပိုမိုမူးဝေလာပြီး လက်မောင်းမှ အဆိပ်များမှာ နှလုံးသားဆီသို့ ပျံ့နှံ့လာနေသည်။
သူမသည် ကိုယ်တွင်းရှိ ကျင့်စဉ်စွမ်းအားများကို သုံး၍ အတင်းအကျပ် ဖိနှိပ်ထားရရှာသည်။
ရုတ်တရက် သူမ၏ မျက်နှာမှာ ဖြူလျော့သွားသည်။
ကျိပေါ်ချန်၏ လက်ထဲရှိ လူခေါင်းပြတ်တစ်ခုဆီမှ ထူထပ်လှသော မိစ္ဆာအငွေ့အသက်များ ထွက်ပေါ်လာသည်။
ထိုခေါင်းပြတ်မှာ တိုင်းတစ်ပါးသား ပုံစံရှိပြီး မျက်လုံးများကို စုံမှိတ်ထားသည်။
ထိုလူခေါင်းမှာ ရှောင်းရန်ဆီသို့ တဟုန်ထိုး ပြေးဝင်လာရာ သူမက ဓားဖြင့် တားဆီးလိုက်သော်လည်း
တောက်
ဓားရှည်မှာ ထိုလူခေါင်း၏ ကိုက်ခဲခြင်းကို ခံလိုက်ရပြီး ဝုန်းခနဲ ကျိုးပဲ့သွားတော့သည်။
ရှောင်းရန်၏ မျက်ဝန်းထဲတွင် ထိတ်လန့်သွားသည့် အရိပ်အယောင်များ ပေါ်လာသည်။
ထိုမျှအထိ ထူးဆန်းလှသော လူခေါင်းပြတ်ပါတကား။
သူမသည် နန်ကျန်းအင်းစက်အတတ်ကို ကျွမ်းကျင်သော ထိုအဖိုးကြီးကို အလွန်ပင် မုန်းတီးမိသည်။
အကယ်၍ ထိုအဖိုးကြီးသာ မပါလျှင် သူမသည် ထိုမျှအထိ အခြေအနေ ဆိုးမည်မဟုတ်ချေ။
သူမ၏ ပြင်းထန်သော ဓားကွက်များစွာကို ထိုအဖိုးကြီးက အတင်းအကျပ် တားဆီးခဲ့သောကြောင့် ကျင့်စဉ်စွမ်းအားများစွာ ကုန်ခမ်းခဲ့ရခြင်း ဖြစ်သည်။
အဆိပ်မိထားသဖြင့် သူမ၏ အစွမ်းမှာ သုံးပုံတစ်ပုံတောင် မရှိတော့ချေ။
နန်ကျန်းလူမျိုးနှင့် လုံးဝမတူဘဲ ကြင်နာတတ်သည့်ပုံပေါက်သော ထိုအဖိုးအိုက ရာဂစိတ်ပါဝင်သော အပြုံးဖြင့် ပြောလိုက်သည်
"ကျိသခင်လေး... စိတ်မပူပါနဲ့။ ဒီမိန်းကလေး သေသွားရင်တောင်မှ သူမရဲ့ ရုပ်အလောင်းကို အသက်ရှင်နေသလိုမျိုး လှလှပပဖြစ်အောင် အဖိုးကြီး လုပ်ပေးနိုင်ပါတယ်"
***