ရှောင်းရန်သည် စကားကိုကြားသော် အနည်းငယ် ကြောင်အမ်းသွားပြီး အံ့အားသင့်စွာဖြင့် နောက်သို့ လှည့်ကြည့်လိုက်မိသည်။
ထိုအချိန်ရောက်မှသာ ဤတာအိုဆရာ လူငယ်၏ မျက်နှာကို အနီးကပ် သေချာမြင်လိုက်ရတော့သည်။
မျက်ခုံးအစုံက ဓားကဲ့သို့ တင့်တယ်ပြီး မျက်ဝန်းများက ကြယ်တာရာပမာ တောက်ပနေကာ ကြည့်ကောင်းလွန်းသဖြင့် အသက်ရှူမှားလောက်စရာပင်။
ထိုကဲ့သို့ အသက်ဘေးနှင့် ကြုံနေရသည့် အခြေအနေမျိုးမှာပင် ရှောင်းရန်မှာ ရင်ခုန်သံ မြန်လာပြီး အသက်ကို ခေတ္တမျှ အောင့်ထားမိသွားသည်။
တကယ်ကို ကြည့်ကောင်းလွန်းတဲ့ တာအိုဆရာလေးပါလား
လီယန်ချူမှာ သူမ ကြောင်အမ်းအမ်း ဖြစ်နေသည်ကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်မိသည်။
ဒီမိန်းကလေး ဘာဖြစ်နေတာလဲ၊ ဒီလိုအချိန်မျိုးမှာ ဘာလို့ စိတ်လေနေရတာလဲ သူ၏ အမြင်တွင်မူ ဤအပြုအမူမှာ ကျင့်ကြံသူတစ်ဦးအတွက် အလွန်ပင် ပေါ့ဆလွန်းသည်ဟု ယူဆသည်။
သို့သော် တစ်ဖက်လူမှာ စေတနာနှင့် ကူညီချင်ပုံရသဖြင့် သူ ဘာမှမပြောတော့ဘဲ ခြေတစ်လှမ်း တိုးကာ ရှေ့သို့ ပြေးထွက်လိုက်သည်။
တစ်ဖက်တွင်မူ အနီရောင် မင်္ဂလာဝတ်စုံ ဝတ်ဆင်ထားသည့် သရဲသတို့သမီး မှာ ခန္ဓာကိုယ် အပြည့်အဝ ထင်ရှားလာပြီး ပြင်းထန်လှသော မိစ္ဆာအငွေ့အသက်များ က ပတ်ဝန်းကျင်ကို လွှမ်းမိုးထားသည်။
"မင်းတို့လို အောက်တန်းစား အတွဲကို ဒီနေ့ ငါကိုယ်တိုင် ချေမှုန်းပစ်မယ် "
ကျိပေါ်ချန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
ထိုစဉ်မှာပင် သရဲသတို့သမီးက သူမ၏ လက်မောင်းကို အနည်းငယ် မြှောက်လိုက်ရာ ရှောင်းရန်မှာ ရင်ထဲတွင် တင်းကျပ်သွားပြီး သွေးများပင် ခဲမတတ် အေးစက်မှုကို ခံစားလိုက်ရသည်။
သို့သော် လီယန်ချူမှာမူ မည်သည့်သက်ရောက်မှုမျှ မရှိဘဲ ရှေ့သို့ တိုးသွားကာ ဓားဖြင့် တစ်ချက် ပိုင်းချလိုက်ရာ သရဲသတို့သမီး၏ ခေါင်းမှာ ပြတ်ထွက်ပြီး မြေပြင်ပေါ်တွင် လိမ့်သွားတော့သည်။
ထို့နောက် လီယန်ချူ၏ မျက်ဝန်းထဲတွင် ရက်စက်သော အရိပ်အယောင်များ ပေါ်လာပြီး ကျိပေါ်ချန်၏ လည်ပင်းဆီသို့ ကျန့်ကျောင်းဓား ဖြင့် လျင်မြန်ပြင်းထန်စွာ ပိုင်းဖြတ်လိုက်ပြန်သည်။
ကျိပေါ်ချန်၏ မျက်စိသူငယ်အိမ်များ ကျုံ့သွားကာ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
သူ၏ အကြီးမားဆုံး ဖဲချပ်ဖြစ်သော သရဲသတို့သမီး ခေါင်းဖြတ်ခံလိုက်ရသည့် အဖြစ်ကိုပင် အံ့သြ၍ မဆုံးသေးခင်မှာပင် ထိုတိုက်ခိုက်မှုက ရောက်လာခြင်း ဖြစ်သည်။
သို့သော် ဓားမှာ ကျိပေါ်ချန်၏ ကိုယ်ပေါ်သို့ မရောက်ခဲ့ချေ။
ခေါင်းပြတ်နေသော သရဲသတို့သမီးမှာ ကျိပေါ်ချန်၏ ရှေ့တွင် အတင်းအကျပ် ကာကွယ်ပေးလိုက်သဖြင့် သူမ၏ ခန္ဓာကိုယ်မှာ ခါးလယ်မှ ပိုင်းဖြတ်ခံလိုက်ရပြန်သည်။
ကြည့်ရသည်မှာ သူတို့ကြားတွင် မပြတ်နိုင်သော သံယောဇဉ်တစ်ခု ရှိနေသည့်အလားပင်။
ထိုသို့ ခေတ္တမျှ တားဆီးပေးလိုက်သည့် အခိုက်အတန့်တွင် ကျိပေါ်ချန်သည် သူ၏ ကိုယ်ပေါ်ရှိ အခြား အကာအကွယ် မှော်လက်နက် တစ်ခုကို အသက်သွင်းလိုက်သည်။
၎င်းမှာ အလွန်ပင် ပြောင်ချောနေသည့် အဖြူရောင် အရိုးစလေး တစ်ခုဖြစ်ပြီး မည်သည့် သားရဲကြီး၏ အရိုးမှန်း မသိရချေ။
ဝုန်း
မမြင်ရသော လှိုင်းလုံးကြီးတစ်ခု ဘေးပတ်ပတ်လည်သို့ ပျံ့နှံ့သွားပြီး ကျိပေါ်ချန်မှာ ထိုအရှိန်ဖြင့် ထွက်ပြေးလွတ်မြောက်သွားကာ အသက်ဘေးမှ သီသီလေး လွတ်သွားရသဖြင့် တုန်လှုပ်နေမိသည်။
ကိုးကြိမ်တိုင်တိုင် အဆင့်မြင့်ထားသည့် ကျန့်ကျောင်းဓားကို ထိုအရိုးစက တားဆီးနိုင်သည့်အပေါ် လီယန်ချူ အနည်းငယ် အံ့အားသင့်သွားသည်။
သို့သော် သူသည် နတ်ဘုရားခြေလှမ်း အတတ်ကို အသုံးပြု၍ နောက်မှ ထပ်ကြပ်မကွာ လိုက်လေသည်။
ထိုအရိုးစမှာ အစွမ်းကုန်သွားသဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီ ဖြစ်သည်။
ကျိပေါ်ချန်မှာ နောက်ထပ် ထိုကဲ့သို့ အရိုးစတစ်ခုကို ထပ်မံ ထုတ်ယူလိုက်ပြန်သည်။
"မင်းမှာ ပစ္စည်းတွေ တော်တော်များတာပဲ "
လီယန်ချူက အေးစက်စွာ ပြုံးရင်း ကျန့်ကျောင်းဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သည်။
ထိုအရိုးစကို သုံးပြီး သူ၏ လက်သီးခွန်အား မည်မျှရှိသည်ကို စမ်းသပ်ကြည့်ရန် အကောင်းဆုံးပင်။
သူ၏ ခန္ဓာကိုယ်မှ သွေးသားအရှိန်အဝါ များမှာ နေမင်းကြီးပမာ ကောင်းကင်သို့ ထိုးတက်သွားပြီး လက်သီးတစ်ချက် ထိုးလိုက်ရာ သူ၏ နောက်ကျောတွင် ကြီးမားထွားကျိုင်းလှသော နတ်ဘုရားပုံရိပ်နှစ်ခု ပေါ်ထွက်လာကာ သူနှင့်အတူ တစ်ပြိုင်နက် လှုပ်ရှားလိုက်ကြသည်။
၎င်းမှာ သူ၏ သိုင်းပညာဆန္ဒနှင့် နတ်ဘုရားစွမ်းအားများ ပေါင်းစပ်ပေါ်ထွက်လာခြင်း ဖြစ်ပြီး နတ်ဘုံမှ နတ်မင်းကြီးများ ဆင်းသက်လာသကဲ့သို့ ခန့်ညားလှပေသည်။
မြေပြင်များ တုန်ခါသွားကာ တောင်ကြီး တစ်ခုလုံး လှုပ်ခါသွားတော့သည်။
ထိုအရိုးစမှာ အစွမ်းများ ပျက်ပြယ်သွားရုံတင်မကဘဲ ပြင်းထန်လှသော လက်သီးရှိန်ကြောင့် ကျိပေါ်ချန်၏ ခန္ဓာကိုယ်မှာ အမှုန့်ပင် ဖြစ်သွားတော့သည် ယခင်ကထက် ပိုမိုကြီးမားသော လှိုင်းလုံးကြီးများ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားပြီး ဖုန်မှုန့်များနှင့် ကျောက်ခဲများမှာ မှိုပွင့်ကြီးတစ်ခုပမာ လေထဲသို့ လွင့်ပျံသွားသည်။
တောအုပ်တစ်ခုလုံး ဖျက်ဆီးခံလိုက်ရကာ မြေပြင်မှာလည်း မီးလောင်ပြင်ကဲ့သို့ ဖြစ်သွားရသည်။
ရှောင်းရန်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားကာ အံ့သြတုန်လှုပ်နေမိသည်။
သူမ၏ ပြည့်ဖြိုးလှသော ရင်သားအစုံမှာလည်း အသက်ရှူမြန်နေသဖြင့် နိမ့်ချည်မြင့်ချည် ဖြစ်နေကာ စိတ်ကို အချိန်အတော်ကြာအောင် ပြန်မထိန်းနိုင် ဖြစ်နေရသည်။
လီယန်ချူကိုယ်တိုင်လည်း အနည်းငယ် အံ့သြသွားကာ
"နောက်ဆို ငါ့ကိုယ်ငါ လက်သီးတစ်ချက် တာအိုဆရာ လို့ ခေါ်ရတော့မလား "
ဟု တွေးလိုက်မိသည်။
သူသည် စစ်တလင်းကို ရှင်းလင်းလိုက်သော်လည်း ဘာမှ ရှာမတွေ့ခဲ့ချေ။
သာမန် မှော်လက်နက်များမှာ စောစောက လက်သီးချက်ကြောင့် အစအနပင် မကျန်တော့ဘဲ ပျက်စီးသွားပြီ ဖြစ်သည်။
မြေပြင်ပေါ်တွင် ကျန်ရစ်သည့် အရိုးစနှစ်ခုကိုသာ ကောက်ယူပြီး ရင်ခွင်ထဲသို့ ထည့်လိုက်သည်။
ထိုအချိန်တွင် ရှောင်းရန်မှာ ကြောင်အမ်းအမ်းဖြင့် ရပ်နေရင်းမှ ရုတ်တရက်
"ဝေါ့..."
ခနဲ အသံနှင့်အတူ အမည်းရောင် သွေးများကို အန်ထုတ်လိုက်သည်။
ထိုသွေးများ မြေပြင်ပေါ်ကျသည်နှင့် တစီစီ မြည်ကာ အဖြူရောင်အငွေ့များ ထွက်လာသည်။
သူမ၏ စိတ်လှုပ်ရှားမှုကြောင့် အဆိပ်မှာ နှလုံးသားထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီ ဖြစ်သဖြင့် အသက်ရှင်ရန် မျှော်လင့်ချက် မရှိသလောက်ပင်။
သူမသည် ဒူးတစ်ဖက် ထောက်ကျသွားကာ မျက်နှာတစ်ခုလုံး မည်းနက်နေပြီး သူမ၏ ဘဝဇာတ်ကြောင်းများက ဦးနှောက်ထဲတွင် ရုပ်ရှင်ကားချပ်များကဲ့သို့ တစ်ခုပြီးတစ်ခု ပေါ်လာတော့သည်။
တောင်ပေါ်မှာ ကျင့်ကြံခဲ့စဉ်က မြင်ကွင်း၊ ဆရာနှင့် စကားများခဲ့သည့် ပုံရိပ်၊ စီနီယာအစ်မနှင့် ဓားရေးကျင့်ခဲ့ပုံ၊ စီနီယာအစ်ကို၏ လိုက်ဖူးခြင်းကို ခံရပုံ၊ ပထမဆုံးအကြိမ် မိစ္ဆာသတ်ခဲ့ပုံ... နောက်ဆုံးတွင်မူ မျက်ခုံးအစုံ တင့်တယ်လှပသည့် အမျိုးသားတစ်ဦး၏ မျက်နှာမှာ ပေါ်လာပြီး အဆုံးသတ်သွားသည်။
ထိုမျက်နှာမှာ ယခု သူမ၏ ရှေ့တွင် ရပ်နေသည့် လူနှင့် တစ်ထပ်တည်း ကျနေသည်။
ရှောင်းရန်မှာ ကျေးဇူးတင်စိတ်များ ပြည့်လျှံနေမိသည်။
ထိုကြည့်ကောင်းလှသော တာအိုဆရာလေးက သူမကို အသက်မကယ်နိုင်ခဲ့သော်လည်း သူမအတွက် ကလဲ့စား ချေပေးခဲ့သည် မဟုတ်ပါလား။
သူမအနေဖြင့် ကျေးဇူးတင်စကား ပြောချင်သော်လည်း သတိမှာ ပို၍ မှေးမှိန်လာကာ အမှောင်ထုထဲသို့ ကျဆင်းသွားသလို ခံစားနေရသည်။
လီယန်ချူက ရင်ဘက်ထဲမှ ကပ်ကျော်အဆောင်တစ်ရွက်ကို ထုတ်ယူကာ ရှောင်းရန်၏ နဖူးပေါ်သို့ တိုက်ရိုက် ကပ်လိုက်သည်။
ခဏချင်းမှာပင် ရှောင်းရန်၏ မည်းနက်နေသော မျက်နှာမှာ ပြန်လည် နီမြန်းလာပြီး သွေးရောင် ပြန်တက်လာတော့သည်။
ရှောင်းရန် : "..."
ကပ်ကျော် အဆောင်သည် အင်းစက်အဆိပ်၊ ကျိန်စာနှင့် အဆိပ်အတောက် အားလုံး၏ ကာကွယ်ဖျက်ဆီးနိုင်သော အစွမ်းရှိရာ ရှောင်းရန်၏ ကိုယ်ထဲမှ အဆိပ်များကို ချက်ချင်းပင် ဖယ်ရှားပေးလိုက်ခြင်း ဖြစ်သည်။
ရှောင်းရန်မှာ အံ့အားသင့်သွားကာ
"ဒါ ဘယ်လိုမျိုး နတ်ဘုရားအတတ်ပညာလဲ "
ဟု အားကျစွာ တွေးနေမိသည်။
"နေလို့ ကောင်းသွားပြီလား "
လီယန်ချူက မေးလိုက်၏။
"ကောင်းသွားပါပြီ"
ရှောင်းရန်က ခေါင်းညိတ်ပြသည်။
လီယန်ချူကလည်း ခေါင်းညိတ်ပြလိုက်ပြီး ထွက်သွားရန် ပြင်လိုက်သည်။
အင်းစက်အတတ် ကျင့်သူကို ခြေရာခံရင်းနှင့် အမှတ်မထင် မိန်းကလေးငယ်တစ်ဦးကို ကယ်တင်လိုက်မိခြင်း ဖြစ်သည်။
သူ၏ ဦးနှောက်ထဲတွင် တောက်ပလှသော မျက်နှာအချို့နှင့် သူရဲကောင်းက မိန်းမလှကို ကယ်တင်ခြင်း ကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ပြဿနာများကို တွေးမိကာ နတ်ဘုရားခြေလှမ်းအတတ်ကို အသုံးပြု၍ ချက်ချင်းပင် ထွက်ခွာသွားတော့သည်။
ရှောင်းရန်မှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ကြည့်ကောင်းလှသည့် တာအိုဆရာလေး ပျောက်ကွယ်သွားသဖြင့် လေထဲတွင် ကြောင်အမ်းအမ်းဖြင့် ကျန်ရစ်ခဲ့တော့သည်။
လီယန်ချူ ဝေမြို့ထဲသို့ ပြန်ရောက်သောအခါ ဝမ်အရာရှိကို ရှာလိုက်သည်။
"အဲဒီ မိစ္ဆာကောင်ကို ငါ သတ်လိုက်ပြီ"
ဝမ်အရာရှိက ခေါင်းညိတ်ပြီး
"ရပါတယ် တာအိုဆရာ၊ ဝေမြို့ကြီးက အကျယ်ကြီးဆိုတော့ လူတစ်ယောက်ကို ရှာရတာ ခက်..."
သူ ပြောရင်းမှ ရုတ်တရက် အသိဝင်ကာ ခေါင်းကို မော့လိုက်ပြီး အံ့သြတုန်လှုပ်စွာ မေးလိုက်သည်။
"သတ်လိုက်ပြီ ဟုတ်လား "
လီယန်ချူဆီမှ အတည်ပြုချက် ရပြီးနောက် ဝမ်အရာရှိမှာ သက်ပြင်းချရင်း
"အဲဒီ မိစ္ဆာကောင်ရဲ့ အလောင်းကော "
ဟု မေးမိသည်။
"လက်နည်းနည်း ပြင်းသွားလို့ ပျောက်သွားပြီ"
လီယန်ချူက အေးဆေးစွာ ပြောလိုက်၏။
ဝမ်အရာရှိ : "..."
လီယန်ချူ၏ စကားကို သူ လုံးဝ မသံသယဖြစ်ချေ။
ထို တာအိုဆရာလေးမှာ သူ၏ စိတ်ထဲတွင် ဝေမြို့၏ အစောင့်အရှောက် နတ်ဘုရားပင် ဖြစ်နေလေပြီ။
ရုံးတော်ကလည်း ထိုကိစ္စကို ချက်ချင်း အမှုပိတ်လိုက်ပြီး ကြေညာချက် ထုတ်ပြန်လိုက်တော့သည်။
ဝေမြို့ပြင်၊ လီယန်ချူ တိုက်ခိုက်ခဲ့သည့် နေရာ
ထိုနေရာမှာ ဟာလာဟင်းလင်း ဖြစ်နေပြီး ရှေးဟောင်း သားရဲကြီး တစ်ကောင်က ဖျက်ဆီးသွားသကဲ့သို့ ပျက်စီးနေသည်။
ရှောင်းရန်မှာ ထိုနေရာမှာ မရှိတော့ဘဲ ထိုကြည့်ကောင်းလွန်းသည့် တာအိုဆရာလေးကို ရှာနိုင်မလားဆိုသည့် မျှော်လင့်ချက်ဖြင့် မြို့ထဲသို့ ဝင်သွားပြီ ဖြစ်သည်။
ထိုစဉ် လူအချို့ ထိုနေရာသို့ ရောက်လာကြသည်။
မက်မွန်သားဓားကို လွယ်ထားသည့် စုတ်ချာချာ တာအိုအဘိုးကြီး တစ်ဦးက လက်ထဲမှ သံလိုက်အိမ်မြှောင်ကို ကြည့်ရင်း ထိတ်လန့်သွားကာ
"တကယ့်ကို ပြင်းထန်တဲ့ ယန် စွမ်းအင် ပါလား "
ဤနေရာမှ မိစ္ဆာအငွေ့အသက် အားလုံးမှာ သန့်စင်ခြင်း ခံထားရသဖြင့် တရားသောလမ်းစဉ်မှ ပညာရှင်တစ်ဦးက မိစ္ဆာနှိမ်နင်းသွားခြင်းမှာ ထင်ရှားလှသည်။
သို့သော် ထိုဖျက်ဆီးနိုင်စွမ်းက မလွန်လွန်းဘူးလား
အဘိုးကြီး စဉ်းစားနေစဉ်မှာပင် ဝက်ကဲ့သို့ ဝဖြိုးနေသည့် ကိုယ်တော်တစ်ပါး ရောက်လာပြီး ပြုံးကာ နှုတ်ဆက်လိုက်သည်။
"ချောင်တာအိုဆရာ... အရောက်မြန်လှချေလား"
"ကိုယ်တော် ပင်ခုန်း... မင်းလည်း ဒီကို လာရှုပ်တာလား"
စုတ်ချာချာ တာအိုအဘိုးကြီးက ပြောလိုက်သည်။
"အာမိတာဘ... နတ်ဘုရားနယ်မြေ ပွင့်တော့မှာဆိုတော့ တာအိုဆရာ လာလို့ရရင် ကိုယ်တော်ကော လာလို့မရဘူးလား "
ဝဖြိုးသော ကိုယ်တော်က ပြုံးရင်း ဆိုသည်။
တာအိုအဘိုးကြီးက နှာခေါင်းရှုံ့လိုက်ပြီး
"ဝေမြို့မှာ ဒီလို ကျင့်ကြံသူ အဆင့်မြင့် ပုဂ္ဂိုလ်ကြီး တစ်ပါး ရှိနေတာဆိုတော့ ဒီတစ်ခေါက် မင်းလည်း အလကား ပြန်ရမှာကို ငါ စိုးရိမ်မိတယ်"
ကိုယ်တော်က ရယ်မောကာ
"မင်းကလည်း မရိုးသားလိုက်တာ၊ ငါ့ကို အယုံလွယ်တယ် ထင်နေလား ခုနက တိုက်ခိုက်သွားတာ တတိယအဆင့် အထက် ပုဂ္ဂိုလ်ကြီး ဖြစ်မှာ သေချာတယ်။ ဒီလို ပုဂ္ဂိုလ်ကြီးတွေက နဂါးလိုပဲ မြင်ရခဲပြီး နတ်ဘုရားနယ်မြေထဲကိုလည်း ဝင်မှာ မဟုတ်ဘူး၊ ငါ့ကို လာမခြောက်ပါနဲ့"
တာအိုအဘိုးကြီးက ထပ်မံ နှာခေါင်းရှုံ့လိုက်ပြီး ထွက်သွားတော့သည်။
ဟုတ်ပါသည်၊ ထိုကဲ့သို့ ဖျက်ဆီးနိုင်စွမ်းမှာ တတိယအဆင့် ပညာရှင်တစ်ဦးသာ ဖြစ်နိုင်ပေသည်။
သူ စဉ်းစားလိုက်မိသည်မှာ ဒါလည်း ကောင်းတာပါပဲ၊ နောက်ထပ် မျက်စိမရှိတဲ့ မိစ္ဆာတွေ လာရှုပ်ရင်လည်း ဒီပညာရှင်ကြီး ရှိနေတာက သူတို့ကို ခြောက်လှန့်ပြီးသား ဖြစ်သွားတာပေါ့။
***