မှာယူထားသော အစားအသောက်များကို စားသောက်ပြီးနောက် လီယီတောင်း ခေတ္တအနားယူကာ အခန်းထဲသို့ ပြန်ဝင်ခဲ့၏။
လဲလှယ်ထားသော တံခါးအသစ်ကို စိုက်ကြည့်နေသည့် လီယီတောင်း မျက်နှာက တည်တည်ငြိမ်ငြိမ်။ ဤတံခါးကို ချီယွီချန်တို့အဖွဲ့မှ လာရောက်တပ်ဆင်ပေးထားခြင်း ဖြစ်သည်။
ထို့ပြင် သူ ပြန်ရောက်လာချိန်တွင် ဆိုင်အပြင်ဘက်၌ သူစိမ်းနှစ်ဦးကိုလည်း တွေ့လိုက်ရသေး၏။ လူရှင်းလှသည့် လမ်းပေါ်တွင် ယောင်လည်လည် လုပ်နေသည့် မျက်နှာစိမ်း နှစ်ဦးမို့ လီယီတောင်း သတိထားမိပေသည်။
ဤသို့ဖြင့် တစ်ညတာ တိတ်ဆိတ်အေးချမ်းစွာ ကုန်ဆုံးသွားခဲ့ပြန်သည်။
ထိုညတွင် လီယီတောင်း အိပ်မက်တစ်ခု မက်ခဲ့လေသည်။ လီယီနို အကြောင်းပင်။
မည်သည့်နေရာဟု အမည်တပ်ရန် ခက်ခဲသော အလွန်ထူးဆန်းသော ပတ်ဝန်းကျင်တစ်ခုတွင် လီယီနို ရှိနေသည်ဟု သူ အိပ်မက် မက်၏။
အိပ်မက်ထဲတွင် လီယီနို တစ်ယောက် အရပ်ပိုရှည်လာပြီး ပို၍လည်း လှလာ၏။ အိပ်ပျော်နေသော လီယီနိုကို တစ်နေရာမှနေ၍ စောင့်ကြည့်နေသည့် အိပ်မက်မျိုး ဖြစ်သော်လည်း သူမ၏ ဘေးနားတွင် အနားကပ်ထိုင်နေရသကဲ့သို့ ခံစားချက်မျိုး ရနေလေသည်။
လီယီတောင်း နိုးလာချိန်တွင် မနက် ၈ နာရီပင် ကျော်နေလေပြီ။ သို့သော် ရင်းနှီးနေသော နွေးထွေးသည့် နေရောင်ခြည်ကတော့ ပြတင်းပေါက်မှ ဖြာကျမနေပေ။
အပြင်ဘက်မှ မှိုင်းညို့နေသော ရာသီဥတုမှာ တစ်စုံတစ်ဦး၏ စိတ်ခံစားချက်ကို ထင်ဟပ်နေသည့်အလား။ ကိုယ်လက်သန့်စင်ပြီးနောက် ဆိုင်တံခါးကို တွန်းဖွင့်၍ ထွက်လာခဲ့၏။ ဘေးဆိုင်ခန်းကို လှမ်းကြည့်လိုက်သော်လည်း ပိတ်ထားသည်ကိုသာ တွေ့ရ၏။
သူ မျက်မှောင်ကြုတ်လိုက်မိသည်။
' ဒီနှစ်ယောက် ဘယ်ပျောက်ကုန်တာလဲ... '
သူ လှည့်ပြန်လာပြီး ဖုန်းထုတ်ကာ အစားအသောက် မှာရန် ပြင်လိုက်၏။ သို့သော် ထိုအချိန်မှာပင် ကြာမြင့်စွာ စောင့်မျှော်ခဲ့ရသော စနစ်အသံက နားထဲသို့ ပဲ့တင်ထပ်လာလေသည်။
[ ကတောင်... စနစ်၏ ယာယီမစ်ရှင်တစ်ခု ပေါ်ပေါက်လာပါပြီ။ ]
[ မစ်ရှင် သတ်မှတ်ချက် - သင်သည် စနစ်၏ စည်းမျဉ်းများကို မချိုးဖောက်ဘဲ ကယ်ဆယ်ရေးမစ်ရှင်တစ်ခုကို ပြီးမြောက်အောင် ဆောင်ရွက်ရမည်။ မစ်ရှင်မှာ လက်ရှိ အန္တရာယ်နှင့် ကြုံတွေ့နေရသော လီရှင်းထင်နှင့် ကျိုးရှုရီတို့ကို ကယ်ဆယ်ရန် ဖြစ်သည်။ ]
[ မစ်ရှင် ကျရှုံးပါက ပြစ်ဒဏ်မရှိပါ။ မစ်ရှင် အောင်မြင်ပါက နတ်ဘုရား ရတနာသေတ္တာ တစ်လုံး၊ သေမင်း၏ အံ့အားသင့်ဖွယ် သေတ္တာ တစ်လုံးနှင့် အပိုဆုအဖြစ် သက်တမ်း နှစ် ၁,၀၀၀ ရရှိမည် ဖြစ်သည်။ ]
ဟမ်...
ကယ်ဆယ်ရေး မစ်ရှင်တဲ့လား... ပြီးတော့ ဒီလူနှစ်ယောက်ကို ကယ်ရမယ် ဟုတ်လား...။
လီရှင်းထင်အတွက်ကတော့ သေဆုံးရမည့် အခြေအနေ ပြောင်းလဲသွားသည်ကို သူ သတိထားမိပြီးသားမို့ အဆင်ပြေပါသေး၏။ သို့သော် ကျိုးရှုရီကတော့...။
သူမ သေဆုံးရမည့် အကြောင်းရင်းက ပဟေဠိ ဖြစ်နေဆဲ ဖြစ်သလို၊ သေရမည့် အချိန်ကလည်း ပြောင်းလဲခြင်း မရှိသေးပေ။ အချိန်တန်ရင် ဖြစ်လာမည့် ကိစ္စသာ ဖြစ်၏။
' ဘာတွေ လာနောက်နေတာလဲ... သူတို့ကို ကယ်ခိုင်းနေတာလား... '
လီယီတောင်းမှာ ယခုတစ်ကြိမ်တွင်တော့ အချက်တစ်ချက်ကို လုံးဝ လျစ်လျူရှုထားမိသည်။
၎င်းမှာ သူတို့၏ စကားထဲမှ "ကယ်ဆယ်ရေး" ဆိုသည်မှာ လက်ရှိ ကြုံတွေ့နေရသော အကျပ်အတည်းကို ရည်ညွှန်းခြင်း ဖြစ်သည်ဆိုသည့် အချက်ပင်။ တစ်နည်းအားဖြင့် ပြောရလျှင် သူတို့ ရင်ဆိုင်နေရသော ကျရောက်တော့မည့် အန္တရာယ်မှ ကယ်တင်ရန်သာ ဖြစ်၏။
သို့သော် လီယီတောင်းမှာ ကျိုးရှုရီနှင့် လီရှင်းထင်တို့ အန္တရာယ်နှင့် ကြုံတွေ့တော့မည်ကို လုံးဝ မသိရှိသေးပေ။ ထို့ကြောင့် ဤအခြေအနေတွင် သူ၏ တစ်ခုတည်းသော စဉ်းစားချက်မှာ ထိုသူနှစ်ဦး၏ လက်ရှိ သေဆုံးရမည့် အခြေအနေသာ ဖြစ်နေတော့သည်။
ခေတ္တမျှ စဉ်းစားပြီးနောက် လီယီတောင်း ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်ရ၏။
' ကယ်လို့ရရင် ကယ်မှာပေါ့... မရရင်လည်း ထားလိုက်ရုံပဲ... '
သက်တမ်း နှစ်တစ်ထောင်နှင့် ရတနာသေတ္တာ နှစ်လုံးမှာ ဆွဲဆောင်မှု ရှိသော်လည်း မကယ်နိုင်လျှင် ပြစ်ဒဏ် မရှိသည်က အားသာချက် ဖြစ်၏။ ယာယီ မစ်ရှင်များ၏ ဤအချက်မှာ အတော်လေး ကောင်းမွန်လှပေသည်။ အတင်းအကျပ် လုပ်ဆောင်ရန် မလိုပေ။
သို့သော် ကျရှုံးပါက ပြစ်ဒဏ် ရှိလျှင်တောင် လီယီတောင်းက သိပ်ပြီး ဂရုစိုက်နေမည် မဟုတ်ပေ...။
တစ်ချိန်တည်းမှာပင်…
ကျိုးရှုရီနှင့် လီရှင်းထင်တို့မှာ တစ်နေကုန် ပင်ပန်းစွာ ခရီးနှင်ပြီးနောက် လီရှင်းထင်၏ မွေးရပ်မြေသို့ နောက်ဆုံးတွင် ရောက်ရှိသွားကြလေသည်။ ထိုနေရာသို့ ရောက်ချိန်တွင် ညနေစောင်းပင် ရှိနေလေပြီ။
ထို့ကြောင့် သူတို့ မြို့ထဲတွင် တစ်ည အိပ်လိုက်ကြပြီး နောက်တစ်နေ့ မနက်တွင်မှ ရွာသို့ ပြန်ရန် ကားတစ်စီး ရှာလိုက်ကြသည်။ လီရှင်းထင်က သူမ ဘေးကင်းကြောင်း ပြောရန် အိမ်သို့ အရင် ပြန်ခဲ့၏။
မိဘများမှာလည်း သူမ၏ အတွေးနှင့် ရည်ရွယ်ချက်ကို သိသွားသောအခါ တားဆီးခြင်း မပြုကြပေ။
ဘာပဲဖြစ်ဖြစ် သူမ၏ အချစ်ဆုံး သူငယ်ချင်းမှာ သူတို့ မျက်စိရှေ့တွင် ကြီးပြင်းလာသူ မဟုတ်ပါလား။
ထို့ကြောင့် ဤကိစ္စကို သူတို့ မထောက်ခံသလို သူမကိုပင် ဖျောင်းဖျကြည့်ခဲ့ကြသေး၏။
ကံမကောင်းစွာဖြင့် မအောင်မြင်ခဲ့ပေ။ ထိုကောင်မလေးမှာ ဤမင်္ဂလာပွဲကို အထမြောက်အောင် လုပ်ဆောင်ပြီးမှ မွေးစားမိဘများနှင့် အဆက်အသွယ် အားလုံးကို ဖြတ်တောက်ရန် ဆုံးဖြတ်ချက် ခိုင်မာနေခဲ့လေသည်။
သူမ၏ မွေးစားမိဘများမှာ စိတ်သဘောထား ပြည့်ဝကောင်းမွန်သူများ မဟုတ်ကြသော်လည်း သူမကို ငယ်စဉ်တည်းက ကျွေးမွေးပြုစုထားခဲ့သည် မဟုတ်ပါလား။ ထို့ကြောင့် စီးပွားရေးလည်း မလုပ်တတ်သော သူမ အနေဖြင့် ကျေးဇူးကို ဤနည်းဖြင့်သာ ဆပ်နိုင်တော့မည် ဖြစ်၏။ ၎င်းမှာ အတော်လေး နားလည်ရခက်သော အခြေအနေ ဖြစ်သည်ဟု ဆိုရပေမည်။ သို့သော် အချို့သော လူများမှာ... ထိုကဲ့သို့ပင် ခေါင်းမာတတ်ကြလေသည်။
ဟောင်းနွမ်း ပျက်စီးနေသော ခြံဝင်းတစ်ခုနှင့် စုတ်ပြတ်နေသော အိမ်ငယ် သုံးလုံး ရှိရာသို့ သူတို့ ရောက်လာကြ၏။ လီရှင်းထင်က အခန်း တစ်ခု၏ တံခါးကို တွန်းဖွင့်လိုက်သည်။
အသက် ၂၀ ကျော်အရွယ် အမျိုးသမီး တစ်ယောက်မှာ မှန်ထဲတွင် သူမကိုယ်သူမ ငေးငိုင်စွာ ကြည့်ရင်း ထိုင်နေ၏။ တံခါးဖွင့်သံ ကြား၍ လှည့်ကြည့်လိုက်ရာ လီရှင်းထင်ကို မြင်လိုက်ရသဖြင့် မျက်လုံးများထဲတွင် အံ့အားသင့်မှုနှင့် ထိတ်လန့်မှုများ ဖြတ်ပြေးသွား၏။ သို့သော် တစ်ချိန်တည်းမှာပင် သူမ၏ အကြည့်ထဲတွင် ရှောင်လွှဲလိုသည့် အရိပ်အယောင်များလည်း ရှိနေလေသည်။
" နင် ဘာဖြစ်နေတာလဲ ယန်ချင်းယွဲ့... နင် တော်တော် မာန်တက်နေပါလား... ငါ့ဖုန်းတွေကိုတောင် မကိုင်ဘူးပေါ့... နင်က နင့်ရဲ့ ယုတ်မာတဲ့ မွေးစားမိဘတွေရဲ့ ကျေးဇူးကို ဆပ်နိုင်လောက်အောင် တော်နေတယ်လို့ ထင်နေတာလား... နင်က တကယ်ပဲ ရိုးအတာလား၊ ဒါမှမဟုတ် ဟန်ဆောင်နေတာလား... "
" ဝမ်အားကုက ဘယ်လိုလူလဲဆိုတာ နင် သိရဲ့လား... နင်က တကယ်ပဲ အဲဒီ ယွမ် ၁၈၈,၈၀၀ တန် တင်တောင်းငွေ အတွက်နဲ့ သူ့ကို လက်ထပ်တော့မှာလား... "
" ငါ နင့်ကို မကျွေးနိုင်ဘူးလို့ ထင်နေတာလား... နင် တကယ်ပဲ အဲဒီလောက်အထိ အ တာလား... ငါ့ကို ရူးအောင် လုပ်နေတာလား... "
အခန်းထဲ ရောက်သည်နှင့် လီရှင်းထင်တစ်ယောက် ဒေါသူပုန်ထ သောင်းကျန်းတော့သည်။ ရိုးရိုးသားသား ဆိုရလျှင် ဘေးတွင် ရပ်နေသော ကျိုးရှုရီပင် ကြောင်အမ်းသွားရသည်။
ပုံမှန်ဆိုရင် လီရှင်းထင်က တိတ်ဆိတ်ငြိမ်သက်တတ်သူလေ...။ အခုတော့ ဘာတွေ ဖြစ်နေတာလဲ...။ ဘာလို့ ကြမ်းတမ်းတဲ့ မိန်းမ တစ်ယောက်လို ဖြစ်နေရတာလဲ...။
ဇာတ်လမ်း အပြည့်အစုံကိုသာ မသိလျှင် ကျိုးရှုရီမှာ လီရှင်းထင် အသားလွတ်ကြီး ဆဲဆိုနေသည်ဟုပင် ထင်မိပေလိမ့်မည်။
သူတို့ ရှေ့တွင်ရှိသော ယန်ချင်းယွဲ့၏ နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့လေး တစ်ခု ပေါ်လာ၏။
" နင် မနက်စာ စားပြီးပြီလား... "
သူမက လီရှင်းထင်၏ စကားများကို ဘာမှ ပြန်မပြောဘဲ ဤမေးခွန်းကိုသာ တည်ငြိမ်စွာ မေးလိုက်လေသည်။ ကျိုးရှုရီလည်း ယန်ချင်းယွဲ့ စကားကြောင့် အူကြောင်ကြောင် ဖြစ်သွား၏။ သို့သော် လီရှင်းထင်၏ တုံ့ပြန်မှုက ကျိုးရှုရီကို ပို၍ပင် ကြောင်အမ်းသွားစေလေသည်။
" မစားရသေးဘူး... ပြောင်းဖူးဆန်ပြုတ် စားချင်တယ်... "
လီရှင်းထင်က အော်ပြောလိုက်ပြီး ချက်ချင်း ထိုင်ချလိုက်လေသည်။
" အင်း... နင် ပြန်လာမယ်ဆိုတာ ငါ သိပါတယ်... နင့်အတွက် ငါ ပြင်ဆင်ထားပြီးသား... "
ထိုသို့ပြောပြီး ယန်ချင်းယွဲ့ အခန်းထဲမှ ထွက်သွားလေသည်။ ကျိုးရှုရီ ဆွံ့အသွား၏။ ယန်ချင်းယွဲ့နှင့် လီရှင်းထင်ကို သူမ မျက်လုံးအပြူးသားဖြင့် ခဏမျှ ကြောင်ကြည့်နေမိလေသည်။
ဒီမှာ ဘာတွေ ဖြစ်နေတာလဲ...။ ဒီနှစ်ယောက်က ဂေါက်များဂေါက်နေတာလား...။
ကျိုးရှုရီ နားမလည်နိုင် ဖြစ်နေမှန်း သိ၍ လီရှင်းထင်က လက်လျှော့လိုက်သည့် လေသံဖြင့်... " ထိုင်ပြီး ခဏစောင့်ဦး... ငါ ဒီထမင်းကို မစားရင် သူ စကားပြောမှာ မဟုတ်ဘူး... "
" သူ့အကျင့်က အဲဒီလိုပဲ... သူသာ အဲဒီလောက် မခေါင်းမာရင် ငါ ဒီအထိ လူကိုယ်တိုင် လာပါ့မလား... "
" ဒါပေမဲ့... သူ့ပုံစံကို ကြည့်ရတာ... အင်း… ငါ ဝမ်အားကု ကို သွားရှာရမယ် ထင်တယ်... "
ဝမ်အားကု ဆိုသူကြောင့် လီရှင်းထင် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေပုံရ၏။ တစ်ဖက်လူမှာ နယ်ခံ လူမိုက်တစ်ဦး ဖြစ်သလို ရွာထဲတွင် အချမ်းသာဆုံး လူများထဲမှ တစ်ဦး ဖြစ်၍ တစ်ရွာလုံးအပေါ် သြဇာအာဏာ လွှမ်းမိုးထားသူ ဖြစ်လေသည်။ ၎င်းမှာ ဝေးလံခေါင်သီသော တောင်ပေါ်ရွာများတွင် ရှောင်လွှဲ၍ မရသော ပြဿနာတစ်ခုပင်။