"ဝမ်အားကု…"
လီရှင်းထင် ထိုလူကို မြင်သည်နှင့် ဒေါသကြောင့် နှုတ်ခမ်းတို့ တုန်ယင်သွား၏။
"နင် ဒီမှာ ဘာလာလုပ်တာလဲ"
သို့သော် ဝမ်အားကုကတော့ ရမ္မက်လွှမ်းသော အပြုံးကြီးဖြင့် ပြန်ဖြေ၏။
"ဘာလုပ်တာလဲ ဟုတ်လား... ငါ့အသည်းလေးကို လာကြည့်တာပေါ့... အဲဒါ နင်နဲ့ ဘာဆိုင်လို့လဲ…"
ထို့နောက် သူက ဘေးရှိ ကုလားထိုင်တွင် အေးအေးလူလူ ဝင်ထိုင်ကာ ကျိုးရှုရီ ချန်ထားခဲ့သည့် ပြောင်းဖူးဆန်ပြုတ် ပန်းကန်ဝက်ကို ကောက်ယူလိုက်လေသည်။
ထို့ပြင် ဇွန်းဖြင့် ခပ်စားရင်း သူ၏ ဖုန်းထဲသို့ လှမ်းပြောနေ၏။
"ဟေ့... သူငယ်ချင်းတို့... အစားအသောက် ဖြုန်းတီးတာ ငရဲကြီးတယ်နော်... ဒီမှာ အရသာရှိတဲ့ ဆန်ပြုတ်တွေ အများကြီး ကျန်နေသေးတာ... ဒါနဲ့ မင်းတို့ ယုံမလား... ငါ တင်တောင်းငွေတွေ ပေးပြီးလို့ မနက်ဖြန် မင်္ဂလာဆောင်တော့မှာကို တစ်ယောက်ယောက်က ငါ့အသည်းလေးကို ပြန်ပေးဆွဲဖို့ ကြိုးစားနေတယ်... မင်းတို့သာ ငါ့နေရာမှာဆို ဘယ်လိုလုပ်မလဲ..."
ထိုအချိန်မှသာ ကျိုးရှုရီနှင့် လီရှင်းထင်တို့ ဝမ်အားကု Live လွှင့်နေသည်ကို သတိထားမိကြတော့သည်။
ကြည့်ရှုသူ ထောင်နှင့်ချီ ရှိနေလေသည်။ လီယီတောင်းကဲ့သို့ ထိပ်တန်း Streamer များက သန်းနှင့်ချီ ရရှိနိုင်သော်လည်း သာမန် Streamer များအတွက်မူ ဤပမာဏမှာ အတော်လေး များပြားလှပေသည်။
လီရှင်းထင်က ဝမ်အားကုကို ဒေါသတကြီး စိုက်ကြည့်နေသော်လည်း ဘာမှ ထပ်မပြောတော့ပေ။ သူမက နာမည်ကြီး Streamer တစ်ယောက် ဖြစ်သဖြင့် စကားမှားသွားပါက ဝေဖန်ခံရနိုင်သည် မဟုတ်ပါလား။
ဝမ်အားကု၏ ယုတ်မာသော အပြုအမူကို ရှင်းပြနေလည်း အလကားပင်။
ဝမ်အားကု၏ Live ထဲတွင်မူ သူ၏ နောက်လိုက်များမှာ ဆူညံပွက်လောရိုက်နေကြလေပြီ။
"လခွမ်း... ဘယ်ကောင်က ငါ့အစ်ကိုကုရဲ့ မိန်းမကို လုရဲတာလဲ..."
" အစ်ကိုကု သူ့ကို ပညာပေးလိုက်စမ်းပါ... ဟိုတစ်ခါက ပိန်ညှောင်ညှောင်ကောင်ကို လုပ်သလိုမျိုးပေါ့..."
"ရှူး... ကောလာဟလတွေ မဖြန့်နဲ့... ဟိုကောင်က သူ့ဘာသာ ဒဏ်ရာရတာပါ... အစ်ကိုကုနဲ့ ဘာမှမဆိုင်ဘူး..."
"ဟုတ်တယ်... သူ့ဘာသာ ဖြစ်တာ... အစ်ကိုကုနဲ့ မဆိုင်ဘူး..."
"အစ်ကိုကု... အကူအညီ လိုလား... လာနေပြီဟေ့... ဘယ်ကောင်က အစ်ကိုကု မိန်းမကို လုတာလဲ... သူက ဘာကောင်မို့လို့လဲ..."
"နေဦး... ဗီဒီယိုထဲက မိန်းမက ရင်းနှီးနေသလိုပဲ..."
"အင်း... ခဏပဲ မြင်လိုက်ရတာ... ဒါပေမဲ့ ငါလည်း သိသလိုလို ရှိတယ်..."
တစ်စုံတစ်ယောက်က အခန်းထဲရှိ အခြားလူများကို သတိထားမိသွား၏။
"ခဏလေး... လူနှစ်ယောက်တောင်ပါလား... အစ်ကိုကု မိန်းမအပြင် အခန်းထဲမှာ နောက်ထပ် မိန်းကလေး နှစ်ယောက် ရှိနေတာပဲ... သူတို့က Streamer တွေ မဟုတ်လား..."
"ဟုတ်တယ်... တစ်ယောက်က အာကျယ်တဲ့ တစ်ယောက်လေ... နောက်တစ်ယောက်က... အဲဒါ အလှလေး မဟုတ်လား..."
"လခွမ်း... သူတို့ပါလား... ဒါ ကျိုးရှုရီနဲ့ အလှလေး မဟုတ်လား... သူတို့ အဲဒီမှာ ဘာလုပ်နေကြတာလဲ..."
"သူတို့က Streamer တွေပဲလေ... အစ်ကိုကုနဲ့ သိလို့လား... ကူညီဖို့ ရောက်နေတာလား..."
"အဲဒီလိုတော့ မထင်ဘူး... အခြေအနေက တင်းမာနေသလိုပဲ..."
"မဟုတ်ဘူး... ဒါက အဓိပ္ပာယ် မရှိဘူး... ကြည့်ပါဦး... အစ်ကိုကုက အလှလေးနဲ့ ရန်ဖြစ်နေသလိုပဲ..."
"ဟုတ်တယ်... အလှလေး မျက်နှာက ဒေါသထွက်နေတာ... ကျိုးရှုရီလည်း စိတ်တိုနေပုံပဲ..."
"ဘာတွေ ဖြစ်နေတာလဲ... တစ်ယောက်ယောက်က အစ်ကိုကု မိန်းမကို လုဖို့ ကြိုးစားနေတယ် ဆို... အဲဒီလူက ဘယ်မှာလဲ... ပြီးတော့ ကျိုးရှုရီနဲ့ အလှလေးက ဘာလို့ ပါနေရတာလဲ..."
"အင်း... ငါ ထင်တာတော့... ကျိုးရှုရီနဲ့ အလှလေး ကိုယ်တိုင်က အစ်ကိုကု မိန်းမကို လုဖို့ ကြိုးစားနေတာများလား..."
"ကျိုးရှုရီနဲ့ အလှလေးက အစ်ကိုကု မိန်းမကို လုမယ် ဟုတ်လား... နောက်နေတာလား... သူတို့က ဘာလုပ်လို့ရမှာလဲ..."
"သူတို့ဆီမှာ ပစ္စည်းကိရိယာတွေ ရှိရင် ဖြစ်နိုင်တာပဲလေ..."
လူတိုင်း ဆွံ့အသွားကြ၏။
"အပေါ်ကကောင်ကတော့ တကယ်ကို ငစားပဲ... ဘယ်လိုတောင် တွေးလိုက်တာလဲ... တွေးလိုက်ရင် တဆုံးပဲ… ဒါပေမဲ့ ကျိုးရှုရီနဲ့ အလှလေးက တခြား တစ်ယောက်ကို ကူညီနေတာရော မဖြစ်နိုင်ဘူးလား..."
"ဟက်... မင်းလည်း အဲဒီလို ထင်လား... ဝါး... ဒါ တကယ်ရော ဖြစ်နိုင်လို့လား..."
"မင်းတို့ ဘာတွေ ပြောနေကြတာလဲ... ဘယ်သူ့ကို လုပေးနေတာလဲ... ဘယ်သူလဲ..."
"ဟီးဟီး... ကျိုးရှုရီနဲ့ အလှလေး အခု ဘယ်မှာ နေနေလဲဆိုတာ စဉ်းစားကြည့်လေ... အခုတလော ဘယ်သူနဲ့ အတူတူ တွဲသွားတွဲလာ လုပ်နေလဲ... ယောက်ျားတစ်ယောက်လေ... ကျိုးရှုရီ ကူညီပေးနိုင်တဲ့သူပေါ့..."
"အို... ဘုရားရေ... အစ်ကိုယီတောင်း လား..."
"အားလုံးက တစ်သဘောတည်း ဖြစ်နေတာပဲ... အစ်ကိုယီတောင်းက အစ်ကိုကု မိန်းမကို လုချင်နေတာများလား..."
"နေဦး... အစ်ကိုကုက အစ်ကိုယီတောင်း မိန်းမကို လုထားလို့ အခု အစ်ကိုယီတောင်းက ပြန်လုနေတာများလား..."
"လခွမ်း... မင်းတို့ စိတ်ကူးတွေကတော့ လိုက်မမှီတော့ဘူးဟေ..."
ထိုအခိုက်အတန့်တွင် ဝမ်အားကု၏ Live ထဲ၌ အလွန် စည်ကားနေလေသည်။ နောက်မှ ရောက်လာသူများပင်လျှင် တစ်ခုတော့ သေချာ သိနေကြလေပြီ။ အစ်ကိုယီတောင်း၏ မိန်းမ ခိုးယူခံလိုက်ရသဖြင့် ယခုအခါ ကျိုးရှုရီနှင့် အလှလေးတို့က ပြန်လုရန် မစ်ရှင် ဆင်းနေကြခြင်း ဖြစ်သည် ဟူ၍။ ၎င်းမှာ အဓိပ္ပာယ် မရှိသော်လည်း လူသိများစေရန်အတွက်ဆိုလျှင် မည်သူက ယုတ္တိတန်၊ မတန် ဂရုစိုက်နေမည်နည်း။
ဝမ်အားကု သတိထားမိချိန်တွင် အခြေအနေမှာ ထိန်းမနိုင် သိမ်းမရ ဖြစ်နေလေပြီ။
သူသည် လီရှင်းထင်ထက် အရှိန်အဝါ ပိုကြီးသည့် ကျိုးရှုရီ ရှိနေသည်ကို အစက သတိမထားမိခဲ့ပေ။ လီရှင်းထင်မှာမူ Streamer တစ်ယောက် ဖြစ်မှန်း သူသိထားသဖြင့် သူမ၏ ပရိသတ်များကို အသုံးချရန် Live လွှင့်လိုက်ခြင်း ဖြစ်၏။ အခြေအနေက မမျှော်လင့်ထားသလို ဖြစ်လာသဖြင့် သူ အံ့သြနေမိသည်။
ယခုအခါ ကျိုးရှုရီလည်း ရှိနေကြောင်း သူ သိလိုက်၏။ ၎င်းတို့ သုံးဦး၏ ပတ်သက်မှုမှာ အခုတလော အင်တာနက်တွင် အတော်လေး နာမည်ကြီးနေသဖြင့် Streamer တစ်ယောက်အနေနှင့် သူ ဤသတင်းကို မသိဘဲ မနေနိုင်ပေ။
"ဟဲဟဲ... ဒါဆို ခင်ဗျားက ကျိုးရှုရီ ပေါ့... လူချင်း တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး... ကျွန်တော်က ခင်ဗျားရဲ့ ပရိသတ်ပါဗျာ"
ဝမ်အားကုက ကျိုးရှုရီကို လှမ်းပြောလိုက်သော်လည်း ရမ္မက်လွှမ်းသော အပြုံးကြောင့် ကျိုးရှုရီရော လီရှင်းထင်ပါ သူ့ကို ရွံရှာစွာ ကြည့်လိုက်ကြသည်။
ကျိုးရှုရီ ဆိုလျှင် အလိုလိုပင် နောက်သို့ တစ်လှမ်း ဆုတ်လိုက်၏။
"ကဲ... ခုနက ကိစ္စကို ပြန်သွားရအောင်... ခင်ဗျားတို့က ငါ့မိန်းမကို လုဖို့ ကြံနေတာလား..."
"ဒါမှမဟုတ် ခင်ဗျားတို့ နှစ်ယောက်ထဲက တစ်ယောက်က ငါ့မိန်းမ လုပ်မလို့လား..."
"ဝမ်အားကု… နင် တကယ့် တိရစ္ဆာန်ပဲ…"
လီရှင်းထင် သည်းမခံနိုင်တော့ဘဲ အော်ဟစ်လိုက်လေသည်။ Live လွှင့်နေသည်၊ မလွှင့်သည်ကို သူမ ဂရုမစိုက်နိုင်တော့ပေ။
"ဝမ်အားကု... ငါ ပြောလိုက်မယ်... နင် သဘောတူတူ၊ မတူတူ ချင်းယွဲ့ ဒီနေ့ ငါနဲ့ လိုက်ခဲ့ရမယ်… ဒီကိစ္စက ညှိနှိုင်းနေစရာ မလိုဘူး... ယွမ် ၁၈၈,၈၀၀ မဟုတ်လား... နင့်ကို ငါ နှစ်ဆ ပေးမယ်..."
လီရှင်းထင် မျက်လုံးထဲတွင် ဒေါသများ တောက်လောင်နေ၏။ သို့သော် ဝမ်အားကုကတော့ ခပ်ဟဟ ရယ်မောလိုက်သည်။
သူက Live ထဲသို့ ဆက်ပြောလိုက်၏။
"အားလုံး မြင်ကြလား... ပိုက်ဆံရှိတာနဲ့ပဲ ဒီလိုမောက်မာလို့ရလား... အကုန် စီစဉ်ပြီးထားတဲ့ မင်္ဂလာဆောင်ကို ဖျက်ချင်တာလား..."
သူက လှောင်ပြောင်သရော်လိုက်သည်။
"ဒါက ခင်ဗျားတို့ အားလုံး အားပေးနေတဲ့ 'နာမည်ကြီး Streamer' ပေါ့... ငါကတော့ ကမြောက်ကခြောက် Streamer လေးမို့ ကြောက်ပါတယ်ဗျာ..."
သူ၏ လေသံနှင့် အမူအရာက တကယ့်ကို ရွံစရာ ကောင်းလှပေသည်။
ထိုအချိန်တွင် ဖြန်းခနဲ အသံတစ်ချက် ထွက်လာ၏။
ဒေါသထွက်နေသည့် လီရှင်းထင် မျက်လုံးပြူးသွား၏။
Live ထဲရှိ ပရိသတ်များလည်း ထိတ်လန့်သွားကြ၏။
ပါးရိုက်လိုက်သူမှာ ကျိုးရှုရီပင်။ သူမက ဝမ်အားကုကို အေးစက်စက် စိုက်ကြည့်ကာ နောက်တစ်ခါ ထပ်ပြောလျှင် ပါးတစ်ချက် ထပ်ချမည်ဟု အမူအရာဖြင့် သတိပေးလိုက်လေသည်။