"လခွမ်း... ဘာအသံလဲ... ဘယ်သူ လုပ်လိုက်တာလဲ..."
"ဟား... ကျိုးရှုရီက တကယ် မိုက်တာပဲ..."
"ဘုရားရေ... ကျိုးရှုရီ ဒီလောက် လက်မြန်မယ်လို့ ငါ မထင်ထားဘူး... အခုမှ ပထမဆုံး မြင်ဖူးတာ..."
"ကျိုးရှုရီက တကယ် လန်းတာပဲ... ဒါပေမဲ့... ကျိုးရှုရီ... နင် ဘာတွေ လုပ်နေတာလဲ... ဝမ်အားကုရဲ့ မိန်းမကို လုရုံတင် မကဘူး… အခု ပါးပါ ရိုက်လိုက်ပြီလား... နင် နောက်နေတာလား..."
"နေပါဦး... ငါ ကောလာဟလ တချို့ ကြားထားတယ်... ဝမ်အားကုက မိန်းမကို တင်တောင်းငွေနဲ့ ဝယ်ထားတာဆိုပဲ... သိတဲ့အတိုင်း သတို့သမီးရဲ့ မွေးစားမိဘတွေကလေ... အင်း... ငါ ဘာပြောချင်လဲ သိကြမှာပါ..."
"အင်း... ငါလည်း အဲဒီ သတင်း ကြားသလိုပဲ... အားလုံး သေသေချာချာ ပြန်စဉ်းစားကြည့်ကြရင် ကောင်းမယ်..."
"ငါကတော့ ကျိုးရှုရီ နဲ့ လီရှင်းထင်တို့ရဲ့ သိက္ခာကို ယုံကြည်တယ်... သူတို့က အကြောင်းမဲ့ သူများ မင်္ဂလာပွဲကို ဖျက်ဆီးမယ့်သူတွေ မဟုတ်ဘူး... ဒါကြောင့် ဘယ်လို အကြောင်းပြချက်ပဲ ရှိရှိ ဒီကိစ္စမှာ တစ်ခုခုတော့ မှားနေတာ သေချာတယ်..."
"မဟုတ်ဘူးလေ... မင်းတို့ ဘာတွေ လျှောက်ပြောနေတာလဲ... အခုက ဝမ်အားကု မိန်းမ အလုခံနေရတာလေ... ဘာပဲဖြစ်ဖြစ် ဝမ်အားကုက မင်္ဂလာဆောင်တော့မှာကို... မင်းတို့ကတော့လား..."
"အမှန်အတိုင်း ပြောနေတာပဲဟာကို... စောင့်ကြည့်လိုက်စမ်းပါ... ဒီကိစ္စက ထင်သလောက် မရိုးရှင်းဘူး..."
"ဖက်ခ်... ဘယ်လိုတောင် ဝမ်အားကုကို ရိုက်ရဲတာလဲ... ကျိုးရှုရီ ဖြစ်ဖြစ်… နာမည်ကြီး Streamer ဖြစ်ဖြစ် ဂရုမစိုက်ဘူး... သူ့ကို အပြတ်ရှင်းပစ်လိုက်... အစ်ကိုကု... ကျုပ်တို့ ခင်ဗျားဘက်မှာ ရှိတယ်..."
"ဟုတ်တယ်... ပြန်ရိုက်လိုက်... ဒါက ကိုယ့်ကိုယ်ကိုယ် ခုခံတာပဲ..."
ဝမ်အားကု Live ထဲ၌ ဒေါသတကြီး ဆဲဆိုသံများဖြင့် ပွက်လောရိုက်နေလေသည်။ အထူးသဖြင့် အငြင်းပွားဖွယ် အကြောင်းအရာများကို အသားကျနေသော ဝမ်အားကု၏ ပရိသတ်များမှာ အစွန်းရောက်သည့် အမြင်များကို ကိုင်စွဲထားကြ၏။
အခန်းတွင်း အခြေအနေမှာလည်း ပိုမို တင်းမာလာသည်။ ဝမ်အားကု အတော်လေး ဒေါသထွက်လာပုံရ၏။
အဝေးမှ တိတ်တဆိတ် စောင့်ကြည့်နေသော ယန်ချင်းယွဲ့လည်း မျက်နှာထား ပြောင်းလဲသွား၏။
"ဟားဟားဟား... ငါက ပြဿနာရှာနေတာလား… ဒါမှမဟုတ် နင့်ရဲ့ သူငယ်ချင်းဆိုတဲ့ သူတွေက ပြဿနာရှာနေတာလား…"
"ယန်ချင်းယွဲ့... နင် သေချာ နားလည်ထားဖို့က... ငါ နင့်ကို ဒီမင်္ဂလာပွဲအတွက် အတင်းအကျပ် မလုပ်ခဲ့ဘူး... နင်ကိုယ်တိုင် သဘောတူခဲ့တာလေ... တင်တောင်းငွေ ယွမ် ၁၈၈,၈၀၀ အပြည့်ကိုလည်း ငါ ပေးပြီးပြီ... နင့်ရဲ့ မွေးစားမိဘဆိုတဲ့ သူတွေကလည်း ပိုက်ဆံယူပြီး ထွက်သွားတာ ကြာလှပြီ... အခုမှ နင်က မင်္ဂလာပွဲကို ဖျက်ချင်တယ် ဟုတ်လား... အဲဒါ ဖြစ်နိုင်မယ် ထင်နေလား... ငါက နင့်ကို လေးစားလို့ မင်္ဂလာပွဲကို မနက်ဖြန်အထိတောင် ရွှေ့ပေးထားတာ... ဒါကြောင့် အခုချက်ချင်း ဘေးဖယ်နေစမ်း... ဒါ နင်နဲ့ မဆိုင်ဘူး..."
ပြောပြောဆိုဆိုနှင့် ဝမ်အားကုက ယန်ချင်းယွဲ့ကို ဘေးသို့ တွန်းထုတ်လိုက်ပြီး ကျိုးရှုရီ ဆီသို့ ခြိမ်းခြောက်သည့် အမူအရာဖြင့် တိုးကပ်သွားလေသည်။
"ဝမ်အားကု... နင် ဒီနေ့ ကျိုးရှုရီကို တစ်ချက် ထိကြည့်စမ်း... ငါ... ငါ ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး..."
လီရှင်းထင်က ဝမ်အားကု ရှေ့တွင် ပိတ်ရပ်ကာ ခပ်မာမာ ရင်ဆိုင်လိုက်သည်။
သူမက လက်ညှိုးငေါက်ငေါက်ထိုးကာ ဒေါသတကြီးဖြင့်... "ထွက်သွားစမ်း..."
သို့သော် ဝမ်အားကုက လီရှင်းထင်ကို ဂရုမစိုက်ဘဲ ဘေးသို့ တွန်းဖယ်လိုက်၏။
စောစောက ပါးရိုက်ခံလိုက်ရသဖြင့် သူ အတော်လေး ဒေါသူပုန်ထနေလေပြီ။ မည်သို့ပင် ဖြစ်စေ Live ကြည့်နေသည့် ပရိသတ် ထောင်ပေါင်းများစွာ ရှေ့တွင် ပါးရိုက်ခံလိုက်ရခြင်းမှာ သူ၏ မာနကို အကြီးအကျယ် ထိခိုက်စေသည် မဟုတ်ပါလား။
တစ်ရွာလုံးကို ဗိုလ်ကျစိုးမိုးနေသူ ဝမ်အားကုမှာ ဤကဲ့သို့သော အရှက်ခွဲမှုကို လုံးဝ လက်ခံနိုင်မည် မဟုတ်ပေ။
ထိုအခိုက်တွင် ကျိုးရှုရီ ရင်ထဲ၌ အနည်းငယ်တော့ ထိတ်ကနဲ ဖြစ်သွား၏။ မိမိ၏ လုပ်ရပ် လွန်သွားခဲ့ကြောင်း သဘောပေါက်လိုက်၏။
ဝမ်အားကု တိုးကပ်လာသည်ကို မြင်သောအခါ ကျိုးရှုရီ အလိုလို နောက်သို့ တစ်လှမ်း ဆုတ်လိုက်မိ၏။
ဘာပဲဖြစ်ဖြစ် သူတို့က မိန်းကလေးငယ်များသာ ဖြစ်သဖြင့် ဝမ်အားကု နှင့် ယှဉ်လျှင် အားနည်းသူများ ဖြစ်နေသည် မဟုတ်ပါလား။
ဝမ်အားကုက ကျိုးရှုရီကို လက်ပါတော့မည့် အချိန်တွင် အနောက်မှ အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာလေသည်။
"သူ့ကို လက်ဖျားနဲ့ ထိရဲရင် ထိကြည့်... ငါ သတ်သေလိုက်မယ်…"
ထိုအသံမှာ တည်ငြိမ်နေသော်လည်း ရေခဲတမျှ အေးစက်သော ဆုံးဖြတ်ချက်များ ပါဝင်နေသည်။
ဝမ်အားကုသာ ငြင်းဆန်ရဲလျှင် ယန်ချင်းယွဲ့က ဓားမြှောင်ဖြင့် ကိုယ့်လည်ပင်းကိုယ် လှီးပစ်ရန် အသင့်ဖြစ်နေကြောင်း အသိအသာပင်။
ရွယ်ထားသော လက်ကို ဝမ်အားကု ချက်ချင်း ပြန်ရုပ်လိုက်ပြီး ယန်ချင်းယွဲ့ကို ဆာလောင်နေသော ဝံပုလွေတစ်ကောင်ကဲ့သို့ လှည့်ကြည့်လိုက်သည်။ သူ့အကြည့်များက သူမကို ဝါးမြိုပစ်တော့မည့်အတိုင်းပင်။
သို့သော် ယန်ချင်းယွဲ့က မျက်တောင်တစ်ချက် မခတ်ပေ။ အေးစက်စက် အကြည့်များဖြင့် ပြန်လည် စိုက်ကြည့်နေလိုက်၏။
ဝမ်အားကု အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်သည်။
"ဟူး..."
စက္ကန့်အနည်းငယ် ကြာပြီးနောက် သူ အံကြိတ်ကာ... "ကောင်းပြီ... နင့်သဘောအတိုင်း နောက်ဆုံးတစ်ခါ ခွင့်ပြုပေးလိုက်မယ်... ဒါပေမဲ့ ယန်ချင်းယွဲ့... မှတ်ထား... နင်က ငါ ဝမ်အားကု ရဲ့ အပိုင်ပဲ... နောက်တစ်ခါ ငါ့ကို ဆန့်ကျင်ပြီး တခြားသူဘက်က ရပ်တည်ရဲရင်... အကျိုးဆက်က ဘာဖြစ်မလဲဆိုတာ နင် သိစေရမယ်..."
သူ့လေသံမှာ ကြက်သီးထဖွယ် ကောင်းလှပြီး ရူးသွပ်မှုများ ပြည့်နှက်နေ၏။ ယန်ချင်းယွဲ့ သာ သူ့ကို ထပ်ပြီး ရန်စမည်ဆိုပါက သူ တကယ်ပင် စိတ်လွတ်ပြီး သောင်းကျန်းနိုင်ပေသည်။
ထိတ်လန့်နေရာမှ သတိပြန်ဝင်လာသော လီရှင်းထင်က အနားသို့ တိုးသွားကာ... "ချင်းယွဲ့... ဓားကို အောက်ချလိုက်ပါ... နင် ရူးနေတာလား"
သူမက အလျင်အမြန် ပြေးသွားပြီး ယန်ချင်းယွဲ့ လက်ထဲမှ ဓားကို လုယူကာ ဘေးသို့ လွှင့်ပစ်လိုက်သည်။ ထို့နောက် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းပြီး ဝမ်အားကု ဘက်သို့ လှည့်လိုက်၏။
"ပြောစမ်း... နင် ပိုက်ဆံ ဘယ်လောက် လိုချင်တာလဲ... ချင်းယွဲ့က နင့်ကို လက်ထပ်မှာ မဟုတ်ဘူး... အဲဒီတော့ အိပ်မက် မက်မနေနဲ့တော့... လက်ထပ်စာချုပ် မရှိဘဲနဲ့ နင်တို့က တရားဝင် လင်မယား မဟုတ်ဘူးလေ... ပြီးတော့... လက်ထပ်ပြီးရင်တောင် ကွာရှင်းလို့ ရတာပဲ... ဘယ်သူ့ခွင့်ပြုချက်မှလည်း မလိုဘူး... တင်တောင်းငွေက ၁၈၈,၈၀၀ မဟုတ်လား... ငါ နင့်ကို ၂၈၈,၈၀၀ ပေးမယ်... အခုကစပြီး ယန်ချင်းယွဲ့ နဲ့ နင်နဲ့ ဘာမှ မဆိုင်တော့ဘူး..."
သို့သော် လီရှင်းထင် စကားအဆုံးတွင် ဝမ်အားကုက အထင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်၏။
"ဟက်... နင်က ငါ့ကို ဘာမှတ်နေတာလဲ"
"ငါ့ကို ပိုက်ဆံ တစ်သိန်း အပိုပေးပြီး လွတ်အောင် ရုန်းလို့ရမယ် ထင်နေတာလား... အဲဒါ ဖြစ်နိုင်မယ် ထင်လို့လား... ဒီနေ့ ငါ ပြောလိုက်မယ်... ယန်ချင်းယွဲ့ကို ငါ လက်ထပ်မှာပဲ... ဘယ်သူမှ လာနှောင့်ယှက်လို့ မရဘူး... နတ်ဘုရား ကိုယ်တိုင် ဆင်းလာရင်တောင်... ဒီသတို့သမီးက ငါ့အပိုင်ပဲ... နင်က ဘာကောင်မမို့လို့လဲ... ပြီးတော့ ငါ နင့်ကို တစ်ခု ပြောပြလိုက်ဦးမယ်... ဟို အဘိုးကြီး နှစ်ယောက်ကို ငါ တကယ်ပဲ ၁၈၈,၈၀၀ ပေးမယ်လို့ ထင်နေတာလား... ဟားဟားဟား... ငါ သူတို့ကို ပိုက်ဆံအတုတွေနဲ့ ပေးခဲ့တာကွ... အခုဆို အဲဒီကောင်တွေ သိသွားကြပြီလား မသိဘူး... ဟားဟားဟား..."
ဝမ်အားကု အားရပါးရ ရယ်မောနေလေသည်။
သို့သော် အရေးကြီးသည့် အချက်တစ်ခုကို မေ့သွားခဲ့၏။
ဤအချိန်တွင် သူ Live လွှင့်နေဆဲ ဖြစ်ပြီး သူ၏ လုပ်ရပ်နှင့် စကားလုံး အားလုံးကို ကြည့်ရှုသူ ပရိသတ်များက မြင်တွေ့နေရသည် မဟုတ်ပါလား။
ဤခဏလေးအတွင်းမှာပင် လူတိုင်း တစ်ခုတော့ သဘောပေါက်သွားကြလေပြီ။ ဝမ်အားကုသည် သေချာပေါက် လူကောင်းတစ်ယောက် မဟုတ်ပေ။
သူ၏ စိတ်လိုက်မာန်ပါ လုပ်တတ်သော အကျင့် အပြင်၊ အခုလေးတင် သူ ပြောလိုက်သော စကားများမှာ သာမန် မဟုတ်ပေ။
တင်တောင်းငွေ ယွမ် ၁၈၈,၈၀၀ကို ပိုက်ဆံအတုနဲ့ ပေးခဲ့တယ် ဟုတ်လား...။ သူက ငတုံးလား...။ ပိုက်ဆံအတု သုံးစွဲတာ တရားမဝင်မှန်း သူ မသိဘူးလား...။ ပြီးတော့ live ထဲမှာ ပေါ်တင်ပြောရတဲ့အထိ သတ္တိကောင်းနေတာလား...။ ပြဿနာ ရှာနေတာလား...။
ထို့ကြောင့် ဝမ်အားကု၏ ပရိသတ်များပင် ခဏတာမျှ တိတ်ဆိတ်သွားကြ၏။
ဒီဘဲကတော့ ကိုယ့်လည်ပင်း ကိုယ်ကြိုးကွင်းစွပ်နေပြီ…။
လူတိုင်း တိတ်ဆိတ်နေစဉ်မှာပင် Live ထဲမှ အသိပေးချက်တစ်ခုက စိတ်လှုပ်ရှားမှုများကို ပြန်လည် နှိုးဆွပေးလိုက်လေသည်။
[ယီတောင်း နာရေးဝန်ဆောင်မှု Live ထဲသို့ ဝင်ရောက်လာပါပြီ....]