အစ်ကိုယီတောင်း ရုတ်တရက် ဝင်လာခြင်းမှာ တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်ပေသည်။ ကံကြမ္မာ၏ ကစားကွက်က တစ်ခါတစ်ရံတွင် ရယ်စရာပင် ကောင်းလှ၏။
လွန်ခဲ့သည့် နာရီဝက်ခန့်က ဆိုင်ထဲတွင် တစ်ယောက်တည်း ရှိနေသော လီယီတောင်း နောက်ဆုံးတွင် အသိတရားဝင်လာကာ Live တစ်ခု စတင်လွှင့်လိုက်လေသည်။ လွန်ခဲ့သည့်အကြိမ်က ဖုန်းဆက်ပြီးနောက် လီယီတောင်း၏ စိတ်နေသဘောထားမှာ အတော်လေး နူးညံ့သည်ကို သိသွားသော ရှောင်ဝမ်က ပို၍ ရဲတင်းလာခြင်း ဖြစ်ပေသည်။ သူမက သာမန်မဟုတ်သော တောင်းဆိုချက်တစ်ခုကို လုပ်ရဲလာ၏။ အွန်လိုင်း ပလက်ဖောင်းမှ ဖိအားများမှာ သူမအတွက် မခံမရပ်နိုင်လောက်အောင် ဖြစ်လာသောကြောင့်ပင်။ လတ်တလောတွင် အစ်ကိုယီတောင်းနှင့် ပတ်သက်သည့် သတင်းများ သိပ်မရှိသဖြင့် အင်တာနက် အသုံးပြုသူများကို စိတ်ပြေလျော့စေရန် Live လွှင့်ပေးရန် သူမက မျှော်လင့်ခဲ့ခြင်း ဖြစ်သည်။
လီယီတောင်းကလည်း မငြင်းပယ်ခဲ့ပေ။ မည်သို့ပင်ဖြစ်စေ သူ့တွင် အခြား အလုပ်လည်း မရှိသည် မဟုတ်ပါလား။ ထိုသို့ဖြင့် အစ်ကိုယီတောင်းလည်း Live လွှင့်သည့် လောကထဲသို့ ခြေစုံပစ် ဝင်ရောက်လာခဲ့လေသည်။ အစပိုင်းတွင်တော့ ပုံမှန်အတိုင်းပင် အေးအေးလူလူ ရှိနေ၏။ စခရင်ပေါ်တွင် သုံးစက္ကန့်လျှင် တစ်ကြိမ် ပုံရိပ်များ ပြောင်းလဲနေပြီး ယောဂဆရာမလေး၏ သင်ခန်းစာများက ကြည့်ရှုသူများကို နာရီဝက်ခန့် ဖျော်ဖြေပေးနေခဲ့သည်။
သို့သော် ပရိသတ်များ၏ တောင်းဆိုမှုကြောင့် အစ်ကိုယီတောင်းသည် ထိုနေ့အတွက် "သေမင်းတမန် စစ်ဆေးရေး" ကို စတင်လိုက်လေသည်။ မှန်ပေသည်။ လီယီတောင်း ဗီဒီယိုများကို စတင်စစ်ဆေးသည့် အခိုက်အတန့်မှစ၍ သူ၏ အမာခံပရိသတ်များက သူ့ကို "သေမင်းတမန်" ဟု ချစ်စနိုး ခေါ်ဝေါ်ကြခြင်း ဖြစ်သည်။ ဤကြောက်မက်ဖွယ်ကောင်းသော ဘွဲ့အမည်၏ နောက်ကွယ်တွင်တော့ သေမင်းတမန်၏ သစ္စာရှိ အစောင့်အရှောက်များ ဖြစ်ကြသည့် မယိမ်းမယိုင်သော ခိုင်မာသော အမြဲအတူရှိသော "သေမင်းတမန် တပ်ဖွဲ့" ရှိနေလေသည်။
လီယီတောင်းက တစ်ယောက်ယောက်ကို Follow လုပ်လိုက်တိုင်း သူတို့ကလည်း ထိုအကောင့်ကို လိုက်၍ Follow လုပ်ကြ၏။ ဤသို့ တစ်ပြိုင်နက်တည်း လုပ်ဆောင်ကြခြင်း၏ နောက်ကွယ်မှ ရည်ရွယ်ချက်မှာ လူမသိသူမသိ လျှို့ဝှက်ချက် တစ်ခုပင် ဖြစ်လေသည်။ လီယီတောင်း အနေဖြင့်လည်း သူတို့၏ စနစ်တကျ လုပ်ဆောင်မှုများကို ဝင်ရောက်နှောင့်ယှက်ရန် မလိုအပ်ဟု ယူဆထား၏။
လွန်ခဲ့သော ခဏလေးကမှ လီယီတောင်းသည် ဝမ်အားကု၏ Live ထဲသို့ ဝင်ရောက်လာခဲ့ပြီး ဇဝေဇဝါဖြင့် မျက်မှောင်ကြုတ်လိုက်မိသည်။
'ကျိုးရှုရီနဲ့ လီရှင်းထင်တို့က ဝမ်အားကု ဆိုတဲ့ကောင်ရဲ့ Live ထဲမှာ ဘာလုပ်နေကြတာလဲ... သူတို့ ရောက်နေတဲ့ နေရာက ပုံမှန် ပတ်ဝန်းကျင်လည်း မဟုတ်ဘူးပဲ...'
လီယီတောင်း၏ Live ထဲတွင်တော့ စကားသံများ ဆူညံသွားလေသည်။ သူ၏ ပရိသတ်များသည် ကျိုးရှုရီနှင့် လီရှင်းထင်တို့ကို အလွန် ရင်းနှီးနေကြသည် မဟုတ်ပါလား။
"ဒါ ကျိုးရှုရီနဲ့ လီရှင်းထင် မဟုတ်လား... သူတို့ ဒီမှာ ဘာလုပ်နေကြတာလဲ..."
"ဝမ်အားကု ဟုတ်လား... ဒီ Streamer ကို ငါ အရင်က မြင်ဖူးသလိုပဲ... လူမိုက်ပုံစံမျိုးနဲ့လေ..."
"နေပါဦး... ဝမ်အားကုက ကျိုးရှုရီတို့နဲ့ ရန်ဖြစ်နေတာလား..."
"ဝါး... ဝမ်အားကုက ကျိုးရှုရီကို တကယ်ပဲ ထိပ်တိုက် ရင်ဆိုင်တော့မှာလား... ဒါ ပြဿနာပဲ..."
"ဇာတ်လမ်း အပြည့်အစုံက ဘာလဲ... သိတဲ့လူ တစ်ယောက်လောက် ရှင်းပြပေးပါဦး..."
ဝမ်အားကုကို လတ်တလော Follow ထားသော ပရိသတ်တစ်ဦးက ဖြစ်ပျက်နေသည်များကို သိရှိနေသဖြင့် အခြေအနေအရပ်ရပ်ကို comment များဖြင့် အလျင်အမြန် အကျဉ်းချုပ် ရှင်းပြလိုက်လေသည်။ နောက်ကြောင်းကို သိသွားသောအခါ ပရိသတ်များသည် ဒေါသကို မထိန်းနိုင်တော့ပေ။
"မယုံနိုင်စရာပဲ... ဝမ်အားကုကတော့ သေချင်နေပြီပဲ... ကျိုးရှုရီကိုတောင် လက်ပါချင်နေတာလား..."
"တကယ်… ကျိုးရှုရီ မှာ ကျောထောက်နောက်ခံ မရှိဘူးလို့ သူ ထင်နေတာလား... သူမရဲ့ ပရိသတ်တွေတင် မကဘူး... ငါတို့ သေမင်းတမန် တပ်ဖွဲ့ကလည်း ဒီတိုင်း လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူးနော်..."
" အစ်ကိုယီတောင်းရဲ့ အစောင့်အရှောက်အောက်မှာ ရှိတဲ့ ငါတို့ မိန်းကလေးတွေကို ဝမ်အားကုက သူ့စိတ်ကြိုက် ကစားလို့ရမယ် ထင်နေတာလား..."
"နေပါဦး... ကျိုးရှုရီက အရင် စရိုက်တာ မဟုတ်လား..."
"လခွမ်း... အဲဒါ ဘာဖြစ်လဲ... ဒီအမှိုက်ကောင်ကို ရိုက်တာက ဘာဖြစ်လဲ... ကျိုးရှုရီက အရင် စလုပ်တယ်... လက်ပါလိုက်တယ်... အဲဒါ ဘာဖြစ်လဲ..."
"မဖြစ်နိုင်တာ... ငါတို့ ကျိုးရှုရီ ကို လာနှောင့်ယှက်ရဲတယ်ပေါ့... သူက အတင်းအကျပ် လက်ထပ်ခိုင်းတဲ့ အမှိုက်ကောင်လား... ယွမ် ၁၈၈,၈၀၀ နဲ့ လူဝယ်တာလား... သူ့ကို ပညာပေးလိုက်ကြစို့... အကုန် ဖွင့်ချပစ်မယ်... သွားကြမယ်..."
"ဟူး... ဘာလို့ ဒီလောက် လောနေကြတာလဲ... ငါ ရဲကို တိုင်ပြီးပြီ... ငါတို့ သူငယ်ချင်း ခုနက ပြောတာ မေ့သွားကြပြီလား... ဝမ်အားကုက သူပေးခဲ့တဲ့ တင်တောင်းငွေတွေ အကုန်လုံးက အတုတွေလို့ Live ထဲမှာ ဝန်ခံသွားတာလေ... သဘောပေါက်လား..."
"ဝါး... အံ့သြစရာပဲ... ဒီလောက်တောင် ယုတ်မာတာလား... သိပြီ... ငါလည်း တိုင်မယ်..." "ငါ့ကိုပါ ထည့်တွက်ဦး..."
"သူ့ကို ဖွင့်ချဖို့ သွားကြစို့..."
တစ်ခဏအတွင်းမှာပင် သန်းနှင့်ချီသော လီယီတောင်း၏ ပရိသတ်များလည်း ဝမ်အားကု၏ Live ထဲသို့ အလုံးအရင်းနှင့် ဝင်ရောက်သွားကြလေသည်။ ထို့ပြင် ဤပရိသတ်များသည် အုပ်စုအမျိုးမျိုးမှ အဖွဲ့ဝင်များ ဖြစ်ကြ၏။ ဥပမာအားဖြင့် အစ်ကိုယီတောင်းနှင့် ကျိုးရှုရီ ကို အားပေးသည့် အဖွဲ့၊ ကျိုးရှုရီနှင့် အစ်ကိုယီတောင်း၏ သစ္စာရှိ ပရိသတ် အသင်းနှင့် အခြား ဆင်တူသော အဖွဲ့များစွာ ရှိနေလေသည်။ ထိုအဖွဲ့များ၏ အရေအတွက် အတိအကျကို သိရှိရန်မှာ ခက်ခဲလှပေသည်။
အချိန်တိုအတွင်း လီယီတောင်း၏ ပရိသတ်များသာမက ကျိုးရှုရီ၏ နောက်လိုက်များပါ ဝမ်အားကု၏ Live ထဲသို့ ရောက်ရှိလာကြသည်။ လီရှင်းထင်၏ ပရိသတ်များကလည်း ဤအင်အားစုကြီးတွင် ပါဝင်လာကြ၏။ ကံကောင်းသည်မှာ လီယီတောင်း Live လွှင့်တိုင်း ပလက်ဖောင်းဘက်မှ အရန်ဆာဗာများစွာ ပြင်ဆင်ထားပေးခြင်း ဖြစ်ပေသည်။ ထိုသို့သော အခြေအနေကြောင့် ဝမ်အားကု၏ Live မှာ ခေတ္တမျှ ထစ်ငေါ့သွားသော်လည်း မကြာမီမှာပင် ပုံမှန် ပြန်ဖြစ်သွားလေသည်။
ဝမ်အားကု ကတော့ ဆူညံပွက်လောရိုက်မှုကြီးကို သတိမပြုမိသေးပေ။ အမှန်တကယ်တော့ လီယီတောင်း၏ ပရိသတ်များက မတိုင်ကြားလျှင်ပင် ဝမ်အားကု အနေဖြင့် အကျိုးဆက်များမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
အစ်ကိုယီတောင်း Live လွှင့်တိုင်း ပလက်ဖောင်း တစ်ခုတည်းက ပြင်ဆင်နေခြင်း မဟုတ်ပေ။ တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းများကလည်း သူ၏ လှုပ်ရှားမှုများကို ခြေရာခံ စောင့်ကြည့်နေခြင်း ဖြစ်သည်။ သူတို့သည် ၂၄ နာရီပတ်လုံး စောင့်ကြည့်နေကြခြင်းပင်။ အစ်ကိုယီတောင်း Live လွှင့်သည် မဆိုနှင့်၊ သူ၏ ဖုန်းထဲမှ ဗီဒီယိုအတိုများကို ပွတ်ကြည့်နေလျှင်ပင် သူကြည့်သည့် ဗီဒီယိုတိုင်းကို သက်ဆိုင်ရာ အာဏာပိုင်များက စေ့စေ့စပ်စပ် စစ်ဆေးနေကြပေသည်။ ၎င်းမှာ ရှောင်လွှဲ၍ မရသော အချက်ပင်။ မည်သို့ပင်ဖြစ်စေ အစ်ကိုယီတောင်း အပေါ် လူထု၏ အာရုံစိုက်မှုမှာ တကယ့်ကို ထိတ်လန့်စရာ ကောင်းလောက်အောင် ကြီးမားနေသည် မဟုတ်ပါလား။
ထိုစဉ် မိမိလည်ပင်းကို တစ်ချက်ကလေးမျှ မတွန့်ဆုတ်ပဲ ဓားဖြင့် ထောက်ထားခဲ့သည့် ယန်ချင်းယွဲ့မျက်နှာ ပြောင်းလဲသွားလေသည်။ ကျိုးရှုရီတို့ ခြိမ်းခြောက်ခံရချိန်၊ သူမလည်ပင်းကို ဓားဖြင့် ထောက်ထားချိန်၊ လီရှင်းထင် ဒေါသတကြီး ပေါက်ကွဲချိန်တို့တွင်ပင် မျက်နှာ တစ်ချက် မပျက်ခဲ့ပေ။ သူမ မျက်နှာက ပြုံးပြုံးကလေးသာ။
သို့သော် ယခုတော့ အရာအားလုံး ပြောင်းလဲသွားလေပြီ။ သူမ၏ အကြည့်များမှာ တဖြည်းဖြည်းနှင့် ရေခဲပမာ အေးစက်လာတော့၏။ ၎င်းမှာ သေခြင်းတရားကိုပင် မတုန်မလှုပ် ရင်ဆိုင်ရဲသည့် အေးစက်စက် အကြည့်မျိုးပင်။ သူမသည် ဝမ်အားကုကို တည်ငြိမ်သော်လည်း ကျောချမ်းဖွယ်ကောင်းသော အကြည့်ဖြင့် စိုက်ကြည့်နေလေသည်။
ခြေတစ်လှမ်း... ခြေနှစ်လှမ်း... ခြေသုံးလှမ်း...
ဝမ်အားကုရှိရာသို့ သူမ ဖြည်းဖြည်းချင်း တိုးကပ်သွားပြီး လက်တစ်ကမ်း အကွာသို့ ရောက်ရှိသွားသည်။ တစ်ယောက် အသက်ရှူသံကိုပင် တစ်ယောက် ကြားနေရ၏။ သူမ ထိုနေရာတွင် ရပ်တန့်လိုက်ပြီး ဝမ်အားကုကို တည်ငြိမ်အေးစက်စွာဖြင့် မမှိတ်မသုန် စိုက်ကြည့်နေလေသည်။
အခန်း တစ်ခုလုံးရှိ လေထုမှာ ရုတ်တရက် အလွန် တိတ်ဆိတ်သွားတော့၏။ Live ကြည့်နေသော ပရိသတ်များပင် ထိုတိတ်ဆိတ်မှု အငွေ့အသက်ကို ခံစားလိုက်ရသည်။ လူတိုင်း နှုတ်ဆိတ်သွားကြလေသည်။ တစ်မိနစ် ကုန်ဆုံးသွား၏။
နှစ်မိနစ်... သုံးမိနစ်...
ယန်ချင်းယွဲ့ မတုန်မလှုပ်။
နောက်ဆုံးတွင်တော့ ဝမ်အားကု သည်းမခံနိုင်တော့ပေ။
"လခွမ်း... နင် ရူးနေတာလား... ဘာလို့ ငါ့ကို အဲဒီလို အကြည့်နဲ့ ကြည့်နေရတာလဲ... အဲဒီ အဘိုးကြီး အဘွားကြီး နှစ်ယောက်က ဘယ်လိုလူတွေလဲဆိုတာ နင် သိသားပဲ... ငါ သူတို့ကို လိမ်တာ ဘာဖြစ်လို့လဲ..."
"နောင်ကျရင် နင်က ငါ့ကို လက်ထပ်ပြီး ငါနဲ့ အတူတူ နေရမှာလေ... ငါ သူတို့ကို လိမ်ပြီး စုထားတဲ့ ပိုက်ဆံတွေက ငါတို့အတွက် သုံးမှာ မဟုတ်ဘူးလား..."
"နင်က ငတုံးလား..."
ဝမ်အားကု၏ စိတ်ပျက်လက်ပျက် အော်ဟစ်သံကြောင့် အခန်းထဲတွင် ထပ်မံ တိတ်ဆိတ်သွားပြန်သည်။ ဤကမ္ဘာပေါ်၌ သူ့လောက် အရှက်ကင်းမဲ့သူ ရှိပါဦးမည်လား။ စောစောက အနည်းငယ် ကြောက်လန့်နေခဲ့သော ကျိုးရှုရီ တစ်ယောက် တစ်ဖန် ဒေါသူပုန်ထလာပြန်သည်။ လီရှင်းထင်ကလည်း ရှေ့တိုး၍ ဆူပူကြိမ်းမောင်းရန် ပြင်လိုက်၏။
ထိုအခိုက်အတန့်တွင် လှောင်ပြောင်သရော်သည့် ရယ်သံတစ်ခု ထွက်ပေါ်လာလေသည်။
"ဟားဟား..."
လီရှင်းထင်နှင့် ကျိုးရှုရီတို့ လှည့်ကြည့်လိုက်ရာ အသံပိုင်ရှင်မှာ ယန်ချင်းယွဲ့ ဖြစ်နေလေသည်။ ယန်ချင်းယွဲ့ မျက်လုံးများထဲ၌ မထီမဲ့မြင် အငွေ့အသက်တို့ ပြည့်နှက်နေပြီး မျက်နှာထားမှာလည်း လှောင်ပြောင်သရော်နေဟန်။ ထို့နောက် အနီးရှိ ကုလားထိုင် တစ်လုံးပေါ်သို့ ဖြည်းညင်းစွာ ထိုင်ချလိုက်၏။
သူမသည် ရေတစ်ငုံ သောက်လိုက်ပြီး မော့မကြည့်ဘဲ ဝမ်အားကုကို ပြောလိုက်သည်။
"ဒီကနေ ထွက်သွားတော့... မဟုတ်ရင် နင် အသက်ဆက်ရှင်နိုင်မှာ မဟုတ်ဘူး..."