ဤအခိုက်အတန့်လေးမှာ ထူးဆန်းလောက်အောင် တိတ်ဆိတ်နေလေသည်။ ကျိုးရှုရီနှင့် လီရှင်းထင်တို့ပင် လုံးဝ ဇဝေဇဝါ ဖြစ်နေကြ၏။
ယန်ချင်းယွဲ့... ဒါက တကယ်ပဲ ယန်ချင်းယွဲ့လား... ခုနလေးတင် တည်ငြိမ်နေတဲ့ ကောင်မလေးက ဘယ်ရောက်သွားတာလဲ...။
သူမ၏ ပုံစံမှာ ရုတ်တရက် ပြောင်းလဲသွားပြီး အေးစက်စက် အငွေ့အသက်တို့ လွှမ်းခြုံလာသည်။
ဝမ်အားကုလည်း ယန်ချင်းယွဲ့ စကားကြောင့် လန့်သွားသော်လည်း ချက်ချင်းပင် သတိဝင်လာပြီး ဒေါသ ပေါက်ကွဲလာတော့၏။
သူ ယန်ချင်းယွဲ့ရှိရာသို့ တည့်တည့်မတ်မတ် လျှောက်သွားလိုက်သည်။
ထိုအချိန်တွင် လီယီတောင်း၏ ခေါင်းထဲ၌ စနစ်၏ အသိပေးသံ ချက်ချင်း ပေါ်လာလေ၏။
[ကတောင်... အရည်အသွေးမြင့် ဖောက်သည်ကို တွေ့ရှိပါသည်။ ID - ဝမ်အားကု Live Stream]
[သေဆုံးမှု အခြေအနေ စစ်ဆေးခြင်း - အမည်မသိ အင်အားစုကြောင့် သေဆုံးမည်၊ သေဆုံးနိုင်ခြေ ၉၉ %]
[သင့်အနေဖြင့် ဤအရည်အသွေးမြင့် ဖောက်သည်အား ချက်ချင်း Follow လုပ်ရန် အကြံပြုအပ်ပါသည်။]
သူ သေတော့မှာလား...
လီယီတောင်း Live ထဲ စဝင်စဉ်က ဤသို့သော အရိပ်အယောင်မျိုး မရှိခဲ့ပေ။ သို့သော် ယခုကျမှ အသိပေးချက် တက်လာခြင်းမှာ အံ့ဩစရာပင်။
အကြည့်များက ဗီဒီယိုထဲမှ ယန်ချင်းယွဲ့ဆီသို့ ရောက်သွား၏။ သူမထံမှ ထူးခြားသော အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။
ဒါက... ရင်းနှီးနေသလိုပဲ...
ဒီ ယန်ချင်းယွဲ့က မရိုးရှင်းဘူး...
ခေတ္တမျှ စဉ်းစားပြီးနောက် ဝမ်အားကုကို Follow လုပ်ရန် ဆုံးဖြတ်လိုက်လေသည်။ မည်သို့ပင်ဖြစ်စေ သေရမည့်သူမို့ Follow ထားလိုက်လျှင် သက်တမ်းအချို့ ရနိုင်သည် မဟုတ်ပါလား။ ဝမ်အားကု၏ အခြေအနေမှာ ထူးခြားနေသဖြင့် အနည်းဆုံး ဆယ်စုနှစ်နှင့်ချီသော သက်တမ်းကို ရရှိနိုင်ပေသည်။
ဒါက တကယ့်ကို အမြတ်ပဲ...။
အစ်ကိုယီတောင်း ဝမ်အားကုကို Follow လိုက်သည်နှင့် Live ထဲတွင် ပွက်လောရိုက်သွားတော့၏။
ပထမဆုံး ပေါက်ကွဲလာသူများမှာ ဝမ်အားကု၏ ပရိသတ်များ ဖြစ်ကြသည်။
"လခွမ်း... ငါ အခုပဲ မြင်လိုက်တာလား... အစ်ကိုယီတောင်း တကယ်ကြီး Follow လိုက်တာလား... အစ်ကိုကု... မြန်မြန် ပြေးတော့..."
"ဟုတ်တယ် အစ်ကိုကု... မြန်မြန်ပြေး... အစ်ကိုယီတောင်း တကယ် စိတ်တိုနေပုံပဲ..." "ဒါကတော့ လွန်လွန်းတယ် အစ်ကိုယီတောင်း... ဘယ်လိုပဲဖြစ်ဖြစ် လူတစ်ယောက်ကို ဒီလိုကြီး ဒုက္ခပေးလို့ မရဘူးလေ..."
"အစ်ကိုကု လုပ်တာ နည်းနည်း မှားတယ် ဆိုပေမဲ့ သူက မိန်းမရဖို့ ကြိုးစားနေတာပဲလေ... အဲဒီလောက်ထိ ရက်စက်ဖို့ လိုလို့လား..."
"အတိအကျပဲ... ဒီအတိုင်းကြီး ဒုက္ခပေးတော့မှာလား... နောက်နေတာလား..."
"အစ်ကိုယီတောင်း ကတော့ ရှယ်ပဲကွာ... လခွမ်း..."
လီယီတောင်း၏ ပရိသတ်များကလည်း ထို Comment များကို ဒီအတိုင်း ကြည့်မနေကြပေ။
သူတို့က ချက်ချင်း ပြန်လည် တိုက်စစ်ဆင်ကြလေသည်။
"ဟက်... အမှိုက် Streamer မှာ အမှိုက် ပရိသတ်တွေ ရှိတာ မဆန်းပါဘူး... အခုကျမှ အစ်ကိုယီတောင်းကို လာပြီး အပြစ်တင်နေတာလား..."
"ဟုတ်တယ်... အစ်ကိုယီတောင်း Follow လုပ်တယ်ဆိုကတည်းက အကြောင်းရှိလို့ပေါ့... အဲဒီကောင် သေသင့်လို့ သေတာပဲ..."
"စကားတွေ အများကြီး ပြောမနေနဲ့ အစ်ကိုယီတောင်း... သူ့ကို အခုပဲ အပြတ်ရှင်းပစ်လိုက်..."
"ငါတို့ ကျိုးရှုရီကို ထိရဲတယ်ပေါ့... အစ်ကိုယီတောင်း... သူ့ကို သတ်ပစ်လိုက်..."
"ဘယ်သူ့မိန်းမကို လာနှောင့်ယှက်တာလဲ... အခုကျမှ ကြောက်နေတာလား... တိုက်ရိုက်သာ သတ်ပစ်လိုက်..." "လုပ်လိုက်တော့... သူ့ရဲ့ ယုတ်မာတဲ့ အကျင့်တွေကို ပြင်ပေးလိုက်ဦး... အစ်ကိုယီတောင်း ကတော့ တကယ့်ကို မိုက်တယ်..."
"ဒီ ဝမ်အားကု က လူကောင်း မဟုတ်ဘူး... ငါ အခုပဲ အင်တာနက်မှာ ရှာကြည့်လိုက်တာ... ဒီကောင်က ရွာထဲမှာ ပြဿနာ ရှာနေတဲ့ကောင်တဲ့... သေသင့်တယ်..."
"အစ်ကိုယီတောင်း က ဆရာကြီးပဲ..."
လီယီတောင်းက Live ထဲမှ ဆွေးနွေးငြင်းခုန်မှုများကို ဂရုမစိုက်ပေ။
ကျိုးရှုရီနှင့် လီရှင်းထင်တို့၏ အခြေအနေကိုတော့ သိပ်ပြီး စိတ်မပူတော့ပေ။ ယန်ချင်းယွဲ့၏ အပြုအမူကို မြင်လိုက်ရပြီးနောက် စိုးရိမ်စိတ်များ လျော့ကျသွားခဲ့လေပြီ။ သေဆုံးရမည့် အကြောင်းရင်းကို စနစ်က အမည်မသိဟု ပြနေခြင်းနှင့် ပတ်သက်၍လည်း အကြံတစ်ခု ရရှိသွား၏။
ဗီဒီယိုထဲမှ ယန်ချင်းယွဲ့ကို သေချာ စိုက်ကြည့်နေမိသည်။
ဒီ အမည်မသိ အကြောင်းရင်းက ဒီမိန်းကလေးနဲ့ ပတ်သက်နေတာများလား...။
ဝမ်အားကုလည်း Live ထဲမှ လှုပ်ရှားမှုကို သတိထားမိလိုက်၏။ လီယီတောင်း Follow လိုက်ခြင်းအတွက် အထူးပြုလုပ်ချက်တစ်ခု ပေါ်လာသည် မဟုတ်ပါလား။
ဤစနစ်မှာ ပလက်ဖောင်းဘက်မှ လီယီတောင်းအတွက် သီးသန့် ဖန်တီးပေးထားခြင်း ဖြစ်ပြီး အကုန်အကျ အတော်လေး များခဲ့ပေသည်။ အဓိက အကြောင်းရင်းမှာ လီယီတောင်း Follow လုပ်ခြင်း၏ အကျိုးသက်ရောက်မှုက ကြီးမားလွန်းသောကြောင့် ပလက်ဖောင်းဘက်မှ အလေးအနက် ထားခဲ့ခြင်းပင်။
လီယီတောင်း မိမိကို Follow လိုက်မှန်း သိလိုက်ရသည့်အခါ ဝမ်အားကု မျက်နှာ ချက်ချင်း ပျက်သွားလေသည်။
ဝမ်အားကုက ငတုံး မဟုတ်ပေ။
Streamer တစ်ယောက်အနေနှင့် အစ်ကိုယီတောင်း၏ ကျော်ကြားမှုကို သူ သေချာပေါက် ကြားဖူးထားသည် မဟုတ်ပါလား။ ယခုအချိန်သည် အစ်ကိုယီတောင်း လူများကို စတင် Follow လုပ်ကာ လူများက သံသယ ဝင်နေကြသည့် အချိန် မဟုတ်တော့ပေ။
ယနေ့ခေတ်တွင် အစ်ကိုယီတောင်းဟူသော နာမည်ကို ကြားလိုက်ရုံနှင့် လူတိုင်း မျက်နှာပျက် ပျာယာခတ်ကုန်ကြသည် မဟုတ်ပါလား။ အထူးသဖြင့် အန္တရာယ်များသော စတန့်များ လုပ်ပြသူများ၊ အစားအသောက် အလွန်အကျွံ စားပြသူများနှင့် မသင့်လျော်သော အကြောင်းအရာများ တင်သူများအတွက် ပိုဆိုးလေသည်။
သူတို့၏ ဗီဒီယို သို့မဟုတ် Live များတွင် အစ်ကိုယီတောင်း နာမည် ပေါ်လာလျှင်ပင် အားလုံး နှုတ်ဆိတ်သွားကြရ၏။ အချို့ဆိုလျှင် ကြောက်လန့်လွန်း၍ ထွက်ပြေးရန်ပင် စဉ်းစားကြလေသည်။
ဝမ်အားကုလည်း ထိုနည်းတူပင်။
စောစောက လီယီတောင်း Live ထဲ စဝင်လာတည်းက သူ စိုးရိမ်နေခဲ့ခြင်း ဖြစ်၏။ မဟုတ်လျှင် ယန်ချင်းယွဲ့က ထွက်သွားရန် ခြိမ်းခြောက်ပြီး သူမနှင့် အနီးကပ် ရှိနေသည့်တိုင် အဘယ်ကြောင့် ဒေါသကို မျိုသိပ်ကာ ငြိမ်နေပါမည်နည်း။
အစ်ကိုယီတောင်း၏ တည်ရှိမှုက သူ့ကို ခြိမ်းခြောက်နေသော်လည်း ယခုတော့ သူ ဒေါသ ထိန်းမရတော့ပေ။
ငါ့ကို Follow တယ် ဟုတ်လား... ငါ သေမှာကို ကျိန်ဆဲနေတာလား...။
မျိုသိပ်ထားသမျှ ဒေါသများ ပေါက်ကွဲကာ ဝမ်အားကု ရှေ့သို့ ပြေးတက်သွား၏။ ထို့နောက် လက်ကို မြှောက်ကာ ယန်ချင်းယွဲ့ ပါးကို ရိုက်ရန် ပြင်လိုက်လေသည်။
၎င်းကို မြင်လိုက်ရသည့်အခါ ကျိုးရှုရီနှင့် လီရှင်းထင်တို့လည်း ရှေ့သို့ အလျင်အမြန် ပြေးဝင်သွားကြ၏။ သို့သော် ထူးဆန်းသော အရာတစ်ခု ဖြစ်ပျက်သွားလေသည်။
ဝမ်အားကု ပါးရိုက်ရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် ဟန်ချက်ပျက်သွားခြင်းပင်။ သူက ခလုတ်တိုက်ကာ ဘိုင်းခနဲ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
ထိုမျှနှင့် မကသေး၊ လဲကျပြီး နှုတ်ခမ်းပါ ပေါက်သွား၏။
"ဒီနေ့တော့ နင့်ကို ငါ သတ်ပစ်မယ်..."
ဝမ်အားကုက အော်ဟစ်ရင်း ပြန်ထလာကာ ယန်ချင်းယွဲ့ကို ကန်ရန် ပြင်ပြန်သည်။ သို့သော် ဤကန်ချက်က အားပါလွန်းသွားပုံ ရ၏။
သူ့ဟန်ချက် ထပ်မံ ပျက်သွားပြန်ပြီး ယန်ချင်းယွဲ့နှင့် လွဲကာ မြေပြင်ပေါ်သို့ ထပ်မံ လဲကျသွားပြန်လေသည်။
ယန်ချင်းယွဲ့ကတော့ ထိုနေရာမှာပင် မထုံတတ်တေး မျက်နှာပေးဖြင့် ထိုင်နေဆဲ။ သူမ၏ မျက်လုံးထဲတွင် လှောင်ပြောင်သည့် အရိပ်အယောင်တို့ ရှိနေလျက်။
သူမ၏ မျက်နှာပေးကို မြင်လိုက်ရသည့်အခါ ဝမ်အားကု အသိစိတ် လုံးဝ လွတ်သွားလေသည်။ အနီးရှိ ကုလားထိုင်ကို ကောက်ကိုင်ကာ ယန်ချင်းယွဲ့ဆီသို့ လွှဲယမ်းလိုက်ပြီး... "တောက်... ဒီနေ့ နင့်ကို ငါ သတ်နိုင်မလား ကြည့်ရသေးတာပေါ့..." ဟု ကျိန်ဆဲလိုက်လေသည်။
သို့သော် သူ ကုလားထိုင်ကို မြှောက်လိုက်သည့်အချိန်တွင် မျက်နှာကြက်၌ ချိတ်ထားသော အသီးအနှံခြောက် တစ်ခုကို မတော်တဆ သွားတိုက်မိသွား၏။
၎င်းကြောင့် သူ ဟန်ချက် ထပ်မံ ပျက်သွားပြန်ပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြန်သည်။ ကုလားထိုင်ကပါ လွင့်စင်ကာ သူ့အပေါ်သို့ တည့်တည့်ကြီး ကျလာလေတော့သည်။
ဝမ်အားကုမှာ နာကျင်လွန်းသဖြင့် မြေပြင်ပေါ်တွင် လူးလိမ့်နေပြီး မျက်နှာမှလည်း သွေးများ စီးကျနေ၏။ ၎င်းမှာ သူ တတိယမ္မိ အရှက်တကွဲ လဲကျခြင်းပင်။
Live ကြည့်နေသည့် ပရိသတ်များမှာလည်း လုံးဝ ကြောင်အမ်းသွားကြလေသည်။
"လခွမ်း... အစ်ကိုယီတောင်း ရဲ့ 'Follow' စနစ်က အခုလို စွမ်းရည်တွေပါ ရနေပြီလား..."
"သူက ကောင်မလေးကို သုံးခါ တိုက်ခိုက်ဖို့ ကြိုးစားပေမဲ့ သုံးခါလုံး သူ့ဘာသာသူ လဲကျသွားတာပဲ... ဒါက တိုက်ဆိုင်မှု မဟုတ်လောက်ဘူး..."
"ဒါက တကယ်ကို ရူးချင်စရာပဲ... တကယ့်ကို မယုံနိုင်စရာပဲ..."
"ဟို ကောင်မလေးကို ကြည့်ဦး... တည်ငြိမ်လိုက်တာ... သူမရဲ့ စိတ်ဓာတ်ကို လေးစားမိတယ်..."
"သူမက လှရုံတင် မကဘူး... သူမရဲ့ အမူအရာက တကယ့်ကို အထာကျတယ်... ဝမ်အားကုလို လူမျိုးကို ဘာလို့ ရွေးခဲ့တာလဲ... ဒီမှာ တစ်ခုခုတော့ သေချာပေါက် ရှိရမယ်..."
"ဒါနဲ့ ရဲကို ဖုန်းမဆက်ထားဘူးလား... ဘာလို့ ဒီလောက် ကြာနေရတာလဲ..." "ဒီလို ရွာသေးသေးလေးမှာဆိုရင် မြို့ပေါ်ထက်တော့ ရဲတွေ လာဖို့ ပိုကြာမှာပေါ့... ဒါပေမဲ့ သူတို့ လာနေလောက်ပါပြီ မဟုတ်လား..."
"ဟေး... ခုနကတင် ရဲကား ဥသြသံ ကြားလိုက်သလိုပဲ... ရဲတွေ ဖြစ်ရမယ်..."
"ငါလည်း ကြားလိုက်သလိုပဲ... ဒီကောင်တော့ ဂိပြီ... ဝမ်အားကု ဘယ်ကို ပြေးနိုင်မလဲ ကြည့်ရသေးတာပေါ့..."
"ဟုတ်တယ်... ကျိုးရှုရီနဲ့ အလှလေးတို့ သတိထားဦး... ပြေးကြတော့... ဟိုမိန်းကလေးက ဘာလို့ ထိုင်နေတုန်းလဲ... မြန်မြန်လုပ်..."
"တောက်... ဝမ်အားကုက ရူးသွားပြီလား... ကြည့်နေတဲ့သူတွေ ဒီလောက်များတဲ့ Live ထဲမှာ ဓားနဲ့ တိုက်ခိုက်ဖို့ ကြိုးစားနေတာလား..."
"ပြေးတော့... မြန်မြန်ပြေး... ဟိုမိန်းကလေး... ဘာလို့ ထိုင်နေတုန်းပဲလဲ... ငါတို့မှာတော့ ရင်တုန်လိုက်တာ..." "အစ်ကိုယီတောင်း... ဝင်ပါပြီး ရှင်းလိုက်ပါတော့..."
"ဟုတ်တယ် အစ်ကိုယီတောင်း... ကျိုးရှုရီတို့ အုပ်စုကို ကယ်လိုက်ပါဦး..."
"လခွမ်း... နောက်ကျသွားပြီ..."