ဝမ်အားကု ထံမှ ဘယ်ကပေါ်လာမှန်း မသိသော မောင်းချဓားမြှောင် တစ်လက် ထွက်လာသည်ကို မြင်လိုက်ရချိန်တွင် ကျိုးရှုရီနှင့် လီရှင်းထင်တို့မှာ နေရာမှာပင် အေးခဲသွားကြလေသည်။ သူတို့ ဘာမှ မလုပ်နိုင်တော့ဘဲ ကြောက်လန့်တကြား အော်ဟစ်ရုံသာ တတ်နိုင်တော့၏။
တစ်ဖက်တွင်တော့ ယန်ချင်းယွဲ့မှာ ကြောက်လန့်သွားသည့်အလား နေရာမှာတင် မလှုပ်မယှက် ရပ်နေလေသည်။
Live ကြည့်နေသော ပရိသတ်များမှာလည်း ထိုနည်းတူပင် ထိတ်လန့် စိုးရိမ်နေကြလေသည်။ သူတို့၏ မျက်လုံးများထဲတွင် အကြောက်တရားနှင့် ပြာယာခတ်မှုများက အထင်းသား။
ဝမ်အားကု၏ ဒေါသတကြီး အမူအရာကို ကြည့်ခြင်းအားဖြင့် အကယ်၍ ယခုအချိန်တွင် သူသာ ယန်ချင်းယွဲ့ အနားသို့ ရောက်သွားမည် ဆိုပါက သူမကို တကယ် သတ်ပစ်ရန် ပြင်ဆင်ထားကြောင်း ထင်ရှားလှပေသည်။
လက်ရွံ့မည့်ဟန် လုံးဝ မရှိပေ။
မှတ်ထားရမည်မှာ လူတစ်ယောက် ဒေါသထွက်ပြီး အသိစိတ် လွတ်သွားချိန်တွင် ထိုကဲ့သို့သော ထိန်းချုပ်မရသည့် ရူးသွပ်မှုမျိုးကို တားဆီးရန်မှာ မဖြစ်နိုင်သလောက်ပင်။
ဝမ်အားကုက ယန်ချင်းယွဲ့နှင့် မီတာဝက်ခန့်သာ ကွာဝေးတော့ပြီး နောက်တစ်စက္ကန့်တွင် ဓားမြှောင်က သူမ၏ လည်ပင်းကို တည့်တည့် ထိုးဖောက်ဝင်ရောက်သွားတော့မည့်အလားပင်။
သို့သော် ထိုအချိန်မှာပင် အခန်းအပြင်ဘက် ပြတင်းပေါက်နားမှ အသံများ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာလေသည်။
" ရပ်လိုက်စမ်း... "
" မလှုပ်နဲ့... "
" လက်နက်ချလိုက်... "
ရဲတွေ ရောက်လာပြီ...။
သူတို့ ကားပေါ်မှ ဆင်းလာချိန်တွင် ဤမြင်ကွင်းကို အချိန်ကိုက် မြင်တွေ့လိုက်ရခြင်း ဖြစ်၏။
ဘာစကားမျှ မဆိုတော့ဘဲ ရဲအရာရှိ အချို့က သေနတ်များကို အလျင်အမြန် ဆွဲထုတ်ကာ ဝမ်အားကုထံသို့ ချိန်ရွယ်လိုက်ကြလေသည်။ အကြမ်းဖက် ရာဇဝတ်မှု တစ်ခု ဖြစ်ပွားတော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရသဖြင့် သူတို့ အလွန် အလေးအနက် ထားကြခြင်း ဖြစ်၏။
သူတို့၏ တုံ့ပြန်မှုက မြန်ဆန်ပြီး ပြတ်သားလှပေသည်။
အကယ်၍ ဝမ်အားကု ဓားသာ ယန်ချင်းယွဲ့ကို တကယ် ထိုးမိသွားမည် ဆိုပါက သေဆုံးသည်အထိ မဖြစ်လျှင်တောင် ပြင်းထန်သော ဒဏ်ရာများ ရရှိသွားမည်မှာ အသေအချာ။
ပြည်သူ့ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့ လုံခြုံရေးကို စောင့်ရှောက်သူများ အနေဖြင့် ဤမြင်ကွင်းကို မြင်တွေ့ရချိန်တွင် သူတို့၏ ချက်ချင်း တုံ့ပြန်မှုက ဘာဖြစ်မည်နည်း။ သေချာပေါက် ကျရောက်လာတော့မည့် တိုက်ခိုက်မှုကို ရပ်တန့်ရန် သတိပေးချက်များနှင့် အမိန့်များ ပေးခြင်းပင် ဖြစ်လေသည်။
သို့သော် ဤအချိန်တွင် ဝမ်အားကုမှာ တိုက်ခိုက်ရန် အသင့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်ကာ ဒေါသများ ဖုံးလွှမ်းနေလေပြီ။
အမိန့်ပေးရုံနှင့် သူ ရပ်တန့်သွားမည် မဟုတ်ပေ။
စဉ်းစားရန် အချိန် အနည်းငယ်၊ သို့မဟုတ် စိတ်အေးသွားရန် နေရာလေး အနည်းငယ်သာ ရခဲ့မည် ဆိုပါက သူ၏ လုပ်ရပ်များကို သူ ပြန်လည် စဉ်းစားမိကောင်း စဉ်းစားမိပေလိမ့်မည်။
ဘာပဲဖြစ်ဖြစ်... ရဲတွေ ရောက်နေတဲ့ အချိန်မှာ သူတို့ မျက်စိရှေ့မှာတင် လူသတ်ဖို့ ဆိုတာကတော့ သူ တွေးတောင် တွေးရဲမှာ မဟုတ်ဘူးလေ...။
သူက သတ်ရန် ရည်ရွယ်ထားသည် မဟုတ်ဘဲ ယန်ချင်းယွဲ့ကို ခြောက်လှန့်ဖို့ သက်သက်သာ ဖြစ်နိုင်ပေသည်။ သို့သော် သူ၏ လုပ်ရပ်များက ကြည့်ရှုနေသူများ၏ အမြင်တွင် လူသတ်ရန် ရည်ရွယ်ထားပုံ ပေါက်နေလေသည်။
ထို့ကြောင့် ရဲအရာရှိများ အနေဖြင့် အခြေအနေအရ တုံ့ပြန်ရန်မှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ပေ။ သေနတ်သံ နှစ်ချက် ထွက်ပေါ်လာ၏။
" ဒိုင်း... "
ထို့နောက်... ဝမ်အားကု တစ်ယောက် ဇဝေဇဝါ မျက်နှာထားဖြင့် သူ့ရင်ဘတ်ကို သူ ပြန်ငုံ့ကြည့်လိုက်လေသည်။
သူ မြေကြီးပေါ် လဲကျသွားပြီး မျက်လုံးအပြူးသားဖြင့် ယန်ချင်းယွဲ့ ရှိရာဘက်ကို စိုက်ကြည့်နေတော့၏။
သူ့မျက်လုံးများထဲတွင် နာကြည်းမှုများနှင့် အကြောက်တရားများ ပြည့်နှက်နေလေသည်။
ထိုနေရာတွင် ရှိနေသူ အများစုမှာ ရုတ်တရက် ဖြစ်ပျက်သွားသော အဖြစ်အပျက်များကြောင့် အံ့အားသင့်နေသဖြင့် သတိမထားမိကြသော်လည်း အရေးကြီးသော အသေးစိတ် အချက်တစ်ခုကို သတိထားမိလိုက်သူ တစ်ဦး ရှိလေသည်။ ၎င်းမှာ သေချာ စောင့်ကြည့်နေသော လီယီတောင်းပင် ဖြစ်၏။
ဝမ်အားကု ကျည်ဆန် ထိမှန်သွားချိန်တွင် ထိုပစ်ချက်များက သေရန်အထိ မရည်ရွယ်ကြောင်း လီယီတောင်း သတိထားမိလိုက်သည်။
ပစ်ခတ်ခဲ့သော ရဲအရာရှိ နှစ်ဦးမှာ သူ့ကို သတ်ရန်ထက် တားဆီးရန်သာ ရည်ရွယ်မှန်း သိသာပေသည်။
သို့သော် မည်သူမျှ သတိမထားမိခဲ့သည့် အရာမှာ... သေနတ်ကျည်ဆန် ဝမ်အားကုကို ထိမှန်သွားသည့် အချိန်နှင့် တစ်ပြိုင်နက်တည်း ယန်ချင်းယွဲ့၏ လက်ထဲရှိ ခွက်ထဲမှ သာမန် မျက်စိဖြင့် မမြင်နိုင်သော ရေစက်လေး တစ်စက်က လေထဲတွင် ရပ်တန့်သွားပြီး ဝမ်အားကု၏ နှလုံးအိမ်ထဲသို့ တိုက်ရိုက် ထိုးဖောက် ဝင်ရောက်သွားခဲ့ခြင်းပင် ဖြစ်၏။
သေနတ် အပစ်ခံရပြီးနောက် ဝမ်အားကု သေဆုံးသွားရခြင်း၏ အဓိက အကြောင်းရင်းမှာ ဤမသိမသာ ရေစက်လေးကြောင့်ပင် ဖြစ်လေသည်။
ဝမ်အားကုက နောက်ဆုံး အချိန်လေးတွင် ယန်ချင်းယွဲ့၏ လုပ်ရပ်များကို ခံစားမိကောင်း ခံစားမိပေလိမ့်မည်။ ၎င်းမှာ သူ အလွန်အမင်း ကြောက်လန့်သွားသည့် အကြောင်းရင်းပင် ဖြစ်၏။
ရဲအရာရှိများက သံသယရှိသူကို ချက်ချင်း ထိန်းချုပ်လိုက်ပြီး အရေးပေါ် ဆေးကုသမှု ခံယူရန် အကူအညီ တောင်းလိုက်လေသည်။
သံသယရှိသူ ဒဏ်ရာရရှိထားကြောင်းနှင့် အရေးပေါ် ဆေးကုသမှု လိုအပ်ကြောင်း သူတို့ သတင်းပို့လိုက်ကြ၏။ ရဲအရာရှိ သုံးဦးက သူတို့၏ တာဝန်များကို ကျွမ်းကျင်စွာ ခွဲဝေလိုက်ကြသည်။
တစ်ယောက်က ဝမ်အားကု၏ အခြေအနေကို စစ်ဆေးရန် ရှေ့သို့ တက်သွားပြီး၊ တစ်ယောက်က အရေးပေါ် အကူအညီ ခေါ်ကာ၊ ကျန်တစ်ယောက်က အိမ်ထဲသို့ ဝင်သွားလေသည်။
" အားလုံး အဆင်ပြေကြရဲ့လား... "
အနီးသို့ ရောက်လာသော ရဲအရာရှိ တစ်ဦးက မေးလိုက်၏။
ဤအချိန်တွင် ကျိုးရှုရီနှင့် လီရှင်းထင်တို့မှာ အလွန်အမင်း ကြောက်လန့်နေကြပြီ ဖြစ်သည်။
ယန်ချင်းယွဲ့ ကတော့... ယခင်က တည်ငြိမ်နေသော ဟန်ပန် လုံးဝ မရှိတော့ပေ။
သူမက ထိတ်လန့်နေသော မိန်းမငယ်လေး တစ်ဦးအသွင် ဖြစ်နေပြီး တစ်ကိုယ်လုံး ထိန်းမရအောင် တုန်ယင်နေလေသည်။
ယခင်က သူမ၏ တည်ငြိမ်မှုနှင့် ထူးခြားသော အရှိန်အဝါများမှာ ယခုအခါ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။
" ကျွန်... ကျွန်မ အဆင်ပြေပါတယ်... "
ယန်ချင်းယွဲ့က ကြောက်ရွံ့စွာဖြင့် ပြန်ဖြေလိုက်လေသည်။
" မင်းတို့ကော... ဒဏ်ရာ ရသွားသေးလား... "
သူက ကျိုးရှုရီနှင့် လီရှင်းထင်တို့ကို ကြည့်ကာ မေးလိုက်၏။
" ကျွန်မ အဆင်ပြေပါတယ်... "
" ကျွန်... ကျွန်မလည်း အဆင်ပြေပါတယ်... "
ကျိုးရှုရီနှင့် လီရှင်းထင်တို့ ယန်ချင်းယွဲ့ အနီးသို့ ချဉ်းကပ်သွားပြီး အတူတူ ရပ်ကာ ဝမ်အားကု၏ အသက်ကင်းမဲ့နေသော အလောင်းကို ငေးကြည့်နေမိကြသည်။
" အော့... "
နောက်ဆုံးတွင် သူတို့ မအောင့်နိုင်တော့ပေ။
အလောင်း တစ်လောင်းကို မျက်ဝါးထင်ထင် မြင်ရခြင်းမှာ လူအများစုအတွက် အလွယ်တကူ ကိုင်တွယ် ဖြေရှင်းနိုင်သော ကိစ္စ မဟုတ်ပေ။ ဤကဲ့သို့သော အခြေအနေမျိုးတွင် မသိစိတ်မှ ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုများ ဖြစ်ပေါ်လာခြင်းမှာ သာမန်ပင် ဖြစ်၏။
ယန်ချင်းယွဲ့ကလည်း ပျို့အန်ချင်ယောင် ဆောင်လိုက်သော်လည်း တကယ်တမ်းတွင်မူ သူမ အန်မည် မဟုတ်ပေ။
" ကောင်းပြီ... မင်းတို့ နှစ်ယောက် လောလောဆယ် အပြင်ထွက်နေကြပါ... ဒီမှာ ငါတို့ ရှင်းလိုက်မယ်... ပြီးရင်တော့ ထွက်ဆိုချက် ပေးဖို့ ရဲစခန်းကို လိုက်ခဲ့ဖို့ လိုလိမ့်မယ်... "
" အော့... ဟုတ်ကဲ့... အော့... "
ပြန်ဖြေနေစဉ် ကျိုးရှုရီ ဆက်လက် ပျို့အန်နေဆဲပင်။ ယန်ချင်းယွဲ့၏ အကူအညီဖြင့် သူမနှင့် လီရှင်းထင်တို့ နောက်ဆုံးတွင် အပြင်သို့ ရောက်သွားကြလေသည်။
တစ်ချိန်တည်းမှာပင် ဝမ်အားကု၏ Live မှာ လုံးဝ ဗြောင်းဆန်နေတော့၏။
လက်ရှိ Live မြင်ကွင်းက မျက်နှာကြက်တွင် ချိတ်ဆွဲထားသော အသီးအနှံခြောက်များကိုသာ ပြသနေသော်လည်း သေနတ်သံများနှင့် ကျိုးရှုရီ၊ လီရှင်းထင်တို့၏ ပျို့အန်သံများ အပါအဝင် အသံအားလုံးကို ရှင်းလင်းပြတ်သားစွာ ကြားနေရလေသည်။
အသေးစိတ် အချက်အလက် တစ်ခုကိုမျှ လက်မလွတ်စေရန် အားလုံးက သေချာ နားထောင်နေကြ၏။
" လခွမ်း... လန့်သွားတာ သေးတောင်ထွက်ကျတော့မလို့... ဘာတွေ ဖြစ်ကုန်တာလဲဟ... "
" ဘုရားရေ... အစ်ကိုကု သေသွားပြီလား.. ငရဲရောက်သွားပြီလား... "
" မဖြစ်နိုင်တာ... ဘာလို့လဲ... အစ်ကိုကု က သိပ်ဆိုးဆိုးရွားရွားတွေ လုပ်ခဲ့တာမှ မဟုတ်တာ... "
" မဟုတ်ဘူး... မဟုတ်ဘူး... တစ်ခုခုတော့ မှားနေပြီ... အစ်ကိုကု... ဒီမှာတအားကို လျှို့ဝှက်ဆန်းကြယ်နေပြီ... "
" မဟုတ်ဘူး... မဟုတ်ဘူး... တစ်ခုခုတော့ မှားနေပြီ... အစ်ကိုကု... ဒါက.. အရမ်းကို ယုံရခက်လွန်းနေပြီ... "
" ဘာတွေ ဇဝေဇဝါ ဖြစ်နေကြတာလဲ... လခွမ်း... ဘယ်လိုလုပ် ဒီလို အခြေအနေထိ ရောက်သွားရတာလဲ... "
" ငါ... ငါ ကုတင်ပေါ် ပြန်သွားအိပ်တော့မယ်... ဒီနေ့ ငါ တခြား ကမ္ဘာ တစ်ခုကို ရောက်သွားသလိုပဲ ခံစားရတယ်... "
" အတိအကျပဲ... အပေါ်ကလူတွေ ပြောတာ မှန်တယ်... တခြား ကမ္ဘာ ရောက်သွားတာ... တခြား ကမ္ဘာ ရောက်သွားတာ... ဒီဇာတ်လမ်း အပြောင်းအလဲက တအား မြန်လွန်းတယ်... ဘုရားရေ... "
" အစ်ကိုယီတောင်းက ဒီလောက်တောင် ကြောက်စရာ ကောင်းနေပြီလား... သူ ပြောတဲ့အတိုင်း တကယ် ဖြစ်လာတာပဲ... "
" အစ်ကိုယီတောင်း... ငါ ပြောနိုင်တာ တစ်ခုပဲ ရှိတယ်... သူက တကယ့် ဆရာကြီးပဲ... "
" ဘာမှ ပြောစရာ မလိုတော့ဘူး... အစ်ကိုယီတောင်းက ထိပ်ဆုံးမှာ ရှိနေတာပဲ... ဒါကြောင့် ငါ သူ့ကို ဆရာတင်လိုက်ပြီ... "
" ငါ ပြောနိုင်တာကတော့... အစ်ကိုယီတောင်းက အစ်ကိုယီတောင်း ပါပဲ... "
" ဝမ်အားကု... ဒီအမှိုက်ကောင်... သေသင့်တယ်... ကံကောင်းလို့ ကျိုးရှုရီ အဆင်ပြေသွားတာ... မဟုတ်ရင် အစ်ကိုယီတောင်း ကိုတောင် မစောင့်တော့ဘဲ ငါ သွားသတ်မိမှာ... "
" ငါ့ဓားမကြီးက သွေးဆာနေပြီ... ဒါပေမဲ့ အခုတော့ အသုံးမဝင်တော့ဘူး... "
" အင်း... အစ်ကိုကုက… အနည်းဆုံးတော့ သူ သေလောက်တဲ့ အထိ မဖြစ်သင့်ဘူးလေ... "
" ဟုတ်တယ်... ဘယ်လိုပဲ ကြည့်ကြည့်... သူ ကိုယ်ကျင့်တရားနဲ့ မညီတာတွေ လုပ်ခဲ့ရင်တောင် ဒါက သေဒဏ် ပေးလောက်တဲ့ ကိစ္စမှ မဟုတ်တာ... ဒါပေမဲ့ အခုတော့... "
" ဟက်... ဝမ်အားကု သေတာက... သူ့ကိုယ်သူ သတ်သေတာပဲ... "
" အတိအကျပဲ... ကိုယ့်သေတွင်း ကိုယ်တူးတာ... "
" ဒါနဲ့... မင်းတို့ ကြားပြီးပြီလား... ဒီတစ်ခေါက် ပလက်ဖောင်း အစီအစဉ်ကို အစ်ကိုယီတောင်း လက်ခံလိုက်တယ်တဲ့... "
" တကယ်ကြီးလား... ဒီတစ်ခေါက် ဧည့်သည် အဖြစ် နာမည်ကြီး အနုပညာရှင် တချို့ ပါမယ်လို့ ငါ ကြားတယ်... အစ်ကိုယီတောင်းက ပျားမလေး ကိုများ Follow လိုက်မလား... မင်းတို့ ဘယ်လို ထင်လဲ... "
" မင်း လိပ်စာ ပေးရဲလား... အခုချက်ချင်း လာသတ်မယ်... "
" ရိုင်းလိုက်တဲ့ကောင်... တကယ်လို့ အစ်ကိုယီတောင်းသာ ငါ့ရဲ့ ပျားမလေး ကို Follow လုပ်ရဲရင် ငါ သဘောမတူဘူး... သူ့ကို Unfollow လုပ်ပစ်မယ်... "
" ဟုတ်တယ်... "
ဤအချိန်တွင် လီယီတောင်းက ထင်ရာမြင်ရာ ပြောဆိုနေမှုများကို ဂရုမစိုက်တော့ဘဲ Live ထဲမှ တိတ်တဆိတ် ထွက်လာခဲ့လေသည်။
လီယီတောင်းက ယန်ချင်းယွဲ့ကို လူကိုယ်တိုင် သွားတွေ့ရန် စီစဉ်နေခြင်း ဖြစ်၏။
ယန်ချင်းယွဲ့ ထံမှ တန်ဖိုးရှိသော အချက်အလက် အချို့ကို ရနိုင်လိမ့်မည်ဟု သူ ခံစားနေရသည်။