အချိန်တို့ လျင်မြန်စွာ ကုန်ဆုံးသွားပြီး နောက်တစ်နေ့သို့ ကူးပြောင်းလာခဲ့လေပြီ။
နေ့လည်နေ့ခင်း အိုက်စက်စက် ရှိသည်မို့ လီယီတောင်း ဆိုင်ရှေ့၌ ထိုင်ကာ လေညင်းခံနေ၏။
လမ်းမပေါ်တွင် တက္ကစီတစ်စီး ရပ်သွားပြီး ပင်ပန်းနွမ်းနယ်နေသော လူသုံးယောက် ကားပေါ်မှ ဆင်းလာလေသည်။ သူတို့မှာ ကျိုးရှုရီ၊ လီရှင်းထင်နှင့် ယန်ချင်းယွဲ့တို့ ဖြစ်ကြ၏။
သူ ခန့်မှန်းထားသည့်အတိုင်း ယန်ချင်းယွဲ့ ပါလာခဲ့သည်။
သူမက မိမိနှင့် ဆွေးနွေးစရာ တစ်ခုခု ရှိနေမည်ကို လီယီတောင်း သိထား၏။
သူ၏ ခန့်မှန်းချက်အရ ယန်ချင်းယွဲ့က မည်သည့် သီးခြား အဖွဲ့အစည်းနှင့်မျှ ပတ်သက်မှု မရှိသော်လည်း သူမထံတွင် ထူးခြားသော စွမ်းရည်အချို့ ရှိနေလေသည်။
ဤစွမ်းရည်များက မည်သို့ အလုပ်လုပ်သည်ကို သူမကိုယ်တိုင်ပင် အပြည့်အဝ နားလည်ပုံ မပေါ်ဘဲ သူမ၏ အလားအလာများကို ခွဲခြမ်းစိတ်ဖြာရန် ကူညီပေးမည့်သူ တစ်ဦးကို လိုအပ်နေပုံ ရ၏။
လီရှင်းထင်က ဤကိစ္စအတွက် သင့်တော်မည့်သူ မဟုတ်သလို သူမ၏ မွေးစားမိဘများကတော့ ပို၍ပင် မဖြစ်နိုင်ပေ။
ထို့ကြောင့် အစ်ကိုယီတောင်း၏ တည်ရှိမှုက သူမအတွက် အခွင့်အရေး တစ်ခု ဖြစ်လာခဲ့လေပြီ။
၎င်းမှာ ယန်ချင်းယွဲ့ အနေဖြင့် သူမ၏ အခြေအနေကို နားလည်အောင် ကူညီပေးနိုင်မည့်သူ တစ်ဦးနှင့် အဆက်အသွယ် လုပ်ရန် အခွင့်အရေးပင် ဖြစ်၏။
" ပြန်ရောက်လာကြပြီလား... "
လီယီတောင်းက သူတို့ကို တည်ငြိမ်စွာ နှုတ်ဆက်လိုက်သည်။
ကျိုးရှုရီနှင့် လီရှင်းထင်တို့က တစ်ပြိုင်နက်တည်း ခေါင်းညိတ်ပြကြ၏။
ယန်ချင်းယွဲ့က အစ်ကိုယီတောင်းကို တစ်ချက် ကြည့်လိုက်ပြီး ဘာစကားမျှ မဆိုဘဲ ခပ်ငေးငေးသာ ကြည့်နေလေသည်။
" ပါဆယ် မှာထားတယ်... မကြာခင် ရောက်တော့မယ်... အတူတူ နေ့လယ်စာ စားကြတာပေါ့... "
လီယီတောင်းက ပြောလိုက်၏။
" ကျေးဇူးပါပဲ... "
ကျိုးရှုရီနှင့် လီရှင်းထင်တို့က ပြိုင်တူ ပြန်ဖြေကြသည်။
ယန်ချင်းယွဲ့ကလည်း ခေါင်းညိတ်ပြလိုက်၏။
နာရီဝက်ခန့် အကြာတွင် ဆိုင်ရှေ့၌ စားပွဲတစ်လုံး ချကာ လီယီတောင်း မှာထားသော အစားအစာများကို စားသောက်ကြလေသည်။ သူတို့ ၃ယောက် များများစားစား စားဝင်ဦးမည် မဟုတ်မှန်း လီယီတောင်း သိပေသည်။ ဝမ်အားကု သေဆုံးသွားသည်ကို မြင်တွေ့ခဲ့ရပြီးနောက် သူတို့ ကြုံတွေ့နေရမည့် တုန်လှုပ်မှုနှင့် စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုများကို သူ နားလည်ပေသည်။
ထို့ကြောင့် ကျိုးရှုရီနှင့် လီရှင်းထင်တို့ ပြန်လာမည့် အချိန်ကို စောင့်ရင်း ရိုးရိုးရှင်းရှင်း ခေါက်ဆွဲပွဲများကို သူ တမင် မှာထားခဲ့ခြင်း ဖြစ်၏။
" အစ်ကိုယီတောင်း... ကျေးဇူးပါပဲ... "
ခေါက်ဆွဲ နည်းနည်း စားပြီးနောက် လီရှင်းထင်က အရင် စကားစလိုက်သည်။
ကျိုးရှုရီကလည်း ဝင်ပြောလေသည်။
" ကျေးဇူးပါ အစ်ကိုယီတောင်း... အစ်ကိုသာ မရှိရင် ကျွန်မတို့ ပြန်ရောက်လာနိုင်မှာ မဟုတ်ဘူး... "
ကျိုးရှုရီနှင့် လီရှင်းထင်တို့၏ အမြင်တွင် ဝမ်အားကု သေဆုံးမှုအတွက် အစ်ကိုယီတောင်း၌ တာဝန်ရှိသည်ဟု ယုံကြည်နေကြခြင်း ဖြစ်၏။
ဘာပဲဖြစ်ဖြစ်... အစ်ကိုယီတောင်း က ဝမ်အားကု ရဲ့ Live ကို တွေ့ပြီး Follow လိုက်ပြီးမှ ဒီအဖြစ်အပျက်က ဖြစ်သွားခဲ့တာလေ...။
ထိုစဉ် ယန်ချင်းယွဲ့ ခဏတာ တုံ့ဆိုင်းသွားပုံ ရသော်လည်း အလျင်အမြန်ပင် ပုံမှန် အခြေအနေသို့ ပြန်ရောက်သွား၏။
ဤအချိန်လေးက အလွန် တိုတောင်းသော်လည်း လီယီတောင်း သတိထားမိလိုက်သည်။
မည်သို့ပင်ဖြစ်စေ သူ ဘာစကားမျှ မဆိုဘဲ ခေါက်ဆွဲကိုသာ ဆက်စားနေလိုက်၏။
စားကုန်ခါနီးတွင် ကျိုးရှုရီနှင့် လီရှင်းထင်တို့ အချင်းချင်း ကြည့်လိုက်ကြပြီး ကျိုးရှုရီက... " အစ်ကိုယီတောင်း... မကြာခင် လာမယ့် အစီအစဉ်အတွက် ပလက်ဖောင်းရဲ့ ဖိတ်ကြားချက်ကို အစ်ကို လက်ခံလိုက်ပြီလားဟင်... "
လီရှင်းထင်ကလည်း လီယီတောင်းကို ကြည့်ကာ အဖြေကို စောင့်နေ၏။
လီယီတောင်း စကားမပြောဘဲ ခေါင်းညိတ်ပြလိုက်၏။ ၎င်းမှာ သူ၏ အဖြေပင်။
" ဒါဆို... ကျွန်မတို့လည်း ပလက်ဖောင်းရဲ့ ဖိတ်ကြားချက်ကို လက်ခံလိုက်ရမလား... "
ကျိုးရှုရီ အသံတွင် မေးခွန်းထုတ်လိုသည့် အရိပ်အယောင်လေး ပါဝင်နေ၏။
သူတို့က လီယီတောင်း၏ အကြံဉာဏ်ကို တောင်းခံနေကြောင်း ထင်ရှားလှပေသည်။
ဤအချိန်တွင် ယန်ချင်းယွဲ့က သူတို့ နှစ်ယောက်ကို မျက်မှောင် အနည်းငယ် ကြုတ်ကာ ကြည့်နေ၏။ သူမတို့ အဘယ်ကြောင့် ဤလူကို တိုင်ပင်နေရသနည်းဟု တွေးတောနေပုံ ရလေသည်။
သို့သော် အဘယ်ကြောင့် မိမိ အကြံဉာဏ်ကို တောင်းခံနေရသည်ကို လီယီတောင်း နားလည်လေသည်။
ဘာပဲဖြစ်ဖြစ်... သူတို့ နှစ်ယောက်လုံးက ငါ့ရဲ့ Follower တွေလေ... မမျှော်လင့်ထားတာတွေ ဘာမဆို ဖြစ်သွားနိုင်တယ် မဟုတ်လား...။
ဥပမာအားဖြင့် ဒီတစ်ခေါက်ဆိုရင် သူတို့ ပြန်တောင် မလာနိုင်တော့လောက်တဲ့ အခြေအနေမျိုးနဲ့ ကြုံခဲ့ရတာ...။
ယခုအခါ သူတို့ တောင်ပေါ်ဒေသသို့ သွားစဉ်က အစ်ကိုယီတောင်းကို အသိမပေးခဲ့မိသည့် အတွက် အလွန် နောင်တရနေကြပြီ ဖြစ်၏။
အစ်ကိုယီတောင်း၏ အာရုံစိုက်မှုကို ရရှိထားပါက မည်သည့် အန္တရာယ်ကိုမဆို ရှောင်လွှဲနိုင်မည်ဟု သူတို့ ယုံကြည်နေကြသည်။
သူတို့၏ ရင်ထဲတွင်တော့ အစ်ကိုယီတောင်းက အရာအားလုံးကို စွမ်းဆောင်နိုင်သူ တစ်ဦး ဖြစ်နေလေပြီ။
ကျိုးရှုရီနှင့် လီရှင်းထင်တို့၏ မေးခွန်းကို အစ်ကိုယီတောင်း ခဏမျှ စဉ်းစားလိုက်၏။သူ မေးခွန်း တစ်ခုကို တွေးတောနေခြင်း ဖြစ်သည်။
' ယာယီ မစ်ရှင်က ဘာလို့ ပြီးသွားပြီလို့ ပြနေရတာလဲ... '
ဝမ်အားကု သေဆုံးသွားသည်နှင့် တစ်ပြိုင်နက် အရေးပေါ် မစ်ရှင် ပြီးမြောက်သွားပြီ ဖြစ်ကြောင်း စနစ်က အသိပေးချက် ပို့လာခဲ့ခြင်း ဖြစ်၏။
၎င်းက မစ်ရှင်သည် ကျိုးရှုရီနှင့် လီရှင်းထင်တို့ကို ကယ်တင်ရန် သက်သက် မဟုတ်ဘဲ သူတို့ ရင်ဆိုင်နေရသော အကျပ်အတည်းကို ဖြေရှင်းရန် ရည်ရွယ်ထားကြောင်း ညွှန်ပြနေလေသည်။
ဤရှုထောင့်မှ ကြည့်လျှင် အရာအားလုံးက အဓိပ္ပာယ် ရှိသွားပြီ ဖြစ်၏။
" အစ်ကိုယီတောင်း... "
လီယီတောင်း အချိန်အတော်ကြာ တိတ်ဆိတ်နေသည်ကို မြင်သောအခါ ကျိုးရှုရီက ထပ်မေးလိုက်လေသည်။
ထိုအခါမှ အတွေးထဲနစ်မျောနေသည့် လီယီတောင်းက... " အင်း... မင်းတို့ အစီအစဉ်ကို မင်းတို့ဘာသာ ဆုံးဖြတ်လို့ ရပါတယ်... " ဟု ညင်သာစွာ ပြန်ဖြေလိုက်၏။
လီယီတောင်း၏ အဖြေကြောင့် အားလုံး ထပ်မံ တိတ်ဆိတ်သွားကြပြန်သည်။
ခဏအကြာတွင် ကျိုးရှုရီနှင့် လီရှင်းထင်တို့ အထဲသို့ ဝင်၍ အနားယူရန် ဆုံးဖြတ်လိုက်ကြလေသည်။ သို့သော် ယန်ချင်းယွဲ့က အပြင်မှာ ခဏလောက် နေချင်သေးသည်ဟု ဆိုကာ ငြင်းပယ်လိုက်လေသည်။
တကယ်တမ်းတွင် သူမ၏ ရည်ရွယ်ချက်မှာ အစ်ကိုယီတောင်းနှင့် သီးသန့် စကားပြောရန် ဖြစ်၏။
ကျိုးရှုရီနှင့် လီရှင်းထင်တို့ အိမ်ထဲသို့ ဝင်သွားချိန်တွင် အပြင်ဘက်၌ ထိုင်နေသော အစ်ကိုယီတောင်းနှင့် ယန်ချင်းယွဲ့တို့မှာ တိတ်ဆိတ်နေကြလေသည်။
နာရီဝက်ခန့် ကုန်ဆုံးသွား၏။ ကျိုးရှုရီနှင့် လီရှင်းထင်တို့ အပြင်သို့ ထွက်မလာကြတော့ပေ။
ထိုအချိန်ကျမှသာ ယန်ချင်းယွဲ့က နောက်ဆုံးတွင် စကားစလိုက်လေသည်။
" ရှင်က လူတစ်ယောက် ဘယ်အချိန် သေမယ် ဆိုတာကို တကယ် မြင်နိုင်တာလား... "
ယခင်က အပြစ်ကင်းစင်သည့် ဟန်ပန်မျိုး မရှိတော့သော ယန်ချင်းယွဲ့က မေးလိုက်၏။
လီယီတောင်းက ယန်ချင်းယွဲ့ကို စူးစိုက်ကြည့်လိုက်၏။
" မင်း... ရေစက်တွေကို ထိန်းချုပ်နိုင်တယ် မဟုတ်လား... "
သူက အဖြေမပေးပေ။ ထိုအစား မေးခွန်း ပြန်ထုတ်လိုက်ခြင်း ဖြစ်၏။
လီယီတောင်း၏ စကားကို ကြားသောအခါ ယန်ချင်းယွဲ့ သိသိသာသာ တုန်သွားလေသည်။
" ရှင် မြင်လိုက်တာလား... "
ဤတစ်ကြိမ်တွင် လီယီတောင်း တိတ်ဆိတ်နေပြီး ယန်ချင်းယွဲ့ကို ပြုံးပြရုံသာ ပြုံးပြလိုက်၏။
သူမ၏ မေးခွန်းက အနည်းငယ် ပိုနေကြောင်း ထင်ရှားလှပေသည်။
သူမ၏ လုပ်ရပ်များက အလွန် လျှို့ဝှက်လွန်းလှသဖြင့် လီယီတောင်းသာ မမြင်ခဲ့လျှင် မေးနိုင်မည် မဟုတ်ပေ။
စက္ကန့်အနည်းငယ် ကြာပြီးနောက် သူမက လီယီတောင်းကို လေးနက်စွာ ကြည့်ကာ... " ဒါ ဘာလို့ ဖြစ်လာရတာလဲ ဆိုတာ ရှင် သိလား... " ဟု မေးလိုက်၏။
ယန်ချင်းယွဲ့က လီယီတောင်းကို မျှော်လင့်ချက် အပြည့်ဖြင့် ကြည့်နေသော်လည်း ညင်သာစွာ ခေါင်းခါပြလိုက်သည့် အခါတွင်တော့ သူမ သိသိသာသာ စိတ်ပျက်သွားလေသည်။
သို့သော် လီယီတောင်းက ဆက်ပြော၏။
" မင်းရဲ့ စွမ်းရည်က တစ်ခုတည်းသော စွမ်းရည် မဟုတ်ပါဘူး... စိတ်ပူစရာ မလိုပါဘူး... အချိန်တန်ရင် မင်း နားလည်လာမှာပါ... "
ထို့နောက် သူက... " မင်းဆီမှာ ဒီစွမ်းရည် ရှိတယ် ဆိုတာကို ဘယ်တုန်းက စသိခဲ့တာလဲ... " ဟု မေးလိုက်လေသည်။
ဤမေးခွန်းကြောင့် ယန်ချင်းယွဲ့ ခဏတာ ဇဝေဇဝါ ဖြစ်သွားသော်လည်း မျက်လုံးများထဲတွင် မျှော်လင့်ချက် အရိပ်အယောင်လေး ပြန်လည် ပေါ်လာ၏။
" ငယ်ငယ်လေး ကတည်းက ကျွန်မရဲ့ အခြေအနေကို ကျွန်မ ခံစားမိတယ်... ကျွန်မ အမြင်မှာတော့ ရေက ကျွန်မရဲ့ ခန္ဓာကိုယ်လိုပဲ... ဘယ်လို ထိန်းချုပ်ရမလဲ ဆိုတာကိုသာ ကျွန်မ မသိခဲ့တာ... လွန်ခဲ့တဲ့ သုံးနှစ်လောက်ကမှ ကျွန်မ တဖြည်းဖြည်း ထိန်းချုပ်လာနိုင်ခဲ့တာ... "
ယန်ချင်းယွဲ့၏ ရှင်းပြချက်ကို ကြားသောအခါ လီယီတောင်း ခပ်ဖွဖွ ခေါင်းညိတ်လိုက်သည်။
' ကြည့်ရတာ ဒီကမ္ဘာကြီးက ငါ ခန့်မှန်းထားတဲ့ အတိုင်း တော်တော်လေး တူနေပုံပဲ... '
' ကမ္ဘာကြီးမှာ မသိရသေးတဲ့ အခြမ်း တစ်ခု ရှိနေတယ်... '
" တီ... တီ... တီ... "
ယန်ချင်းယွဲ့နှင့် မည်သို့ ဆက်ဆွေးနွေးရမည်ကို လီယီတောင်း စဉ်းစားနေစဉ်မှာပင် ဖုန်း မြည်လာလေသည်။
သူ ကောက်ကိုင်ကြည့်လိုက်ရာ အဘိုးအို ထံမှ ဖြစ်၏။ ဖုန်းကိုင်လိုက်သည်နှင့် တစ်ဖက်မှ အဘိုးအို၏ အနည်းငယ် တည်ကြည်နေသော အသံကို ကြားလိုက်ရလေသည်။
" အဲဒီ ကောင်မလေးကို ငါ့ဆီ ခေါ်လာခဲ့... သူ မင်းဆီမှာ နေလို့ မရဘူး... "
ဟင်...
လီယီတောင်း ခဏတာ မှင်သက်သွားရ၏။
" အဲဒီ ကောင်မလေး ဟုတ်လား... "
သူ အလိုလိုပင် ယန်ချင်းယွဲ့ ရှိရာဘက်သို့ လှမ်းကြည့်လိုက်မိသည်။
အဘိုးအို ပြောနေတာ ယန်ချင်းယွဲ့ အကြောင်းများလား...။