မျက်နှာအပျက်ပျက်ဖြင့် လီယီတောင်း နာရေးဝန်ဆောင်မှု ဆိုင်သို့ ပြန်ရောက်လာ၍ ကျိုးရှုရီနှင့် လီရှင်းထင်တို့က ဇဝေဇဝါဖြင့် ကြည့်လိုက်ကြ၏။
" အစ်ကိုယီတောင်း... ချင်းယွဲ့ကော... "
စောစောက အဘိုးအိုထံမှ ဖုန်းရပြီးနောက် ယန်ချင်းယွဲ့ကို အဘိုးအိုဆီ ခေါ်သွားချိန်တွင် ကျိုးရှုရီနှင့် လီရှင်းထင်တို့ကို သူ အသိပေးခဲ့ပြီး ဖြစ်လေသည်။
ဘာပဲဖြစ်ဖြစ် ယန်ချင်းယွဲ့က သူတို့နဲ့ အတူတူ လာခဲ့တာလေ...။
သူမကို ခေါ်သွားမယ် ဆိုရင်တော့ တစ်ခုခု ပြောပြရမှာပေါ့...။
သို့သော် လီယီတောင်း မမျှော်လင့်ထားခဲ့သည်မှာ ကျိုးရှုရီ ကိုယ်တိုင်ကလည်း အဘိုးအို၏ ဗီလာတွင် နေရန် ဆုံးဖြတ်လိုက်ခြင်းပင်။
အဘိုးအို၏ ရှင်းပြချက်အရ ယန်ချင်းယွဲ့မှာ လမ်းမှားပေါ် ရောက်နေပြီဟု ဆိုပေသည်။ အဓိပ္ပါယ် အသေးစိတ်ကိုတော့ ရှင်းမပြ၍ လီယီတောင်း မသိပေ။
မည်သို့ပင်ဖြစ်စေ အဘိုးအိုက ယန်ချင်းယွဲ့ကို သူ့အနားမှာ နေရန် ခေါ်ထားလိုက်လေပြီ။
" အင်း... သူ လူကြီး တစ်ယောက်ဆီမှာ ခဏ နေနေတယ်... သူ့ကိစ္စတွေ ရှင်းသွားရင် ပြန်လာလိမ့်မယ်... "
ထိုသို့ ပြောပြီးနောက် လီယီတောင်းက ဘာမျှ ထပ်မရှင်းပြတော့ဘဲ နာရေးဝန်ဆောင်မှု ဆိုင်ထဲသို့ ပြန်ဝင်သွား၏။
သူတို့အချင်းချင်း ဆက်သွယ်လို့ ရတာပဲလေ...။
အခုခေတ်မှာ ဖုန်းတစ်ချက် ခေါ်လိုက်ရုံနဲ့ သူတို့ သိချင်တာတွေ အကုန် သိနိုင်တာပဲ...။
လီယီတောင်း နာရေးဝန်ဆောင်မှု ဆိုင်ထဲသို့ ဝင်သွားသည်ကို မြင်သောအခါ ကျိုးရှုရီနှင့် လီရှင်းထင်တို့ အချင်းချင်း ကြည့်လိုက်ကြပြီး ဖုန်းများကို ထုတ်လိုက်ကြလေသည်။
ဆိုင်ထဲ ရောက်သည်နှင့် လီယီတောင်းက အဘိုးအို ပေးလိုက်သော ကြေးမုံပြင်ကို အိတ်ကပ်ထဲမှ ထုတ်ယူလိုက်၏။
ကြေးမုံပြင်၏ အရှေ့ဘက်မှာ အရင်အတိုင်း မပြောင်းလဲသော်လည်း အနောက်ဘက်တွင်တော့ ဂါထာ အက္ခရာများကို ထွင်းထွင်းထားသည်ကို တွေ့ရလေသည်။
ဒီအက္ခရာတွေရဲ့ အဓိပ္ပာယ်ကိုတော့ နားမလည်ဘူး... နားမလည်လည်း ဘာမှ မဖြစ်ဘူး…။
ကြေးမုံပြင်ရဲ့ ပြဿနာက လုံးဝ ရှင်းသွားတာ မဟုတ်ပေမဲ့ အခု လောလောဆယ် သုံးဖို့အတွက်တော့ ဘာပြဿနာမှ မရှိတော့ဘူးလို့ အဘိုးအိုက ပြောတယ်...။
ဒါပေမဲ့ နောင်ကျရင်တော့ ဒီလို ဖြစ်ချင်မှ ဖြစ်မယ်လို့ သူက သေချာ သတိပေးလိုက်သေးတယ်။
ကြေးမုံပြင်ရဲ့ တိကျတဲ့ အသုံးဝင်ပုံကတော့ တော်တော်လေး ရိုးရှင်းတယ်...။
ဘုံကျောင်းမှာ ကြုံခဲ့ရတဲ့ အခြေအနေနဲ့ ဆင်တူတယ်... လူတွေကို နေရာမှာတင် အေးခဲသွားအောင် လုပ်နိုင်တဲ့ စွမ်းအား ရှိတယ်...။
အဘိုးအို၏ လမ်းညွှန်မှုအောက်တွင် ဤကြေးမုံပြင်ကို မည်သို့ အသုံးပြုရမည်ကို လီယီတောင်း သင်ယူခဲ့ရလေသည်။
စောစောက ဖြစ်ပျက်ခဲ့သည်များကို ပြန်တွေးမိပြီး သူ ခေါင်းနည်းနည်း ကိုက်လာသလို ခံစားလိုက်ရ၏။
ငါ့စိတ်နဲ့ ကြေးမုံပြင် ကြားမှာ ထူးဆန်းပြီး သိမ်မွေ့တဲ့ ဆက်သွယ်မှု တစ်ခု ရှိနေသလိုပဲ...။
ဒီကြေးမုံပြင်နဲ့ ဆိုရင် မှန်ထဲမှာ ပေါ်လာတဲ့ လူတွေကို ငါ့စိတ်တိုင်းကျ အေးခဲသွားအောင် လုပ်နိုင်တယ်...။
ဒီအရာ အားလုံးက တော်တော်လေး လျှို့ဝှက်ဆန်းကြယ်နေပေမဲ့ ဒီလို သဘာဝလွန် အဖြစ်အပျက်တွေကို အသားကျနေပြီလေ...။
ဘာပဲဖြစ်ဖြစ်... ထူးဆန်းတဲ့ အခြေအနေတွေ အများကြီးကို ငါ ရင်ဆိုင်ခဲ့ဖူးတာပဲ...။
အခန်းထဲ ပြန်ရောက်သောအခါ လီယီတောင်း တစ်ယောက် ပင်ပန်းနွမ်းနယ်လွန်း၍ နှစ်ခြိုက်စွာ အိပ်မောကျသွားတော့၏။
နောက်နှစ်ရက်တာ အချိန်များ တိတ်ဆိတ်စွာ ကုန်ဆုံးသွားလေသည်။
လီရှင်းထင်တို့ ပြန်ရောက်နေပြီမို့ လီယီတောင်း အနေဖြင့် ထမင်း ဘယ်မှာစားရမလဲ ဆိုသည်ကို စိတ်ပူစရာ မလိုတော့ပေ။
သို့သော် သူ၏ အစားအသောက်များကို အခန်းထဲသို့ ယူမသွားတော့ပေ။
ထိုအစား... မီးဖိုချောင်ထဲတွင် ထိုင်စားလေသည်။
ဘာပဲဖြစ်ဖြစ်... ချောမောလှပတဲ့ မိန်းကလေး နှစ်ယောက်နဲ့ အတူတူ စားရတာက စိတ်အပြောင်းအလဲလေး တစ်ခုပေါ့...။
ယန်ချင်းယွဲ့ ကတော့ အခုထိ ပြန်မလာသေးပေ။
လီယီတောင်း ခန့်မှန်းရသလောက် အချိန်နည်းနည်း ထပ်ယူရဦးမည့်ပုံ ပေါ်လေသည်။
ကျိုးရှုရီနှင့် လီရှင်းထင်တို့ ညီအစ်မ နှစ်ယောက်ကလည်း သူ့ကို မေးလာမြန်းလား မလုပ်ကြပေ။ ၎င်းက သူတို့ ယန်ချင်းယွဲ့နှင့် ဆက်သွယ်ပြီးပြီ ဆိုတာကို ညွှန်ပြနေလေသည်။
တတိယမြောက်နေ့တွင် ပလက်ဖောင်းက အစီအစဉ်ကို စတင်လေသည်။ ကြီးငယ်မရွေး Streamer အများအပြားက ဤအစီအစဉ်အတွက် အသင့်ပြင်ထားကြ၏။
ဒါက Follower တွေ ပိုရလာဖို့ အကောင်းဆုံး အခွင့်အရေးပဲလေ...။
ကိုယ့်ပရိသတ် အင်အားအပေါ် လီယီတောင်းလို ဂရုမစိုက်တဲ့သူက ရှားတယ် မဟုတ်လား...။
အကယ်၍သာ လီယီတောင်း၏ အကောင့်ကို စီမံခွင့် ရမည်ဆိုလျှင် ငွေတွေ ပုံအောဝင်လာလိမ့်မည်ဟု အချို့က ဆိုကြလေသည်။
သို့သော် ယခုအချိန်အထိ မည်သည့် အဖွဲ့ကမှ လီယီတောင်းထံ ဤသို့သော သဘောတူညီချက်မျိုး လာရောက် ကမ်းလှမ်းခြင်း မရှိသေးပေ။
အစ်ကိုယီတောင်းနဲ့ ကစားဖို့ ဆိုတာ အရမ်း အန္တရာယ်များတယ် ဆိုတာကို သူတို့ သိကြတယ်လေ...။
အတိုချုပ် ပြောရရင်... ဘယ်သူကမှ သူ့ကို လာမရှုပ်ရဲကြဘူး...။
အစ်ကိုယီတောင်းနဲ့ ကစားမယ် ဟုတ်လား... ရယ်စရာပဲ...။
ပလက်ဖောင်း၏ စီမံခန့်ခွဲရေး ဌာနတွင် ရှောင်ဝမ် တစ်ယောက် ထိန်းချုပ်ရေးခလုတ်များ ရှေ့၌ စိုးရိမ်တကြီး ထိုင်နေလေသည်။
သူမက ဒီအစီအစဉ်အတွက် အစီအစဉ် တင်ဆက်သူလေ...။
အစီအစဉ် စတင်ရန် နောက်ဆုံး သုံးမိနစ် အလိုတွင် ရှောင်ဝမ်က သူမကိုယ်သူမ တည်ငြိမ်အောင် အစွမ်းကုန် ကြိုးစားလိုက်၏။
နေ့စဉ် နာမည်ကြီး အနုပညာရှင်များနှင့် သူတို့၏ ပရိသတ်များ ကြား အပြန်အလှန် တွေ့ဆုံမှုများကို ထိန်းချုပ်ရန်မှာ သူမ၏ အလုပ် ဖြစ်သည်။
အစကတော့ အကျိုးအမြတ် အများဆုံး ရရှိရန်အတွက် နာမည်ကြီး Streamer များနှင့် ချိတ်ဆက်ရန် စီစဉ်ထားခဲ့ခြင်း ဖြစ်၏။
သို့သော် နာမည်ကြီး Streamer များနှင့်သာ ချိတ်ဆက်ပါက အစီအစဉ်သည် ကြိုတင် ဇာတ်တိုက်ထားသကဲ့သို့ ဖြစ်သွားနိုင်သဖြင့် သူတို့၏ ဗျူဟာကို ပြောင်းလဲလိုက်ကြလေသည်။
ဤအခြေအနေမျိုးတွင် သူတို့က ရွေးချယ်မှု လုပ်ငန်းစဉ်ကို ပြောင်းလဲလိုက်ပြီး လူသစ် အများအပြား အပါအဝင် ကျပန်း ပါဝင်သူများကို ရွေးချယ်လိုက်ကြ၏။
တကယ်လို့ အရည်အချင်းရှိတဲ့ လူသစ် တချို့ကိုသာ ရှာတွေ့ခဲ့မယ် ဆိုရင်... အဲဒါက အကောင်းဆုံး ရလဒ်ပဲလေ...။
ဤနေရာတွင် ရှောင်ဝမ်က အပြန်အလှန် တွေ့ဆုံမှုများ မည်သို့ ဖြစ်ပေါ်လာမည်ကို ဆုံးဖြတ်ရာ၌ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လေသည်။
သို့သော် ဤလူသစ်များက အပြန်အလှန် တွေ့ဆုံရန် သဘောတူ၊ မတူ ဆိုသည်မှာ ကံတရား အပေါ်တွင်သာ အဓိက မူတည်နေ၏။
ပါဝင်သူများကို သတ်မှတ်ထားသော ဒေသများ သို့မဟုတ် အချိန်များအလိုက် အုပ်စုဖွဲ့ထားပြီး သူတို့၏ အပြန်အလှန် တွေ့ဆုံမှုများမှာ ကျပန်း ဖြစ်မည် ဖြစ်သည်။
လီယီတောင်း၊ ကျိုးရှုရီနှင့် လီရှင်းထင်တို့ ကဲ့သို့သော နာမည်ကြီး Streamer များအတွက်တော့ သူတို့၏ ကိုယ်ပိုင် စာရင်းများ ရှိလေသည်။
သူတို့အတွက် ရှောင်ဝမ်က အပြန်အလှန် တွေ့ဆုံမှုများ မစတင်မီ သူတို့၏ သဘောတူညီချက်ကို တောင်းခံရမည် ဖြစ်၏။
အစ်ကိုယီတောင်း ကဲ့သို့သော Streamer များအတွက်တော့ အခြေအနေက ကွဲပြားလေသည်။
အပြန်အလှန် တွေ့ဆုံမှု တောင်းဆိုချက် တစ်ခုခု မပို့မီ အစ်ကိုယီတောင်းနှင့် အရင် အတည်ပြုရမည် ဖြစ်၏။
အစ်ကိုယီတောင်းလို ထင်ရှားတဲ့ သူတစ်ယောက်နဲ့ ဆက်ဆံရတဲ့ အခါ အဲဒီလိုပဲ အလုပ်လုပ်ရတာလေ...။
အချိန်ကျရောက်လာသောအခါ ရှောင်ဝမ်က တရားဝင် ပလက်ဖောင်း၏ Live တွင် နွေးထွေးစွာ ပြုံးလျက် ပေါ်လာလေသည်။
" အားလုံးပဲ မင်္ဂလာပါရှင်... ကျွန်မကတော့ ဒီအစီအစဉ်ရဲ့ အစီအစဉ် တင်ဆက်သူ ရှောင်ဝမ် ပါ... "
" ဒီအစီအစဉ်ကို အားလုံး စောင့်မျှော်နေကြတာ ကြာပြီလို့ ယုံကြည်ပါတယ်... ဒါကြောင့် အချိန်မဆွဲတော့ဘဲ ဒီနေ့ရဲ့ ကြယ်ပွင့် ဖြစ်တဲ့ ကျွန်မတို့ရဲ့ ပျားမလေး ကို ကြိုဆိုလိုက်ကြရအောင်... "
ရှောင်ဝမ်၏ ကြေညာချက်နှင့်အတူ ပျားမလေး၏ ဗီဒီယို ပုံရိပ်က စခရင်ပေါ်တွင် ပေါ်လာပြီး တစ်ဖက်မှ ပျားမလေးက အပြုံးဖျော့ဖျော့လေးဖြင့် ပြန်လည် နှုတ်ဆက်လိုက်လေသည်။
" အားလုံးပဲ မင်္ဂလာပါ... ဒီအစီအစဉ်အတွက် ပလက်ဖောင်းပေါ် ရောက်လာရတာ အရမ်း ဝမ်းသာပါတယ်... ပလက်ဖောင်းက Streamer တွေနဲ့ အပြန်အလှန် တုံ့ပြန်ရမှာကိုလည်း အရမ်း မျှော်လင့်နေပါတယ်... ကျွန်မကို ချစ်တဲ့ ပရိသတ်တွေ အားပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်... "
သူမ ပေါ်လာသည်နှင့် တစ်ပြိုင်နက် Live မှာ လျင်မြန်စွာ ပွဲဆူသွားတော့၏။
ဒါက ပျားမလေး ပလက်ဖောင်းပေါ်မှာ ပထမဆုံး Live လွှင့်တာလေ...။
ပလက်ဖောင်း အနေဖြင့် Live ၏ အစစ်အမှန် အွန်လိုင်း ကြည့်ရှုသူ အရေအတွက်ကို ထုတ်ပြန်မည် မဟုတ်ပေ။
အစီအစဉ်၏ ပထမဆုံး နေ့တွင် ထိပ်တန်း ကြယ်ပွင့် ပျားမလေးကို အဖွင့် အနေဖြင့် တင်ဆက်ရာ၌ ပရိသတ် အရေအတွက်က သန်းနှင့်ချီ မကျော်လွန်ပါက အရှက်ရစရာ ဖြစ်မည် မဟုတ်ပါလား။
သို့သော် Live စတင်သည်နှင့် တစ်ပြိုင်နက် သူမ၏ ကြည့်ရှုသူ အရေအတွက်မှာ ဆယ်သန်းကျော်သွားခဲ့လေပြီ။
" ငါ့မိန်းမ ရောက်လာပြီဟေ့... ဟားဟား... ချစ်တယ် မိန်းမရေ... "
" ထွက်သွားစမ်း အပေါ်ကကောင်... ပျားမလေးက ငါတစ်ယောက်တည်း အပိုင်ကွ... "
" ငမွဲကောင်တွေ... ပျားမလေးက မင်းတို့ကို သိတောင် သိလို့လား... ဟိုလူ့ မိန်းမ ဒီလူ့ မိန်းမ လျှောက်ခေါ်နေတယ်... "
" ငါ ပြောပြမယ်... ပျားမလေးက ယောကျ်ားတွေကို မကြိုက်ဘူးကွ... ဒီနှစ်တွေ အကုန်လုံး သူ ဘာလို့ ရည်းစား မထားတာလဲ စဉ်းစားကြည့်လေ... "
" အဲဒါ တကယ်ကြီးလား... နောက်နေတာလား... မင်းကို ငါ ပညာပေးလိုက်မယ်နော်... "
" ဒီကောလာဟလကို ငါ ကြားဖူးတာ ကြာပြီ... တကယ်ကြီးလား... "
" လခွမ်း... ငါတို့ရဲ့ ပျားမလေး က ဘယ်လိုလုပ် အဲဒီလို ဖြစ်ရမှာလဲ... သူ့မှာ ကောလာဟလ ထွက်ဖူးတဲ့ ရည်းစားတွေ အများကြီး ရှိခဲ့တာလေ... "
" ရည်းစားတွေ ဟုတ်လား... ငါတို့ရဲ့ ပျားမလေးက လောကီ အညစ်အကြေးတွေ မကပ်ငြိတဲ့ ဖြူစင်တဲ့ နတ်သမီးလေးကွ... မင်းတို့ကောင်တွေကို သူက ဘယ်လိုလုပ် စိတ်ဝင်စားနိုင်မှာလဲ... "
" မင်းတို့ အကုန်လုံး မှားနေပြီ... "
Live ထဲရှိ သူမ၏ ပရိသတ်များ၏ စိတ်အားထက်သန်သော ဆွေးနွေးမှုများကို ပျားမလေး တစ်ယောက် စိတ်ဝင်တစား ကြည့်နေလေသည်။
သူမ၏ မျက်လုံးများထဲတွင် ရှက်ရွံ့နေသည့် အရိပ်အယောင်လေး ပေါ်လွင်နေ၏။
ဒီလို မြင်ကွင်းမျိုးကို သူ ဘယ်တုန်းကများ မြင်ဖူးလို့လဲ...။
Live ထဲက ဒီလို ပြင်းထန်ပြီး တခါတလေ ရိုင်းစိုင်းတဲ့ comment တွေက ဘာတွေလဲ...။
တကယ်ကို ခံနိုင်ရည် မရှိတော့ဘူး...။
ပျားမလေး ၏ Live ထဲရှိ လေထုက မမျှော်လင့်ထားသော လမ်းကြောင်းသို့ ပြောင်းလဲသွားသည်ကို မြင်သောအခါ ရှောင်ဝမ်က အလျင်အမြန် ဝင်ပြောလိုက်လေသည်။
" အဟမ်း... အားလုံးက ဒီလောက် စိတ်အားထက်သန် နေကြပြီ ဆိုတော့... ပထမဆုံး Streamer နဲ့ အပြန်အလှန် ပြောဆိုမှုကို စလိုက်ကြရအောင်... "
ရှောင်ဝမ်က လုပ်ငန်းစဉ်ကို စတင်လိုက်သည်နှင့် အစစ်အမှန် ဖြစ်စေရန်အတွက် ပထမဆုံး အပြန်အလှန် ပြောဆိုမှုကို ကျပန်း ရွေးချယ်လိုက်၏။ လက်ရှိ Live လွှင့်နေသော ပလက်ဖောင်းပေါ်ရှိ Streamer များ အားလုံးထဲမှ ရွေးချယ်လိုက်ခြင်း ဖြစ်၏။
ဒါက ကျပန်း ရွေးချယ်ဖို့ အစစ်မှန်ဆုံး နည်းလမ်းပဲလေ...။
သို့သော် ရှောင်ဝမ် ရွေးချယ်လိုက်ပြီး အပြန်အလှန် တွေ့ဆုံမှုကို စတင်လိုက်ချိန်တွင်... သူမနှင့် Live ထဲရှိ ပရိသတ်များ အားလုံး အပါအဝင် ပျားမလေး ပင်လျှင် မှင်သက်သွားကြလေသည်။
ဒီ Streamer က တော်တော်လေး ထူးခြားနေတယ်...။