Live ထဲသို့ ပထမဆုံး ဝင်လာသူမှာ ဆံပင်ကျွတ်နေသော ထိပ်ပြောင်ပြောင်နှင့် လူတစ်ယောက် ဖြစ်လေသည်။
မကြာမီ ဇဝေဇဝါ ဖြစ်နေသော အသံတစ်ခု ထွက်ပေါ်လာ၏။
" ဒီ Live ကို ဘယ်လို လုပ်ရတာလဲ... ငါ့ဘက်ကနေ ဗီဒီယိုကို ဘာလို့ မမြင်ရတာလဲ... "
သူ စကားပြောနေစဉ် ကင်မရာက ရှေ့သွားနှစ်ချောင်း ကျိုးနေသော သူ၏ ထူးခြားမှု မရှိလှသည့် မျက်နှာကို ပြန်လည် ချိန်ရွယ်လိုက်လေသည်။
လက်ရှိ မြင်ကွင်းတွင် ကင်မရာ အနေအထားကြောင့် သူ၏ နှာခေါင်းပေါက် နှစ်ပေါက်စလုံးကို အထင်းသား မြင်နေရ၏။
" ဟေး... နောက်ဆုံးတော့ ပုံပေါ်လာပြီ... "
" ဟင်... ငါ့ဖုန်းထဲမှာ ဘာလို့ ငါ့ရဲ့ အချစ်တော် ပျားမလေး ပေါ်နေတာလဲ... "
" အင်း... ဒီနေ့ Live လွှင့်ရင် ပျားမလေး နဲ့ အပြန်အလှန် စကားပြောခွင့် ရမယ်လို့ ကြားတယ်... "
" ငါ ဒီ Live ကို မီပါစေလို့ မျှော်လင့်ရတာပဲ... "
Live ထဲတွင် တစ်ယောက်တည်း ရေရွတ်နေသော သူ၏ စကားများကို ကြားသောအခါ လူတိုင်း နေရာမှာတင် အေးခဲသွားကြတော့သည်။
ရှောင်ဝမ် လည်း သူမရှေ့ရှိ Live ကို ကြည့်ရင်း ဇဝေဇဝါ ဖြစ်သွားလေသည်။
ပျားမလေး ကတော့ ပို၍ပင် ဇဝေဇဝါ ဖြစ်သွား၏။
ဒီလို အခြေအနေမျိုးကို သူမ ဘယ်တုန်းကများ ကြုံဖူးလို့လဲ...။
သူမ ရင်ထဲမှာ တကယ်ကို ပြာယာခတ်နေပြီလေ...။
မသိစိတ်မှပင် သူမ တံတွေး တစ်ချက် မျိုချလိုက်မိသည်။
ဒါက တကယ်ကို... နည်းနည်းတော့ လက်ခံဖို့ ခက်ခဲတာပဲ...။
ပျားမလေး မှ မဟုတ်ပါဘူး... ဒီလို အခြေအနေမျိုးမှာ ဘယ်သူမဆို လက်ခံဖို့ ခက်ခဲမှာပဲ မဟုတ်လား...။
" ဟင်... အဲဒါ ငါလား... "
ဗီဒီယိုထဲမှ အမျိုးသားက သူ Live ထဲတွင် ပါနေကြောင်း သတိထားမိသွားပုံ ရလေသည်။
သူ ကင်မရာကို လက်ပြ နှုတ်ဆက်လိုက်၏။
နောက်ဆုံးတော့...
သူ ဗီဒီယိုထဲမှာ ပါနေတယ် ဆိုတာကို သူ အတည်ပြုလိုက်နိုင်ပြီ... ပြီးတော့ စခရင်ရဲ့ တစ်ဝက်က ပျားမလေး ဖြစ်နေတာကိုလည်း သူ မြင်လိုက်ရတယ်လေ...။
သူက ဒီ Live ဆော့ဖ်ဝဲလ်ကို သိပ်မကျွမ်းကျင်ပေမဲ့... တခြားသူတွေ သုံးနေတာကိုတော့ သူ မြင်ဖူးပါတယ်...။
" ဟေး... ဟယ်လို... တစ်ဆိတ်လောက်... ကျွန်တော် အခု နတ်သမီးလေးနဲ့ အပြန်အလှန် စကားပြောနေရတာလားဗျ... "
သူ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ အပြည့်။ သူ စကားပြောရာတွင်ပင် အသံများ တုန်ယင်နေလေသည်။
ဤအချိန်တွင် Live ထဲရှိ ပရိသတ်များကလည်း ချက်ချင်း တုံ့ပြန်လာကြတော့၏။
" လခွမ်း... ပလက်ဖောင်းက ဘာတွေ လုပ်နေတာလဲ... ပျားမလေး ဘယ်လောက်တောင် လန့်သွားလဲ ကြည့်ပါဦး... "
" မဟုတ်ဘူး... ဒီလို မဖြစ်သင့်ဘူး... ထိပ်တန်း ကြယ်ပွင့် တစ်ယောက် အနေနဲ့ သူ့ပရိသတ်တွေကို ဘယ်လိုလုပ် မကြိုက်သလို လုပ်ပြလို့ ရမှာလဲ... ဒီလို ပရိသတ်တွေကို ပလက်ဖောင်းဘက်က မောင်းထုတ်ပစ်သင့်တာ... "
" ဒီလူ ဘာတွေ လုပ်နေတာလဲ... ထိပ်ကလည်း ပြောင်နေတာပဲ... ကွန်ပျူတာ ပရိုဂရမ်မာ တစ်ယောက်လား... "
" သွားစမ်းပါ... ပရိုဂရမ်မာ တွေကို လာ မဘလိန်းစမ်းနဲ့... ကြည့်စမ်း... ရှေ့သွား နှစ်ချောင်းတောင် ကျိုးနေတာ... သေချာပေါက် အရိုက်ခံထားရတာပဲ... ဆံပင်တွေလည်း အဆွဲခံထားရတာ ဖြစ်မယ်... "
" အထူးသဖြင့် ဒီကောင်... လခွမ်း... ငါ သည်းမခံနိုင်တော့ဘူး... သူ့ကိုတောင် သွားထိုးချင်လာပြီ... ငါ့ရဲ့ ပျားမလေး ကို အချစ်တော် တဲ့လား... သူမက အဲဒီလို ခေါ်ဖို့ ခွင့်ပြုထားလို့လား... "
" အာ... တကယ် ကံကောင်းတာပဲ... ငါက ဘာလို့ အဲဒီလို ကံမကောင်းရတာလဲ... ငါလည်း Live လွှင့်နေတာပဲကို... "
" ကဲ... ကဲ... မင်းတို့တွေက ဘာလို့ ဒီလိုတွေ ဖြစ်နေရတာလဲ... တခြား ရှုထောင့်ကနေ တွေးကြည့်ပါဦး... ဒီလို ချိတ်ဆက်မှုက ဒီအစီအစဉ်ရဲ့ ပွင့်လင်းမြင်သာမှုကို ပိုပြီး သက်သေပြနေတာ မဟုတ်ဘူးလား... "
" ပွင့်လင်းမြင်သာမှု မင်းကြီးတော်ပဲ... ပွင့်လင်းမြင်သာတယ် ဆိုရင်တောင် ငါတို့ရဲ့ ပျားမလေး ကို ဒီလို မဆက်ဆံသင့်ဘူးလေ... ဖက်ခ်... "
" မှန်တယ်ဗျာ... ပလက်ဖောင်းရဲ့ စီမံခန့်ခွဲသူတွေ ရူးသွားပြီလား... "
" ဘာ အသုံးမကျတဲ့ စီမံခန့်ခွဲမှုလဲ... ပြီးတော့ အဲဒီ အစီအစဉ် တင်ဆက်သူကော... အရင်ကတော့ သူ့ရုပ်လေးကို သဘောကျခဲ့တာ... အခုတော့ သူက ရုပ်ပဲရှိပြီး ဦးနှောက် မရှိဘူး ဆိုတာ သိလိုက်ရပြီ... "
" ဒီ Streamer ကို ပျားမလေး နဲ့ ချိတ်ဆက်ပေးတာက တကယ်ကို အံ့မခန်းပါပဲ... မနက်ဖြန် Trending စာရင်းမှာ ဒါတွေချည်းပဲ ပြည့်နေတော့မှာ မဟုတ်လား... "
" အာ... ငါတို့ရဲ့ ပျားမလေး အိပ်မက်ဆိုးတွေ မမက်အောင် ပလက်ဖောင်းက ဒါကို မြန်မြန် ဖြတ်ချလိုက်ဖို့ မျှော်လင့်ပါတယ်... ညဘက်ကျရင် သူမကို ငါ နှစ်သိမ့် မပေးနိုင်ဘူးလေ... "
" အပေါ်ကလူ... မင်း ဘာပြောလိုက်တာလဲ... "
" ဘာ အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ... ညဘက် နှစ်သိမ့် မပေးနိုင်ဘူး ဟုတ်လား... "
" သူငယ်ချင်း... မင်း အခုလေးတင် ပြောလိုက်တဲ့ စကားအတွက် တာဝန်ယူရဲလား... ငါ့ဓားက ၁၈ စင်တီမီတာ ရှည်တယ်နော်... "
" ဟားဟား... အားလုံးပဲ အတည်မယူကြပါနဲ့... ကျွန်တော်က ဒီအတိုင်း အာချောင်လိုက်တာပါ... အားလုံးပဲ ဟာသ တစ်ခု အနေနဲ့ သဘောထားပေးကြပါ... "
ပရိသတ်များ၏ ရူးသွပ်သော ဝေဖန်မှုများ အကြားတွင် " တက်ကြွတဲ့ကြက်ဖ" ဟု အမည်ရသည့် ထို Streamer ၏ Follower အရေအတွက်မှာ ဂဏန်း ခြောက်လုံးကိုပင် ကျော်လွန်သွားခဲ့လေပြီ။
ဝန်ခံရမည်ဆိုလျှင်...
၎င်းမှာ ဤအစီအစဉ်၏ အဓိပ္ပာယ်ပင် ဖြစ်၏။
၃ မိနစ်၊ ၅ မိနစ်လေး အတွင်းမှာတင် အကောင့်သစ် တစ်ခုက Follower သိန်းဂဏန်းလောက် ရသွားတယ်လေ...။
ဒါ ဘာအဓိပ္ပာယ်လဲ...။
တကယ်လို့ သူသာ ဒီ Follower တွေကို ဆက်ထိန်းထားနိုင်ရင်... သူ နာမည်ကြီးသွားပြီ ဆိုတဲ့ သဘောပဲ...။
ဒါကြောင့် သူ ရွှေတွင်းတူးမိသွားပြီလို့ ပြောလို့ရတယ်...။
ယခုမှ မည်သည်တို့ ဖြစ်ပျက်နေသည်ကို Streamer သဘောပေါက်သွားပြီးနောက် အံ့ဩသွားလေသည်။
စက္ကန့်သုံးဆယ်တိတိ ကြာပြီးနောက်မှ သူ သဘောပေါက်သွားပုံ ရ၏။
ထို့နောက် သူ အတည်ပြုရန် ထပ်မံ ပြောလိုက်လေသည်။
" တဆိတ်လောက်... ကျွန်တော် အခု... Live ကနေတစ်ဆင့် အပြန်အလှန် စကားပြောနေရတာလားဗျ... "
ရှောင်ဝမ် အနည်းငယ် မှင်သက်သွားလေသည်။ ဤကဲ့သို့သော အခြေအနေမျိုးကို သူမ အရင်က မကြုံဖူးခဲ့ပေ။ ထို့ပြင် သူမက ပရော်ဖက်ရှင်နယ် အစီအစဉ် တင်ဆက်သူ တစ်ဦးလည်း မဟုတ်ပါ။
ဤအစီအစဉ်ကို တင်ဆက်ရန် သူမကို ရွေးချယ်ခဲ့ခြင်းမှာ တကယ်တမ်းတွင် ဝမ်ရှန်းချန်၏ အကြံအစည် ဖြစ်၏။
သူက ရှောင်ဝမ်ကို ပလက်ဖောင်း၏ အင်တာနက် ဆယ်လီ တစ်ယောက် ဖြစ်လာစေချင်ပေသည်။
၎င်းက သူတို့အတွက်လည်း အကျိုးကျေးဇူး အချို့ ရှိလာနိုင်လေသည်။
နောက်ပိုင်းတွင် ပလက်ဖောင်းက သူမအတွက် ကိုယ်ပိုင် သီးသန့် Live တစ်ခုတောင် ဖန်တီးပေးလာနိုင်သေးသည် မဟုတ်ပါလား။
ဘာပဲဖြစ်ဖြစ်...
အခကြေးငွေယူပြီး ကြော်ငြာရတာက တကယ်ကို တွက်ခြေကိုက်တာပဲလေ...။
ပလက်ဖောင်းက ရတဲ့ ဝေစုလေး နည်းနည်းနဲ့ သူတို့ မရောင့်ရဲနိုင်တော့ဘူး...။
အားလုံး ခဏတာ တိတ်ဆိတ်သွားလေသည်။
မည်သူကမျှ ပြန်မပြောကြပေ။
လူငယ်လေးက အနည်းငယ် ပြာယာခတ်လာ၏။
" ဟယ်လို... လူရှိလားဗျ... ဟယ်လို... ကျွန်တော် Live ကနေ အပြန်အလှန် စကားပြောနေရတာလားဗျ... "
တကယ်တမ်းတွင် ပရိသတ် အများအပြားက Live ၏ comment များမှတစ်ဆင့် သူ အပြန်အလှန် စကားပြောနေရကြောင်းကို ပြောပြနေခဲ့ကြပြီ ဖြစ်၏။
ဒါပေမဲ့ ဒီကောင်လေးက နည်းနည်းတော့ ဒူတဲ့ပုံပဲ...။ သူ တစ်ခုခု မှားပိတ်ထားတာလား…။
ဒါကြောင့် သူ ဘာမှ မမြင်ရတာပေါ့...။
အချိန်များ တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်ဆုံးသွားသည်နှင့်အမျှ ဤအစီအစဉ်၏ ကြီးကျယ်ခမ်းနားသော ဖွင့်ပွဲကြီးက ကြီးမားသော ဂွကျကျ အဖြစ်အပျက် တစ်ခု အဖြစ် ပြောင်းလဲသွားတော့မည့်အလားပင်။
နောက်ကွယ်တွင်တော့ ဝမ်ရှန်းချန် တစ်ယောက် စိုးရိမ်ပူပန်နေလေပြီ။
ဒီငပိန်းကောင်ကို ဘန်းပစ်လိုက်ရင် ကောင်းမလား…။
ဤအချိန်တွင် ပျားမလေးက သတိဝင်လာပြီး ထိပ်တန်း ကြယ်ပွင့် တစ်ဦး ပီသစွာ တုံ့ပြန်လိုက်လေသည်။
" မင်္ဂလာပါ Streamer... တွေ့ရတာ ဝမ်းသာပါတယ်... ကျွန်မက ပျားမလေး ပါ... "
သူမ၏ နှုတ်ခမ်းများတွင် အပြုံးတစ်ခု ပြန်လည် ပေါ်လာပြီး ညင်သာစွာ ပြန်ဖြေလိုက်၏။
တကယ်လို့ ဒီအချိန်မှာ ဘယ်သူမှ ဝင်မပြောရင်... ပလက်ဖောင်းရဲ့ ပြဿနာ တစ်ခုတည်း ဖြစ်တော့မှာ မဟုတ်ဘူး...။
သူမနဲ့ ပတ်သက်တဲ့ ကောလာဟလတွေ၊ အတင်းအဖျင်းတွေက တောမီးလို ပျံ့နှံ့သွားတော့မှာလေ...။
ဒါကြောင့်မို့... သူမ သိပ်သဘောမကျရင်တောင်မှ... သဘောထား တစ်ခုတော့ ပြရမယ်လေ...။
ပျားမလေး၏ အသံကို ကြားသောအခါ လူငယ်လေး၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုများ ပြည့်နှက်သွားတော့၏။
ထို့နောက် အံ့အားသင့်မှုများက စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှု အဖြစ် ပြောင်းလဲသွားလေသည်။
" တကယ်ကြီး ပျားမလေး လား... "
တစ်ဖက်မှ ပျားမလေး မှာ ပြုံးလျက် ခေါင်းညိတ်ရုံသာ တတ်နိုင်တော့၏။
" ကျွန်တော် Live ဖွင့်လိုက်တာနဲ့ တန်းချိတ်မိသွားတာလား... ကျွန်တော် ဒီလောက်တောင် ကံကောင်းနေတာလား... "
" ရေစက် ပါလာလို့များလား... "
" ရေစက် ပါလာလို့များလား " ဟူသော စကားကို ကြားသောအခါ ပျားမလေး၏ နှုတ်ခမ်းများ တွန့်ကွေးသွားသော်လည်း သူမ ထိန်းချုပ်လိုက်လေသည်။
သူမ ဘာစကားမျှ မဆိုဘဲ ဆက်၍သာ ပြုံးနေလိုက်၏။
" ဟားဟား... ဟားဟား... ကျွန်တော် ပျားမလေး နဲ့ တကယ်ကြီး အပြန်အလှန် စကားပြောခွင့် ရခဲ့တာပဲ... ကျွန်တော် ပျားမလေး နဲ့ တကယ် စကားပြောခဲ့ရတာ... ဒါ မယုံနိုင်စရာပဲ... အရာအားလုံးကို မှတ်တမ်းတင်ထားမှ... "
" ဟုတ်တယ်... ဟုတ်တယ်... မှတ်တမ်းတင်ထားမှ... "
သူက ပြောရင်း မတ်တပ်ရပ်ကာ ပတ်ဝန်းကျင်ကို လိုက်ရှာနေလေသည်။
" ငါ့ဖုန်း ဘယ်မှာလဲ... ငါ့ဖုန်း ဘယ်နားထားလိုက်ပါလိမ့်... ဒါကို မှတ်တမ်းတင်ထားမှ ဖြစ်မယ်... "
သူ၏ အခြေအနေကို ကြည့်ရင်း Live ထဲရှိ ပျားမလေး အတော်လေး ရှက်သွားလေသည်။
ဤအချိန်တွင် ရှောင်ဝမ် လည်း အခြေအနေကို သဘောပေါက်သွားလေပြီ။ ဘာပဲဖြစ်ဖြစ်... သူမ၏ နားကြပ်ထဲမှတစ်ဆင့် ဝမ်ရှန်းချန် စတင် အော်ဟစ်နေပြီ မဟုတ်ပါလား။
အကယ်၍ ရှောင်ဝမ် ယခု ဝင်မပါလျှင် တကယ့်ကို ကမောက်ကမ ဖြစ်သွားနိုင်လေသည်။
သူမ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး ဝင်ပါရန် ဆုံးဖြတ်လိုက်၏။
ဘာပဲဖြစ်ဖြစ်... ဒီအဆင့်ရောက်မှတော့ ဒီ ' တက်ကြွတဲ့ကြက်ဖ' ကို ဒီတိုင်း ဖြတ်ချလိုက်လို့ မရဘူးလေ...။
ဒါပေမဲ့...
သူမ စတင် လှုပ်ရှားရန် ပြင်လိုက်ချိန်မှာပင် တက်ကြွတဲ့ကြက်ဖ၏ Live က စတင် အသက်ဝင်လာလေသည်။
" တွေ့ပြီ... တွေ့ပြီ... ဒီမှာ ငါ့ဖုန်း... "
" ငါ မှတ်တမ်းတင်ချင်လို့... ဒီဗီဒီယိုကို မရရအောင် ရိုက်ကူးထားရမယ်... "
" ဟင်... ကင်မရာကို သုံးနေတယ် ဟုတ်လား... ဘာလို့ သုံးနေတာလဲ... "
" အို... ငါ Live လွှင့်နေတာပဲ... "
" ပိတ်လိုက်... ပိတ်လိုက်... ပျားမလေး နဲ့ ငါ့ရဲ့ အပြန်အလှန် စကားပြောနေတာကို အရင် မှတ်တမ်းတင်ထားရမယ်... "
၎င်းမှာ ထိုလူငယ်၏ နောက်ဆုံး စကားပင် ဖြစ်လေသည်။
ထို့နောက် သူ၏ Live မှာ အမည်းရောင် ပြောင်းသွားတော့၏။
ပျားမလေးနှင့် အပြန်အလှန် ချိတ်ဆက်နေမှုကလည်း ပြတ်တောက်သွားလေပြီ...။
အစီအစဉ်ကို ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သော ရှောင်ဝမ်မှာ သူမ၏ စကားများကို ပြန်မျိုချလိုက်ရလေသည်။
သူမက အမည်းရောင် ပြောင်းသွားသော Live စခရင်ကို ဇဝေဇဝါဖြင့် ကြည့်နေမိ၏။
ပျားမလေး ကလည်း ဇဝေဇဝါ ဖြစ်နေလေသည်။
ဒါက...
တက်ကြွတဲ့ကြက်ဖ ဆိုတဲ့ လူငယ်...။
ဖြစ်နိုင်တာက... သူ တကယ်ပဲ စိတ်ဓာတ်တွေ တအား တက်ကြွလွန်းနေလို့လား...။
သူ့မှာ တစ်ခုခုများ ချို့ယွင်းချက် ရှိနေလို့လား...။