တပ်စုမှူးအသီးသီးသည် မိမိတို့၏တပ်ဖွဲ့ဝင်များကိုဦးဆောင်ကာ သတ်မှတ်ထားသော နေရာအသီးသီးတွင် ရပ်တန့်စေလိုက်သည်။ ထို့နောက် အလုပ်သုံးကိရိယာများ ဝေငှပေးကာ မြေကျစ်မြို့ရိုး တည်ဆောက်ရေးလုပ်ငန်းကို စတင်စေတော့သည်။
မြို့ရိုးတည်ဆောက်ခြင်းက အတော်လေးရိုးရှင်းပါသည်။ လီကျစ်၏ အစီအစဉ်အရ မြို့ရိုးတည်ဆောက်မည့်နေရာ၏ အပြင်ဘက်မှ မြေကြီးများကို တူးဖော်ကာ မြို့ရိုးနေရာတွင် ဖို့ရသည်။ မြေကြီးတူးဖော်လိုက်သော နေရာသည် ကျုံးဖြစ်သွားမည်ဖြစ်သည်။ နောင်တွင် ထိုကျုံးထဲသို့ ဟိုင်မြစ်မှ ရေများကိုသွယ်တန်းထည့်သွင်းလိုက်ပါက ကာကွယ်ရေးကျုံးရေမြောင်း ဖြစ်လာမည်ဖြစ်သည်။ မြို့ရိုးနေရာတွင်ပုံထားသော မြေကြီးများကို ကျောက်ဒလိမ့်တုံးများဖြင့် ဖိကြိတ်လိုက်သောအခါ အုတ်စီမြို့ရိုးအတွက် အတွင်းပိုင်းအခြေခံဖြစ်လာမည့် ခိုင်ခံ့သောမြေကျစ်မြို့ရိုးတစ်ခု ဖြစ်ပေါ်လာမည်ဖြစ်သည်။
မြို့ရိုးတည်ဆောက်ရာတွင် အပင်ပန်းဆုံးအလုပ်မှာ မြေကြီးကိုသိပ်သည်းသွားအောင် ဖိကြိတ်ရခြင်းပင်ဖြစ်သည်။ မြေကြီးတစ်လွှာဖို့ပြီးတိုင်း သိပ်သည်းသွားအောင် ဖိကြိတ်ပေးရသည်။ ဤလုပ်ငန်းစဉ်တွင် လူဆယ်ဂဏန်းခန့်က ကြီးမားသောကျောက်ဒလိမ့်တုံးကြီးကို အရပ်မျက်နှာ အသီးသီးမှ ကြိုးများဖြင့်ဆွဲကြရသည်။ အားလုံးက ပြိုင်တူအသံထွက်ဟစ်ကြွေးကာ ကျောက်ဒလိမ့်တုံးကြီးကို အပေါ်သို့မြောက်တက်သွားအောင် ဆွဲတင်လိုက်ကြပြီးနောက် ကြိုးများကို ရုတ်တရက်လွှတ်ချလိုက်ခြင်းဖြင့် ဖောင်းပွနေသောမြေလွှာပေါ်သို့ ကျောက်ဒလိမ့်တုံးကြီး အရှိန်ပြင်းပြင်းပြုတ်ကျကာ မြေကြီးများသိပ်သည်းသွားစေသည်။ မြေကြီးအားလုံး ကျစ်လျစ်ခိုင်မာသွားသည်အထိ ဤလုပ်ငန်းစဉ်ကို အကြိမ်ကြိမ်အခါခါ ထပ်ခါတလဲလဲ လုပ်ဆောင်ကြရသည်။
ဤမြေကြိတ်ခြင်းလုပ်ငန်းမှာ ကြီးမားသောကာယခွန်အားကို အသုံးပြုရသဖြင့် အလွန်ပင်ပန်းခက်ခဲလှသည်။
သေချာသည်က အိမ်တော်စောင့်တပ်သား ခြောက်ရာတည်းဖြင့် မြေကြိတ်ရန်မလုံလောက်ပေ။ ထို့ကြောင့် လီကျစ်သည် ဤအလုပ်အတွက် ထန်းကျင်းမြို့မှ ကုန်ထမ်းသမားများနှင့် အလုပ်သမားများစွာကိုပါ ငှားရမ်းထားခဲ့သည်။
မြေကျစ်မြို့ရိုး ပြီးစီးသွားသည်နှင့် အုတ်စီခြင်းနှင့် သူရဲခိုတံတိုင်းများ တည်ဆောက်ခြင်းတို့ကို ပန်းရန်သမားများထံ လွှဲပြောင်းပေးရမည်ဖြစ်သည်။
လီကျစ် စီစဉ်ထားသော မြို့ရိုးစီမံကိန်းမှာ သေးငယ်လှသည်တော့မဟုတ်ပေ။ မြို့ရိုးပတ်လည်အလျားမှာ မီတာသုံးထောင်ရှိပြီး စတုရန်းပုံစံဖြစ်ကာ တစ်ဖက်လျှင် မီတာ ခုနစ်ရာ့ငါးဆယ်အရှည်ရှိသည်။ မြို့ရိုး၏အမြင့်မှာ ငါးမီတာနှင့် အကျယ်သုံးမီတာရှိပြီး မီတာနှစ်ဆယ်လျှင် 'မြင်းမျက်နှာစာ' ဟုခေါ်သော ခံတပ်ငယ်တစ်ခုစီ ပါဝင်သည်။
ဤမြင်းမျက်နှာစာဆိုသည်မှာ မြို့ရိုးမှအပြင်ဘက်သို့ ငေါထွက်နေသော ခံတပ်ငယ်တစ်ခုဖြစ်ပြီး မြို့ရိုးပေါ်ရှိ စစ်သည်များအနေဖြင့် မြို့ရိုးကို တွယ်တက်လာသော ရန်သူများကို ဘေးဘက်မှနေ၍ တိုက်ခိုက်နိုင်ရန်ရည်ရွယ်သည်။ ဤမင်မင်းဆက်ခံတပ်တည်ဆောက်ပုံ နည်းစနစ်၏ အခြေခံသဘောတရားမှာ နောက်ပိုင်းခေတ်များမှ ခံတပ်များနှင့်ဆင်တူပြီး အရပ်မျက်နှာအမျိုးမျိုးမှ ပစ်ခတ်နိုင်သော ကြက်ခြေခတ်ပစ်ကွင်း ဖန်တီးနိုင်ရန်ဖြစ်သည်။ လီကျစ်က ဒီဇိုင်းဆွဲရာတွင် ခံတပ်များ၏ အားသာချက်များကိုပေါင်းစပ်ကာ မြင်းမျက်နှာစာကို တြိဂံပုံစံငေါထွက်နေအောင် ဖန်တီးထားသောကြောင့် မြင်းမျက်နှာစာကို တွယ်တက်လာမည့် ရန်သူများကို မြို့ရိုးပေါ်မှနေ၍ ကြက်ခြေခတ် ပစ်ခတ်နှိမ်နင်းနိုင်ရန် ပိုမိုလွယ်ကူစေသည်။
တွက်ချက်ကြည့်မည်ဆိုလျှင် ဖန့်ကျားရွာသစ်၏ မြို့ရိုးတစ်ခုလုံးအတွက် မြေထုကုဗမီတာ ငါးသောင်းကျော် လိုအပ်မည်ဖြစ်သည်။ ပျမ်းမျှအားဖြင့် စစ်သည်တစ်ဦးနှင့် ငှားရမ်းထားသော အလုပ်သမားတစ်ဦးစီသည် မြေကြီးများကိုသယ်ယူကာ ကျောက်ဒလိမ့်တုံးဖြင့် ဖိကြိတ်၍ ကုဗမီတာ နှစ်ဆယ်ကျော်စီ ပြီးစီးအောင်လုပ်ဆောင်ကြရမည်ဖြစ်သည်။ ဤလုပ်ငန်းစဉ်သည် အချိန် လေးငါးလခန့် ကြာမြင့်မည်ဖြစ်သည်။
သို့ရာတွင် လီကျစ်သည် အာဟာရပြည့်ဝသော အသား၊ ဟင်းသီးဟင်းရွက်များနှင့် ထမင်းတို့ကို အလုံအလောက် ကျွေးမွေးထားသည်။ လုံလောက်သော အာဟာရနှင့် အနားယူမှုရှိပါက ဤကဲ့သို့ ကာယအလုပ်လုပ်ခြင်းက ခန္ဓာကိုယ်အတွက် ကောင်းကျိုးဖြစ်ထွန်းစေသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် လီကျစ် စုဆောင်းထားသော အိမ်တော်စောင့်တပ်သား ခြောက်ရာမှာ ကျန်းမာရေးကောင်းမွန်သော်လည်း တပ်ဖွဲ့၏စံနှုန်းများအရ ကြံ့ခိုင်မှု မပြည့်ဝသေးပေ။ ယခုလို မြေကျစ်မြို့ရိုးတည်ဆောက်ခြင်းက ဤစစ်သည်များ၏ကြွက်သားများကို ဖွံ့ဖြိုးလာစေပြီး ရုပ်ပိုင်းဆိုင်ရာအရ အရည်အချင်းပြည့်မီသော စစ်သည်များအဖြစ် အလျင်အမြန် ပြောင်းလဲသွားစေရန် အထောက်အကူ ပြုနိုင်မည်ဖြစ်သည်။
စစ်သည်များကို နေရာချထားပေးသည့်အပြင် လီကျစ်သည် အဆင့်မြင့်ခေါင်းဆောင် ခန့်အပ်ရန်အတွက်လည်း စီစဉ်ရဦးမည်ဖြစ်သည်။
တပ်ဖွဲ့ကို ပိုမိုလွယ်ကူစွာကွပ်ကဲနိုင်ရန်အတွက် ရှေ့ပြေးတပ်ဖွဲ့၏ တပ်မှူးရာထူးကို လီကျစ်ကိုယ်တိုင် ရယူထားသည်။ လီလေးနှင့် ကျန့်ဖုန်းတို့မှာ ယခင်က အိမ်တော်စောင့်တပ်သားများ၏ တပ်မှူးငယ်များဖြစ်ခဲ့ကြသဖြင့် ယခုအခါ ရှေ့ပြေးတပ်ဖွဲ့၏ တပ်ခွဲမှူးနှစ်ဦးအဖြစ် တာဝန်ယူရတော့သည်။
ကျန်ရှိနေသေးသော တပ်ခွဲမှူးနေရာ နှစ်နေရာအတွက် တစ်နေရာကို သူ၏ညီ လီရှင်းအား ပေးရန် လီကျစ် ဆုံးဖြတ်လိုက်သည်။ ဤကဲ့သို့ ကမောက်ကမဖြစ်နေသော ခေတ်ပျက်ကြီးထဲတွင် စစ်သူကြီးတစ်ဦးဖြစ်လာခြင်းက အထည်စက်ရုံ ကြီးကြပ်ရေးမှူးလုပ်ခြင်းထက် အနာဂတ်အလားအလာ ပိုမိုကောင်းမွန်လှရာ လီကျစ်သည် ဤနေရာကောင်းကို သူ၏ညီဖြစ်သူအတွက် ဖယ်ချန်ထားချင်ခြင်းဖြစ်သည်။ ထို့ပြင် မိမိ၏ညီအရင်းက တပ်များကို ဦးဆောင်နေမည်ဆိုပါက အခြားသူများအတွက်လည်း လေးစားကြောက်ရွံ့ဖွယ်ဖြစ်စေပြီး လီကျစ်၏ အကြီးအကဲနေရာကို ပိုမိုခိုင်မာစေမည်ဖြစ်သည်။ လီရှင်းသည် အထည်စက်ရုံ ကြီးကြပ်ရေးမှူးရာထူးဖြင့် လအတော်ကြာ ရင့်ကျက်လာခဲ့ပြီဖြစ်ကာ စီမံခန့်ခွဲမှုစွမ်းရည် အတိုင်းအတာတစ်ခုအထိ ရှိနေပြီဖြစ်သဖြင့် ယခု တပ်ခွဲမှူးရာထူးတွင် သူ၏အရည်အချင်းများကို ဆက်လက်သွေးသွေးပေးရမည်ဖြစ်သည်။
ဆုံးဖြတ်ချက်ချပြီးသည်နှင့် လီကျစ်သည် လီရှင်းကိုရှာရန် အထည်စက်ရုံသို့ မြင်းစီးကာ ထွက်လာခဲ့သည်။ လီကျစ် စက်ရုံထဲသို့ ဝင်လာချိန်တွင် လီရှင်းက သူ၏ လက်ထောက်တစ်ဦးနှင့်အတူ စက်ရုံအတွင်း လှည့်လည်ကြည့်ရှုနေသည်ကို မြင်လိုက်ရသည်။ လီကျစ်က လှမ်းခေါ်လိုက်ရာ လီရှင်းလည်း သူ့ကိုမြင်သွားပြီး လက်ထောက်ဖြစ်သူနှင့်အတူ ပြေးလာလေသည်။
"အစ်ကိုကြီး... ရောက်လာတာလား"
"ဒီရက်ပိုင်း အစ်ကို ဒီဘက်မလာဖြစ်ဘူး။ အထည်စက်ရုံ အခြေအနေ ဘယ်လိုရှိလဲ"
ထိုအခါ လီရှင်းက ဂုဏ်ယူဝင့်ကြွားစွာ လက်ခုပ်တီးလိုက်ပြီး ရေပက်မဝင်အောင် စကားစပြောတော့သည်။
"အစ်ကိုကြီး မေးမယ့်အချိန်ကိုပဲ စောင့်နေတာ။ ကျွန်တော့်ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဒီလ အထည်စက်ရုံရဲ့ ထုတ်လုပ်မှုကတက်လာပြီး အထည်လိပ် သုံးသောင်းတစ်ထောင်ကျော် ထုတ်လုပ်နိုင်ခဲ့တယ်။ ဒါ့အပြင် တော်တဲ့ချည်ငင်အလုပ်သမားတွေကို တခြားသူတွေကို သင်ပေးဖို့ စီစဉ်ပေးလိုက်တဲ့အတွက် ဒီလ ချည်မျှင်သုံးစွဲမှုမှာ သက်သာသွားတယ်"
လီရှင်းက ခေါင်းလေးစောင်းကာ...
"အစ်ကိုကြီး... ကျွန်တော့်ကို ဆုချရမယ်နော်"
လီကျစ်က ရယ်လိုက်ပြီး...
"ချည် သက်သာတာလေးကိုများ အရေးတယူ ပြောနေရသေးတယ်လို့ကွာ"
လီရှင်းက ချက်ချင်း ပြန်ချေပသည်။
"ဘယ်လောက်ပဲ နည်းနည်း သက်သာတာက သက်သာတာပဲလေ။ ကျွန်တော့်မှာ အစ်ကိုကြီးလို ပင်လယ်ကမ်းစပ်က နတ်မင်းကြီးဆီက အသိပညာတွေမှမရထားတာ... ဒီလောက် သေးသေးမွှားမွှားလေးတွေပဲ လုပ်တတ်တာပေါ့"
ထို့နောက် လီရှင်းက သူ၏လက်ထောက်ကို ရှေ့သို့ဆွဲထုတ်လိုက်ကာ အသံကျယ်ကျယ်ဖြင့်...
"အစ်ကိုကြီး... ကျွန်တော့် လက်ထောက်ကို အစ်ကိုကြီးဆီ ထောက်ခံပေးချင်လို့ပါ"
လီကျစ်က လက်ထောက်ဖြစ်သူကို တစ်ချက်ကြည့်လိုက်ပြီး...
"အို..."
"အစ်ကိုကြီး မေ့သွားလောက်ပြီ။ သူ့နာမည်က ကျန်းဟွေ လေ... အဘိုးရဲ့ အစ်ကိုဖြစ်သူဘက်က မြေးဆိုတော့ ကျွန်တော်တို့ရဲ့ အစ်ကိုဝမ်းကွဲ တော်တာပေါ့။ သူက နှစ်လအတွင်းမှာပဲ ချည်ငင်တာရော ရက်ကန်းရက်တာပါ ကျွမ်းကျင်သွားပြီး စက်ရုံရဲ့ စီမံခန့်ခွဲရေးပိုင်းကိုလည်း အကုန်နားလည်နေပြီ။ ဒီလ အထည်ထုတ်လုပ်မှု တိုးလာတာက သူ့ရဲ့ လက်ရာတွေချည်းပဲ"
လီရှင်း၏ ရှေ့သို့ တွန်းပို့ခြင်းခံလိုက်ရသော ကျန်းဟွေမှာ အနည်းငယ် ဂဏာမငြိမ်ဖြစ်နေသည်။ သူက "သခင်လေးကို ဂါရဝပြုပါတယ်" ဟုပြောကာ လီကျစ်အား ဒူးထောက်အရိုအသေပေးရန် ပြင်လိုက်သည်။
လီကျစ်သည် သူ၏လက်အောက်ငယ်သားများရှေ့တွင် သြဇာအာဏာရှိန်အဝါကို ထိန်းသိမ်းထားရန်အတွက် ကျန်းဟွေ အရိုအသေပေးပြီးသည်အထိ စောင့်နေလိုက်ပြီးမှ...
"ရပါတယ်... ထပါတော့။ မင်း အလုပ်လုပ်တာအရမ်းကောင်းပါတယ်။ လီရှင်းကိုလည်း အများကြီး အကူအညီပေးနိုင်ခဲ့တယ်"
ထိုစကားကိုကြားသောအခါ ကျန်းဟွေသည် ဝမ်းသာအားရဖြင့် မတ်တတ်ရပ်လိုက်ပြီး ဘေးတွင် နှုတ်ဆိတ်စွာ ရပ်နေလိုက်သည်။
ကျန်းဟွေကို ချီးကျူးပြီးနောက် လီကျစ်က လီရှင်းကို လေးနက်သော မျက်နှာထားဖြင့် ကြည့်ကာ...
"လီရှင်း... မင်းရဲ့ ရာထူးကို ငါ ပြောင်းလဲချထားပေးတော့မလို့။ မင်းကို တခြားတာဝန်တစ်ခု ပေးမယ်"
လီရှင်းက မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ကာ ခေတ္တမျှစဉ်းစားလိုက်သော်လည်း လီကျစ်၏ လက်အောက်တွင် အထည်စက်ရုံကြီးကြပ်ရေးမှူးရာထူးထက် ကြီးမားသောရာထူး မရှိတော့ဟုထင်မြင်မိသည်။ ထို့ကြောင့် သူက တီးတိုးအသံဖြင့်...
"အစ်ကိုကြီး... ကျွန်တော့်ကို ဘာရာထူးပေးမလို့လဲ။ ကျွန်တော် ကြီးကြပ်ရေးမှူးတာဝန်ကို သေချာမထမ်းဆောင်နိုင်လို့လားဟင်"
လီကျစ်က လီရှင်း၏ ပခုံးကို ပုတ်လိုက်ပြီး...
"မင်းကို စစ်သူကြီးတစ်ယောက် ဖြစ်စေချင်လို့ပါ။ ရှေ့ပြေးတပ်ဖွဲ့မှာ တပ်ခွဲမှူးတစ်ယောက် သွားလုပ်ရမယ်"
လီရှင်း၏ မျက်လုံးများအရောင်လက်သွားပြီး...
"တပ်ခွဲမှူး... ကျွန်တော် လူဘယ်နှစ်ယောက်ကို ကွပ်ကဲရမှာလဲ"
လီကျစ်က ပြုံးလျက်...
"လောလောဆယ်တော့ လူ ခုနစ်ဆယ့်ငါးယောက်ပေါ့။ ဒါပေမဲ့ တပ်ခွဲမှူးဆိုတာ စက်ရုံကြီးကြပ်ရေးမှူးနဲ့ မတူဘူး။ တပ်ခွဲမှူးဆိုတာ စစ်သူကြီးပဲ... စစ်သည်တွေရဲ့ နေ့စဉ်ဘဝ စားသောက်နေထိုင်ရေး အလုပ်အကိုင် လေ့ကျင့်ရေးနဲ့ တိုက်ပွဲဝင်တာကအစ အားလုံးကို တာဝန်ယူရတာ။ လုပ်ပိုင်ခွင့်အာဏာက ပိုကြီးတယ်"
ထို့နောက် လီကျစ်က ခေတ္တရပ်လိုက်ပြီး ဆက်ပြောသည်။
"ဒါ့အပြင် ငါ ရာထူးတိုးလာတာနဲ့အမျှ ရှေ့ပြေးတပ်ဖွဲ့ကလည်း တိုးချဲ့သွားမှာပဲ... ဒီအထည်စက်ရုံလို ချဲ့လို့မရတာမျိုးမဟုတ်ဘူး။ အဲဒီအခါကျရင် မင်းရဲ့ တပ်ခွဲမှူးရာထူးကနေ တပ်ရင်းမှူး၊ တပ်မမှူးတွေ ဖြစ်လာပြီး လူရာထောင်ချီရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကွပ်ကဲလာရမှာ"
လီရှင်း၏ မျက်လုံးများမှာ အရောင်တလက်လက်တောက်ပသွားပြီး ပြုံးကာ...
"ကောင်းပြီလေ... အဲဒါဆိုလည်း တော်တော်လေး မိုက်တာပဲ"
လီကျစ်က ဆက်၍...
"စစ်သူကြီးတစ်ယောက်ဖြစ်ရတာ သိပ်ဂုဏ်သိက္ခာရှိတာကွ။ ဘယ်သွားသွား နောက်ကနေ လူတစ်အုပ်ကြီး ပါလာလိမ့်မယ်။ တိုက်ပွဲမှာဆိုရင်လည်း စစ်သည်တွေကို ဦးဆောင်ပြီး ရန်သူတွေကို ဝင်တိုက်ရမှာ... အထည်စက်ရုံ ကြီးကြပ်ရေးမှူးလုပ်ရတာနဲ့ လုံးဝကို ကွာခြားတယ်"
လီရှင်းက ခေတ္တမျှစဉ်းစားလိုက်ပြီးနောက် အနည်းငယ်စိုးရိမ်တကြီးဖြင့်...
"ဒါပေမဲ့ ကျွန်တော်က တပ်တွေကို ဘယ်လိုဦးဆောင်ရမလဲ… တိုက်ပွဲ ဘယ်လိုတိုက်ရမလဲဆိုတာ မသိဘူးလေ"
လီကျစ်က ဖြည်းညင်းစွာဖြင့်...
"မသိရင် သင်ယူလို့ရတာပေါ့... လေ့ကျင့်ရေးတွေ… လက်တွေ့လုပ်ဆောင်မှုတွေကနေ တစ်ဖြည်းဖြည်းလေ့လာလို့ရတယ်။ ငါတို့ တပ်ဖွဲ့သစ်က ရိုင်ဖယ်သေနတ်တွေကို အသုံးပြုမှာဆိုတော့ တိုက်ခိုက်ရေးဗျူဟာတွေက အရင်ကနဲ့လုံးဝမတူတော့ဘူး။ ဘယ်သူမှလည်း အတွေ့အကြုံ မရှိကြသေးဘူးလေ။ မင်းက အရာရာကိုအမြန်သင်ယူနိုင်တဲ့သူပဲ... လအနည်းငယ်လောက်ဆိုရင် အကုန်ကျွမ်းကျင်သွားမှာပါ"
လီရှင်းက အသံကျယ်ကျယ်ဖြင့် ဟစ်ကြွေးလိုက်သည်။
"ကောင်းပါပြီ... အဲဒါဆိုလည်း အစ်ကိုကြီးအတွက် တပ်ခွဲမှူး သွားလုပ်ပေးပါ့မယ်"
အမှန်တကယ်တော့ လီရှင်းသည် ကြီးကြပ်ရေးမှူးများစွာကို အုပ်ချုပ်ရသော အထည်စက်ရုံမှ မထွက်ခွာချင်သေးပေ။ သို့ရာတွင် သူ့ကို တပ်ခွဲမှူးရာထူးပေးလိုသော လီကျစ်၏ သဘောထားက အလွန်ပြတ်သားနေသောကြောင့် လီကျစ်၏ အစီအမံကို သူမဆန့်ကျင်ရဲပေ။
လီကျစ်က ခေါင်းညိတ်လိုက်ပြီး ဘာမှထပ်မပြောတော့ပေ။
လီကျစ်သည် နောက်ဆုံးကျန်ရှိနေသေးသော တပ်ခွဲမှူးနေရာကို သူ၏ အစ်ကိုဝမ်းကွဲဖြစ်သူ ကျန်းခိုင်ချန်အတွက် ဖယ်ချန်ထားခဲ့သည်။ ကျန်းခိုင်ချန်သည် ဆပ်ပြာအလုပ်ရုံကို အလွန်ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်သူဖြစ်ပြီး ရှားပါးသော စီမံခန့်ခွဲမှုစွမ်းရည်ရှိသူ တစ်ဦးဖြစ်သည်။ ထို့ပြင် သူက လီကျစ်၏ ဆွေမျိုးတစ်ဦးလည်းဖြစ်သောကြောင့် သူ့ကို တပ်ဖွဲ့များလွှဲပြောင်းပေးအပ်ရန် လီကျစ် ပို၍ စိတ်ချယုံကြည်မိသည်။
ကျန်းခိုင်ချန် တပ်ခွဲမှူးဖြစ်သွားသောအခါ ဆပ်ပြာအလုပ်ရုံအတွက် ကြီးကြပ်ရေးမှူး အသစ်တစ်ဦးလိုအပ်လာသည်။ လီကျစ်က သေချာစဉ်းစားပြီးနောက် သူ၏ အဘိုးလေးဖြစ်သူ လီယိုရှန်းကို ဆပ်ပြာအလုပ်ရုံအား စီမံခန့်ခွဲစေရန်ဆုံးဖြတ်လိုက်သည်။ လီကျစ်၏ စီးပွားရေးလုပ်ငန်းများက တစ်နေ့တခြားကြီးမားကျယ်ပြန့်လာရာ လီမိသားစု၏ ဆွေမျိုးများအားလုံးနီးပါးကို သူ၏လုပ်ငန်းများတွင် နေရာချထားပေးနိုင်ခဲ့သည်။ လီမိသားစုဝင် အားလုံးက လီကျစ်အား သူတို့၏သခင်နှင့် အလုပ်ရှင်အဖြစ် အသိအမှတ်ပြုထားကြရာ ဆွေမျိုးစုခေါင်းဆောင်ဖြစ်သူ လီယိုရှန်းမှာ အံ့ဩစရာကောင်းလောက်အောင်ပင် လီကျစ်လောက် ဩဇာမညောင်းတော့ပေ။ သို့သော် လီယိုရှန်းမှာ အလွန်ပါးနပ်သူဖြစ်ပြီး အသက်ခြောက်ဆယ်ပင် မပြည့်သေးသောကြောင့် သူ၏ ကျန်းမာရေးမှာ စီမံခန့်ခွဲမှုလုပ်ငန်းများ လုပ်ဆောင်ရန် ကောင်းမွန်နေဆဲဖြစ်သည်။ ဆပ်ပြာအလုပ်ရုံအတွက် အရေးအကြီးဆုံးအချက်မှာ လျှို့ဝှက်ဖော်စပ်နည်းများ ပေါက်ကြားမှုမရှိစေရန်ဖြစ်ပြီး ဆွေမျိုးစုခေါင်းဆောင်ဖြစ်သူ လီယိုရှန်းအနေဖြင့် ဤဖော်စပ်နည်းကို ပေါက်ကြားစေရန် အကြောင်းအရင်းလုံးဝမရှိသောကြောင့် သူက အယုံကြည်ရဆုံး ရွေးချယ်မှုတစ်ခုဖြစ်လာသည်။
မျိုးဆက်သစ်လူငယ်များ လီကျစ်နှင့်အတူ အောင်မြင်ကြီးပွားနေကြသည်ကို မြင်သောအခါ အဘိုးကြီး လီယိုရှန်း တစ်ယောက် အနည်းငယ်အားကျနေခဲ့မိသည်။ ထို့ကြောင့် လီကျစ်က သူ့ကို ကြီးကြပ်ရေးမှူးတာဝန် ယူပေးရန် ကမ်းလှမ်းလာသောအခါ သူသည် ဝမ်းသာအားရဖြင့် ချက်ချင်းပင် သဘောတူလက်ခံလိုက်တော့သည်။
အထည်စက်ရုံ ကြီးကြပ်ရေးမှူးနေရာအတွက်မူ လီကျစ်သည် အထည်စက်ရုံ၌ အလုပ်ရုံမှူးအဖြစ် တာဝန်ထမ်းဆောင်နေသော သူ၏ဦးလေးဖြစ်သူ ကျန်းယွမ်ကို ရွေးချယ်လိုက်သည်။ ယခင်က ကျန်းယွမ်သည် ဆင်းရဲနွမ်းပါးမှုကြောင့် အနည်းငယ်သတ္တိကြောင်သူတစ်ဦး ဖြစ်ခဲ့သော်လည်း... ပြီးခဲ့သည့်လများအတွင်း အထည်စက်ရုံ၏ အလုပ်ရုံမှူးတစ်ဦး ဖြစ်လာပြီးနောက် သူ၏ စိတ်ပိုင်းဆိုင်ရာအမြင်များ လုံးဝပြောင်းလဲသွားခဲ့ပြီး အလုပ်ကိုအလွန်ကြိုးစားပမ်းစား လုပ်ကိုင်လာကာ အရည်အချင်းပြည့်မီသော အကောင်းဆုံး ကြီးကြပ်ရေးမှူးတစ်ဦး ဖြစ်လာခဲ့ပြီ ဖြစ်သည်။
***