ကျန်းယွမ်သည် အထည်စက်ရုံ၏ အလုပ်ရုံမှူးရာထူးမှ ကြီးကြပ်ရေးမှူးရာထူးသို့ တိုးမြှင့်ခံရသဖြင့် အလွန်ပျော်ရွှင်နေခဲ့သည်။
ထိုနေ့ညနေပိုင်းတွင် ကျန်းယွမ်သည် အထည်ဆိုင်တစ်ဆိုင်သို့သွား၍ ခရမ်းရောင်ပိုးထည် ခြောက်ပေခန့် ဝယ်ယူကာ အိမ်သို့ပြန်လာခဲ့သည်။
ပုံမှန်အားဖြင့် ကျန်းယွမ်သည် ညမိုးချုပ်မှသာ အလုပ်ဆင်းလေ့ရှိသဖြင့် အိမ်ပြန်နောက်ကျတတ်ရာ သူ၏ဇနီးသည် အမျိုးသမီးချွီမှာ တစ်ယောက်တည်း ထမင်းစားရသည်ကို အကျင့်ဖြစ်နေပြီဖြစ်သည်။ ထိုနေ့က အမျိုးသမီးချွီသည် ကုတင်ပေါ်တွင်ထိုင်ကာ ချည်ငင်နေစဉ် ကျန်းယွမ်တစ်ယောက်လက်ပိုက်ကာ လျှို့ဝှက်သောအမူအရာဖြင့် အိမ်ထဲသို့ဝင်လာသည်ကို မြင်လိုက်ရသည်။ သူမက ပါးစပ်ကိုအုပ်ကာ ရယ်မောလိုက်ပြီး...
"ရှင်က ဘာလို့ သူခိုးလို ခြေဖွဖွနင်းပြီး ဝင်လာရတာလဲ"
သူမ၏ခင်ပွန်းသည် အထည်စက်ရုံ၏ အလုပ်ရုံမှူးဖြစ်လာပြီးနောက် တစ်လလျှင် ငွေ ၅ သျှူး ရရှိလာခဲ့ရာ ကျန်းယွမ်မိသားစု၏ ငွေကြေးအခြေအနေမှာ သိသိသာသာ တိုးတက်လာခဲ့သည်။ အခြားအရာများကို ဘေးဖယ်ထားလျှင်ပင် ယခုအခါ အမျိုးသမီးချွီသည် နေ့စဉ် ကြက်ဥနှင့် ဝက်သားကို ရဲရဲဝံ့ဝံ့စားသုံးနိုင်နေပြီဖြစ်သည်။ မိန်းမသားတစ်ဦး၏ အစားအသောက်မှာနည်းပါးလှရာ ထမင်းစားတိုင်း အသားဟင်းပါလျှင်တောင်မှ တစ်လလျှင် ငွေသျှူးတစ်ဝက်ပင် မကုန်ကျနိုင်ပေ။ ထို့ကြောင့် အမျိုးသမီးချွီသည် ယခုအခါ လွယ်လွယ်ကူကူပင် တတ်နိုင်နေပြီဖြစ်သည်။
ကျန်းယွမ်နှင့် အိမ်ထောင်သက် ဆယ်နှစ်ရှိပြီဖြစ်သော အမျိုးသမီးချွီသည် သူတို့၏ ဆင်းရဲဒုက္ခများ အဆုံးသတ်သွားပြီဖြစ်ကြောင်းကိုသာ ရင်ဖွင့်ညည်းတွားနေမိသည်။ ယခုအခါ မိသားစုစီးပွားရေး အဆင်ပြေလာပြီဖြစ်သဖြင့် အခြားအမျိုးသမီးများအကြားတွင် သူမ၏ အဆင့်အတန်းမှာလည်း မြင့်မားလာကာ စကားကိုလည်း ကျယ်ကျယ်လောင်လောင် ပြောဆိုနိုင်လာသည်။ သူမ၏ စိတ်အခြေအနေမှာ ကောင်းမွန်နေပြီး တစ်ကိုယ်လုံးလည်း အရင်ကထက် များစွာ တောက်ပလန်းဆန်းလာခဲ့သည်။ ယခင်က အမျိုးသမီးချွီသည် အသက်သုံးဆယ်ကျော်အရွယ်ဟု ထင်ရသော်လည်း ယခုအခါတွင်မူ သူမ၏ အမှန်တကယ်အသက်ဖြစ်သော နှစ်ဆယ့်ရှစ်နှစ်အရွယ်နှင့်သာ တူတော့သည်။
စိတ်အခြေအနေ ကောင်းမွန်လာသည်နှင့်အမျှ ခင်ပွန်းဖြစ်သူအပေါ်ထားရှိသော သူမ၏ သဘောထားမှာလည်း နူးညံ့ပျော့ပျောင်းလာခဲ့သည်။ ကျန်းယွမ်က ခြေဖွဖွနင်းကာ ဝင်လာသော်လည်း အမျိုးချွီက သူမ၏ခင်ပွန်း နောက်ပြောင်နေသည်ဟုသာထင်မှတ်ကာ ကျန်းယွမ်ကို ပြုံးလျက် ဆက်ပြောလိုက်သည်။
အရင်ကဆိုလျှင် အမျိုးချွီသည် ကျန်းယွမ်ကို အဖက်လုပ်ပြီး စကားပြောမည်ပင် မဟုတ်ပေ။
အမျိုးသမီးချွီ၏ မေးခွန်းကိုကြားသောအခါ ကျန်းယွမ်က ပြုံးလိုက်ပြီး လက်ပိုက်လျက် ကုတင်ပေါ်တွင် ဝင်ထိုင်ကာ...
"မိန်းမရေ... မကြာသေးခင်က ကိုယ်စဉ်းစားနေတာ... ငါတို့ အိမ်တစ်လုံးလောက် ဝယ်ရအောင်"
အမျိုးသမီးချွီက ချည်ငင်စက်ကို ရပ်လိုက်ပြီး...
"အိမ်ဝယ်မလို့..."
ကျန်းယွမ်က...
"ဟုတ်တယ်... အိမ်ဝယ်မယ်။ နှစ်ထပ်တိုက် သီးသန့်အိမ်လေးပေါ့"
ကျန်းယွမ်၏ စကားကိုကြားသောအခါ အမျိုးသမီးချွီ၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုအရိပ်အယောင်များ လက်ခနဲဖြစ်သွားသည်။ မိန်းမသားတို့မည်သည် ကိုယ်ပိုင်အိမ်လေးတစ်လုံး၏ လုံခြုံမှုကို သဘာဝအတိုင်းတောင့်တတတ်ကြရာ အမျိုးသမီးချွီကလည်း တစ်သက်လုံး အိမ်ငှားမနေချင်ပေ။ သို့သော် သူမက သေချာစဉ်းစားပြီးနောက် တုံ့ဆိုင်းစွာဖြင့်...
"ယောက်ျားရယ်... ရှင့်လစာက ဒီလပိုင်းတွေမှာ တိုးလာတယ်ဆိုပေမယ့် လပိုင်းလောက်ပဲ ရှိသေးတာလေ။ ငါတို့ စုထားတဲ့ငွေက ငွေသျှူး ၂၀ ကျော်လောက်ပဲရှိတာ။ ထန်းကျင်းမြို့ထဲမှာ အိမ်ဝယ်ဖို့ ဘယ်လိုလုပ် လောက်ပါ့မလဲ။ ထန်းကျင်းမြို့ထဲက နှစ်ထပ်တိုက်တစ်လုံးဆိုရင် အနည်းဆုံး ငွေသျှူး ၆၀၊ ၇၀ လောက်တော့ ပေးရမှာပဲ"
ကျန်းယွမ်က ခေါင်းခါလိုက်ပြီး...
"ငွေမလောက်ရင် သခင်လေးဆီက ချေးလို့ရတာပေါ့။ ဒါပေမဲ့ ငါတို့က ထန်းကျင်းမြို့ထဲမှာ အိမ်ဝယ်မှာမဟုတ်ဘူး... ဖန့်ကျားရွာမှာ အိမ်ဝယ်မှာ"
ကျန်းယွမ်၏ စကားကိုကြားသောအခါ သခင်မချွီ မှင်တက်သွားပြီး...
"ဖန့်ကျားရွာမှာ အိမ်ဝယ်မယ်... သခင်လေးကျစ် အမတ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဖန့်ကျားရွာလား"
"ဒါပေါ့"
ကျန်းယွမ်က အသံကျယ်ကျယ်ဖြင့်...
"အခု သခင်လေးက ဖန့်ကျားရွာကို ခရိုင်မြို့အရွယ်အစားလောက်အထိ တိုးချဲ့လိုက်ပြီ။ ပြီးတော့ အထည်စက်ရုံနဲ့ ဆပ်ပြာအလုပ်ရုံကိုလည်း အဲဒီကို တစ်ဖြည်းဖြည်းပြောင်းရွှေ့ဖို့ စီစဉ်နေတယ်။ သခင်လေးက အလုပ်သမားတွေကိုရောင်းဖို့ ဒါမှမဟုတ် ငှားဖို့အတွက် မြို့ထဲမှာနှစ်ထပ်တိုက် သီးသန့်အိမ်လေးထောင်နဲ့ချီပြီး ဆောက်တော့မှာလေ။ ကိုယ်က အခုအထည်စက်ရုံရဲ့ ကြီးကြပ်ရေးမှူးဆိုတော့... သေချာပေါက် ရှေ့ဆောင်လမ်းပြအနေနဲ့ အကြီးကြီးတစ်လုံး ဝယ်ရမှာပေါ့။ ငါတို့ အခန်းခြောက်ခန်းပါတဲ့ အိမ်တစ်လုံး ဝယ်ကြမယ်..."
သူမ၏ခင်ပွန်း စကားတွေယောင်ချာချာပြောလာလေလေ… အမျိုးသမီးချွီမှာ နားလည်ရန် ပိုမိုနှေးကွေးလာလေလေဖြစ်ပြီး စကားဖြတ်ပြောလိုက်သည်။
"ရှင်က စက်ရုံရဲ့ ကြီးကြပ်ရေးမှူး... ရှင်က အလုပ်ရုံရဲ့ အလုပ်ရုံမှူးမဟုတ်ဘူးလား။ ဘယ်လိုလုပ် ကြီးကြပ်ရေးမှူး ဖြစ်သွားတာလဲ"
ကျန်းယွမ်က ရယ်သလိုက်ပြီးနောက် ဖြည်းညင်းစွာရှင်းပြသည်။
"ငါ့တူ လီရှင်းက ဖန့်ကျားရွာက ရှေ့ပြေးတပ်ဖွဲ့ ပထမတပ်ခွဲမှာ တပ်ခွဲမှူးလုပ်ဖို့ ပြောင်းသွားတာလေ။ အဲဒါကြောင့် သူ့နေရာမှာ လစ်လပ်သွားလို့ ကိုယ်ကအထည်စက်ရုံရဲ့ ကြီးကြပ်ရေးမှူး ဖြစ်လာတာပေါ့"
ကျန်းယွမ်၏ စကားကိုကြားသောအခါ အမျိုးသမီးချွီမှာ ကြက်သေသေသွားပြီး အချိန်အတော်ကြာမှ သတိပြန်ဝင်လာသည်။ ကျန်းယွမ်ကိုကြည့်ကာ အမျိုးသမီးချွီက စကားထစ်အအဖြင့်...
"စက်ရုံရဲ့ ကြီးကြပ်ရေးမှူးဆိုတော့... သူ့ရဲ့ တစ်လလစာက ဘယ်လောက်လဲဟင်"
"ငွေ ၁၅ သျှူးလေ... ဟီးဟီး"
ကျန်းယွမ်၏ စကားကိုကြားသောအခါ အမျိုးသမီးချွီမှာ သူ့ကို ပျော်ရွှင်စွာကြည့်ရင်း နှုတ်ခမ်းများက တစ်ဖြည်းဖြည်းကွေးတက်လာကာ နောက်ဆုံးတွင် ပါးစပ်အဟောင်းသားဖြင့် အော်ရယ်လိုက်တော့သည်။ သူမ ပိုတွေးလေလေ ပိုပျော်လေလေဖြစ်လာကာ စိတ်လှုပ်ရှားစွာဖြင့် ကုတင်ပေါ်တွင် မတ်တတ်ရပ်လိုက်ပြီး လက်များကိုဝှေ့ယမ်းကာ အသံကျယ်ကျယ်ဖြင့် ရယ်မောလိုက်သည်။
"၁၅ သျှူး... ငါတို့ ချမ်းသာပြီ... ငါတို့ ချမ်းသာပြီဟေ့။ တစ်လကို ငွေ ၁၅ သျှူးဆိုတော့ ငါ့မိသားစု ဘဝလှပြီပေါ့... ငါတို့ ဘဝလှပြီ"
သူမ စိတ်လှုပ်ရှားလွန်းသဖြင့် ကုတင်ပေါ်ရှိ ချည်ငင်စက်ကို တိုက်မိ၍ လဲကျသွားသည်ကိုပင် လုံးဝသတိမထားမိပေ။
ကျန်းယွမ်က သူ၏ဇနီးသည် ကုတင်ပေါ်တွင် ခုန်ပေါက်နေသည်ကို လွှတ်ထားလိုက်ပြီး ကုတင်ခြေရင်းတွင် စကားတစ်ခွန်းမှမဟဘဲ ထိုင်နေလိုက်သည်။ တစ်မိနစ် နှစ်မိနစ်ခန့် ခုန်ပေါက်ပြီးနောက် သခင်မချွီငြိမ်ကျသွားပြီး ကျန်းယွမ်ကို ကြည့်ကာ...
"ရှင်က ဘာလို့ မပျော်ရတာလဲ"
ကျန်းယွမ်က တည်ငြိမ်စွာဖြင့်...
"သခင်လေးရဲ့ လုပ်ငန်းတွေက တစ်နေ့တခြားကြီးမားလာနေတာလေ။ ကိုယ် သူ့နောက်ကို လိုက်လာကတည်းက တစ်နေ့နေ့တော့ ကြီးပွားလာမှာပဲ။ ဒါက သဘာဝကျတဲ့ အစဉ်အလာတစ်ခုပဲလေ"
အမျိုးသမီးချွီက တည်ငြိမ်နေသော ကျန်းယွမ်ကို အားကျလေးစားစွာ ကြည့်လိုက်ပြီး...
"ယောက်ျား... ရှင်က တစ်နေ့တခြား ပိုပြီး အရည်အချင်းရှိလာတာပဲ"
ကျန်းယွမ်က ပြုံးလိုက်ပြီးနောက် သူ၏နောက်ကျောဘက်မှ ခရမ်းရောင်ပိုးထည် ခြောက်ပေခန့်ကိုထုတ်ယူကာ ပြုံးလျက်ပြောလိုက်သည်။
"မင်း ချုပ်ဝတ်ဖို့ ဒီခရမ်းရောင် ပိုးထည်ကို ခုလေးတင် ဝယ်လာတာ"
အမျိုးသမီးချွီက ကျန်းယွမ်၏လက်ထဲရှိ ခရမ်းရောင်ပိုးထည်ကို ကြည့်လိုက်ပြီး အံ့သြတကြီးဖြင့် လက်ဝါးဖြင့် မျက်လုံးများကို ကွယ်ထားလိုက်ကာ လက်ချောင်းများကြားမှတစ်ဆင့် ပါးလွှာချောမွေ့နေသော ခရမ်းရောင်ပိုးထည်ကို ခိုးကြည့်လိုက်သည်။ ဆင်းရဲဒုက္ခများဖြင့် ယဉ်ပါးနေခဲ့သော အမျိုးသမီးချွီအနေဖြင့် သူမ ပိုးထည်အဝတ်အစားများ ဝတ်ဆင်နိုင်မည်ဟု တစ်ခါမှ မတွေးဖူးခဲ့ပေ။ ထို့ကြောင့် တစ်ခဏမျှ သူမသည် ခရမ်းရောင် ပိုးထည်ကို မယူရဲဖြစ်နေသည်။
ကျန်းယွမ်က အမျိုးသမီးချွီ၏ လက်ကိုဆွဲယူကာ ခရမ်းရောင်ပိုးထည်ကို ထည့်ပေးလိုက်ပြီး ပြုံးလျက်ပြောသည်။
"မင်းဘာသာမင်း ချုပ်ဝတ်လို့ရသလို... စက်ချုပ်သမားကို အပ်ပြီး ချုပ်ခိုင်းလို့လည်း ရပါတယ်။ ဘာပဲဖြစ်ဖြစ် အခု ငါတို့ ချမ်းသာနေပြီဆိုတော့ အရင်လို ချွေချွေတာတာ နေစရာ မလိုတော့ဘူးလေ"
အမျိုးသမီးချွီသည် ခရမ်းရောင်ပိုးထည်ကို လက်ထဲတွင်ကိုင်ထားရင်း အချိန်အတော်ကြာ ငေးမောကြည့်နေမိသည်။ သူမ၏ မျက်နှာအမူအရာမှာ အံ့သြမှုမှ စိတ်လှုပ်ရှားမှု ထို့နောက် ပျော်ရွှင်မှုအဖြစ်ပြောင်းလဲသွားပြီး နောက်ဆုံးတွင်တည်ငြိမ်သွားလေသည်။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူမက ရုတ်တရက်...
"ယောက်ျား... ကျွန်မ ကိုယ်ဝန်ရှိနေပြီ"
ကျန်းယွမ်မှာ ကြက်သေသေသွားပြီး အချိန်အတော်ကြာသည်အထိ သတိမဝင်လာဘဲ...
"မင်း ဘာဖြစ်တယ်"
သခင်မချွီ၏ မျက်နှာလေး နီရဲသွားပြီး...
"ကျွန်မ ကလေးရနေပြီ"
ထိုစကားကိုကြားသောအခါ ကျန်းယွမ်၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုတို့ ပြည့်လျှံသွားပြီး အသံကျယ်ကျယ်ဖြင့်...
"မင်း ကိုယ်ဝန်ရှိနေပြီလား"
အမျိုးသမီးချွီက ခေါင်းညိတ်ပြလိုက်ပြီး ရှက်သွေးဖြာကာ မျက်နှာလေးနီရဲသွားပြီးနောက် ခေါင်းငုံ့ကာ ဘာစကားမှ ဆက်မပြောတော့ပေ။
ယခင်က ကျန်းယွမ်တို့ မိသားစုတွင် ငွေကြေးမရှိသဖြင့် ကလေးရလာပါက မကျွေးမွေးနိုင်ဘဲ ငတ်ပြတ်သေဆုံးသွားမည်ကို လင်မယားနှစ်ယောက်လုံးသိထားကြသည်။ ထို့ကြောင့် သူတို့သည် ကလေးယူရန် တစ်ခါမှမရဲခဲ့ဘဲ အမြဲတမ်း သန္ဓေတားခဲ့ကြသည်။ ကျန်းယွမ်တစ်ယောက် လီကျစ်၏ ဆပ်ပြာအလုပ်ရုံတွင်အလုပ်စဝင်ပြီး တစ်လလျှင် ငွေ ၂ သျှူး ရရှိလာမှသာ ကျန်းယွမ်နှင့် အမျိုးသမီးချွီတို့သည် ကလေးယူရန် အလေးအနက်စတင်စီစဉ်ခဲ့ကြသည်။ ခြောက်လကြာပြီးနောက် အမျိုးသမီးချွီ ကိုယ်ဝန်ရလာခဲ့ခြင်းဖြစ်သည်။
ကျန်းယွမ်၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုတို့ တဖြည်းဖြည်း ပြည့်နှက်လာသည်။ သူ၏ဇနီးသည် ကိုယ်ဝန်ရှိနေပြီ။ မကြာမီ သူ ကလေးတစ်ယောက် အမွေဆက်ခံမည့်သူ တစ်ယောက် ရတော့မည်ဖြစ်ပြီး ကျန်းမိသားစု၏ မျိုးဆက်သစ် ယောက်ျားလေးတစ်ဦးအနေဖြင့် မိသားစုမျိုးဆက်ပြန့်ပွားရေးတာဝန်ကို နောက်ဆုံးတွင်ဖြည့်ဆည်းနိုင်တော့မည်ဖြစ်သည်။ အသက်သုံးဆယ်ကျော်အရွယ်တွင် သူသည် ရိုးသားပြီးသနားစရာကောင်းသော ကျန်းယွမ် မဟုတ်တော့ဘဲ ဖခင်တစ်ဦး ဖြစ်လာတော့မည်ဖြစ်သည်။
သတင်းကောင်းများ ဆက်တိုက်ဝင်ရောက်လာသဖြင့် ကျန်းယွမ်တစ်ယောက် အသက်ရှူပင် မြန်လာသလို ခံစားလိုက်ရသည်။
သူက ဇနီးဖြစ်သူ၏ ခေါင်းကိုဆွဲယူကာ ပါးပြင်ကို အားရပါးရ နမ်းရှိုက်လိုက်လေတော့သည်။
***
ရှေ့ပြေးတပ်ဖွဲ့နှင့် မြို့ရိုးများအတွက် အစီအစဉ်များပြီးစီးသွားပြီးနောက် လီကျစ်သည် ပြီးခဲ့သည့်လများအတွင်း ရရှိခဲ့သောငွေများကို အသုံးပြုကာ မြို့ရိုးအသစ်အတွင်း၌ များပြားသော တည်ဆောက်ရေးလုပ်ငန်းများကို စတင်ခဲ့သည်။ မြို့တော်ဧရိယာမှ ပန်းရန်သမားများနှင့် လက်သမားများမှာ တစ်နှစ်ပတ်လုံးအတွက် အလုပ်အကိုင်များ ရရှိသွားကြသည်။
ယခုအခါ ဖန့်ကျားရွာတွင် ပန်းရန်သမားအဖွဲ့ နှစ်ဖွဲ့ရှိနေပြီဖြစ်သည်။ တစ်ဖွဲ့မှာ ရှေ့ပြေးတပ်ဖွဲ့အတွက် တပ်စခန်းများ တည်ဆောက်ရန် လီကျစ် ငှားရမ်းထားသော ထောင်ယိုမောက်၏ အဖွဲ့ဖြစ်ပြီး အခြားတစ်ဖွဲ့မှာမူ လက်မှုပညာသည်များနှင့် ပန်းပဲဆရာများ၏ ဟောင်းနွမ်းနေသော အိမ်များကို ပြုပြင်ပေးရန် ရက်အနည်းငယ်စော၍ ရောက်ရှိလာသော အဖွဲ့ဖြစ်သည်။
လူလေးရာကျော် ပါဝင်သော ဒုတိယအဖွဲ့ဖြစ်သည့် ပန်းရန်သမားများနှင့် လက်သမားများသည် သေနတ်ပန်းပဲဆရာများ၏ အိမ်များကိုပြုပြင်ပေးပြီးပြီဖြစ်သည်။ ယခုအခါ လီကျစ်သည် အသစ်တည်ဆောက်ထားသော မြို့ရိုးအတွင်း၌ စက်ရုံအဆောက်အအုံများနှင့် အိမ်ရာများကို တည်ဆောက်ရန် ၎င်းတို့အားလုံးကို ငှားရမ်းလိုက်သည်။
လီကျစ်သည် ဤလက်မှုပညာသည်အဖွဲ့ကို ငှားရမ်းရုံသာမက မြို့တော်ဧရိယာရှိ ခရိုင်နှင့် မြို့နယ်အသီးသီးသို့ လူလွှတ်ကာ နောက်ထပ်ပန်းရန်သမားများနှင့် လက်သမား ထောင်ကျော်ကိုလည်း ရှာဖွေစေခဲ့သည်။ ထို့ပြင် အုတ်နှင့် သစ်တိုင်များကို သယ်ယူရန်နှင့် ကူညီလုပ်ကိုင်ပေးရန်အတွက် အလုပ်သမား ခြောက်ရာကျော်ကိုလည်း ငှားရမ်းခဲ့ရာ ထိုသူများအားလုံးသည် အိမ်များတည်ဆောက်ရန် ဖန့်ကျားရွာသို့ ရောက်ရှိလာကြသည်။
ဖန့်ကျားရွာတွင် ရုတ်တရက်ဆောက်လုပ်ရေးအလုပ်သမား နှစ်ထောင်ကျော် စုရုံးရောက်ရှိလာပြီး ပစ္စည်းအမျိုးမျိုးကို အသွင်းအထုတ်ပြုလုပ်နေကြရာ အလွန်ပင် စည်ကားနေတော့သည်။ အိမ်ဆောက်နေသော လက်မှုပညာသည်များနှင့် အလုပ်သမားများ မြို့ရိုးတည်ဆောက်နေသောအဖွဲ့တို့ ပေါင်းစပ်သွားသောအခါ ဖန့်ကျားရွာသည် အတွင်းရောအပြင်ပါ ဧရာမ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။
လီကျစ်ကဲ့သို့ ကြီးမားကျယ်ပြန့်သော လုပ်ငန်းကြီးတစ်ခု ပိုင်ဆိုင်ထားသူမှလွဲ၍ မည်သူမျှ ဤမျှများပြားသော လက်မှုပညာသည်များကို ငှားရမ်းနိုင်မည်မဟုတ်ပေ။
မြို့ရိုးများ မပြီးစီးသေးသော်လည်း လီကျစ်သည် မြို့ရိုးအတွင်းရှိ "ဖန့်ကျားရွာသစ်" အတွက် အစီအစဉ်ကို အချောသတ်ရေးဆွဲပြီးဖြစ်သည်။ နောင်တွင် ရှေ့ပြေးတပ်ဖွဲ့၏ တပ်စခန်းများသာမက အထည်စက်ရုံ၊ ဆပ်ပြာအလုပ်ရုံနှင့် ဘိလပ်မြေအလုပ်ရုံတို့သည်လည်း မြို့ရိုးအတွင်း၌ တည်ရှိလာမည်ဖြစ်သည်။ ထို့ပြင် လီကျစ်သည် မြို့ရိုးအတွင်း၌ လူနေအိမ်ရာမြေကွက် ခုနစ်ထောင်ကို ခွဲဝေချထားပေးရန် စီစဉ်ထားသည်။ ၎င်းတို့အနက်မှ မြေကွက် ငါးထောင်ကို နောင်တွင်ရောင်းချရန် ချန်လှပ်ထားမည်ဖြစ်ပြီး ကျန်ရှိသော လူနေအိမ်ရာမြေကွက် နှစ်ထောင်တွင် ယခု အိမ်ရာများ တည်ဆောက်မည်ဖြစ်သည်။