ဤအိမ်ရာများကို အလုပ်သမားများနှင့် တပ်ဖွဲ့ဝင်များ၏မိသားစုများ နေထိုင်ရန်အတွက် ဆောက်လုပ်ထားခြင်းဖြစ်သည်။
ဖန့်ကျားရွာသည် ထန်းကျင်းမြို့မှ ခရီးအကွာအဝေးအားဖြင့် လီလေးဆယ်ခန့် ကွာဝေးပြီး ဤခေတ်ကာလတွင် ခြေလျင်လျှောက်မည်ဆိုပါက တစ်နေကုန်အချိန်ယူရမည့် အကွာအဝေးမျိုးဖြစ်သည်။
လီကျစ်သည် စက်ရုံများနှင့် အလုပ်ရုံများကို ဖန့်ကျားရွာသို့ ပြောင်းရွှေ့လိုက်ပြီဖြစ်ရာ အလုပ်သမားများအနေဖြင့် ထန်းကျင်းမြို့တွင် ဆက်လက်နေထိုင်ရန် မဖြစ်နိုင်တော့သဖြင့် သူတို့၏ မိသားစုတစ်စုလုံးကို ဖန့်ကျားရွာသို့ ပြောင်းရွှေ့လာကြရမည်မှာ သဘာဝပင်ဖြစ်သည်။
ထို့ပြင် လစဉ်လစာငွေ များပြားစွာရရှိနေသော တပ်ဖွဲ့သစ်မှ စစ်သည်များသည်လည်း အိမ်ထောင်ပြုကာ မိသားစုဘဝများတည်ထောင်ကြမည်ဖြစ်ရာ ဖန့်ကျားရွာတွင် နေအိမ်များ လိုအပ်လာမည်မှာ အသေအချာပင်ဖြစ်သည်။
ထိုလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် လီကျစ်က လုံးချင်းအိမ်ရာ ဒီဇိုင်းသုံးမျိုးကို ရေးဆွဲခဲ့သည်။
ပထမ အမျိုးအစားဖြစ်သော အိမ်ရာငယ်များကို သာမန်အလုပ်သမားများနှင့် စစ်သည်များအတွက်ရည်ရွယ်ပြီး အကျယ်အဝန်းအားဖြင့် စတုရန်းမီတာ ငါးဆယ့်ငါးရှိကာ နှစ်ထပ်ဆောက်လုပ်မည်ဖြစ်သောကြောင့် အသုံးပြုနိုင်မည့်ဧရိယာမှာ စတုရန်းမီတာ တစ်ရာ့တစ်ဆယ်အထိ ရှိမည်ဖြစ်သည်။
ထိုအိမ်တွင် ဧည့်ခန်းမကြီးတစ်ခု၊ မီးဖိုချောင်တစ်ခု၊ အိမ်သာတစ်ခုနှင့် အိပ်ခန်းလေးခန်း ပါဝင်မည်ဖြစ်ရာ အသက်အရွယ်စုံလင်သော မိသားစုတစ်စုအတွက် လုံလောက်မှုရှိပေသည်။
လီကျစ်သည် ဤအိမ်မျိုး အလုံးရေနှစ်ထောင်ခန့် တည်ဆောက်ကာ အလုပ်သမားများနှင့် စစ်သည်များကို ရောင်းချရန် သို့မဟုတ် ငှားရမ်းရန် စီစဉ်ထားသည်။
ဖန့်ကျားရွာ မြို့သစ်၏ စုစုပေါင်း အကျယ်အဝန်းမှာ စတုရန်းမီတာ ငါးသိန်းခြောက်သောင်း ရှိသည်။
အကယ်၍ ထိုမြေနေရာများအားလုံးကို ဤအိမ်ရာငယ်များသာ ဆောက်လုပ်မည်ဆိုလျှင် အိမ်အပြင်ဘက်ရှိ လမ်းများအတွက် နေရာဖယ်ချန်ပြီးလျှင်ပင် ဖန့်ကျားရွာအတွင်း၌ အိမ်ရာငယ်ပေါင်း ခုနစ်ထောင်မှ ရှစ်ထောင်အထိ တည်ဆောက်နိုင်မည်ဖြစ်သည်။
ဤအိမ်တစ်လုံးအတွက် လီကျစ် ကျခံရမည့် ကုန်ကျစရိတ်မှာ ငွေသျှူး ၃၀ ဖြစ်သည်။
မြို့ရိုးတည်ဆောက်ခြင်းအတွက် ကျသင့်ငွေများကိုပါ ခွဲဝေထည့်သွင်းတွက်ချက်လိုက်ပါက အိမ်တစ်လုံး၏ စုစုပေါင်း ကုန်ကျစရိတ်မှာ ငွေသျှူး ၄၀ ခန့် ကျသင့်မည်ဖြစ်သည်။
ထိုအိမ်များ၏ ရောင်းဈေးကို ငွေသျှူး ၅၀ ဟု လီကျစ် သတ်မှတ်ထားသည်။ လီကျစ်သည် ဖန့်ကျားရွာကိုကာကွယ်ရန် တပ်ဖွဲ့ဝင်နှစ်ထောင်ကို ငှားရမ်းထားရသဖြင့် အိမ်ခြံမြေကဏ္ဍမှ ငွေအနည်းငယ် ပြန်လည်ရယူရမည်မှာ သဘာဝကျပေသည်။
မည်သို့ပင်ဆိုစေ ဤအိမ်များသည် ထန်းကျင်းမြို့ရှိအိမ်များနှင့် ယှဉ်လျှင် များစွာဈေးသက်သာနေဆဲဖြစ်သည်။
အလုပ်သမားများနှင့် စစ်သည်များအနေဖြင့် အိမ်ဝယ်ရန် စုဆောင်းငွေမလုံလောက်ပါက လီကျစ်ထံမှ ငွေချေးနိုင်ပြီး… လစဉ်လစာထဲမှ တဖြည်းဖြည်း ခုနှိမ်သွားမည်ဖြစ်သည်။
အကယ်၍ ငှားရမ်းမည်ဆိုပါက တစ်လလျှင် ငွေ နှစ်ချန် နှင့် ခုနစ်ဖန်း သာ ကျသင့်မည်ဖြစ်ရာ အလွန်တရာ ဈေးသက်သာလှပေသည်။
လူပျိုများ သို့မဟုတ် ငွေကြေးအခက်အခဲရှိသော မိသားစုများအနေဖြင့် အိမ်တစ်လုံးကို စုပေါင်းငှားရမ်းနိုင်ပြီး ထိုသို့ဆိုလျှင် ပို၍ပင်ဈေးသက်သာသွားမည်ဖြစ်သည်။
အကယ်၍ အလုပ်သမားများတွင် ထန်းကျင်းမြို့၌ ကိုယ်ပိုင်အိမ်ရှိပါက ထိုအိမ်ကိုရောင်း၍ ဖန့်ကျားရွာရှိ ဤအိမ်ရာမျိုးကို ဝယ်ယူလျှင်ပင် သူတို့အတွက်လက်ကျန်ငွေ အတော်များများ ပိုထွက်လာဦးမည်ဖြစ်သည်။
အကယ်၍ ထန်းကျင်းမြို့တွင် အိမ်ငှားနေရသူများဆိုလျှင် ဖန့်ကျားရွာသို့ ပြောင်းရွှေ့ကာ ဤအိမ်ရာငယ်များကို ငှားရမ်းနေထိုင်ခြင်းက ပို၍ တွက်ခြေကိုက်ပေမည်။
ပန်းရန်ဆရာများဆောက်လုပ်မည့် အိမ်ရာငယ် နှစ်ထောင်အပြင်… လီကျစ်သည် မြို့အတွင်း၌ စတုရန်းမီတာ ငါးဆယ့်ငါးစီ ကျယ်ဝန်းသော မြေကွက်လပ်ပေါင်း လေးထောင်ကျော်ကိုလည်း ဖယ်ချန်ထားသေးသည်။
အလုပ်သမားများနှင့် စစ်သည်များက လီကျစ် စီစဉ်ပေးသော အိမ်ရာငယ်များကို သဘောမကျပါက မြေကွက်များကို ဝယ်ယူ၍ ကိုယ်ပိုင်အိမ်များ ဆောက်လုပ်နိုင်သည်။
ထိုမြေကွက်များကို ငွေသျှူး ၂၀ ဖြင့် ဈေးသတ်မှတ်ထားသည်။
မြေဝယ်ပြီးပါက သူတို့ဘာသာ ပန်းရန်ဆရာများနှင့် လက်သမားများကို ငှားရမ်းကာ မိမိတို့ စိတ်ကြိုက် နေအိမ်ပုံစံများကို တည်ဆောက်နိုင်ပေသည်။
ဒုတိယအမျိုးအစား အိမ်ရာများကိုတော့ အုပ်ချုပ်ရေးတာဝန်ခံများနှင့် တပ်မှူးများအတွက် ရည်ရွယ်ထားပြီး အကျယ်အဝန်းမှာ စတုရန်းမီတာ ရှစ်ဆယ်ရှိကာ နှစ်ထပ်ဖြစ်သဖြင့် အသုံးပြုနိုင်သော ဧရိယာ စုစုပေါင်းမှာ စတုရန်းမီတာ တစ်ရာ့ခြောက်ဆယ် ရှိမည်ဖြစ်သည်။
ထိုအိမ်တွင် ဧည့်ခန်းမကြီး၊ ထမင်းစားခန်း၊ မီးဖိုချောင်၊ အိမ်သာတစ်ခုနှင့် အိပ်ခန်းငါးခန်း ပါဝင်မည်ဖြစ်ရာ မျိုးဆက်သုံးဆက် အတူတကွ နေထိုင်ရန်ပင် လုံလောက်ပေသည်။
လီကျစ်သည် ဤအိမ်ရာမျိုး အလုံးရေ တစ်ရာခန့် ဆောက်လုပ်ရန် စီစဉ်ထားပြီး အားလုံးကို မြို့၏အနောက်ဘက်ခြမ်းတွင် ထားရှိမည်ဖြစ်သည်။
ထိုအိမ်ရာများ၏ ရောင်းဈေးမှာ ငွေသျှူး ၂၀ ဖြစ်သည်။
ငွေကြေးမလုံလောက်ပါက လီကျစ်ထံမှ ချေးငွေရယူနိုင်သည်။
အကယ်၍ ငှားရမ်းမည်ဆိုပါက တစ်လလျှင် လစဉ်ကြေး ငွေ လေးချန် ကျသင့်မည်ဖြစ်သည်။
မြေကွက်ဝယ်၍ ကိုယ်တိုင်ဆောက်လုပ်မည်ဆိုလျှင် မြေတန်ဖိုးမှာ ငွေသျှူး ၃၀ ဖြစ်သည်။
နောက်ဆုံးအမျိုးအစား အိမ်ရာများကတော့ လီရှင်းနှင့် ကျန်းယွမ်ကဲ့သို့သော အကြီးတန်း အုပ်ချုပ်သူများနှင့် အဆင့်မြင့်တပ်မှူးများအတွက် ဖြစ်သည်။
ဤခမ်းနားသော အိမ်ရာကြီးများမှာ အကျယ်အဝန်းအားဖြင့် စတုရန်းမီတာ တစ်ရာ့လေးဆယ်ရှိပြီး နှစ်မီတာမြင့်သော ခြံစည်းရိုးများ ဝန်းရံထားကာ ခြံဝင်းအတွင်း၌ စတုရန်းမီတာ လေးဆယ်ကျယ်ဝန်းသော ကွက်လပ်တစ်ခုလည်း ပါဝင်သည်။
အဆောက်အအုံ၏ အသုံးပြုနိုင်သော ဧရိယာမှာ စတုရန်းမီတာ နှစ်ရာဖြစ်သည်။
အလယ်အလတ်အဆင့် အိမ်ရာများထက် အိမ်သာတစ်လုံး၊ စာကြည့်ခန်းတစ်ခန်းနှင့် အိပ်ခန်းတစ်ခန်း ပိုမိုပါဝင်သည်။
ထိုအိမ်ရာများကို မြို့အနောက်ဘက်ရှိ အကောင်းဆုံးနှင့် ကျက်သရေအရှိဆုံး နေရာများတွင် ဆောက်လုပ်ရန် စီစဉ်ထားပြီး ရောင်းဈေးမှာ ငွေသျှူး ၁၃၀ ဖြစ်ကာ တစ်လငှားရမ်းခမှာ ငွေ ခုနစ်ချန် ဖြစ်သည်။
မြေကွက်ဝယ်၍ ကိုယ်တိုင်ဆောက်လုပ်မည်ဆိုလျှင် မြေတန်ဖိုးမှာ ငွေသျှူး ၅၀ ဖြစ်သည်။
ဆောက်လုပ်ရန် စီစဉ်ထားသော အရွယ်အစားအမျိုးမျိုးရှိ အိမ်ရာပေါင်း နှစ်ထောင်ကျော်အပြင် လီကျစ်သည် လူနေထိုင်ရန် မြေကွက်လပ်ပေါင်း လေးထောင်ကျော်ကိုလည်း ဖယ်ချန်ထားခဲ့သည်။
အနာဂတ်တွင် ထိုမြေကွက်များကို တပ်ဖွဲ့ဝင်များနှင့် အလုပ်သမားများအတွက်သာမက ဖန့်ကျားရွာတွင် စီးပွားရေးအကြီးအသေးလုပ်ကိုင်မည့် ကုန်သည်များကိုပါ ရောင်းချပေးနိုင်မည် ဖြစ်သည်။
အလုပ်သမားများနှင့် စစ်သည်များ၏မိသားစုများ ဖန့်ကျားရွာသို့ ပြောင်းရွှေ့လာသည်နှင့် တစ်ပြိုင်နက် လုပ်ငန်းကဏ္ဍပေါင်းစုံအတွက် ဝယ်လိုအားအလွန်တရာကြီးမားလာမည်ဖြစ်ရာ ကုန်သည်အမျိုးမျိုး၊ ဈေးသည်များနှင့် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူများကို ဖန့်ကျားရွာသို့ လာရောက်အခြေချရန် ဆွဲဆောင်နိုင်မည်ဖြစ်ပြီး ထိုအချိန်ကျလျှင် ဤမြေကွက်လပ်များက အလွန်ပင် အသုံးဝင်လာပေမည်။
သေချာသည်မှာ ဖန့်ကျားရွာတွင် နောက်ဆုံးအမျိုးအစား အဆောက်အအုံတစ်ခုလည်း ရှိနေသေးရာ... ထိုအရာကတော့ လီကျစ်၏ တပ်မှူးငယ်ရုံးတော် ပင်ဖြစ်သည်။
လီကျစ် တိုးချဲ့လိုက်ပြီးနောက် မူလဖန့်ကျားရွာလေးသည် မြို့ရိုးသစ်များဖြင့် ဝန်းရံထားသော ဖန့်ကျားရွာသစ်ကြီး၏ အတွင်း၌ ကျရောက်သွားခဲ့ပြီဖြစ်သည်။
မြို့ရိုးဟောင်းများကို ဖျက်သိမ်းလိုက်ပြီးနောက် ရွာဟောင်းလေးသည် ရွာသစ်ကြီး၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားခဲ့သည်။
မူလဖန့်ကျားရွာမှာ အလွန်သေးငယ်လွန်းလှပြီး ထိုအထဲတွင်စုတ်ပြတ်နေသော တပ်မှူးငယ်ရုံးတော်လည်း အပါအဝင်ဖြစ်သည်။
လီကျစ်သည် မြို့သစ်ကြီး၏ဗဟိုချက်တွင် တပ်မှူးငယ်ရုံးတော်သစ်အဖြစ် ခြံဝင်းလေးခုပါဝင်သော အိမ်တော်ကြီးတစ်လုံးကို အသစ်ပြန်လည် တည်ဆောက်ခဲ့သည်။
ထို တပ်မှူးငယ်ရုံးတော်သစ်ကြီးသည် အနာဂတ်တွင် ဖန့်ကျားရွာသစ်ကြီး၏ အသည်းနှလုံး ဖြစ်လာပေမည်။
ပန်းရန်ဆရာများနှင့် လက်မှုပညာရှင်များအနေဖြင့် သူတို့ကိုယ်တိုင်နေထိုင်ရန် ယာယီတဲများ ဆောက်လုပ်ပြီးသည်နှင့် ပထမဆုံး စတင်ဆောက်လုပ်ရမည့်အရာမှာ ဤတပ်မှူးငယ်ရုံးတော်သစ်ပင် ဖြစ်သည်။
ပန်းရန်ဆရာများဖြစ်ကြသော ကောအာ့ နှင့် ကျုံမင် တို့သည် ဖန့်ကျားရွာတွင် အိမ်ရာများဆောက်လုပ်ရန် လီကျစ်၏လူများက ရှန်ဟယ်ခရိုင်မှ သွားရောက်ခေါ်ယူထားသူများ ဖြစ်ကြသည်။
ဖန့်ကျားရွာသို့ရောက်ရှိသော ပထမဆုံးနေ့မှာပင် တပ်မှူးငယ်လီကျစ် ထုတ်လုပ်ထားသော "ဘိလပ်မြေ" ကြောင့် ကောအာ့တစ်ယောက် အံ့အားသင့်သွားခဲ့ရသည်။
မည်းနက်နက်နှင့် သာမန်မျှသာဖြစ်ပုံရသောဤအရာသည် အရေးပါပုံမရသော်လည်း တကယ်တမ်းတွင် အလွန်တရာ အစွမ်းထက်လှသည်။
သဲနှင့် တစ်အချိုးငါး ရောစပ်ကာ ရေဖြင့်မွှေနှောက်၍ စေးပျစ်သော အနှစ်တစ်ခုအဖြစ် ပြောင်းလဲလိုက်သောအခါ အုတ်စီရန်နှင့် နံရံသုတ်ရန်အတွက် အံ့မခန်း အသုံးဝင်လှပေသည်။
လေသလပ်ခံ၍ ခြောက်သွေ့သွားသောအခါ ဘိလပ်မြေသည် အလွန်တရာမာကျောသွားပြီး လက်ဖြင့်ချိုး၍မရသလို တုတ်ဖြင့်ကလော်ထုတ်၍လည်း မရတော့ဘဲ သဘာဝကျောက်တုံး တစ်တုံးကဲ့သို့ မာကျောကာ အုတ်ခဲများကို ခိုင်မြဲစွာ တွယ်ကပ်သွားစေသည်။
ထိုအရာ၏ အစွမ်းကား သုံးမျိုးစပ်အင်္ဂတေထက် များစွာသာလွန်ကောင်းမွန်လှသည်။
လူတိုင်းက ထန်းကျင်းမြို့မှ လီမိသားစုသည် ဆပ်ပြာနှင့် လီမိသားစုထုတ် အထည်ချောကဲ့သို့သော အရာသစ်များဖြင့် ထူးခြားဆန်းပြားသည်ဟု ပြောဆိုကြသော်လည်း… ကောအာ့အနေဖြင့် ဤဘိလပ်မြေကို မြင်တွေ့ရပြီးမှသာ လီမိသားစု၏ အံ့မခန်းစွမ်းဆောင်ရည်ကို အမှန်တကယ် နားလည်သဘောပေါက်သွားတော့သည်။
နောက်တစ်နေ့ အလုပ်မစတင်မီ ကောအာ့နှင့် ကျုံမင်တို့သည် ဘိလပ်မြေအလုပ်ရုံသို့ အတူတကွသွားရောက်၍ သစ်သားပုံးတစ်ပုံးဖြင့် ဘိလပ်မြေများကို သွားရောက်ထုတ်ယူကာ ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ သယ်ဆောင်လာခဲ့ကြသည်။
လမ်းတစ်လျှောက်တွင် သစ်သားပုံးထဲမှ ဘိလပ်မြေများကို ကြည့်ရင်း ကောအာ့ တွေးမိလေလေ ဤအရာ၏ အံ့မခန်းဖြစ်မှုကို သဘောကျလေလေဖြစ်ကာ… အနာဂတ်တွင် ဤအရာက သုံးမျိုးစပ်အင်္ဂတေ၏ နေရာကို အပြည့်အဝ အစားထိုးဝင်ရောက်လာလိမ့်မည်ဟု တွေးတောနေမိသည်။
ကောအာ့ ဆက်တွေးမိသည်မှာ… ဤဘိလပ်မြေကို အနာဂတ်ဈေးကွက်တွင် သေချာပေါက် လက်ခံလာကြမည်ဖြစ်ပြီး မကြာမီ ရှန်ဟယ်ခရိုင်အထိပင် ပျံ့နှံ့သွားလိမ့်မည်။
သူ မသိသည်မှာ ဤဘိလပ်မြေ၏ ဈေးနှုန်းသာဖြစ်သည်။ အကယ်၍ ပန်းရန်ဆရာများက သုံးမျိုးစပ်အင်္ဂတေကိုစွန့်လွှတ်ပြီး အိမ်ဆောက်ရာတွင် ဤဘိလပ်မြေကိုအသုံးပြုပါက အရှုံးပေါ်လေမည်လား။
အကယ်၍ ဘိလပ်မြေသည် သုံးမျိုးစပ်အင်္ဂတေထက် ပိုမိုဈေးကြီးနေပြီး အိမ်ရှင်က ဘိလပ်မြေကိုသာသုံးလိုပါက ကုန်ကျစရိတ်အပိုကို အိမ်ရှင်ကကျခံရမည်ဖြစ်ရာ ပန်းရန်ဆရာများအတွက် အမြတ်အစွန်း သိပ်ထွက်မည်မဟုတ်ပေ။
သို့သော်… ဤဘိလပ်မြေသည် သုံးမျိုးစပ်အင်္ဂတေထက် ဈေးပိုပေါနေမည်ဆိုလျှင် ပန်းရန်ဆရာများအနေဖြင့် မူလအိမ်ဆောက်ခအတိုင်းလက်ခံပြီး ဘိလပ်မြေနှင့် သုံးမျိုးစပ်အင်္ဂတေကြားက ကွာဟနေသောဈေးနှုန်းကို မိမိတို့အိတ်ကပ်ထဲသို့ အသာအယာ ထည့်နိုင်ပေလိမ့်မည်။
ပုံမှန်အားဖြင့် ခြံဝင်းတစ်ခုတည်ဆောက်ရန် သုံးမျိုးစပ်အင်္ဂတေအတွက် ငွေသျှူး အတော်များများ ကုန်ကျလေ့ရှိသည်။
အကယ်၍ ဘိလပ်မြေသည် သုံးမျိုးစပ်အင်္ဂတေထက် ဈေးအနည်းငယ်ပိုသက်သာပြီး အရည်အသွေးပိုကောင်းမည်ဆိုပါက ပန်းရန်ဆရာများအနေဖြင့် ငွေအမြောက်အမြား ရှာဖွေနိုင်ပေမည်။
လက်ရှိတွင် ကောအာ့သည် သူတစ်ပါးအိမ်ဆောက်ရာတွင် ကူညီပေးခြင်းဖြင့် တစ်လလျှင် ငွေ ၁ သျှူး သို့မဟုတ် ၂ သျှူးသာ ရရှိသည်။ အကယ်၍ ဘိလပ်မြေသာ ဈေးသက်သာပါက သူ၏ ဝင်ငွေမှာ နှစ်ဆခန့်ပင် တိုးလာနိုင်သည်။
ထိုအကြောင်းကိုတွေးမိသည်နှင့် ကောအာ့က ကျုံမင်အား…
"တပ်မှူးငယ်ထုတ်တဲ့ ဘိလပ်မြေက တစ်ကျင်ကို ဘယ်လောက်လောက် ပေးရလဲ" ဟု မေးလိုက်မိသည်။
ကောအာ့၏ရှေ့မှ လျှောက်နေသော ကျုံမင်မှာ ထိုမျှအထိ ခေါင်းထဲမရောက်သေးသဖြင့် ပေါ့ပေါ့ပါးပါးပင်…
"တပ်မှူးငယ်က ဘိလပ်မြေ ရောင်းတယ်လို့တော့ ငါ မကြားမိသေးပါဘူး…"
"အခု ဖန့်ကျားရွာမှာ မြို့ရိုးတွေအုတ်စီနေရသလို အိမ်ရာတွေလည်းအများကြီး ဆောက်နေရတော့ ဘိလပ်မြေအသုံးပြုရတဲ့ ပမာဏကအတော်ကိုများတယ်။ အပြင်ကိုရောင်းဖို့ ပိုပါ့မလားတောင် မသိဘူး"
ကောအာ့သည် စဉ်းစားခန်းဝင်သွားပြီး စိတ်မအေးနိုင်သေးသဖြင့် တစ်ဖန် ထပ်မေးလိုက်ပြန်သည်။
"မင်းအထင် ဒီ ဘိလပ်မြေက သုံးမျိုးစပ်အင်္ဂတေထက် ဈေးပိုသက်သာလောက်မလား"
ကျုံမင်က ကောအာ့ကို လှည့်ကြည့်ကာ…
"ဒီ ဘိလပ်မြေက မည်းနက်နက်နဲ့ သာမန်ပုံစံမျိုးဆိုတော့ သိပ်ပြီးဈေးကြီးမယ့်ပုံတော့ မပေါ်ပါဘူး…"
"ဒါပေမဲ့ သေချာပေါက်တော့ ပြောလို့မရဘူးနော်။ ဒါတွေက ထန်းကျင်းမြို့က လီမိသားစု ဆောက်တဲ့ အိမ်တွေလေ။ ထန်းကျင်းက လီမိသားစုကွ…"
"အရည်အသွေးကောင်းတဲ့ အိမ်တွေအတွက် ပစ္စည်းကောင်းတွေသုံးထားတာဆိုရင်တော့ သုံးမျိုးစပ်အင်္ဂတေထက် ဈေးသက်သာချင်မှ သက်သာမှာပေါ့"
ကောအာ့၏ စိတ်ထဲတွင် တစ်ခုခုကို တွေးမိနေသဖြင့်…
"မဟုတ်သေးဘူး... ဒီကိစ္စကို သေသေချာချာသိရမှဖြစ်မယ်။ ငါတို့ ဘိလပ်မြေ အလုပ်ရုံကို ပြန်သွားပြီး မေးကြည့်ကြမလား"
***