ကျုံမင်က ရှေ့နားရှိဆောက်လုပ်ရေးလုပ်ငန်းခွင်ကို လှမ်းကြည့်ကာ...
"ဒီ ဘိလပ်မြေဈေးနှုန်းကို ငါလည်းသိချင်နေတာ။ ကောင်းပြီလေ... လုပ်ငန်းခွင်မှာ ဘိလပ်မြေတွေ အရင်သွားချထားပြီးရင် ဈေးနှုန်း သွားမေးကြည့်ကြတာပေါ့"
သူတို့နှစ်ဦးသည် ဘိလပ်မြေများကိုချထားခဲ့ပြီးနောက် ဘိလပ်မြေအလုပ်ရုံသို့ ပြန်လျှောက်လာခဲ့ကြသည်။ တန်းစီခြင်းဆိုသည်မှာ တပ်မှူးငယ် လီကျစ်ကိုယ်တိုင် အားပေးတိုက်တွန်းထားသော စည်းကမ်းကောင်းတစ်ခုဖြစ်ရာ သူတို့နှစ်ဦးသည် အစီအစဉ်မပျက်စေရန် အထူးဂရုစိုက်ကြရသည်။ သူတို့သည် ဘိလပ်မြေထုတ်ယူရန် တန်းစီနေသူများနောက်မှ ဝင်ရပ်ကာ တဖြည်းဖြည်း ရှေ့သို့တိုးလာခဲ့ရာ... ကွမ်းတစ်ယာညုံခန့်ကြာပြီးမှသာ ရှေ့ဆုံးသို့ ရောက်ရှိသွားတော့သည်။
ဘိလပ်မြေများကို ဝေငှပေးနေသော ကြီးကြပ်ရေးမှူးလျန်က ကောအာ့ကို တစ်ချက်ကြည့်လိုက်ပြီး လက်ဗလာဖြစ်နေသည်ကို မြင်သောအခါ...
"ဘိလပ်မြေ ထည့်မယ့် သစ်သားပုံးကော ဘယ်မှာလဲ" ဟု အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။
ကောအာ့က ကမန်းကတန်း ရှင်းပြလိုက်သည်။
"ကျွန်တော်တို့ ထုတ်ပြီးပါပြီ။ ဒီဘိလပ်မြေတွေကို အပြင်လူတွေဆီကော ရောင်းပေးမလားဆိုတာ သိချင်လို့ လာမေးတာပါ"
ဘိလပ်မြေများ ဝေငှပေးနေသော ပန်းရန်ဆရာအချို့က တစ်ယောက်ကိုတစ်ယောက် အကဲခတ်ကြည့်လိုက်ကြပြီး...
"ဒီနှစ်ဝက်အတွင်းမှာ ဖန့်ကျားရွာက အတော်လေးအသုံးပြုနေရလို့ အခုလောလောဆယ်တော့ မရောင်းသေးဘူး။ ဖန့်ကျားရွာကိစ္စတွေ အားလုံးပြီးသွားရင်တော့ အပြင်လူတွေကို ရောင်းပေးမှာပါ"
ထိုအခါ ကောအာ့၏မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်သွားသော အရိပ်အယောင်များ ပေါ်လာကာ ပြုံးလျက်...
"ဒါဆို ဒီ ဘိလပ်မြေက တစ်ကျင်ကို ဘယ်လောက်လောက် ပေးရမလဲ"
ကောအာ့၏ မေးခွန်းကိုကြားသောအခါ သူတို့နောက်တွင် တန်းစီနေကြသော ပန်းရန်ဆရာများအားလုံးလည်း စိတ်ဝင်စားသွားကြပြီး ကြီးကြပ်ရေးမှူးလျန်၏ အဖြေကိုကြားရရန် ရှေ့သို့တိုးဝှေ့လာကြသည်။ ဤပန်းရန်ဆရာများအားလုံးမှာ အကယ်၍ဘိလပ်မြေသာ သုံးမျိုးစပ်အင်္ဂတေထက် ဈေးပိုသက်သာမည်ဆိုပါက နောင်တစ်ချိန် အခြားသူများအတွက် အိမ်ဆောက်ပေးရာတွင် ပစ္စည်းဖိုးမှ ငွေအမြတ်အစွန်းအချို့ရနိုင်မည်ဟု တွေးတောမိထားကြခြင်း ဖြစ်သည်။
နောက်တွင် တန်းစီနေကြသော ပန်းရန်ဆရာများအားလုံး ရှေ့သို့တိုးဝှေ့လာကာ သူ့အား ဝိုင်းကြည့်နေကြသည်ကို ကြီးကြပ်ရေးမှူးလျန် မြင်သောအခါ...
"တန်းစီကြ... တန်းစီကြ... စည်းကမ်းမပျက်စေနဲ့" ဟု အသံကျယ်ကျယ်ဖြင့် လှမ်းအော်လိုက်သည်။
သို့သော် ရှေ့သို့တိုးဝှေ့လာကြသော ပန်းရန်ဆရာများက နောက်ဆုတ်မသွားကြဘဲ...
"စည်းကမ်းမပျက်ပါဘူး ဆရာလျန်ရာ... ကျွန်တော်တို့ကို ဈေးနှုန်းလေးသာ ပြောပြပေးပါ။ ပြီးရင် ပြန်တန်းစီပါ့မယ်"
"ဒီ ဘိလပ်မြေက တစ်ကျင်ကို ဘယ်လောက်လဲ... ဆရာလျန်... ကျေးဇူးပြုပြီး ပြောပြပေးပါ"
"ဟုတ်ပါရဲ့... တပ်မှူးငယ်က ဘယ်ဈေးနဲ့ရောင်းမှာတဲ့လဲ" ဟု အသံပေါင်းစုံဖြင့် ဝိုင်းပြောကြလေသည်။
ပန်းရန်ဆရာများသည် ကြီးကြပ်ရေးမှူးလျန်မှာ တပ်မှူးငယ်အတွက် အလုပ်လုပ်ပေးနေသူဖြစ်ကြောင်း သိထားသဖြင့် သူ့အား ဆရာ ဟု တလေးတစား ခေါ်ဝေါ်လာကြခြင်း ဖြစ်သည်။
ပန်းရန်ဆရာများအားလုံး အဖြေသိချင်စိတ်ဖြင့် စိတ်အားထက်သန်နေကြသည်ကို မြင်လျှင် ကြီးကြပ်ရေးမှူးလျန်က သူ၏ လုပ်ဖော်ကိုင်ဖက်များကို တစ်ချက်ကြည့်လိုက်ပြီး သက်ပြင်းချကာ...
"စိတ်မပူကြပါနဲ့... တပ်မှူးငယ်ပြောတာတော့ ဒီ ဘိလပ်မြေဈေးက တစ်ကျင်ကို ကြေးပြား သုံးပြားထက် မပိုစေရဘူးတဲ့"
ထိုစကားကို ကြားသည်နှင့် ဝန်းရံနေကြသော ပန်းရန်ဆရာများအားလုံး ဝမ်းသာသွားကြပြီး အားလုံး၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများအထင်းသား ပေါ်လွင်သွားသည်။
ကောအာ့နှင့် ကျုံမင် တို့သည်လည်း တစ်ယောက်ကိုတစ်ယောက် အကဲခတ်ကြည့်လိုက်ကြရာ သူတို့၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပေသည်။
မှတ်သားထားရမည့်အချက်မှာ သုံးမျိုးစပ်အင်္ဂတေ၏ ကုန်ကျစရိတ်သည် တစ်ကျင်လျှင် ကြေးပြား တစ်ပြားဖြစ်သော်လည်း... သုံးမျိုးစပ်အင်္ဂတေ တစ်ကျင်ကို တစ်ကျင်စာသာ အသုံးပြုနိုင်သည်။ ဘိလပ်မြေကမူ သဲနှင့် တစ်အချိုးငါး ရောစပ်ရသဖြင့် ဘိလပ်မြေ တစ်ကျင်ရှိလျှင် ခြောက်ကျင်စာခန့် အသုံးပြုနိုင်ပေသည်။
အကယ်၍ ဘိလပ်မြေဈေးက သုံးမျိုးစပ်အင်္ဂတေထက် သုံးဆပိုများနေလျှင်ပင် ဘိလပ်မြေနှင့် သဲကို တွယ်ကပ်ပစ္စည်းအဖြစ် အသုံးပြုခြင်း၏ ကုန်ကျစရိတ်မှာ သုံးမျိုးစပ်အင်္ဂတေအသုံးပြုခြင်း၏ ထက်ဝက်သာ ရှိပေလိမ့်မည်။
ဆိုလိုသည်မှာ ပန်းရန်ဆရာများအနေဖြင့် ဘိလပ်မြေကို ဝယ်ယူနိုင်သရွေ့ သူတစ်ပါးအတွက် အိမ်ဆောက်ပေးရာတွင် တွယ်ကပ်ပစ္စည်း ကုန်ကျစရိတ်၏ ထက်ဝက်ကို သက်သာစေနိုင်မည်ဖြစ်သည်။ ဒါက သေးငယ်သော ငွေပမာဏမဟုတ်ပေ။ တစ်လလျှင် ငွေ ၁ သျှူးကျော်မျှသာ ဝင်ငွေရှိသော ပန်းရန်ဆရာတစ်ဦးအတွက် သူတို့၏ ဝင်ငွေမှာ နှစ်ဆခန့်ပင် တိုးလာနိုင်ပေသည်။
ဘိလပ်မြေက သူတို့ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်သော သုံးမျိုးစပ်အင်္ဂတေကို စွန့်လွှတ်လိုက်ရန် တွန်းအားပေးနေသော်လည်း ထိုအရာက သူတို့ကို ငွေပိုမိုရှာဖွေနိုင်စေမည်ဖြစ်သည်။
ဝမ်းသာပျော်ရွှင်နေကြသော ပန်းရန်ဆရာများက အသံကျယ်ကျယ်ဖြင့် ထပ်မေးလိုက်ကြပြန်သည်။
"တပ်မှူးငယ်က ဘယ်တော့လောက် ဘိလပ်မြေ စရောင်းမှာလဲ"
"လုံလုံလောက်လောက်ကော ရနိုင်ပါ့မလား"
"ငါတို့ကော ဝယ်လို့ရပါ့မလား"
ကြီးကြပ်ရေးမှူးလျန်က လက်မြှောက်အရှုံးပေးဟန်ဖြင့်...
"ဝယ်လို့ရမှာပါ... ဝယ်လို့ရမှာပါ… ဖန့်ကျားရွာကိစ္စပြီးတာနဲ့ ဘိလပ်မြေကို စရောင်းတော့မှာ။ ငါတို့ သခင်မှာ သေချာပေါက် ပစ္စည်းအလုံအလောက်ရှိပါတယ်။ ကဲ... အားလုံးပဲ တန်းပြန်စီကြတော့... ဘိလပ်မြေထုတ်ပြီး အလုပ်သွားလုပ်ကြတော့"
ဤကတိစကားကိုကြားလိုက်ရမှသာ ဝမ်းသာနေကြသော ပန်းရန်ဆရာများသည် စိတ်အေးသွားကြပြီး ဘိလပ်မြေထုတ်ယူရန် မိမိတို့၏ မူလနေရာများတွင် ပြန်လည်တန်းစီလိုက်ကြတော့သည်။
***
၈ လပိုင်း (၁၅) ရက်နေ့တွင်... ရှေ့ပြေးတပ်ဖွဲ့၊ တတိယတပ်ခွဲ၊ ပထမတပ်စုမှ စစ်သည် ဟွာကျန်း သည် သူ၏ လစဉ်လစာကို ထုတ်ယူရရှိခဲ့သည်။
လစဉ်လစာမှာ ငွေ ၃ သျှူးဖြစ်ပြီး လီမိသားစုက မည်သည့်ဖြတ်တောက်မှု နှောင့်နှေးမှုမျှမရှိဘဲ အပြည့်အဝပေးချေခဲ့ခြင်းဖြစ်သည်။ ထိုနေ့တွင် မြို့ရိုးပြုပြင်ခြင်းလုပ်ငန်းများ ပြီးစီး၍ ညစာစားပြီးချိန်၌ ပထမတပ်ခွဲ၏ တပ်ခွဲမှူး လီရှင်း သည် စစ်တန်းလျားအပြင်ဘက်တွင် စားပွဲတစ်လုံးချကာ ဆီမီးခွက်နှစ်ခွက်ထွန်းညှိပြီး ပထမတပ်ခွဲမှ စစ်သည်များကို တစ်ယောက်ချင်းစီ လစာငွေများ ဝေငှပေးနေသည်။
လီရှင်းသည် အသက်ငယ်ရွယ်သော်လည်း တပ်မှူးငယ်၏ ညီအရင်းဖြစ်သည့်အပြင် သူ၏ အပြောအဆိုနှင့်လုပ်ရပ်များမှာ စည်းစနစ်ကျနလှသည်။ ဤရက်ပိုင်းအတွင်း လီရှင်းသည် စစ်သည်များနှင့်အတူရောနှောကာ မြို့ရိုးပေါ်တွင် မြေသားများဖို့ခြင်း… သိပ်သည်းအောင် ပြုလုပ်ခြင်းတို့ကို ချွေးတစ်လုံးလုံးဖြင့် လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် တပ်ခွဲအတွင်းရှိ မည်သည့် ကိုယ်ရံတော်တပ်ဖွဲ့ဝင်ကမျှ သူ့ကို အထင်အမြင်သေးခြင်း မရှိဝံ့ကြပေ။
ဟွာကျန်း၏ လစဉ်လစာကို တပ်ခွဲမှူး လီရှင်းကိုယ်တိုင် ပေးအပ်ခဲ့ခြင်းဖြစ်သည်။ စင်ကြယ်သော ငွေတုံးလေးများသည် ဆီမီးခွက်အလင်းရောင်အောက်တွင် တလက်လက်တောက်ပနေသည်။ ဟွာကျန်းသည် ထိုငွေများကိုဆုပ်ကိုင်ထားကာ လက်ထဲတွင် ဟိုဘက်ဒီဘက်ပွတ်သပ်ကြည့်ရင်း ဖော်ပြ၍မရနိုင်လောက်အောင် ပျော်ရွှင်ကြည်နူးနေမိသည်။
"ကျေးဇူးတင်ပါတယ် တပ်ခွဲမှူး..."
လီရှင်းက ဟွာကျန်းကို တစ်ချက်ကြည့်လိုက်ပြီး ခပ်အေးအေးပင်...
"ငါ့ကို ဘာလို့ ကျေးဇူးတင်ရမှာလဲ… မင်း ကျေးဇူးတင်ချင်ရင် ငါ့အစ်ကိုကိုသာ သွားကျေးဇူးတင်လိုက်ပါ… ဒါတွေအကုန်လုံးက သူ့ငွေတွေချည်းပဲ"
ဟွာကျန်းက ကမန်းကတန်း ပြင်ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ... တပ်မှူးငယ်ကို ကျေးဇူးတင်ပါတယ်"
ဟွာကျန်းသည် ငွေများကို ရင်ခွင်ထဲတွင် တင်းကျပ်စွာပိုက်ထားရင်း သူတို့မိသားစု နေထိုင်ရာ ရွှံ့အိမ်လေးဆီသို့ လျှောက်လာခဲ့သည်။
ဟွာကျန်းမှာ အသက်ဆယ့်ကိုးနှစ်ရှိပြီဖြစ်ပြီး သူ၏ဖခင်မှာ ဟွာကျန်းကို အိမ်ထောင်ချပေးရန် ငွေမရှိသဖြင့် နေ့စဉ်ရက်ဆက် သက်ပြင်းချကာ ပူပန်နေခဲ့ရသည်။ ယခုမူ ဟွာကျန်းသည် တစ်လလျှင် ငွေ ၃ သျှူး ဝင်ငွေရှိနေပြီဖြစ်ရာ သူ၏ဖခင် ပူပန်နေရမှုများမှာ ပြေလည်တော့မည်ဖြစ်သည်။ တင်တောင်းစရိတ်အတွက် ငွေသျှူး ၂၀ စုဆောင်းကာ အောင်သွယ်တော်ရှာ၍ အိမ်ထောင်ပြုရန်မှာ အချိန်သိပ်ကြာတော့မည် မဟုတ်ပေ။
လစာငွေများ ရရှိပြီးသည်နှင့် ဟွာကျန်းသည် ဖခင်ဖြစ်သူအား သတင်းကောင်းပါးရန် အိမ်သို့ အမြန်ပြေးလာခဲ့သည်။ ဟွာမိသားစု၏ ရွှံ့အိမ်ငယ်နှစ်လုံးထဲတွင် ဤသတင်းကို ကြားလိုက်ရသောအခါ ဖခင်ဖြစ်သူမှာ အလွန်တရာဝမ်းသာသွားပြီး သူ၏ နာတာရှည် ချောင်းဆိုးရောဂါမှာလည်း ရုတ်တရက် ပျောက်ကင်းသွားသကဲ့သို့ ဖြစ်သွားသည်။ သူသည် ဟွာကျန်းနှင့်အတူ အချိန်အနည်းငယ် ကြာသည်အထိ စကားတွေဖောင်ဖွဲ့နေခဲ့သော်လည်း ချောင်းတစ်ချက်မျှပင် မဆိုးခဲ့ပေ။
ဖခင်ဖြစ်သူနှင့် စကားစမြည်ပြောပြီးနောက် ဟွာကျန်းသည် ဝမ်းသာအားရဖြင့် ငွေများကို သေတ္တာတစ်လုံးထဲတွင် ဝှက်ထားလိုက်ကာ စစ်တန်းလျားသို့ ပြန်ရန် ပြင်ဆင်လိုက်သည်။
အိမ်အပြင်သို့ ခြေလှမ်းလိုက်သည်နှင့် ဘေးအိမ်မှ အဒေါ်ကြီးရှန် ကို မြင်လိုက်ရသည်။
အဒေါ်ကြီးရှန်က ဟွာကျန်းကို အထက်အောက် အကဲခတ်ကြည့်လိုက်ပြီးနောက်...
"ဟွာကျန်း... မင်း အတော်လေး ထွားလာပါလား"
ဟွာကျန်းက ရိုးရိုးသားသားပင်ပြန်ဖြေလိုက်သည်။
"ဒီလထဲမှာ တပ်မှူးငယ်ရဲ့ ကိုယ်ရံတော်တပ်စခန်းမှာ အစားအသောက်ကောင်းကောင်းစားရပြီး နေ့တိုင်းလည်း အလုပ်လုပ်နေရတော့ နည်းနည်းထွားလာတာပါ"
ထိုစကားကို ကြားသောအခါ အဒေါ်ကြီးရှန်က ရှေ့သို့ ကိုင်းလာကာ မျက်လုံးများကို မှေး၍ ဟွာကျန်းအား စိုက်ကြည့်ရင်း လျှို့ဝှက်သောလေသံဖြင့်...
"ဟွာကျန်း... ငါ့ကို လာမလိမ်နဲ့… မင်းတို့အားလုံး လစာငွေတွေရပြီလို့ ငါ ကြားထားတယ်နော်"
ဖြောင့်မတ်ပွင့်လင်းသော ဟွာကျန်းက ဝမ်းသာအားရဖြင့်...
"ကျွန်တော်က အဒေါ်ရှန်ကို ဘာလို့လိမ်ရမှာလဲ။ ကျွန်တော်တို့ တကယ်ပဲ လစာငွေတွေ ရလိုက်ပါပြီ။ စင်ကြယ်တဲ့ ငွေ ၃ သျှူးတိတိရတာ... တစ်ချန်တောင် အဖြတ်မခံရဘူး"
ဟွာကျန်း၏ စကားကိုကြားပြီးနောက် အဒေါ်ကြီးရှန်မှာ အတန်ကြာဆွံ့အသွားခဲ့သည်။ အချိန်အတန်ကြာမှသာ အားကျသောလေသံကြီးဖြင့်...
"ဟွာကျန်းရယ်... မင်းကတော့ ကိုယ်ရံတော်တပ်ထဲဝင်ရကောင်းမှန်းသိလို့ တကယ် ကံကောင်းတာပဲ။ ငါ့သားကတော့ သိပ်အပါပဲ... လူသူစုဆောင်းတဲ့ ကြေညာစာကို မြင်ရက်သားနဲ့ လှည့်စားတာနေမှာပါဆိုပြီး မဝင်ခဲ့ဘူးလေ။ အခုတော့ ရွာစောင့်တပ်ဖွဲ့မှာ ရေကျဲကျဲဆန်ပြုတ်ပဲ သောက်နေရရှာတယ်။ ကြည့်စမ်း... သူတို့က တကယ်ပဲ ငွေတွေပေးနေတာကိုး..." ဟု ညည်းတွားလိုက်သည်။
အဒေါ်ကြီးရှန်၏ စကားကိုကြားလျှင် ဟွာကျန်းက ခေါင်းကုတ်ကာ...
"ကျွန်တော်က ကျန်းချုံ ပြောတာ ကောင်းတယ်ဆိုလို့ ဝင်ဖြစ်သွားတာပါ..."
အဒေါ်ကြီးရှန်က နှုတ်ခမ်းမဲ့ကာ...
"ဘာ ကျန်းချုံလဲ... အဲဒီ ကံဆိုးမိုးမှောင်ကျနေတဲ့ ကောင်အကြောင်းလာမပြောစမ်းပါနဲ့။ ဒါ မင်းရဲ့ ကံကောင်းမှုသက်သက်ပါ။ ဟွာကျန်း... မင်း အခု ချမ်းသာနေပြီပဲ။ အိမ်ထောင်ကော ပြုချင်နေပြီလား"
ဟွာကျန်းက အဒေါ်ကြီးရှန်ကိုကြည့်ကာ အသံကျယ်ကျယ်ဖြင့်...
"ပြုချင်တာပေါ့... ဘာလို့ မပြုချင်ရမှာလဲ။ အဒေါ်ရှန်မှာ အဆက်အသွယ်များ ရှိလို့လား"
အဒေါ်ကြီးရှန်က လျှို့ဝှက်စွာပြုံးလိုက်ပြီး...
"ငါက သတင်းအချက်အလက် အရမ်းစုံတာ။ ဒီ အနီးတစ်ဝိုက် ရွာ ရှစ်ရွာက မိန်းမပျိုလေးတွေ အားလုံးကို ငါ သိတယ်။ မင်း အိမ်ထောင်ပြုချင်တယ်ဆိုရင် ငါ တစ်ယောက်လောက် မိတ်ဆက်ပေးမယ်လေ"
ဟွာကျန်းမှာ ဇနီးသည် ရှာမရမည်ကို တစ်နှစ်ကျော်မျှ ပူပန်နေခဲ့ရသူဖြစ်ရာ ဤစကားကို ကြားသောအခါ အလွန်တရာဝမ်းသာသွားပြီး ကမန်းကတန်းသဘောတူလိုက်သည်။
"ဒါ သိပ်ကောင်းတာပေါ့ အဒေါ်ရှန်ရာ... မိန်းကလေးကောင်းကောင်း တစ်ယောက်လောက် မိတ်ဆက်ပေးပါ။ အဲဒီကျရင် အဒေါ်ရှန်ကို ကျေးဇူးဆပ်တဲ့အနေနဲ့ ငွေတွေ ပေးပါ့မယ်"
အဒေါ်ကြီးရှန်က ပါးစပ်ကိုလက်ဖြင့်အုပ်ကာ ရယ်မောလိုက်ပြီး...
"မင်းက ဘယ်လို မိန်းကလေးမျိုးကို သဘောကျတာလဲ"
ဟွာကျန်းက ခေတ္တမျှစဉ်းစားလိုက်ပြီး ခေါင်းကိုကုတ်ကာ...
"ကျွန်တော်က ဉာဏ်ကောင်းပြီး စကားနားထောင်တဲ့ မိန်းကလေးမျိုးကို သဘောကျတယ်"
အဒေါ်ကြီးရှန်မှာ ခေတ္တမျှတန့်သွားပြီးနောက်...
"ဉာဏ်ကောင်းပြီး စကားနားထောင်ရမယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ ဉာဏ်ကောင်းတာကို လိုချင်တာလား… စကားနားထောင်တာကို လိုချင်တာလား... ဟွာကျန်း... ရှင်းရှင်းလင်းလင်း ပြောစမ်းပါ"
ထိုအခါ ဟွာကျန်းက ပြတ်ပြတ်သားသားပင်...
"ဉာဏ်ကောင်းတာကို လိုချင်တာပါ"
အဒေါ်ကြီးရှန်က ခေါင်းညိတ်လိုက်ပြီး...
"ကောင်းပြီ... ငါ နားလည်ပြီ… မင်းက ဉာဏ်ကောင်းတဲ့ မိန်းကလေးကိုလိုချင်တာပေါ့။ ဒီရက်ပိုင်းအတွင်း မင်းအတွက် စီစဉ်ပေးပါ့မယ်။ သိပ်ကို ဉာဏ်ကောင်းတဲ့ မိန်းကလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်"
ဟွာကျန်းက ရယ်မောလိုက်ပြီး…
"ဒါဆိုလည်း အဒေါ်ရှန်ကိုပဲ အားကိုးလိုက်တော့မယ်ဗျာ"
"မင်း ပေးမယ်ဆိုတဲ့ ငွေတွေကိုတော့ မမေ့နဲ့နော်"
အဒေါ်ကြီးရှန်က တစ်ခွန်းတည်းသာပြောလိုက်ပြီး အခြားစကားမဆိုတော့ဘဲ ဝမ်းသာအားရဖြင့် ထွက်ခွာသွားလေတော့သည်။