ဟွာကျန်းသည် သူ၏ အိမ်ထောင်ရေးကိစ္စများ အဆင်ပြေတော့မည်ဟုတွေးကာ အဒေါ်ကြီးရှန်ကို နှုတ်ဆက်လိုက်သည်။ တပ်မှူးငယ်နောက်သို့လိုက်ရခြင်းက တကယ်ကို ထူးခြားကြောင်းတွေးရင်း သူ၏ မျက်နှာပေါ်တွင် အပြုံးပန်းများဝေဆာနေသည်။ ယခုဆိုလျှင် အောင်သွယ်တော်များပင် သူ့ထံ လာရောက်ကာ အိမ်ထောင်ရေးကိစ္စများ စီစဉ်ပေးနေကြပြီဖြစ်သည်။ နောက်ထပ် လအနည်းငယ်ကြာလျှင် သူ ဇနီးသည်တစ်ယောက် ရကောင်းရနိုင်ပေသည်။
သူသည် ပြုံးဖြီးဖြီးဖြင့် စစ်တန်းလျားဆီသို့ လျှောက်လာခဲ့ရာ လမ်းတစ်ဝက်တွင် ရွာထဲ၌ အလုပ်မရှိ အကိုင်မရှိ လမ်းလျှောက်နေသော ကျန်းချုံ နှင့် ဆုံမိလေသည်။
"ကျန်းချုံ... ကျန်းချုံ..."
ဟွာကျန်းက ကျန်းချုံအနားသို့ ပြေးသွားကာအော်ပြောလိုက်သည်။
"မင်းကို ပြောစရာ သတင်းကောင်းတစ်ခု ရှိတယ်ကွ"
ပါးစပ်ထဲတွင် မြက်ပင်တစ်ပင်ကို ကိုက်ကာ အေးအေးလူလူ လမ်းလျှောက်နေသော ကျန်းချုံက လှည့်ကြည့်လိုက်ပြီး ဟွာကျန်းဖြစ်နေသည်ကိုမြင်သောအခါ ပေါ့ပေါ့ပါးပါးပင်...
"ဘာသတင်းကောင်းလဲ"
"အောင်သွယ်တော်တစ်ယောက်က ငါ့ကို မိန်းကလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်တဲ့ကွ..."
ဟွာကျန်းက ဝမ်းသာအားရရယ်မောရင်း ပြောလိုက်သည်။
"ငါ့အဖေက ဒီကိစ္စအတွက် ပူပန်နေတာ နှစ်နှစ်တောင် ရှိပြီ။ ဒါပေမဲ့ အရင်က ငါက ဆင်းရဲတော့ ဘယ်သူကမှ ငါ့ကို အဖက်မလုပ်ကြဘူးလေ။ အခု တပ်မှူးငယ်က လစာငွေတွေပေးမှပဲ အောင်သွယ်တော်တွေက ငါ့အတွက် စီစဉ်ပေးနေကြပြီ"
ကျန်းချုံက ပါးစပ်ထဲမှမြက်ပင်ကို ထွေးထုတ်လိုက်ပြီး နှာခေါင်းရှုံ့ကာ...
"တစ်လကို ငွေ သုံးသျှူးတောင်ရနေတာကိုးကွ… လောဘကြီးတဲ့ အောင်သွယ်တော်တွေက မင်းကို မျက်စိကျနေမှာပေါ့"
ဟွာကျန်းက ခေါင်းကို ပွတ်သပ်ကာ...
"လောဘကြီးတဲ့ အောင်သွယ်တော်တွေဆိုတာ ဘာကိုပြောတာလဲ။ သူက ငါ့ကို မိန်းမရအောင် ကူညီပေးတာလေ။ ကျန်းချုံ... မင်းကော မြန်မြန် အိမ်ထောင်မပြုချင်ဘူးလား"
ကျန်းချုံက...
"အရင်ကတော့ ပြုချင်တာပေါ့။ ဒါပေမဲ့ အခု ငါ မလောတော့ဘူး။ ခုနလေးတင် အဒေါ်ကြီးရှန် ငါ့ဆီလာသေးတယ်။ ငါ သူ့ကို အဖက်တောင် မလုပ်လိုက်ဘူး"
"အဒေါ်ကြီးရှန်က မင်းဆီကိုလည်းလာသေးတာလား။ မင်းကဘာလို့ သူ့ကို မိန်းမရှာခိုင်းမလိုက်တာလဲ"
ကျန်းချုံက ဟွာကျန်းကို စိုက်ကြည့်ကာ...
"ဟွာကျန်း... မင်း အနေလား။ အခု မင်းတို့မိသားစုက ဆင်းရဲနေတုန်းပဲလေ။ သေတ္တာထဲမှာက ငွေ ၃ သျှူးပဲရှိပြီး အိမ်ကလည်းစုတ်ပြတ်နေတဲ့ ရွှံ့အိမ်လေးနှစ်လုံးပဲရှိတာကို။ အောင်သွယ်တော်က မင်းကို ဘယ်လိုချောမောလှပတဲ့ မိန်းကလေးမျိုးနဲ့ မိတ်ဆက်ပေးနိုင်မှာတဲ့လဲ။ ရုပ်ဆိုးဆိုး မိန်းမတစ်ယောက်ရရင်တောင် မင်း ကံကောင်းလှပြီ။ ဒါပေမဲ့ ငါတို့က တစ်လကို ငွေ ၃ သျှူး ရတယ်လေ။ မင်း အိမ်ထောင်ပြုဖို့ သိပ်မလောဘူးဆိုရင် နောက်ထပ်နှစ်နှစ်လောက် စောင့်လိုက်ပါ။ ငွေသျှူး ဆယ်ဂဏန်းလောက်စုမိတဲ့အခါ တပ်မှူးငယ်ဆောက်ပေးထားတဲ့ လုံးချင်းအိမ်လေး တစ်လုံးလောက် ဝယ်လိုက်ပေါ့။ အဲဒီကျရင် မင်းရဲ့ အခြေအနေကလုံးဝကို ကွာခြားသွားလိမ့်မယ်။ အိမ်လေးတစ်လုံးရယ်… အိမ်ထဲမှာ စုဆောင်းထားတဲ့ ငွေတွေရယ်… ပြီးတော့ များပြားတဲ့ လစဉ်လစာငွေတွေရယ်နဲ့ဆိုရင် ဒီအနီးတစ်ဝိုက်က မိန်းကလေးတွေကို မင်း စိတ်ကြိုက် ရွေးချယ်နိုင်ပြီ မဟုတ်ဘူးလား"
ကျန်းချုံ၏ စကားကိုကြားသောအခါ ဟွာကျန်းတစ်ယောက် ရုတ်တရက် အလင်းပွင့်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် အတန်ကြာငေးမောရပ်နေပြီးမှ အသက်ပြင်းပြင်းရှူကာ...
"ကျန်းချုံ... မင်းပြောတာ အဓိပ္ပာယ်ရှိတယ်ကွ"
ကျန်းချုံက ဟွာကျန်းကို တစ်ချက်ကြည့်လိုက်ပြီး ဆက်ပြောသည်။
"ဒါ့အပြင် စဉ်းစားကြည့်ဦးလေ... ငါတို့က တပ်မှူးငယ်ရဲ့ ပထမဆုံး ကိုယ်ရံတော်တပ်ဖွဲ့ဝင်တွေနော်"
သူ ခေတ္တရပ်လိုက်ပြီးမှ ဖြည်းညှင်းစွာ...
"တပ်မှူးငယ်ရဲ့ သေနတ်တွေကို ကြည့်လိုက်စမ်း... ခြေလှမ်းရာချီ ဝေးတဲ့နေရာက ရန်သူတွေကို သတ်နိုင်တယ်။ အချိန်ကျလာရင် စစ်မှုထမ်းဖို့ဆိုတာ ကလေးကစားသလိုပဲ လွယ်ကူသွားလိမ့်မယ်။ တပ်မှူးငယ်က အမြဲတမ်းတပ်မှူးငယ်အဆင့်မှာပဲ နေမယ်လို့မင်းထင်နေတာလား။ ငါထင်တာတော့ သူက တပ်မှူးကြီးအဆင့်ထက်တောင် ပိုသွားဦးမှာ။ တပ်မှူးငယ်က သူ့တပ်ဖွဲ့ကို တိုးချဲ့တဲ့အခါ ငါတို့လို စစ်သည်ဟောင်းတွေက ခေါင်းဆောင်ဖြစ်ဖို့ အခွင့်အရေးရလာမှာပဲ"
ကျန်းချုံက ဟွာကျန်းကို ကြည့်ကာ ဆက်ပြောပြန်သည်။
"တပ်စုမှူးက ပြောတယ်... သူ့ရဲ့ လစဉ်လစာက ငွေ ၆ သျှူးတဲ့။ စဉ်းစားကြည့်စမ်း... အကယ်၍ ငါတို့သာ ကံကောင်းလို့ တပ်စုမှူးတွေ ဖြစ်လာမယ်ဆိုရင် တစ်လကို ငွေ ၆ သျှူးနဲ့ ဘယ်လောက်လှတဲ့ မိန်းကလေးကို ဇနီးအဖြစ်ရနိုင်မလဲ။ အခု မင်း လောလောဆယ် ရုပ်ဆိုးဆိုး မိန်းမတစ်ယောက်ကို အလောတကြီး ယူလိုက်တာနဲ့ ယှဉ်လို့ရပါ့မလား"
ဟွာကျန်းမှာ ကျန်းချုံ၏ အစမှအဆုံး ရှင်းပြမှုများကိုကြားပြီးနောက် မျက်နှာတစ်ခုလုံး နီမြန်းသွားတော့သည်။ အတန်ကြာစဉ်းစားပြီးနောက် မျက်နှာပူပူဖြင့်...
"ကျန်းချုံ... မင်းပြောတာ မှန်တယ်။ အဲဒီတုန်းကသာ ငါ မင်းစကားကို နားမထောင်ခဲ့ရင် တပ်မှူးငယ်ရဲ့ ကိုယ်ရံတော်တပ်ထဲတောင် ရောက်လာမှာမဟုတ်ဘူး။ ငါ မင်းစကားကိုပဲ နားထောင်တော့မယ်။ အခုလောလောဆယ် မိန်းမမယူသေးဘူးလို့ အဒေါ်ကြီးရှန်ကို သွားပြောလိုက်ဦးမယ်"
ဟွာကျန်း၏ စကားကို ကြားသောအခါ ကျန်းချုံက ပြုံးလိုက်ပြီး ဘာမျှ ဆက်မပြောတော့ပေ။
***
လီကျစ်ထံ၌ ရိုင်ဖယ်သေနတ် အလက်တစ်ရာ့သုံးဆယ် ရရှိနေပြီဖြစ်သည်။
လီကျစ်သည် လူတစ်ရာ့နှစ်ဆယ့်ငါးယောက်ပါဝင်သော တပ်ခွဲတစ်ခွဲကို ထိုရိုင်ဖယ်သေနတ်များဖြင့် တပ်ဆင်ပေးခဲ့ပြီး ကျန်ရှိနေသော သေနတ်အနည်းငယ်ကိုမူ တပ်ခွဲမှူးအချို့အား လက်နက်များနှင့် ရင်းနှီးကျွမ်းဝင်စေရန် ဝေငှပေးခဲ့သည်။ ခြေလှမ်းရာချီ ဝေးသောနေရာမှ အသက်ကို နုတ်ယူနိုင်သော ဤကဲ့သို့ အံ့မခန်း လက်နက်များကို ရရှိလိုက်သောအခါ စစ်သည်များနှင့် အရာရှိများအားလုံးသည် ထိုလက်နက်များကို အမြတ်တနိုး တန်ဖိုးထားကြပြီး သူတို့၏ စိတ်ဓာတ်ခွန်အားများလည်း အလွန်တရာ မြင့်တက်လာခဲ့သည်။
လီကျစ်သည် ရိုင်ဖယ်သေနတ်များ တပ်ဆင်ထားသော ဤတပ်ခွဲကို တစ်နေ့လျှင် နေ့ဝက်ခန့်သာ မြို့ရိုးပြုပြင်ခြင်းလုပ်ငန်းကို လုပ်ဆောင်စေပြီး ကျန်နေ့ဝက်တွင်မူ လေ့ကျင့်ရေးကွင်း၌ စစ်ရေးပြလေ့ကျင့်ခြင်းနှင့် ပစ်ကွင်းတွင် ပစ်မှတ်လေ့ကျင့်ခြင်းများကို ပြုလုပ်စေသည်။
ရိုင်ဖယ်ပစ်ခတ်ခြင်းနှင့် စစ်ရေးပြလေ့ကျင့်ခြင်းမှာ သင်ယူရန် လွယ်ကူလှသည်။ လဝက်ကျော်မျှ လေ့ကျင့်ပြီးနောက် ဤတပ်ခွဲ၏ ပစ်ခတ်မှုမှာ မီတာတစ်ရာအကွာအဝေးမှ ပစ်မှတ်ကို ရာခိုင်နှုန်းကိုးဆယ်အထိ တိကျစွာမှန်ကန်နိုင်နေပြီဖြစ်ပြီး သူတို့၏ စစ်ရေးပြစွမ်းရည်မှာလည်း အတော်လေး ပုံပန်းကျနေပြီဖြစ်သည်။
သို့သော် စစ်သည်များအား စစ်ရေးပြလေ့ကျင့်ခိုင်းခြင်းနှင့်ပတ်သက်၍ ကျန်းကိုင်ချန် မှာ အနည်းငယ် နားမလည်နိုင်ဖြစ်နေသည်။
"သခင်... သခင်က ဒီစစ်သည်တွေကို ခြေလှမ်းညီညီ လျှောက်ခိုင်းတာတို့… ညီညာအောင် တန်းစီခိုင်းတာတို့လုပ်ပြီး တစ်တပ်လုံးကို လူတစ်ယောက်တည်းလို လှုပ်ရှားခိုင်းနေတာ။ ဒါက တိုက်ခိုက်ရေးနဲ့ သိပ်မသက်ဆိုင်သလိုပဲ။ ဒါပေမဲ့ သေချာပေါက် ပိုနက်နဲတဲ့အဓိပ္ပာယ်တစ်ခုခုတော့ ရှိမှာပါ"
ကျန်းကိုင်ချန်သည် စကားပြောဆိုရာတွင် အလွန်လိမ္မာပါးနပ်လှသည်။ သူက သူ၏ သံသယများကို ထုတ်ဖော်ပြောဆိုနေသော်လည်း သူ၏မေးခွန်းမှာ မြှောက်ပင့်ပေးနေသကဲ့သို့ ဖြစ်နေသည်။
လီကျစ်က ကျန်းကိုင်ချန်ကို တစ်ချက်ကြည့်ကာ ပြုံးလိုက်ပြီး...
"ကိုင်ချန်... မင်း နားလည်ထားရမှာက ငါတို့တပ်ဖွဲ့က တခြားတပ်တွေနဲ့ မတူဘူး။ ငါတို့က ရိုင်ဖယ်သေနတ်တွေကို အသုံးပြုတာဖြစ်ပြီး ခြေလျင်စစ်သည်တွေရဲ့ တစ်ဦးချင်း ရဲစွမ်းသတ္တိကို အသားပေးတာ မဟုတ်ဘူး။ အဲဒီအစား ပစ်ခတ်ဖို့အတွက် တပ်ဖွဲ့ဝင်တွေရဲ့ ဖွဲ့စည်းပုံကို အသုံးပြုတာပဲ။ ဒီအခြေအနေမှာ စစ်သည်တွေက စည်းကမ်းကိုလိုက်နာခြင်း ရှိမရှိဆိုတာက တိုက်ခိုက်ရေးစွမ်းရည်အတွက် သော့ချက်ဖြစ်လာတယ်။ ငါ စစ်သည်တွေကို စစ်ရေးပြလေ့ကျင့်ခိုင်းတယ်ဆိုတာ သူတို့ရဲ့ စည်းကမ်းပိုင်းကို လေ့ကျင့်ပေးနေတာပဲ"
ကျန်းကိုင်ချန်က အရိုအသေပေးကာ...
"သခင့်ရဲ့ စကားတွေကို နားထောင်ရတာ ဆယ်နှစ်လောက် စာသင်ရတာထက်တောင် ပိုပြီး အကျိုးရှိပါတယ်"
ဘေးတွင် ရပ်နေသော လီရှင်းက...
"ကျန်းကိုင်ချန်... မင်းက ဘာလို့ ဒီလောက်တောင် ပညာတတ်ဆန်နေရတာလဲ။ မင်းပုံစံက ပညာတတ်စာပေသမားကြီးကျနေတာပဲ"
ကျန်းကိုင်ချန်က ရှင်းပြရန်ပြင်လိုက်စဉ် လီကျစ်က ဝင်ပြောလိုက်သည်။
"လီရှင်း... တခြားသူတွေ ယဉ်ကျေးသိမ်မွေ့တာကို သွားပြီး အထင်မသေးနဲ့… မင်းက စာတောင် သေသေချာချာ ဖတ်တတ်သေးတာ မဟုတ်ဘူး"
လီရှင်းက ခေါင်းမော့ကာ...
"ကျွန်တော် စာမဖတ်တတ်ပေမယ့် အမတ်ဖြစ်ဖို့ကြိုးစားနေတာမှ မဟုတ်တာ"
လီကျစ်က...
"မနက်ဖြန်ကစပြီး မင်းကို စာသင်ပေးဖို့ ဆရာတစ်ယောက်ရှာရမယ်။ တစ်နေ့ကို စာလုံး ဆယ်လုံးသင်ယူပါ။ လဝက်ဆိုရင် စာလုံးပေါင်း တစ်ထောင့်ငါးရာလောက် သိလာလိမ့်မယ်။ အနည်းဆုံးတော့ ကြေညာစာတွေ… စာရွက်စာတမ်းတွေကိုဖတ်တတ်ဖို့လိုတယ်"
ထို့နောက် သူက ခေတ္တရပ်လိုက်ပြီး ဘေးတွင်ပွဲကြည့်နေကြသော အခြားတပ်ခွဲမှူးနှစ်ဦးဖြစ်သည့် ကျန့်ဖုန်း နှင့် လီလေး တို့ကို လှည့်ကြည့်ကာ...
"မင်းတို့နှစ်ယောက်လည်း စာသင်ရမယ်… နောက်လဝက်နေရင် ငါ စစ်ဆေးမယ်"
"အစ်ကိုကြီး... အစ်ကိုကြီးရဲ့ တောင်းဆိုချက်တွေက တဖြည်းဖြည်းနဲ့ များလာပါလား"
လီကျစ်က ငေါက်လိုက်သည်။
"ပျင်းရိပြီး မိုက်မဲမနေနဲ့။ မင်းတို့တွေ စာမဖတ်တတ်ရင် နောက်ပိုင်းအမိန့်တွေ ဘယ်လိုပြန်ပေးပြီး တပ်တွေကို ဘယ်လိုဦးဆောင်ပြီး စစ်တိုက်မလဲ"
"ကောင်းပါပြီ... ကျွန်တော်တို့ သင်ပါ့မယ်"
လီကျစ်၏ စကားကိုကြားသောအခါ တပ်ခွဲမှူးသုံးဦးစလုံးက သဘောတူလိုက်ကြသည်။ စာရေးတတ် ဖတ်တတ်ပြီးဖြစ်သော ကျန်းကိုင်ချန်မှာမူ ထပ်မံသင်ယူရန် မလိုအပ်တော့သဖြင့် ဘေးတွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေလေသည်။
ထို့နောက် လီကျစ်က ဆက်ပြောသည်။
"မင်းတို့ တပ်ခွဲမှူး လေးယောက်စလုံး အမြဲတမ်းစောင့်ကြည့်အကဲခတ်နေရမယ်။ ဒါမှမဟုတ် တပ်စုမှူးတွေကို စောင့်ကြည့်ဖို့ တာဝန်ပေးထားရမယ်။ လေ့ကျင့်ရေးနဲ့ အလုပ်တွေမှာ ထူးထူးချွန်ချွန် စွမ်းဆောင်နိုင်တဲ့… ဉာဏ်ကောင်းပြီး တာဝန်ယူမှုရှိတဲ့စစ်သည်တွေကို တပ်စိတ်မှူးတွေအဖြစ် ရာထူးတိုးပေးရမယ်။ တပ်စိတ်မှူးတစ်ယောက်က လူ ခုနစ်ယောက် ဒါမှမဟုတ် ရှစ်ယောက်ကို အုပ်ချုပ်ရမယ်။ ပြီးတော့ သူတို့ရဲ့ လစဉ်လစာကိုလည်း ငွေ ၁ သျှူးကနေ ၄ သျှူးအထိ တိုးပေးရမယ်"
လီရှင်းက...
"ကောင်းပါပြီ အစ်ကိုကြီး။ ရာထူးတိုးခံရတဲ့သူတွေတော့ ပျော်လွန်းလို့ ရူးတောင်သွားလောက်တယ်"
"နားလည်ပါပြီ သခင်" ဟု ပြန်ဖြေလိုက်သည်။
လီလေးနှင့် ကျန့်ဖုန်းတို့ကလည်း...
"နားလည်ပါပြီ သခင်"
"ကျွန်တော် သိပါပြီ သခင်" ဟု အသီးသီး ဖြေကြားလိုက်ကြသည်။
တစ်နာရီခန့် စစ်ရေးပြလေ့ကျင့်ပြီးနောက် စစ်သည်များသည် လေ့ကျင့်ရေးကွင်းမှ ထွက်ခွာလာကာ ပစ်ကွင်းသို့ပြောင်းရွှေ့၍ ပစ်မှတ်လေ့ကျင့်မှုများကို စတင်ခဲ့ကြသည်။ ဤတပ်ခွဲမှ စစ်သည်များသည် ရက်နှစ်ဆယ်ခန့် လေ့ကျင့်ခဲ့ပြီးဖြစ်ကာ နေ့စဉ် ကျည်နှစ်ဆယ်စီ ပစ်ခတ်ခဲ့ကြသည်။ သူတို့၏ ပစ်ခတ်မှုစွမ်းရည်မှာ အတော်လေးကျွမ်းကျင်နေပြီဖြစ်ပြီး မီတာတစ်ရာအကွာအဝေးမှ ပစ်မှတ်များကို 'ဒိုင်း' ခနဲ မြည်သံများနှင့်အတူ ထိမှန်အောင် ပစ်ခတ်နိုင်ကြသည်။ ထို့ပြင် သူတို့၏ ကျည်ထည့်နှုန်းမှာလည်း လွန်ခဲ့သောလဝက်ခန့်က တစ်မိနစ်ခွဲလျှင် တစ်တောင့်နှုန်းမှ ယခုအခါ တစ်မိနစ်လျှင် သုံးတောင့်နှုန်းအထိ မြန်ဆန်လာခဲ့ပြီဖြစ်သည်။
လီကျစ်၏ တပ်ဖွဲ့သည် ကြိုတင်ပြင်ဆင်ထားသော ကျည်ထုပ်နည်းပညာကို အသုံးပြုထားသည်။
ဤနည်းပညာမှာ ရှင်းပြရန် လွယ်ကူလှပြီး ဤခေတ်ကာလတွင် မင်မင်းဆက်နှင့် ဂျပန်တို့တွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပြီဖြစ်သည်။ သို့ရာတွင် မင်မင်းဆက်ရှိ စစ်သည်များသည် ငှက်ပစ်သေနတ် တစ်ချက်ပစ်ခတ်ရန်အတွက် လိုအပ်သောယမ်းမှုန့်နှင့် ကျည်ဆန်ကို စက္ကူထုပ်ထဲတွင် ထည့်လေ့ရှိကြသည်။ အသုံးပြုသည့်အခါတွင် စက္ကူထုပ်ကို ကိုက်ဖောက်ကာ ယမ်းမှုန့်အနည်းငယ်ကို မီးခတ်ခွက်ထဲသို့ထည့်ပြီး ကျန်ရှိနေသော ယမ်းမှုန့်နှင့် ကျည်ဆန်ကို သေနတ်ပြောင်းဝထဲသို့ ထည့်ကြသည်။ ဂျပန်များကမူ စက္ကူထုပ်များကို အသုံးမပြုကြဘဲ တစ်ချက်ပစ်ခတ်ရန်အတွက် ယမ်းမှုန့်နှင့် ကျည်ဆန်ကို ဝါးကျည်တောက်လေးထဲတွင် ထည့်ထားလေ့ရှိကြပြီး ထိုအရာကို 'ဟယဂို' ဟု ခေါ်ဆိုကြသည်။
ဤကဲ့သို့ ကျည်ဖြည့်တင်းသည့်နည်းလမ်းက ပြောင်းဝမှကျည်ထည့်ရသော သေနတ်များအတွက် အလျင်အမြန် ပစ်ခတ်နိုင်ရန် အာမခံချက်ပေးနိုင်သည်။
ခေတ်သစ်လူသားတစ်ဦးအနေဖြင့် လီကျစ်သည် ဤအဆင့်မြင့် ကျည်ဖြည့်နည်းလမ်းကို သေချာပေါက်အသုံးပြုခဲ့သည်။ သူသည် ကျည်ဆန်များနှင့် ယမ်းမှုန့်များကို ထုပ်ပိုးရန်အတွက် ထူထဲသော ဆီစိမ်စက္ကူကို ရွေးချယ်အသုံးပြုခဲ့သည်။
လီကျစ်နှင့် တပ်ခွဲမှူးလေးဦးတို့သည် ပစ်ကွင်းတွင် အတန်ကြာစောင့်ကြည့်နေခဲ့ကြပြီး ဤတပ်ခွဲ၏ အားကောင်းသောပစ်အားကြောင့် အားလုံးမှာစိတ်လှုပ်ရှားနေကြသည်။ ကျန့်ဖုန်းက နှုတ်ခမ်းကို သပ်ကာ...
"သခင်... ဒီရိုင်ဖယ်တွေက အရမ်းကိုအစွမ်းထက်လွန်းတယ်။ စစ်သည်တစ်ယောက်က ရန်သူတစ်ရာလောက်ကို ရင်ဆိုင်နိုင်တယ်"
လီကျစ်က ပြုံးလိုက်ပြီး...
"မင်းက အရမ်းပိုပြောတာပဲ… မင်းက စစ်တိုက်ထွက်ချင်နေပြီလား"
ကျန့်ဖုန်းက အသံကျယ်ကျယ်ဖြင့်...
"ဟုတ်ကဲ့... သွားချင်တာပေါ့။ အရင်ကစစ်မြေပြင်မှာ သိုင်းပညာကအရေးအကြီးဆုံးလို့ ထင်ခဲ့မိတာ။ ဒါပေမဲ့ အခု သခင့်ရဲ့ ရိုင်ဖယ်တွေကိုရလိုက်တော့မှ လက်နက်က အရေးအကြီးဆုံးဆိုတာကို သိလိုက်ရတယ်။ ဒီလောက်အစွမ်းထက်တဲ့တပ်ဖွဲ့ကို ဦးဆောင်ပြီး စစ်တိုက်ထွက်ရရင် ကျွန်တော်တို့က တာတာတွေကိုတောင် ကြောက်စရာမလိုတော့ဘူး"
လီရှင်းကလည်း စိတ်လှုပ်ရှားစွာဖြင့်...
"ဟုတ်တယ် အစ်ကိုကြီး... ဒီလို လက်နက်မျိုးတွေရှိနေမှတော့ ကျွန်တော်တို့က တာတာတွေကို ကြောက်စရာ မလိုတော့ဘူး။ လွန်ခဲ့တဲ့ ငါးနှစ်ကလို တာတာတွေသာ လုယက်ဖို့ ထပ်ရောက်လာရင် ကျွန်တော်တို့ သူတို့ကို အပြတ်ရှင်းပစ်လိုက်မယ်" ဟု ပြောလိုက်လေသည်။