သူတို့လေးဦးဆွေးနွေးနေကြစဉ် ကိုယ်ရံတော်တစ်ဦး ရုတ်တရက်ပြေးဝင်လာကာ...
"သခင်... အိမ်တော်ရှေ့မှာ နာမည်ကတ်ပြားပေးပြီးလာတွေ့တဲ့ ဧည့်သည်တစ်ယောက် ရောက်နေပါတယ်" ဟု သတင်းပို့လိုက်သည်။
လီကျစ်သည် နာမည်ကတ်ပြားကိုဖွင့်ကြည့်လိုက်ရာ ထိုအပေါ်တွင်…
"အစ်ကိုကြီး ရွှီမင်ချယ် အရိုအသေပေးပါသည်" ဟု ရေးသားထားသည်ကို တွေ့လိုက်ရသည်။ ရွှီမင်ချယ် ရောက်လာပြီဖြစ်ကြောင်း သူ သိလိုက်သဖြင့် ထိုလေးဦးအား...
"မင်းတို့ လေ့ကျင့်ရေးကိစ္စတွေကို ဆက်လုပ်နေကြ။ ငါ့ဆီ ဧည့်သည်ရောက်နေတယ်"
လီကျစ်သည် တပ်မှူးငယ်ရုံးတော်၏ ဒုတိယခန်းမဆောင်သို့ ရောက်လာသောအခါ ရွှီမင်ချယ်သည် ထိုနေရာတွင်ထိုင်ကာ လက်ဖက်ရည်သောက်နေပြီဖြစ်သည်ကို တွေ့လိုက်ရသည်။ လီကျစ် ငှားရမ်းထားသော ကိုယ်ရံတော်အနည်းငယ်မှာ အတော်လေးပါးနပ်ကြသည်။ သူတို့သည် ရွှီမင်ချယ်၏ ထူးခြားသော ဟန်ပန်ကိုမြင်သည်နှင့် လက်ဖက်ရည်ကောင်းကောင်းများ ချပေးထားပြီးဖြစ်သည်။
လီကျစ်က ရှေ့သို့တိုးကာ လက်နှစ်ဖက်ကိုယှက်၍ အရိုအသေပေးလိုက်ပြီး...
"မတွေ့ရတာ ကြာပြီနော် အစ်ကိုကြီးရွှီ... နေကောင်းကျန်းမာရဲ့လား"
ရွှီမင်ချယ်က မတ်တတ်ရပ်ကာ အရိုအသေပြန်ပေးရင်း ရယ်မောလျက်...
"ညီငယ်ရဲ့ ရုံးတော်သစ်ကြီးက အတော်လေး ခမ်းနားလှပါလား"
ဖန့်ကျားရွာသစ်ကြီး၏ ဗဟိုချက်တွင်တည်ရှိသော ဤတပ်မှူးငယ်ရုံးတော်ကို လီကျစ်က အသစ်တည်ဆောက်ထားခြင်းဖြစ်သည်။ ခြံဝင်းလေးခု ပါဝင်ပြီး သေသပ်ကျနစွာ စီစဉ်ထားကာ ခိုင်ခံ့စွာ တည်ဆောက်ထားသဖြင့် အလွန်တရာခမ်းနားထည်ဝါလှသည်။ မင်မင်းဆက်မှ လူများတွင် ရုံးတော်များကို အသစ်ပြန်လည်မပြုပြင်ရဟူသော အစဉ်အလာတစ်ခုရှိပြီး သာမန် စစ်ဘက်အရာရှိများမှာလည်း သူတို့၏ တာဝန်သက်တမ်းအတွင်း ရုံးတော်သစ်များကို မည်သည့်အခါမျှ တည်ဆောက်လေ့မရှိကြပေ။ ရွှီမင်ချယ်သည် လီကျစ်က အစဉ်အလာကိုချိုးဖောက်ထားသည်ကို မြင်သောအခါ သရော်သည့်လေသံဖြင့် မပြောဘဲမနေနိုင်တော့ပေ။
လီကျစ်က ခပ်အေးအေးပင်...
"အတော်အသင့်ပါပဲဗျာ"
ထိုအခါ ရွှီမင်ချယ်က တည့်တိုးပင်...
"ရုံးတော်သစ်ကြီး တည်ဆောက်တာက ညီငယ်ရဲ့ နာမည်ဂုဏ်သတင်းအတွက် မကောင်းဘူးနော်… တခြားလူတွေ အတင်းပြောကြမှာကို မင်း မကြောက်ဘူးလား"
လီကျစ်မှာ အခြားသူများ၏အမိန့်ကို နာခံတတ်သူမျိုး မဟုတ်ပေ။ ခေတ်သစ်လူသားတစ်ဦးအနေဖြင့် သူသည် မင်မင်းဆက်နှောင်းပိုင်းကာလ၏ စည်းမျဉ်းစည်းကမ်း အမျိုးမျိုးကို သိပ်ပြီးအရေးမစိုက်လှသဖြင့် ရယ်မောကာ...
"အဲဒါတွေကို ကျွန်တော် ဂရုမစိုက်ပါဘူး"
ရွှီမင်ချယ်က ပြုံးလိုက်ပြီး ဘာဆက်ပြောရမှန်းမသိဖြစ်ကာ ခေါင်းခါယမ်းလိုက်သည်။
လီကျစ်က... "အစ်ကိုကြီးရွှီ... ထိုင်ပါဦး"
အိမ်ရှင်နှင့် ဧည့်သည်နှစ်ဦးစလုံး ထိုင်လိုက်ကြပြီးနောက် ရွှီမင်ချယ်က...
"ညီငယ်ရဲ့နေရာက အတော်လေးစည်ကားနေပါလား… အိမ်တွေဆောက်လိုက်… မြို့ရိုးတွေ ပြုပြင်လိုက်နဲ့... မြို့တော်ဒေသတစ်ဝိုက်က ပန်းရန်ဆရာတွေရဲ့ တစ်ဝက်လောက်ကို မင်းက ငှားထားတာပဲ။ မင်း လုံးချင်းအိမ်တွေအများကြီး ဆောက်ထားတာတွေ့ခဲ့တယ်။ အဲဒါတွေက ဘယ်သူတွေအတွက်လဲ"
လီကျစ်က...
"အဲဒီအိမ်ရာတွေအားလုံးက ကျွန်တော့်စက်ရုံတွေက အလုပ်သမားတွေအတွက်ပါ။ အိမ်ထောင်စုခုနစ်ထောင် နေထိုင်နိုင်မယ့် ဖန့်ကျားရွာသစ်ကြီးကို တည်ဆောက်နေတာလေ။ ပြီးသွားရင်တော့ စည်ကားတဲ့ ကုန်သွယ်ရေးမြို့လေးတစ်မြို့ ဖြစ်လာမှာပါ"
"အိမ်ထောင်စု ခုနစ်ထောင်... ဒါက ကြီးမားတဲ့ ခရိုင်မြို့ကြီးတစ်မြို့စာလောက် ရှိတယ်နော်"
လီကျစ်၏ စကားကိုကြားသောအခါ ရွှီမင်ချယ်မှာ အသက်ရှူမှားသွားပြီး လီကျစ်သည် သာမန်လူမဟုတ်ကြောင်း ပို၍သဘောပေါက်လာသည်။ ဤသည်မှာ မရှိရာမှ မြို့တစ်မြို့ကို ဖန်တီးနေခြင်းပင်ဖြစ်သည်။ သာမန် တပ်မှူးငယ်တစ်ယောက်က ဤကဲ့သို့အလုပ်မျိုးကို မည်သို့လုပ်နိုင်မည်နည်း။ စက်ရုံများနှင့် အလုပ်ရုံပေါင်းများစွာပိုင်ဆိုင်ထားသော လီကျစ်ကဲ့သို့ ကုန်သည်တစ်ဦးပင်လျှင် ဤမျှကြီးမားသောစီမံကိန်းကြီးကို စတင်ရန်အတွက် သူ၏ ဘဏ္ဍာရေးအရင်းအမြစ်များ အားလုံးကို အကုန်အစင်သုံးစွဲရပေလိမ့်မည်။ လီကျစ်၏ ရည်မှန်းချက်က တကယ်ကိုကြီးမားလှပေသည်။ ဤလူငယ်၏အနာဂတ်မှာ အကန့်အသတ်မရှိ ပြောင်မြောက်လှပေသည်။
ရွှီမင်ချယ်သည် လီကျစ်ကို အမြဲတမ်းထောက်ခံအားပေးခဲ့ရသည်မှာ ကံကောင်းသည်ဟု စိတ်ထဲမှကြိတ်တွေးလိုက်မိသည်။ ယခုအခါ သူသည် လီကျစ်၏ အစ်ကိုတစ်ယောက်ဖြစ်နေပြီဖြစ်ရာ လီကျစ် ကြီးပွားတိုးတက်လာသောအခါ သူ၏ အကျိုးအမြတ်များမှာလည်း နည်းပါးမည်မဟုတ်ပေ။
ရွှီမင်ချယ်သည် စိတ်ထဲတွင် တွေးတောနေသဖြင့် ခေတ္တမျှစကားမပြောဘဲ နေလိုက်သည်။ လီကျစ်က ရွှီမင်ချယ်ကို တစ်ချက်ကြည့်ကာ ခပ်အေးအေးပင်...
"အစ်ကိုကြီးရွှီရဲ့ ဆပ်ပြာရောင်းဝယ်ရေးကော ဘယ်လိုနေလဲ"
လီကျစ်က ဆပ်ပြာအကြောင်း စကားစလိုက်သည်ကိုကြားလျှင် ရွှီမင်ချယ်၏ မျက်နှာပေါ်တွင် အပြုံးပန်းများ ဝေဆာသွားကာ...
"ဆပ်ပြာက ကျန်းနန်မှာ အတော်လေးရောင်းကောင်းတယ်။ ပစ္စည်းရောက်တာနဲ့ ဆယ်ရက်တောင်မခံဘူး... အကုန်ရောင်းထွက်သွားတာပဲ"
ယခုအခါ လီကျစ်သည် စစ်သည်များနှင့် လက်မှုပညာရှင် အများအပြားကို ငှားရမ်းထားရသဖြင့် လစဉ်အသုံးစရိတ်မှာ အလွန်တရာများပြားလှသည်။ ဘိလပ်မြေမှာ ဈေးပေါသော်လည်း သယ်ယူပို့ဆောင်ရေးစရိတ်က အလွန်ကြီးမားသဖြင့် အနီးအနားရှိခရိုင်များနှင့် မြို့များကိုသာ ထောက်ပံ့ရန်သင့်လျော်ပြီး ခရီးဝေးကုန်သွယ်ရေးအတွက် အဆင်မပြေပေ။ ချည်ထည်များကို အများအပြားထုတ်လုပ်မည်ဆိုပါကလည်း အမျိုးသားများလယ်ထွန်ပြီး အမျိုးသမီးများ ရက်ကန်းရက်သော အသေးစားလယ်ယာစီးပွားရေးစနစ်ကို ထိခိုက်စေကာ ဆန့်ကျင်မှုများနှင့် ကြုံတွေ့ရနိုင်သည်။ ထို့ကြောင့် လောလောဆယ်တွင် ဆပ်ပြာအလုပ်ရုံတစ်ခုသာလျှင် တိုးချဲ့၍ရနိုင်ပေသည်။ သူက ရွှီမင်ချယ်ထံသို့ ဆပ်ပြာများ ပိုမိုရောင်းချရန် ရည်ရွယ်ထားသည်။ သို့သော် ရွှီမင်ချယ်ဘက်မှ ဆပ်ပြာဝယ်ယူရန် စတင်စကားဟလာမှသာ အဆင်ပြေမည်ဖြစ်သည်။ သို့မဟုတ်ပါက သူက ဈေးဆစ်ဦးမည်မှာ အသေအချာပင်။ ထို့ကြောင့် လီကျစ်က ဆပ်ပြာအကြောင်း အနည်းငယ်မျှသာ စကားစလိုက်ပြီးနောက် နှုတ်ဆိတ်နေလိုက်သည်။
လီကျစ် စကားရပ်သွားသည်ကိုမြင်သောအခါ ရွှီမင်ချယ်က အသံကျယ်ကျယ်ဖြင့်...
"ဒီနေ့ ညီငယ်ဆီလာလည်တာ ကိစ္စနှစ်ခုရှိတယ်။ အဲဒီထဲက တစ်ခုက ဆပ်ပြာကိစ္စပဲ။ ညီငယ်ဆီကနေ တစ်လကို နောက်ထပ်ဆပ်ပြာတုံး သုံးသိန်းလောက်ဝယ်ပြီး ကျန်းနန်မှာ ရောင်းချင်တယ်။ ညီငယ် ဘယ်လိုသဘောရလဲ"
လီကျစ်က ရယ်မောလိုက်ပြီး...
"အစ်ကိုကြီးရွှီက ကျွန်တော့်ကို ဘက်ပေါင်းစုံကနေ ကူညီပေးနေတော့ ကျွန်တော် တကယ်ကို ကျေးဇူးတင်ပါတယ်။ အစ်ကိုကြီးက ပိုဝယ်ချင်တယ်ဆိုမှတော့ အစ်ကိုကြီးအတွက် ကျွန်တော် သေချာပေါက် အရေအတွက်ပြည့်အောင်စုဆောင်းပြီး ရောင်းပေးရမှာပေါ့။ နောက်လကစပြီး အစ်ကိုကြီးရွှီရဲ့ ဂိုဒေါင်ကို တစ်လကို ဆပ်ပြာတုံး ငါးသိန်း ပို့ပေးပါ့မယ်"
ထိုသတင်းကို ကြားသောအခါ ရွှီမင်ချယ်မှာ အလွန်ဝမ်းသာသွားပြီး...
"ဈေးနှုန်းကကော ဘယ်လိုလဲ"
လီကျစ်က…
"အရင်အတိုင်းပါပဲ"
ရွှီမင်ချယ်က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်ကာ…
"ဒါဆိုလည်း ကောင်းတာပေါ့"
ယခုအခါ ရွှီမင်ချယ်သည် ကျန်းနန်ရှိ ဆပ်ပြာလုပ်ငန်းအတွက် လီကျစ်၏ အထွေထွေကိုယ်စားလှယ်နီးပါး ဖြစ်နေပြီဖြစ်သည်။ ဤဆပ်ပြာလုပ်ငန်းမှာ လက်ဝါးကြီးအုပ်လုပ်ငန်းတစ်ခုဖြစ်ပြီး ဈေးကွက်ဝယ်လိုအားမှာလည်း အလွန်မြင့်မားလှသည်။ ရွှီမင်ချယ်သည် လီကျစ်ထံမှ ဆပ်ပြာတစ်တုံးလျှင် ကြေးပြား ဆယ့်ရှစ်ပြားဖြင့် ဝယ်ယူကာ တူးမြောင်းဂိုဏ်း (ချောင်ဂိုဏ်း) မှတစ်ဆင့် ကျန်းနန်သို့ သယ်ယူပြီး တစ်တုံးလျှင် ကြေးပြား သုံးဆယ်ဖြင့် ရောင်းချသည်။ အမြတ်ငွေမှာ ကြေးပြားဆယ့်နှစ်ပြားဖြစ်ပြီး သယ်ယူပို့ဆောင်ရေးစရိတ်များကို နုတ်ပယ်လိုက်လျှင်ပင် တစ်တုံးလျှင် ကြေးပြား ဆယ်ပြားကျော် အမြတ်ကျန်နိုင်သည်။ ယခု နောက်ထပ် ဆပ်ပြာတုံး သုံးသိန်းထပ်မံဝယ်ယူမည်ဆိုပါက တစ်လလျှင် အမြတ်ငွေသုံးထောင် ထပ်တိုးလာမည်ဖြစ်ပြီး တစ်နှစ်လျှင် ငွေသျှူး သုံးသောင်းခြောက်ထောင် ရရှိမည်ဖြစ်သည်။
ငွေသျှူး သုံးသောင်းခြောက်ထောင် ဆိုသည်မှာ ထန်းကျင်းမြို့ရှိ ကုန်သည်ကြီးရှစ်ဦးစာရင်းဝင် ရွှီမင်ချယ်အတွက်ပင်လျှင် ကြီးမားသော ငွေပမာဏတစ်ခုဖြစ်သည်။ ရွှီမင်ချယ်သည် ဆပ်ပြာအတွက် အဓိကနည်းပညာကို မပိုင်ဆိုင်ထားသော်လည်း လီကျစ်နှင့် မိတ်ဆွေဖွဲ့ခြင်းဖြင့် ငွေအမြောက်အမြား ရှာဖွေနိုင်ခဲ့သောကြောင့် အလွန်ကျေနပ်နေသည်။ သူက လီကျစ်နှင့် မိတ်ဆွေဖွဲ့ခဲ့ရသည်မှာ တကယ်ကို တန်သည်ဟု စိတ်ထဲမှ ကြိတ်တွေးကာ ကုလားထိုင်ပေါ်တွင် ပျော်ရွှင်စွာထိုင်နေလေသည်။
သို့ရာတွင် ဤကဲ့သို့သော အရောင်းအဝယ်မျိုးမှာ နှစ်ဦးနှစ်ဖက် အကျိုးရှိစေသော အရာဖြစ်ပြီး လီကျစ်သည်လည်း အကျိုးအမြတ်များစွာရရှိပေသည်။ နောက်ထပ် အရောင်းအဝယ်တစ်ခု အောင်မြင်သွားသဖြင့် လီကျစ်အနေဖြင့် တစ်လလျှင် နောက်ထပ် ငွေသျှူး သုံးထောင် ထပ်တိုးရရှိမည်ဖြစ်ရာ သူသည်လည်း ပို၍ပျော်ရွှင်နေမိသည်။
သူတို့နှစ်ဦးစလုံးသည် မိမိတို့၏ စီးပွားရေးလုပ်ငန်းများကို အသီးသီး တွေးတောနေကြသည်။ အချိန်အတန်ကြာမှသာ လီကျစ်က...
"အစ်ကိုကြီးရွှီ ဒီနေ့လာတာ ကိစ္စနှစ်ခုရှိတယ်ဆို။ နောက်တစ်ကိစ္စက ဘာများလဲ"
ထိုအခါ ရွှီမင်ချယ်က လက်နှစ်ဖက်ကိုဖြန့်ကာ လီကျစ်ကို ကြည့်ရင်း...
"နောက်တစ်ကိစ္စကတော့ အစ်ကိုက ညီငယ်ကို ကံကောင်းခြင်းတွေ ယူဆောင်လာပေးတာပါ"
လီကျစ်သည် ရွှီမင်ချယ် ဘာကိုဆိုလိုမှန်း နားမလည်သဖြင့်...
"အစ်ကိုကြီးရွှီ... ရှင်းပြပါဦး"
ရွှီမင်ချယ်က ရယ်မောလိုက်ပြီးနောက်...
"လွန်ခဲ့တဲ့ နှစ်ဝက်လောက်ကစပြီး တောင်ပေါ်ဓားပြအဖွဲ့တစ်ဖွဲ့က ဆားတောင်မှာ အခိုင်အမာ တပ်စွဲထားတယ်။ ချင်းယွန်ခရိုင်က ဓားပြတွေရဲ့ နေရာဖြစ်ဖို့များပါတယ်။ အဲဒီအနီးတစ်ဝိုက်မှာလည်း အကြီးအကျယ်လုယက်နေကြတယ်။ ဒေသခံတပ်ဖွဲ့က သူတို့ကိုမနှိမ်နင်းနိုင်တော့ ပြည်နယ်ဘုရင်ခံဆီကို သတင်းပို့လိုက်တယ်။ ပြည်နယ်ဘုရင်ခံက ဓားပြတွေကို နှိမ်နင်းဖို့ ဘယ်သူ့ကို လွှတ်ရမလဲ စဉ်းစားတဲ့အခါ ညီငယ့်ကို သတိရသွားတာလေ"
ထန်းကျင်း ပြည်နယ်ဘုရင်ခံသည် ဟယ်ကျန်း ခရိုင်တစ်ခုလုံး၊ ရွှန်းထျန်း ခရိုင်၏ ဝူချင် နှင့် ပေါက်တိ မြို့များ၊ ယုံဖျင် ခရိုင်၏ လွမ်ကျိုး နှင့် လယ်ထင် မြို့များအပြင် အနီးအနားရှိ ကျွန်းများကိုပါ အုပ်ချုပ်ပိုင်ခွင့်ရှိသည်။ ချင်းယွန်မြို့မှာ ဟယ်ကျန်း ခရိုင်လက်အောက်ရှိ မြို့တစ်မြို့ဖြစ်ပြီး ထန်းကျင်း ပြည်နယ်ဘုရင်ခံ၏ အုပ်ချုပ်မှုအောက်တွင် ရှိသည်။ တောင်ပေါ်ဓားပြများ သောင်းကျန်းလာသောအခါ ဒေသခံအာဏာပိုင်များက ပြည်နယ်ဘုရင်ခံထံ သတင်းပို့ရပြီး ပြည်နယ်ဘုရင်ခံက သူတို့ကို နှိမ်နင်းရန် တပ်ဖွဲ့များ စေလွှတ်ရသည်။
ရွှီမင်ချယ်က ခေတ္တရပ်လိုက်ပြီး ဆက်ပြောသည်။
"ပြည်နယ်ဘုရင်ခံက... ဒီ တောင်ပေါ်ဓားပြအဖွဲ့ကို နှိမ်နင်းဖို့ မင်းကိုလွှတ်လိုက်ရင် မကောင်းဘူးလား တဲ့။ ကိစ္စပြီးသွားရင် ပြည်နယ်ဘုရင်ခံက ဓားပြနှိမ်နင်းတဲ့အတွက် မင်းကို ဒုတိယတပ်မှူးကြီး ရာထူးအတွက်ထောက်ခံပေးမယ်တဲ့။ ဖန့်ကျားရွာမှာပဲ ဖန့်ကျားရွာ ကာကွယ်ရေးအရာရှိအဖြစ် ဆက်နေရမယ်လို့ ပြောတယ်။ ဘယ်လိုသဘောရလဲ"
ဤစကားကို ကြားသောအခါ လီကျစ်မှာ အံ့အားသင့်သွားပြီး အတန်ကြာမှ သတိဝင်လာသည်။ စဉ်းစားကြည့်ပြီးနောက် ပြည်နယ်ဘုရင်ခံသည် သူ၏ ကျေးဇူးများကို လက်ခံရရှိထားသဖြင့် ယခုအခါ သူ့အား ယုံကြည်ရသောလက်အောက်ငယ်သားတစ်ဦးအဖြစ် သတ်မှတ်ကာ ရာထူးတိုးပေးရန် ကြိုးစားနေခြင်းဖြစ်ကြောင်း လီကျစ် သဘောပေါက်သွားသည်။ ထို့ပြင် သူက ငွေကြေးသုံးစွဲရာတွင်လည်း ရက်ရောသဖြင့် ဟယ်ရှီရှို့သည် ငွေအမြောက်အမြားရှာဖွေရန် အခွင့်အလမ်းကောင်းများ ပေးခဲ့ခြင်းအတွက် သူ့ကို သေချာပေါက် မှတ်မိနေပေလိမ့်မည်။
လီကျစ်က လက်နှစ်ဖက်ကို ယှက်ကာ...
"ပြည်နယ်ဘုရင်ခံက တကယ်ကို တွေးခေါ်မြော်မြင်တတ်ပါပေတယ်"
ရွှီမင်ချယ်က မျက်တောင်တဖျပ်ဖျပ်ခတ်ကာ ရယ်မောလျက်...
"အဲဒီ တောင်ပေါ်ဓားပြအဖွဲ့မှာ လူသုံးရာလောက်ရှိတယ်။ ဒီကိစ္စအတွက် ခြောက်လ အချိန်ပေးထားတယ်။ ခြောက်လအတွင်းမှာ တောင်ပေါ်ဓားပြတွေကို မင်း အကုန်ရှင်းပစ်ရမယ်"
သူ ခေတ္တရပ်လိုက်ပြီးမှ ဖြည်းညှင်းစွာ...
"အဲဒီကိစ္စပြီးသွားရင် မင်း ရုံးတော်မှာ သေသေချာချာစီစဉ်ရမယ်။ ပြည်နယ်ဘုရင်ခံရဲ့ စေတနာကိုတော့ စိတ်ပျက်အောင် မလုပ်နဲ့ပေါ့ကွာ"
တောင်ပေါ်ဓားပြ သုံးလေးရာခန့် ရှိသည်ဟု ကြားသောအခါ လီကျစ်မှာ အံ့အားသင့်သွားပြီး...
"အကယ်၍ အောင်မြင်သွားရင်တော့ ပြည်နယ်ဘုရင်ခံကို သေချာပေါက် ကျေးဇူးဆပ်ရမှာပေါ့။ ဒါပေမဲ့ တောင်ပေါ်ဓားပြတွေက ဒီလောက်အင်အားကြီးနေတာ... ကျွန်တော်လို တပ်မှူးငယ်လေးတစ်ယောက်က သူတို့ကို အချိန်မီ နှိမ်နင်းနိုင်မယ်လို့ ပြည်နယ်ဘုရင်ခံက ဘယ်လိုလုပ် ယုံကြည်တာလဲ"
"ဘာ တပ်မှူးငယ်လဲ... ငါ ကြားထားတယ်နော်။ မင်း ကိုယ်ရံတော်ခြောက်ရာ ထပ်စုဆောင်းထားတယ်ဆို။ အရင်က ကိုယ်ရံတော်တွေနဲ့ဆို စုစုပေါင်း ကိုယ်ရံတော် ခုနစ်ရာတောင် ရှိနေပြီလေ။ ဒါက ခံတပ်မှူးတစ်ယောက်ဆီက စစ်သည်တွေထက်တောင်ပိုများသေးတယ်။ အဲဒီ တောင်ပေါ်ဓားပြသုံးရာက စည်းကမ်းမရှိတဲ့ လူအုပ်ကြီးသက်သက်ပါ။ သူတို့ထဲမှာ တကယ် တိုက်ရည်ခိုက်ရည်ရှိတဲ့သူ သိပ်မပါဘူး။ သံချပ်ကာဝတ်ထားတာကလည်း အယောက်သုံးဆယ်လောက်ပဲ ရှိမယ်ထင်တယ်။ မင်းက ဒီလောက်တောင် ချမ်းသာနေတာဆိုတော့ မင်းရဲ့ ကိုယ်ရံတော် ခုနစ်ရာစလုံးက သံချပ်ကာတွေဝတ်ထားကြတာပဲ မဟုတ်လား။ လူခုနစ်ရာကို ခြောက်လလောက် သေသေချာချာလေ့ကျင့်ပေးထားရင် တောင်ပေါ်ဓားပြတွေကို နှိမ်နင်းနိုင်လောက်မှာပေါ့... ဟုတ်တယ်မလား။ မင်းကိုယ်တိုင်က ဒီလို တပ်မှူးငယ်ဖြစ်ချင်နေမှတော့ စစ်ဘက်အရာရှိတစ်ယောက်ဖြစ်ဖို့ စွမ်းရည်ရှိရမှာပေါ့။ ပြည်နယ်ဘုရင်ခံကို စိတ်မပျက်စေနဲ့နော်"
သို့သော် ရွှီမင်ချယ်၏ စကားကိုကြားသောအခါ လီကျစ်၏ ရင်ထဲတွင် ထိတ်ခနဲဖြစ်သွားပြီး ဤကိစ္စမှာ လုံးဝကောင်းမွန်သောအရာမဟုတ်ကြောင်း သူ့ကို စမ်းသပ်သည့်သဘောလည်း ပါဝင်နေကြောင်း သဘောပေါက်လိုက်သည်။ အကယ်၍ သူသာ သူ၏ ကိုယ်ရံတော် ခုနစ်ရာ ဖြင့် တောင်ပေါ်ဓားပြများကို မနှိမ်နင်းနိုင်ပါက ဟယ်ရှီရှို့နှင့် ရွှီမင်ချယ်တို့သည် သူ့ကို ဆက်လက်တန်ဖိုးထားတော့မည် မဟုတ်ဘဲ သူ့အပေါ် ဆက်ဆံပုံများလည်း ပြောင်းလဲသွားပေလိမ့်မည်။ မည်သို့ပင်ဆိုစေ ထိုခေတ်အခါက စစ်ဘက်အရာရှိများ၏ ကိုယ်ရံတော်များ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အလွန်မြင့်မားသည်ဟု ယူဆထားကြသည်။
အကယ်၍ ဟယ်ရှီရှို့သာ သူ့ကို ဆက်လက်မထောက်ခံတော့ပါက လီကျစ်၏ အနာဂတ် ရည်မှန်းချက်များမှာ ပို၍ခက်ခဲသွားနိုင်ပေသည်။
လီကျစ်သည် ရွှီမင်ချယ်အား အရိုအသေပေးကာ...
"အစ်ကိုကြီးရွှီ... စိတ်ချပါ။ ပြည်နယ်ဘုရင်ခံကို ကျွန်တော် လုံးဝ စိတ်ပျက်အောင် မလုပ်ပါဘူး။ တစ်လအတွင်း ဒီဓားပြတွေကို ကျွန်တော်အကုန်ရှင်းပစ်ပါ့မယ်။ ဒါပေမဲ့ ဆပ်ပြာထုတ်လုပ်မှု တိုးချဲ့မယ့်ကိစ္စကိုတော့ တစ်လလောက် ဆိုင်းငံ့ထားရလိမ့်မယ်"
လီကျစ်က တောင်ပေါ်ဓားပြများကို တစ်လအတွင်းနှိမ်နင်းမည်ဟု ပြောသည်ကို ကြားသောအခါ ရွှီမင်ချယ်၏ မျက်လုံးများ အရောင်လက်သွားပြီး လီကျစ်အပေါ် ကြည့်ရှုသည့် အကြည့်များလည်း ပြောင်းလဲသွားတော့သည်။
***