ရွှီမင်ချယ်နှင့် လီကျစ်တို့ဆွေးနွေးပြီး နောက်တစ်နေ့တွင် ပြည်နယ်ဘုရင်ခံ၏ အမိန့်စာ ရောက်ရှိလာခဲ့သည်။ လီကျစ်၏ အထက်အရာရှိဖြစ်သူ ထောက်ပံ့ရေးတပ်ရင်းမှတပ်မှူးကြီး ယိုဟွာချောင်း သည် လီကျစ်၏ ဖန့်ကျားရွာသို့ ပြည်နယ်ဘုရင်ခံ၏ အမိန့်စာလာပေးရန် မြင်းစီး၍ ကိုယ်တိုင်ရောက်လာခဲ့သည်။
ယိုဟွာချောင်းသည် ဖန့်ကျားရွာရှိ လီကျစ်၏ ကြီးကျယ်ခမ်းနားသော လုပ်ဆောင်ချက်များအကြောင်းကို မရောက်မီကတည်းက ကြားသိထားပြီးဖြစ်သော်လည်း... ဆောက်လုပ်ရေးလုပ်ငန်းခွင်ကြီးတစ်ခုနှင့်တူသော ဖန့်ကျားရွာသစ်ကို မြင်တွေ့လိုက်ရသောအခါ အလွန်တရာအံ့အားသင့်သွားခဲ့ရသည်။ တပ်မှူးငယ်တစ်ယောက်က ဤမျှကြီးမားသော မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းကြီးကို လုပ်ဆောင်နေသည်ကို မည်သူမြင်ဖူးမည်နည်း။
အသစ်တည်ဆောက်ထားသော ခမ်းနားထည်ဝါလှသည့် လီကျစ်၏ တပ်မှူးငယ်ရုံးတော်ရှေ့သို့ ရောက်သောအခါ သူ ပို၍ပင် အံ့အားသင့်သွားရသည်။
လီကျစ်၏ နောက်ခံကဘာများလဲ။ သူက အများပြည်သူ၏ ဝေဖန်မှုများကို ဂရုမစိုက်ဘဲ ရုံးတော်သစ်တစ်ခုကိုတောင် ရဲရဲဝံ့ဝံ့ တည်ဆောက်ရဲတယ်ပေါ့လေ။
သို့သော် လီကျစ်သည် ပြည်နယ်ဘုရင်ခံ၏ လူယုံတစ်ဦးဖြစ်ကြောင်း သူ သိထားသဖြင့် လီကျစ်၏ လုပ်ရပ်များအပေါ်မည်သည့်မှတ်ချက်မျှမပေးရဲပေ။ ပြည်နယ်ဘုရင်ခံက တပ်မှူးငယ်တစ်ယောက်အား တောင်ပေါ်ဓားပြ ရာချီကိုနှိမ်နင်းရန် စေလွှတ်ခြင်းမှာ လျှို့ဝှက်ချက်တစ်ခုခုရှိရမည်ဟု တွေးမိသော်လည်း ယိုဟွာချောင်းအနေဖြင့် မည်သို့များ မေးမြန်းဝံ့မည်နည်း။ သူသည် ချင်းယွန်ခရိုင်ရှိ ဓားပြများကို နှိမ်နင်းရန် လီကျစ်အား စေလွှတ်သည့် ပြည်နယ်ဘုရင်ခံ၏ အမိန့်စာကို ဖတ်ပြပြီးနောက် ကမန်းကတန်း ပြန်လည်ထွက်ခွာသွားခဲ့သည်။
သူ ထွက်ခွာသွားချိန်တွင် လီကျစ်က သူ့အား ငွေ ၁၀ သျှူး တိတ်တဆိတ် ပေးလိုက်ရာ သူ၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ အထင်းသားပေါ်လွင်သွားတော့သည်။
ပြည်နယ်ဘုရင်ခံ၏ အမိန့်စာကို ရရှိပြီးနောက် လီကျစ်သည် သူ၏ တပ်ဖွဲ့များကို ဦးဆောင်ကာ စစ်တိုက်ထွက်နိုင်ပြီဖြစ်သည်။ လီကျစ်က ဖန့်ကျားရွာကို ထိန်းသိမ်းစောင့်ရှောက်ရန် လီရှင်းအား တာဝန်ပေးခဲ့ပြီး သူကိုယ်တိုင်ကတော့ ရိက္ခာများသယ်ယူရန် လက်တွန်းလှည်းများဖြင့် အရပ်သား တစ်ရာကို ယာယီငှားရမ်းကာ... ရိုင်ဖယ်များ တပ်ဆင်ထားသော စစ်သည် တစ်ရာ့နှစ်ဆယ့်ငါးယောက်ကို ဦးဆောင်၍ ချင်းယွန်ခရိုင်သို့ ထွက်ခွာလာခဲ့သည်။
ဤစစ်သည် တစ်ရာ့နှစ်ဆယ့်ငါးယောက်စလုံးမှာ လီရှင်း၏ ပထမတပ်ခွဲမှ ဖြစ်သော်လည်း လီကျစ်က လီရှင်းကို ဖန့်ကျားရွာတွင်သာ နေရစ်စေခဲ့ပြီး သူကိုယ်တိုင် တပ်ဖွဲ့ကိုဦးဆောင်ကာ ဓားပြနှိမ်နင်းရန် ထွက်လာခဲ့ခြင်းဖြစ်သည်။
ချင်းယွန်ခရိုင်သည် ဟယ်ကျန်းခရိုင်၏ အတောင်ဘက်ဆုံးအပိုင်းတွင် တည်ရှိပြီး ဖန့်ကျားရွာမှ လီသုံးရာခန့် ကွာဝေးသည်။ လီကျစ်သည် တစ်နေ့လျှင် လီသုံးဆယ်ခရီး ချီတက်ခဲ့ရာ စစ်သည်များနှင့် အရပ်သား နှစ်ရာကျော်ဖြင့် ချင်းယွန်ခရိုင်မြို့သို့ ရောက်ရှိရန် ဆယ့်တစ်ရက် အချိန်ယူခဲ့ရသည်။
မြင်းများမပါရှိသဖြင့် လီကျစ်၏ တပ်ဖွဲ့သည် ခရီးစဉ်တစ်လျှောက်လုံး သူတို့၏ ခြေထောက်များကိုသာ အားပြု၍ လျှောက်ခဲ့ရသည်။
စစ်ချီရာတွင် အတူလိုက်ပါလာသော ဒုတိယတပ်ခွဲမှူး ကျန့်ဖုန်းက စစ်သည်များ မည်မျှပင်ပန်းဆင်းရဲစွာ ချီတက်နေရသည်ကို မြင်သောအခါ အကြံပြုချက်တစ်ခု ပေးလာသည်။
"သခင်... တာတာတွေမှာ လူတစ်ယောက်ကို မြင်းနှစ်ကောင်စီရှိကြတယ်။ အဲဒါကြောင့် သူတို့က လှည့်စားတိုက်ခိုက်ဖို့ တစ်နေ့ကို လီတစ်ရာလောက် ခရီးသွားနိုင်ကြတာ။ အကယ်၍ ကျွန်တော်တို့ စစ်သည်တွေကိုလည်း မြင်းတွေတပ်ဆင်ပေးနိုင်မယ်ဆိုရင် သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က အများကြီး တိုးတက်လာမှာပဲ"
လီကျစ် တွက်ကြည့်လိုက်သည်။ မြင်းတစ်ကောင်လျှင် ငွေသျှူး ၂၀ ကျသင့်မည်ဆိုပါက ရှေ့ပြေးတပ်ဖွဲ့မှ စစ်သည်ခြောက်ရာကို မြင်းများတပ်ဆင်ပေးရန် ငွေသျှူး တစ်သောင်းနှစ်ထောင် ကုန်ကျမည်ဖြစ်သည်။ သို့သော် တိုက်ခိုက်ရေးစစ်သည်တစ်ဦးလျှင် မြင်းတစ်ကောင်သာရှိပါက ထောက်ပံ့ရေးတပ်ဖွဲ့က အမီလိုက်နိုင်မည်မဟုတ်ဘဲ တပ်ဖွဲ့တစ်ခုလုံး၏လှုပ်ရှားမှုမှာလည်း မြန်ဆန်လာမည်မဟုတ်ပေ။ အကယ်၍ တိုက်ခိုက်ရေးစစ်သည်တစ်ဦးလျှင် မြင်းနှစ်ကောင်စီ ရှိမည်ဆိုပါက ထောက်ပံ့ရေးပစ္စည်းများကိုမြင်းများပေါ်တွင် တင်ဆောင်နိုင်သဖြင့် စစ်ချီနှုန်း အမှန်တကယ်မြန်ဆန်လာမည်ဖြစ်သော်လည်း... ကုန်ကျစရိတ်မှာ ငွေသျှူး နှစ်သောင်းလေးထောင်အထိ ရှိလာမည့်အပြင် မြင်းများအတွက်ပြုစုစောင့်ရှောက်စရိတ်ပါ ထပ်မံကုန်ကျဦးမည်ဖြစ်သည်။ ဤသည်မှာ အလွန်ကြီးမားသော ငွေပမာဏတစ်ခုဖြစ်သည်။
ထို့ကြောင့် လီကျစ်က...
"ဒီကိစ္စက အရမ်းကုန်ကျစရိတ်များတယ်။ ရေရှည်အတွက် သေသေချာချာ စဉ်းစားရဦးမယ်"
ကျန့်ဖုန်းက ခေါင်းညိတ်လိုက်ပြီး ဘာမျှဆက်မပြောတော့ပေ။
လူတိုင်း ချင်းယွန်ခရိုင်မြို့သို့ ရောက်ရှိလာသောအခါ သူတို့ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းပို့ရန် မြင်းစီးတမန်တစ်ဦးကို ခရိုင်ရုံးတော်သို့ စေလွှတ်လိုက်သည်။
လီကျစ်က သူသည် ဒေသခံအာဏာပိုင်များကို ဓားပြနှိမ်နင်းရေးတွင်ကူညီရန် ပြည်နယ်ဘုရင်ခံ၏အမိန့်ဖြင့် ရောက်ရှိလာခြင်းဖြစ်သောကြောင့် ဒေသခံအရာရှိများက သူ့အား ဧည့်ဝတ်ကျေပွန်စွာ ဆက်ဆံလိမ့်မည်ဟု တွေးထင်ထားသည်။ သူသည် ချင်းယွန်ခရိုင်မှ အမတ်များနှင့် မြို့မျက်နှာဖုံးလူကြီးများ၏ ကြိုဆိုမှုကို စောင့်ဆိုင်းရန်အတွက် သူ၏တပ်ဖွဲ့များကို မြို့တံခါးအပြင်ဘက် လီဝက်ခန့်အကွာတွင် ရပ်တန့်ထားလိုက်သည်။
သို့သော် လီကျစ်သည် သူ တွေးထင်ထားသည့် ကြိုဆိုမှုကို မရရှိခဲ့ပေ။
လီကျစ်သည် နံနက် ကိုးနာရီမှ မွန်းတည့်ချိန်အထိ စောင့်ဆိုင်းခဲ့ရပြီး ဗိုက်ထဲမှ ဆာလောင်လွန်း၍ မြည်သံများပင် ထွက်လာသည်။ သို့သော် အမတ်များ မြို့မျက်နှာဖုံးလူကြီးများ၏ အရိပ်အယောင်ကိုမျှ မတွေ့ရဘဲ စာရေးတော်ကြီးနှစ်ဦးသာ ရောက်လာခဲ့သည်။ ထိုစာရေးတော်ကြီး နှစ်ဦးသည် လီကျစ်ကို မြင်သောအခါ ဒူးထောက်အရိုအသေမပေးဘဲ ပေါ့ပေါ့ပါးပါးပင် လက်နှစ်ဖက်ကို ယှက်ကာ...
"တပ်မှူးငယ်... ကျွန်တော်တို့ သခင် ယန်ရှီကျယ် က ခရိုင်ရုံးတော်မှာ စကားပြောဖို့ ဖိတ်ခေါ်ခိုင်းလိုက်ပါတယ်"
ထိုစကားကို ကြားသောအခါ ခရိုင်မြို့ဝန်တွင် သူ့အား ကြိုဆိုမည့် အစီအစဉ်မရှိကြောင်း လီကျစ် သိလိုက်သည်။ သူသည် ပြည်နယ်ဘုရင်ခံစေလွှတ်လိုက်သော ဘုရင့်တပ်မတော်မှ အရာရှိတစ်ဦးဖြစ်ပါလျက် ဤခရိုင်မြို့ဝန်ကဘာကြောင့်များ ဤမျှမောက်မာနေရသနည်း။ လီကျစ်သည် စိတ်ထဲမှကြိတ်၍ ကျိန်ဆဲလိုက်သော်လည်း သူ၏တပ်ဖွဲ့များကိုမြို့ထဲသို့ ချီတက်ရန်သာ အမိန့်ပေးလိုက်ရသည်။ သို့ရာတွင် သူ၏လူများ မရွေ့လျားနိုင်မီ စာရေးတော်ကြီးများက ကမန်းကတန်း ရှေ့သို့တိုးလာကာ တားဆီးလိုက်သည်။
"တပ်မှူးငယ်... သခင်က မြို့ထဲကိုဝင်ခွင့်ရှိပေမယ့် တပ်ဖွဲ့တွေကတော့ ဒီမှာပဲ တပ်စွဲထားရပါမယ်။ တပ်ဖွဲ့တွေမြို့ထဲဝင်လာပြီး ပြည်သူတွေကို အနှောင့်အယှက်ပေးရင် အရမ်းဆိုးရွားသွားလိမ့်မယ်"
ထိုစကားကို ကြားသောအခါ ကျန့်ဖုန်းက ဒေါသတကြီးဖြင့်...
"မင်းတို့လို အဆင့်နိမ့် စာရေးတော်ကြီးတွေက... ငါတို့ မင်းတို့ကို ဓားပြနှိမ်နင်းရာမှာ ကူညီပေးဖို့ လာတဲ့ ဘုရင့်တပ်မတော်ဆိုတာ မမြင်ဘူးလား။ မင်းတို့က ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ရိုင်းစိုင်းရတာလဲ။ ငါတို့ကို အနားယူဖို့ မြို့ထဲတောင် ဝင်ခွင့်မပေးဘူးပေါ့လေ"
စာရေးတော်ကြီး နှစ်ဦးက လီကျစ်၏ လူများကို အထင်အမြင်သေးစွာကြည့်လိုက်ပြီး...
"တောင်ပေါ်ဓားပြတွေက သုံးရာကျော်တောင်ရှိတာ။ ခင်ဗျားတို့ရဲ့ တိုက်ခိုက်ရေးစစ်သည် တစ်ရာကျော်လေးနဲ့... သူတို့တစ်ယောက်ချင်းစီက နတ်စစ်သည်… နတ်စစ်သူကြီးတွေ မဟုတ်ဘူးဆိုရင် တောင်ပေါ်ဓားပြတွေကို နှိမ်နင်းနိုင်မယ် မထင်ဘူးနော်..."
ကျန့်ဖုန်းမှာ ချက်ချင်းပင်ဒေါသထွက်သွားပြီး...
"မင်းတို့က ငါတို့လူတွေကို အထင်သေးရဲတယ်ပေါ့လေ။ မင်းတို့ကို မရိုက်ဘဲနေမလား ကြည့်လိုက်"
စစ်ဘက်အရာရှိများ ဒေါသထွက်ကာ လူရိုက်တော့မည်ကိုမြင်သောအခါ စာရေးတော်ကြီး နှစ်ဦးမှာ ကြောက်လန့်တကြားဖြင့် လီကျစ်၏ ကျောဘက်သို့ ဝင်ပုန်းကြလေသည်။
လီကျစ် သဘောပေါက်သွားသည်။ အရပ်ဘက်အရာရှိများနှင့် မြို့မျက်နှာဖုံးလူကြီးများသည် စစ်ဘက်အရာရှိများကို အထင်အမြင်သေးတတ်ကြပြီး... သူ၏ ရာထူးအဆင့်အတန်း နိမ့်ကျမှု လူအင်အားနည်းပါးမှုတို့ကြောင့် ချင်းယွန်ခရိုင်ရှိ လူတိုင်းက သူ့ကို လုံးဝ အထင်အမြင်သေးနေကြခြင်း ဖြစ်သည်။ သူက ဒေါသထွက်နေသော ကျန့်ဖုန်းကို တားလိုက်ပြီး စာရေးတော်ကြီး နှစ်ဦးအား စိတ်မရှည်စွာဖြင့်...
"မင်းတို့နှစ်ယောက် ရှေ့ကသွား... မြို့ဝန်ကို သွားတွေ့မယ်"
ထိုအခါမှသာ စာရေးတော်ကြီးနှစ်ဦးသည် လီကျစ်အား ခရိုင်ရုံးတော်အတွင်းသို့ ခေါ်ဆောင်သွားကြတော့သည်။
ခရိုင်ရုံးတော်၏ ဒုတိယခန်းမဆောင်အတွင်းတွင် ခရိုင်မြို့ဝန် လက်ထောက်မြို့ဝန်နှင့် ဒေသခံ မြို့မျက်နှာဖုံးလူကြီးအချို့ ထိုင်နေကြသည်။ ထိုသူတို့သည် တရားဝင်အမတ်ဝတ်စုံကို ဝတ်ဆင်ထားသော လီကျစ် ဝင်လာသည်ကို မြင်သော်လည်း မည်သို့မျှကြိုဆိုခြင်းမရှိကြပေ။ အားလုံးက လီကျစ်အား လက်အောက်ငယ်သားတစ်ဦးကဲ့သို့ စိုက်ကြည့်နေကြသည်။ အထူးသဖြင့် ဒုတိယခန်းမဆောင်၏ အလယ်ဗဟိုတွင် မောက်မာစွာထိုင်နေသော ခရိုင်မြို့ဝန် ယန်ရှီကျယ်သည် လီကျစ်က သူ့ရှေ့တွင် ဒူးထောက်ရမည့်အလား စိုက်ကြည့်နေသည်။
မင်မင်းဆက်နှောင်းပိုင်းကာလတွင် အရပ်ဘက်အရာရှိများက စစ်ဘက်အရာရှိများကို အုပ်ချုပ်ကြပြီး စစ်ဘက်အရာရှိများ၏ အဆင့်အတန်းမှာနိမ့်ကျလှသည်။ ဆဋ္ဌမအဆင့်ရှိ တပ်မှူးငယ်တစ်ဦးက သတ္တမအဆင့်ရှိ ခရိုင်မြို့ဝန်တစ်ဦးရှေ့တွင် ဒူးထောက်ရခြင်းမှာ သာမန်ကိစ္စတစ်ခုလိုဖြစ်နေသည်။ သို့သော် လီကျစ်ကမူ သူသည်ဓားပြနှိမ်နင်းရေး ကူညီရန် လာရောက်ခြင်းဖြစ်သည်ဟုသာ တွေးထားသဖြင့် ဘာကြောင့်များသူ့ရှေ့တွင် ဒူးထောက်ရမည်နည်း။ ဝတ်ကျေတမ်းကျေ လက်ယှက်အရိုအသေပေးလိုက်လျှင် လုံလောက်ပြီဟုသာ သတ်မှတ်ထားသည်။
"မြို့ဝန်မင်းကို အရိုအသေပေးပါတယ်"
မြို့ဝန်က လီကျစ် ဒူးမထောက်သည်ကို မြင်သောအခါ သူ၏မျက်နှာပေါ်တွင် မကျေနပ်သည့် အရိပ်အယောင်များပေါ်လာသည်။ သူက မျက်နှာကိုတင်းထားပြီး အတန်ကြာသည်အထိ စကားမပြောဘဲ နေလိုက်သည်။
အခြေအနေက အနေရခက်လာသဖြင့် လီကျစ်က ခပ်အေးအေးပင်...
"မြို့ဝန်မင်း... ဒီနေ့ ကျွန်တော်တို့အတွက် လမ်းပြတစ်ယောက်လောက် စီစဉ်ပေးပါ။ မနက်ဖြန် ဓားပြတွေရှိနိုင်တဲ့ ဆားတောင်ကိုသွားပြီး ဓားပြနှိမ်နင်းရေး လုပ်ပါ့မယ်"
လီကျစ် ဒူးမထောက်သဖြင့် ဒေါသထွက်နေသော မြို့ဝန်သည် လီကျစ်ကို ထိုင်ခုံပင် မပေးချေ။ သူက လီကျစ်ကို တစ်ချက်ကြည့်ကာ သရော်သည့်လေသံဖြင့်...
"ဓားပြနှိမ်နင်းမယ် ဟုတ်လား။ အဲဒီ ရက်စက်ကြမ်းကြုတ်တဲ့ ဓားပြသုံးရာကျော်က အတွေ့အကြုံရင့် ရာဇဝတ်ကောင်တွေကွ။ မင်းရဲ့ လူသစ် တစ်ရာကျော်လေးနဲ့ သူတို့ကို ဘယ်လိုလုပ် နှိမ်နင်းနိုင်မှာလဲ။ မင်း အခြေအနေတွေကို သေသေချာချာ လေ့လာ… အကြောင်းစုံကို နားလည်အောင်လုပ်ပြီးမှ ပြည်နယ်ဘုရင်ခံဆီကို တပ်ကူထပ်တောင်းဖို့ စာမြန်မြန်ရေးလိုက်တာ ပိုကောင်းမယ်ထင်တယ်"
လီကျစ်က တည်ငြိမ်စွာပင်...
"ဒီအမတ်ရဲ့ စစ်သည်တွေက လက်နက်တပ်ဆင်မှု အပြည့်အဝရှိသလို လေ့ကျင့်မှုလည်း ကောင်းကောင်းရထားလို့ ဓားပြတွေကို နှိမ်နင်းဖို့ လုံလောက်ပါတယ်"
မြို့ဝန်က နှာမှုတ်လိုက်ပြီး...
"မင်းရဲ့ ကိုယ်ရံတော်တွေက လက်နက်တပ်ဆင်မှု အပြည့်အဝရှိတယ်ဆိုတော့... သံချပ်ကာဝတ်ထားတာ ဘယ်နှစ်ယောက်လဲ၊ မြင်းကော ဘယ်နှစ်ကောင် ပါလဲ"
လီကျစ်က ရိုးရိုးသားသားပင်...
" စစ်သည်တွေ သံချပ်ကာ မဝတ်ထားပါဘူး။ ပြီးတော့ စစ်ဘက်အရာရှိ အနည်းငယ်ကလွဲရင် ကျန်တဲ့သူတွေမှာ မြင်းမရှိပါဘူး"
မြို့ဝန်က ခေါင်းခါယမ်းလိုက်ပြီး ထပ်မေးပြန်သည်။
"မင်း တပ်မှူးငယ်ရာထူး စယူတာမကြာသေးဘူးလို့ ကြားတယ်။ မင်းရဲ့ ကိုယ်ရံတော်တွေ လေ့ကျင့်နေတာ ဘယ်လောက်ကြာပြီလဲ"
"နှစ်လပါ"
"နှစ်လလေး လေ့ကျင့်ထားပြီး လူနည်းနည်းနဲ့ စစ်တိုက်ထွက်ရဲတယ်ပေါ့လေ..."
ထိုစကားကိုကြားသောအခါ မြို့ဝန်မှာ ဆက်၍မအောင့်ထားနိုင်တော့ဘဲ အသံထွက်၍ပင် ရယ်မောလိုက်လေသည်။ ဘေးတွင် ထိုင်နေသော လက်ထောက်မြို့ဝန်နှင့် မြို့မျက်နှာဖုံးလူကြီးများကလည်း အထင်အမြင်သေးသော အမူအရာများဖြင့်လိုက်၍ ရယ်မောကြသည်။ ခေတ္တအကြာတွင် ခရိုင်မြို့ဝန် ယန်ရှီကျယ်က ရယ်မောခြင်းကို ရပ်တန့်လိုက်ပြီး အေးစက်သော လေသံဖြင့်...
"လီကျစ်... ဒီလောက် အတွေ့အကြုံရင့်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ ဓားပြတွေကို နှိမ်နင်းဖို့ မင်းလို တပ်မှူးငယ်လေးတစ်ယောက်ကို စေလွှတ်လိုက်ရအောင် ပြည်နယ်ဘုရင်ခံက ဘာတွေတွေးနေလဲဆိုတာ ငါ တကယ်ကို နားမလည်နိုင်တော့ဘူး။ မင်း တောင်ပေါ်မှာ သေသွားတာက ကိစ္စမရှိဘူး။ ဒါပေမဲ့ မင်းကြောင့် အဲဒီ ရက်စက်တဲ့ ဓားပြသုံးရာကျော်က ငါတို့ ချင်းယွန်ခရိုင်ကို ပြန်ပြီး လက်စားချေလာရင် မင်း ဘယ်လိုအပြစ်မျိုး ကျူးလွန်ရာကျမလဲ"
မြို့ဝန်၏ သရော်လှောင်ပြောင်မှုကိုကြားသောအခါ လီကျစ်က တည့်တိုးပင်...
" ပြည်နယ်ဘုရင်ခံရဲ့ အမိန့်နဲ့ ဓားပြနှိမ်နင်းဖို့ တပ်ဖွဲ့ကို ဦးဆောင်လာတာပါ။ မြို့ဝန်မင်းအနေနဲ့ လမ်းပြတစ်ယောက်ပဲ စီစဉ်ပေးဖို့လိုပါတယ်။ တခြားစကားတွေကိုတော့ ကျွန်တော် ဓားပြတွေကို နှိမ်နင်းပြီးတဲ့အခါ... ဒါမှမဟုတ် စစ်မြေပြင်မှာ ကျွန်တော်သေသွားတဲ့အခါမှပဲ ဆက်ပြောကြတာပေါ့"
လီကျစ်၏ စကားကို ကြားသောအခါ မြို့မျက်နှာဖုံးလူကြီးများက တစ်ယောက်ကိုတစ်ယောက် အကဲခတ်ကြည့်လိုက်ကြသည်။ ဤစစ်ဘက်အရာရှိမှာ အင်အားမရှိသော်လည်း သေရမည်ကို မကြောက်မရွံ့ ရင်ဆိုင်ဝံ့သော စိတ်ဓာတ်ရှိသည်ကတော့ အနည်းငယ်အထင်ကြီးစရာကောင်းသည်ဟု အားလုံးက တွေးမိလိုက်ကြသည်။
လီကျစ်၏ ဖြောင့်မတ်ပြီး တာဝန်သိသော စကားများကို ကြားရသောအခါ မြို့ဝန်မှာ အနည်းငယ် ရှက်ရွံ့သွားပြီး လီကျစ်အပေါ် အနည်းငယ်မျှ လေးစားမှုရှိလာခဲ့သည်။ သူက သရော်လှောင်ပြောင်မှုများကို ရပ်တန့်လိုက်ပြီး လေးနက်စွာဖြင့်...
"ကောင်းပြီ လီကျစ်... ဘာပဲဖြစ်ဖြစ် မင်းက သေရမှာကို မကြောက်ဘူးပဲ။ မင်းက ဓားပြတွေကို နှိမ်နင်းဖို့ ဒီလောက်တောင်စိတ်ပိုင်းဖြတ်ထားမှတော့ မင်းအတွက် လမ်းပြတစ်ယောက် စီစဉ်ပေးပါ့မယ်"
ယန်ရှီကျယ်က ခန်းမအပြင်ဘက်သို့ လှမ်းအော်လိုက်သည်။
"ချင်လျို... မင်းက လမ်းတွေကျွမ်းကျင်တယ်ဆိုတော့ ပြည်နယ်ဘုရင်ခံ စေလွှတ်လိုက်တဲ့ တပ်မှူးငယ်ကို ဆားတောင်အထိ လမ်းသွားပြလိုက်စမ်း"
တံခါးအပြင်ဘက်ရှိ ချင်လျိုက ထိုစကားကို ကြားသည်နှင့် ဒုတိယခန်းမဆောင်အတွင်းသို့ အလျင်စလိုပြေးဝင်လာကာ ဒူးထောက်ချလိုက်ပြီး ငိုယိုကာ...
"သခင်မင်းကြီး... ဒီအစေခံကိုတော့ သေတွင်းထဲ မပို့ပါနဲ့ဗျာ။ ဒီအစေခံမှာ လုပ်ကျွေးပြုစုရမယ့် အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ မိခင်အိုကြီး ရှိပါသေးတယ်..." ဟု အော်ဟစ်တောင်းပန်လေသည်။
ယန်ရှီကျယ်သည် ချင်လျို၏ သတ္တိကြောင်မှုကို မြင်သောအခါ မျက်နှာပူသွားရသည်။ သူက လီကျစ်ကို တိတ်တဆိတ် အကဲခတ်ကြည့်လိုက်ရာ လီကျစ်၏ မျက်နှာပေါ်တွင် အထင်အမြင်သေးသည့် အရိပ်အယောင်များ မတွေ့ရသဖြင့် အသံကျယ်ကျယ်ဖြင့်...
"ငါက မင်းကို လမ်းပြခိုင်းတာ... စစ်သွားတိုက်ခိုင်းတာမဟုတ်ဘူး။ မင်းက ဘာကို ကြောက်နေတာလဲ"
ချင်လျိုက မြေကြီးပေါ်တွင် ဒူးထောက်လျက်ပင် အသနားခံနေသည်။
"သခင်မင်းကြီး... ဆားတောင်က တောင်ပေါ်ဓားပြတွေက အရမ်းရက်စက်ကြမ်းကြုတ်တာ။ ဒီအစေခံက လမ်းပြပေးနေတာကို သူတို့ မြင်သွားရင် သတ်ပစ်ကြမှာပေါ့..."
လီကျစ်က မတ်တတ်ရပ်လျက်ပင် ချင်လျိုကို တစ်ချက်ကြည့်ကာ ခပ်အေးအေးပင်...
"ချင်လျို... စိတ်မပူပါနဲ့။ မင်း မသေစေရပါဘူး"
မြို့ဝန်သည် မိမိလူ၏ သတ္တိကြောင်မှုကြောင့်အရှက်ကွဲရသဖြင့် ဒေါသတကြီးဖြင့်...
"ချင်လျို... မင်း မသွားဘူးဆိုရင် စစ်မြေပြင်ကနေထွက်ပြေးမှုနဲ့ မင်းကို ကွပ်မျက်ပစ်မယ်"
ချင်လျိုက ဖြူရော်နေသောမျက်နှာဖြင့် မြို့ဝန်ကို မော့ကြည့်လိုက်ပြီး မြေကြီးပေါ်တွင် ဒူးထောက်ကာ ဘာမျှဆက်မပြောရဲတော့ပေ။
လီကျစ်နှင့် မြို့ဝန်တို့သည် စကားအချေအတင် အနည်းငယ်ပြောဆိုပြီးနောက် ဤအရပ်ဘက်အရာရှိများနှင့် မြို့မျက်နှာဖုံးလူကြီးများသည် သူ့အတွက်ကြိုဆိုပွဲ ကျင်းပပေးမည်မဟုတ်ကြောင်း လီကျစ် သိလိုက်သည်။ ထို့ကြောင့် သူက အသံကျယ်ကျယ်ဖြင့်...
"ကောင်းပါပြီ... ဒီနေ့ မြို့ဝန်မင်းကို အနှောင့်အယှက် မပေးတော့ပါဘူး။ ဒီည စစ်သည်တွေနဲ့အတူ မြို့ပြင်မှာပဲတပ်စွဲပြီး မနက်ဖြန် ဓားပြတွေရှိနိုင်တဲ့ ဆားတောင်ကို ဓားပြနှိမ်နင်းရေး လုပ်ပါ့မယ်။ ဒီလမ်းပြ ချင်လျိုကိုတော့ ကျွန်တော် ခေါ်သွားပါ့မယ်"
ထိုသို့ပြောပြီးနောက် လီကျစ်သည် မြေကြီးပေါ်တွင် ဒူးထောက်နေသော ချင်လျိုကို ဆွဲထူကာ ဒုတိယခန်းမဆောင်ထဲမှ ခေါ်ထုတ်သွားလေတော့သည်။
ပြောပြီးသည်နှင့် ပြတ်ပြတ်သားသားထွက်ခွာသွားသော လီကျစ်ကို ကြည့်ရင်း မြို့ဝန်၊ လက်ထောက်မြို့ဝန်နှင့် မြို့မျက်နှာဖုံးလူကြီးများအားလုံး အံ့အားသင့်သွားကြသည်။ ခေတ္တအကြာတွင် လက်ထောက်မြို့ဝန်က...
"လီကျစ်က ဘာလို့ ဒီလောက်တောင် ယုံကြည်ချက်ရှိနေရတာလဲ။ တောင်ပေါ်ဓားပြတွေကို နှိမ်နင်းဖို့ သူ့မှာ တကယ်ပဲ နည်းလမ်းရှိနေလို့များလား"
ဘေးနားရှိ ဒေသခံ မြို့မျက်နှာဖုံးလူကြီးတစ်ဦးက...
"သခင်မင်းကြီး... လီကျစ်က ပြည်နယ်ဘုရင်ခံရဲ့ ဆွေမျိုးလို့ ကျွန်တော်ကြားဖူးတယ်။ ပြည်နယ်ဘုရင်ခံက သူ့ကို ဓားပြနှိမ်နင်းဖို့လွှတ်လိုက်တာဆိုတော့ သူ့မှာ သေချာပေါက် ယုံကြည်ချက်ရှိလို့ နေမှာပေါ့"
လီကျစ်ကို အထင်အမြင်သေးခဲ့သော ခရိုင်မြို့ဝန် ယန်ရှီကျယ်ပင်လျှင်...
"လီကျစ်က တကယ်ပဲ လူသစ်တစ်ရာကျော်လေးနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဓားပြသုံးရာကျော်ကို နှိမ်နင်းနိုင်မှာလား။ ဒါက သိပ်ယုံနိုင်စရာမရှိဘူး မဟုတ်လား"
လူတိုင်းက လီကျစ် ထွက်ခွာသွားရာဘက်သို့ ငေးကြည့်ရင်းစကားမပြောနိုင်ဘဲ ဖြစ်နေကြတော့သည်။
***