ရုတ်တရက် အလစ်အငိုက်တိုက်ခိုက်ခံလိုက်ရသော တောင်ပေါ်ဓားပြများသည် တောင်စောင်းပေါ်တွင် ခြေလှမ်းများ ရပ်တန့်သွားကာ ကြက်သေသေသွားကြသည်။
"မဖြစ်နိုင်ဘူး... ဒီအကွာအဝေးမှာ ဘုရင့်တပ်မတော်ရဲ့ ငှက်ပစ်သေနတ်တွေက ဘယ်လိုလုပ် အသက်အန္တရာယ် ပေးနိုင်မှာလဲ"
သို့သော် သူတို့ သတိမဝင်လာမီမှာပင် ဒုတိယအလှည့် စစ်သည်များက ထပ်မံပစ်ခတ်လိုက်ပြန်သည်။
"ဒုတိယတပ်စု... ပစ်"
ယမ်းမှုန့်များ ပေါက်ကွဲသွားပြီးနောက် မွန်းကြပ်ဖွယ်ကောင်းသော ယမ်းစိမ်းနံ့များသည် သေမင်း၏ အနံ့အသက်ကဲ့သို့ တောင်ထိပ်တစ်ခုလုံး လွှမ်းခြုံသွားတော့သည်။
တောင်စောင်းပေါ်တွင် မလှုပ်မယှက်ရပ်နေကြသော တောင်ပေါ်ဓားပြများသည် အကောင်းဆုံး ပစ်မှတ်များဖြစ်သွားကြသည်။ တိုတောင်းလှသော တောင်ကြားလမ်းတစ်လျှောက် သွေးများ ပန်းထွက်သွားတော့သည်။ တစ်ကြိမ်တည်းပစ်ခတ်မှုဖြင့် ဒုတိယတပ်စု စစ်သည်များသည် တောင်ပေါ်ဓားပြ နောက်ထပ် နှစ်ဆယ့်နှစ်ဦးကို သေကြေဒဏ်ရာရစေခဲ့သည်။
ရိုင်ဖယ်ရှေ့တွင် ဤရက်စက်ကြမ်းကြုတ်သော ဓားပြများမှာ စက္ကူကဲ့သို့ ပျော့ညံ့လွန်းလှသည်။ ကျည်ဆန်ထိမှန်သွားသော တောင်ပေါ်ဓားပြ နှစ်ဆယ့်နှစ်ဦးအနက်အချို့မှာ ခြေလက်များတွင် အပစ်ခံရသဖြင့် မြေကြီးပေါ်တွင် လူးလှိမ့်ကာအော်ဟစ်နေကြသည်။ အချို့မှာမူ ကိုယ်လုံးတွင် အပစ်ခံရသဖြင့် အား… ခနဲ အော်ဟစ်လိုက်ပြီးနောက် အသက်ထွက်သွားကာ တောင်စောင်းပေါ်သို့ ဘုတ် ခနဲ လဲကျသွားကြတော့သည်။
အိပ်မက်မှနိုးလာသကဲ့သို့ဖြစ်သွားသော တောင်ပေါ်ဓားပြများသည် အသံကုန် အော်ဟစ်လိုက်ကြပြီး အချို့မှာ တောင်အောက်သို့ စတင်ထွက်ပြေးကြလေသည်။
တောင်ပေါ်ဓားပြများ၏ ခေါင်းဆောင်ချုပ် တောင်ဖောက် သည် ထွက်ပြေးနေသူတစ်ဦး၏ ကျောကို သူ၏ ဓားဖြင့်ခုတ်ချလိုက်ရာ သွေးများပန်းထွက်သွားတော့သည်။ ထိုသူမှာ အော်ဟစ်ကာ မြေကြီးပေါ်သို့ လဲကျသွားသည်။ တောင်ဖောက်က...
"ငှက်ပစ်သေနတ်တွေက ကျည်ထည့်ရတာနှေးပြီး တစ်ခါပဲပစ်လို့ရတာ။ အပေါ်ကို ဆက်ပြေးတက်ကြ... ငါတို့ နိုင်ပြီ"
သူတို့၏ ခေါင်းဆောင်ကြီးက အားပေးတိုက်တွန်းလိုက်သဖြင့် တောင်ပေါ်ဓားပြများသည် သတ္တိပြန်မွေးကာ တောင်ပေါ်သို့ ဆက်လက်ပြေးတက်လာကြသည်။
သို့ရာတွင် ဤ မီတာတစ်ရာ့ငါးဆယ် အကွာအဝေးရှိ တောင်တက်လမ်းမှာ ဖြတ်သန်းသွားရန် သိပ်မလွယ်ကူလှပေ။
"တတိယတပ်စု... ပစ်"
နားကွဲမတတ် သေနတ်သံများနှင့်အတူ ရိုင်ဖယ်ပြောင်းဝများမှ မည်းမှောင်နေသော မီးခိုးလုံးကြီး သုံးဆယ်ခန့် တစ်လုံးပြီးတစ်လုံး ထွက်ပေါ်လာကာ တောင်ထိပ်တစ်ဝက်ခန့်ကို ဖုံးလွှမ်းသွားတော့သည်။ သေမင်း၏ဖိတ်ခေါ်သံနှင့်တူသော ကျည်ဆန်များသည် မီတာတစ်ရာကျော်အကွာတွင် ရုန်းကန်တက်လှမ်းနေကြသော တောင်ပေါ်ဓားပြများထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြသည်။
မီတာတစ်ရာကျော် အကွာအဝေးတွင် ရိုင်ဖယ်၏ သံချပ်ကာဖောက်ထွင်းနိုင်စွမ်းမှာ အလွန်အားကောင်းလှသည်။ သံချပ်ကာဝတ်ဆင်ထားလျှင်ပင် ခံနိုင်ရည်မရှိနိုင်ရာ တောင်ပေါ်ဓားပြ အများစုမှာ သံချပ်ကာမပါရှိကြသည်ကိုတော့ ဆိုဖွယ်ရာပင်မရှိတော့ပေ။ ဤကျည်ဆန်များသည် တောင်ပေါ်ဓားပြများ၏ ခန္ဓာကိုယ်များအတွင်းသို့ တစ်တောင့်ချင်းစီ တိုးဝင်သွားကြပြီး သူတို့၏ အရေပြားများကို ဖောက်ထွင်းကာ အတွင်းသို့ပိုမိုနက်ရှိုင်းစွာ လည်ပတ်ဝင်ရောက်သွားပြီး သူတို့၏ ကလီစာများကို သွေးစက်စက်ကျနေသော အသားနှစ်များအဖြစ်သို့ ဆွဲဖြဲပစ်လိုက်ကြတော့သည်။
"စတုတ္ထတပ်စု... ပစ်"
စတုတ္ထတပ်စု စစ်သည်များက ခလုတ်ဆွဲလိုက်သည်နှင့် နောက်ထပ်မီးခိုးလုံးကြီးတစ်ခု တောင်ထိပ်မှ ထွက်ပေါ်လာပြန်သည်။
စတုတ္ထတပ်စုရှိ စစ်သည်တစ်ဦးဖြစ်သော ကျန်းချုံ သည် ရှေ့ဆုံးမှ ပြေးတက်လာသော တောင်ပေါ်ဓားပြတစ်ဦးကို ချိန်ရွယ်ထားသည်။ ထိုတောင်ပေါ်ဓားပြမှာ ချည်သားသံချပ်ကာကို ဝတ်ဆင်ထားသဖြင့် ဓားပြခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း ထင်ရှားလှသည်။ ကျန်းချုံက စိတ်ကို စူးစိုက်ကာ ခလုတ်ဆွဲလိုက်သည်။
မီးခတ်သံသည် မီးခတ်ခွက်ကို 'တောက်' ခနဲ ခပ်ဖွဖွ ရိုက်ခတ်သွားသော်လည်း ယမ်းမှုန့်ကို မီးမကူးစေခဲ့ပေ။ သံမဏိမီးခတ်သံများ တပ်ဆင်ထားသော မီးခတ်သေနတ်များသည် မီးကူးနှုန်း ၈၀% ရှိသော်လည်း ယမ်းမှုန့်ကို အမြဲတမ်းအောင်မြင်စွာ မီးမကူးစေနိုင်ပေ။ ကျန်းချုံ၏ ပထမအကြိမ် ပစ်ခတ်မှုမှာ မအောင်မြင်ခဲ့ချေ။
သို့သော် ကျန်းချုံသည် လေ့ကျင့်ရေးများကြောင့် ဤကဲ့သို့သောအခြေအနေမျိုးကို ရင်းနှီးကျွမ်းဝင်နေပြီဖြစ်သည်။ သူက ရိုင်ဖယ်ကို ထိုတောင်ပေါ်ဓားပြခေါင်းဆောင်ထံသို့ ဆက်လက်ချိန်ရွယ်ထားပြီး ဒုတိယအကြိမ် ခလုတ်ဆွဲလိုက်သည်။
'ဒိုင်း' ခနဲ ကျယ်လောင်သော အသံနှင့်အတူ မီးခတ်သံသည် ယမ်းမှုန့်ကို ရိုက်ခတ်သွားကာ မီးတောက်များနှင့် မီးပွားများထွက်ပေါ်လာသည်။ ကျန်းချုံသည် မီးပွင့်သွားမှုကြောင့် ခေတ္တမျှ မျက်စိကျိန်းသွားသဖြင့် မျက်လုံးကိုမှိတ်လိုက်ရသည်။ မျက်လုံးပြန်ဖွင့်လိုက်သောအခါ ထိုခေါင်းဆောင်မှာ တောင်ကြားလမ်းပေါ်တွင် လဲကျနေပြီဖြစ်သည်ကို တွေ့လိုက်ရသည်။
ဤအကွာအဝေးတွင် ချည်သားသံချပ်ကာသည် ကျည်ဆန်ကို မကာကွယ်နိုင်ပေ။
ဤသည်မှာ ကျန်းချုံ၏ ပထမဆုံးအကြိမ် ရန်သူကိုသတ်ဖြတ်ခြင်းဖြစ်သည်။ သူက အနီးရှိ ကျောက်တုံးတစ်တုံးကိုပုတ်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် သူ၏ လုပ်ဖော်ကိုင်ဖက်များကို လှည့်ကြည့်ကာ သူ ရန်သူသတ်လိုက်သည်ကို တစ်ယောက်ယောက်များ သတိထားမိသလားဟု စစ်ဆေးလိုက်သည်။ သို့သော် သူ၏ လုပ်ဖော်ကိုင်ဖက်များအားလုံးမှာ ကျည်ပြန်ထည့်နေကြသဖြင့် မည်သူကမျှ သူ့ကို မကြည့်ကြပေ။ ကျန်းချုံသည် ခေတ္တမျှတန့်သွားပြီးနောက် သူ၏ သံတံကို အလျင်အမြန်ထုတ်ကာ ပြောင်းဝကို ရှင်းလင်းပြီး နောက်တစ်ကြိမ်ပစ်ခတ်ရန် ပြင်ဆင်လိုက်တော့သည်။
စတုတ္ထတပ်စု ပစ်ခတ်ပြီးနောက် နောက်ထပ်တောင်ပေါ်ဓားပြ နှစ်ဆယ်ကျော် တောင်ကြားလမ်းပေါ်တွင် လဲကျသွားပြန်သည်။ ပထမအကြိမ် ပစ်ခတ်မှု လေးလှည့်အပြီးတွင် ရိုင်ဖယ်များသည် တောင်ပေါ်ဓားပြ တစ်ရာနီးပါးကို သတ်ဖြတ်နိုင်ခဲ့သည်။
ရိုင်ဖယ်သည် ဤခေတ်ကာလထက် ကျော်လွန်သော သေစေနိုင်စွမ်းကို ပြသခဲ့သည်။
တောင်ထိပ်မှ သေနတ်များတစ်ပတ်လည် ပစ်ခတ်ပြီးသွားပြီဖြစ်ကြောင်း တောင်ဖောက်က မြင်သောအခါ သွေးရောင်လွှမ်းနေသော မျက်လုံးများဖြင့်...
"သူတို့ရဲ့ ငှက်ပစ်သေနတ်တွေမှာ ကျည်ကုန်သွားပြီ။ အပေါ်ကို ပြေးတက်ကြ... အပေါ်ရောက်ရင် ငါတို့ နိုင်ပြီ"
တောင်ထိပ်မှ မီတာတစ်ရာ့ခုနစ်ဆယ်အကွာတွင် အထိနာနေသော တောင်ပေါ်ဓားပြများသည် အသံကုန် အော်ဟစ်ကာ တောင်ထိပ်ဆီသို့ အစွမ်းကုန် ပြေးတက်လာကြသည်။
တောင်ပေါ်တွင် သောင်းကျန်းနေသော ဤရက်စက်သည့် ဓားပြများသည် မီးခတ်စနစ်ပါရှိသော ရိုင်ဖယ်များ၏ ကျည်ထည့်နှုန်းကို နားမလည်ကြချေ။
စတုတ္ထတပ်စု ပစ်ခတ်ပြီးနောက် ငါးစက္ကန့်၊ ခြောက်စက္ကန့်အကြာတွင် ပထမတပ်စု စစ်သည်များသည် ကျည်ပြန်ထည့်ပြီးနေပြီဖြစ်သည်။ တောင်ပေါ်ဓားပြများ၏ ရှေ့ပြေးတပ်ဖွဲ့နှင့် မီတာတစ်ရာအကွာမှနေ၍ ပထမတပ်စု စစ်သည်များသည် စတင်ချိန်ရွယ်လိုက်ကြသည်။
"ပထမတပ်စု... ပစ်"
တောင်ပေါ်ဓားပြများ ကြက်သေသေနေစဉ်မှာပင် တောင်ထိပ်မှသေနတ်သံများ ထပ်မံထွက်ပေါ်လာပြီး မည်းမှောင်သော မီးခိုးလုံးကြီးများ ထပ်မံထွက်ပေါ်လာကာ ကျည်ဆန် သုံးဆယ့်တစ်တောင့်သည် တောင်ပေါ်ဓားပြများဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြပြန်သည်။
"အား..."
မီတာအနည်းငယ်မျှသာရှည်လျားသော တောင်ကြားလမ်းလေးသည် သတ်ကွင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
တောင်ပေါ်ဓားပြတစ်ဦးမှာ ခေါင်းကိုကျည်ဆန်ထိမှန်သွားရာ အလွန်လျင်မြန်စွာ လည်ပတ်နေသော ကျည်ဆန်က သူ၏ ဦးခေါင်းခွံကို တစ်စစီချေမွပစ်လိုက်ပြီး သွေးများနှင့် ဦးနှောက်အစအနများ ပန်းထွက်သွားတော့သည်။
နောက်ထပ် တောင်ပေါ်ဓားပြတစ်ဦးမှာ ဗိုက်ကိုပစ်ခံရရာ ကျည်ဆန်သည် သူ၏ ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်ပြီးနောက် အရှိန်လျော့ကာ လည်ပတ်သွားသဖြင့် သူ၏ ကျောက်ကပ်နှင့် ဆီးအိမ်တို့ကို အပိုင်းပိုင်းအစစဆွဲဖြဲပစ်လိုက်ရာ သူသည် မြေကြီးပေါ်သို့ ချက်ချင်းပင် ခွေကျသွားတော့သည်။
တောင်ပေါ်ဓားပြတစ်ဦးမှာ ကျည်ဆန်ကြောင့် ပေါင်ရိုးကိုအထိခံရရာ ပေါင်မှာချက်ချင်းပင် ကျိုးသွားတော့သည်။ သူက တောင်စောင်းပေါ်တွင် လဲကျကာ အသံကုန်အော်ဟစ်နေပြီး သူ၏ အော်ဟစ်သံများသည် တောင်ပေါ်ဓားပြများ၏ စိတ်ဓာတ်ကို အကြီးအကျယ် ထိခိုက်စေခဲ့သည်။
တောင်ပေါ်ဓားပြများသည် တစ်ခုခုမှားယွင်းနေပြီဖြစ်ကြောင်း သဘောပေါက်လာကြသည်။ တောင်ထိပ်မှ ပစ်အားသည် အကွာအဝေး ဝေးရုံသာမက ကျည်ထည့်နှုန်းလည်း အလွန်မြန်ဆန်လှသည်။ အချို့သော တောင်ပေါ်ဓားပြများသည် ရှေ့ဆက်တက်ရန် သတ္တိများ တဖြည်းဖြည်းပျောက်ဆုံးလာပြီး နောက်ဆုတ်ရန် စတင်ပြင်ဆင်လာကြကာ ရှေ့မှ သူတို့၏ အပေါင်းအပါများကို တောင်ထိပ်မှ ပစ်ခတ်မှုများ ခံစားရစေရန် တွန်းပို့နေကြသည်။
အလှည့်တစ်လှည့် စတင်ပစ်ခတ်တိုင်း တောင်ပေါ်ဓားပြ တစ်စုသည် တောင်ကြားလမ်းပေါ်တွင် လဲကျသွားကြသည်။ ရိုင်ဖယ်သည် မြက်ရိတ်စက်တစ်ခုကဲ့သို့ တောင်ကြားလမ်းပေါ်ရှိ တောင်ပေါ်ဓားပြများ၏ အသက်များကို ရက်စက်စွာ ရိတ်သိမ်းနေတော့သည်။
တောင်ပေါ်ဓားပြတစ်ဦး မည်မျှပင်ရက်စက်ကြမ်းကြုတ်ပါစေ… မည်မျှပင် သိုင်းပညာ ကျွမ်းကျင်ပါစေ… မည်မျှပင် တိုက်ရည်ခိုက်ရည်ရှိပါစေ... ရိုင်ဖယ်ရှေ့တွင်တော့ တစ်ချက်တည်းနှင့် ပြီးဆုံးသွားရုံသာဖြစ်သည်။
ဆားတောင်မှ တောင်ပေါ်ဓားပြများသည် ရိုင်ဖယ်၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကို ပထမဆုံးခံရသူများဖြစ်လာကြသည်။ ဤရိုင်ဖယ်၏အစွမ်းကို တောင်ပေါ်ဓားပြများ သဘောပေါက်လာချိန်တွင်တော့ အရာအားလုံး နောက်ကျသွားခဲ့ပြီဖြစ်သည်။
တောင်ပေါ်ဓားပြများသည် ဆက်လက်တိုက်ခိုက်ရန် သတ္တိများပျောက်ဆုံးသွားကြပြီး တစ်ယောက်ပြီးတစ်ယောက် နောက်လှည့်ကာ တောင်အောက်သို့ထွက်ပြေးကြလေတော့သည်။ အလွန်တရာ ရက်စက်ကြမ်းကြုတ်လှသော ဓားပြခေါင်းဆောင် တောင်ဖောက်ပင်လျှင် ဆက်လက်တက်လှမ်းခြင်းက ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းသာ ဖြစ်လိမ့်မည်ဟု နားလည်သွားသဖြင့် သူ၏ ဓားကို ကိုင်ကာ သူတို့လာခဲ့သော လမ်းအတိုင်း နောက်သို့ အတင်းပြေးတော့သည်။
"ပထမတက်စု... ပစ်"
ကျည်ဆန်များသည် သူတို့၏ ကျောပြင်များ၊ နောက်စေ့များနှင့် ပေါင်များကို ထိမှန်သွားကြသည်။ တောင်ပေါ်ဓားပြများသည်အော်ဟစ်ကာ တောင်စောင်းပေါ်တွင် လဲကျသွားကြသည်။ တောင်ထိပ်မှ မိုးရွာချသကဲ့သို့ ပစ်ခတ်မှုများကြောင့် တောင်ပေါ်ဓားပြများသည် တောင်ကြားလမ်းတစ်လျှောက်တွင် အလောင်းပေါင်းများစွာကို ချန်ရစ်ထားခဲ့ရသည်။
တောင်ပေါ်ဓားပြများသည် တိုက်ခိုက်လိုစိတ် လုံးဝပျောက်ဆုံးသွားကြပြီဖြစ်သည်။ သူတို့၏ လက်နက်များအားလုံးကို လွှင့်ပစ်ခဲ့ကြပြီး သံချပ်ကာဝတ်ထားသူများပင်လျှင် ခမောက်များကို ချွတ်ပစ်ကာ မြန်မြန်ပြေးနိုင်ရန်သာ ဆန္ဒရှိနေကြတော့သည်။
သူတို့သည် သတ်ဖြတ်ခြင်းစတင်ခဲ့သော မီတာတစ်ရာ့ငါးဆယ် အကွာအဝေး သေနတ်များ၏ ပစ်ကွင်းပြင်ပဟု သူတို့ ယုံကြည်ထားသော နေရာသို့ ထွက်ပြေးချင်နေကြသည်။
သို့သော် ရိုင်ဖယ်သည် မီတာတစ်ရာ့ငါးဆယ် အကွာအဝေးကျော်လွန်လျှင်ပင် အလွန်ကောင်းမွန်သော ထိမှန်နှုန်း ရှိနေသေးကြောင်းကို သူတို့ မသိကြချေ။
အခြေခံအားဖြင့် ရိုင်ဖယ်သည် ပင်ကိုယ်အားဖြင့် အဝေးပစ် တိကျသော သေနတ်တစ်လက်ဖြစ်သည်။ ၁၈၆၄ ခုနှစ် အမေရိကန်ပြည်တွင်းစစ်အတွင်း တောင်ကာရိုလိုင်းနား ရိုင်ဖယ်တပ်ဖွဲ့မှ တောင်ပိုင်းစနိုက်ပါတစ်ဦးဖြစ်သူ ဘင်ပါဝဲလ် သည် ရိုင်ဖယ်ကို အသုံးပြု၍ မြောက်ပိုင်းတပ်ဖွဲ့မှ ဗိုလ်ချုပ် ဂျွန်ဆက်ဝစ်ခ် အား ကိုက် ၅၀၀ ကျော် (၄၅၇ မီတာ) အကွာအဝေးမှနေ၍ ပစ်သတ်နိုင်ခဲ့သည်။
တောင်ပိုင်းစနိုက်ပါများသည် ရိုင်ဖယ်ဖြင့် မီတာ ၄၀၀ ကျော်အထိ ပစ်သတ်နိုင်ခဲ့သည်ဆိုလျှင် လီကျစ်၏ ရိုင်ဖယ်တပ်ဖွဲ့သည်လည်း မီတာတစ်ရာ့ငါးဆယ် သို့မဟုတ် မီတာနှစ်ရာအကွာအဝေးမှ တောင်ပေါ်ဓားပြများကို သေချာပေါက်ပစ်သတ်နိုင်ပေမည်။ အဓိက ပြဿနာမှာ လီကျစ်၏ ရိုင်ဖယ်များတွင် မှန်ပြောင်းများမတပ်ဆင်ထားဘဲ တောင်ပေါ်ဓားပြများမှာလည်း အလွန်ဝေးကွာနေသဖြင့် သံချိန်ခွင်လေးများဖြင့်သာ တိကျစွာ ချိန်ရွယ်ရန် ခက်ခဲခြင်းဖြစ်သည်။
ထို့ပြင်အဝေးမှ ရွေ့လျားနေသော ပစ်မှတ်ကိုပစ်ခတ်ခြင်းက တိကျမှုကို သိသိသာသာ လျော့ကျစေသည်။
သို့သော် တောင်ကြားလမ်းမှာ ပစ်ခတ်သူများ၏ ပစ်ခတ်မှုထောင့်နှင့် ထောင့်မှန်နီးပါး ကျနေသည်။ တောင်ကြားလမ်းပေါ်တွင်ထွက်ပြေးနေသော တောင်ပေါ်ဓားပြများမှာ ရိုင်ဖယ်၏ ချိန်ခွင်ပေါက်မှတစ်ဆင့်ကြည့်လျှင် ဘေးတိုက်ရွေ့လျားမှု အလွန်နှေးကွေးနေပုံရပြီး ငြိမ်သက်နေသကဲ့သို့ပင် ဖြစ်နေသည်။ ထို့ကြောင့် ရိုင်ဖယ်များသည် ဤအကွာအဝေးတွင်ပင် အသေအပျောက်များစွာ ဖြစ်ပေါ်စေနိုင်သေးသည်။
တောင်ပေါ်ဓားပြများသည် မီတာနှစ်ရာအကွာအထိ ထွက်ပြေးသွားကြသော်လည်း သတ်ဖြတ်မှုက ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ တောင်ကြားလမ်းတွင် အလောင်းများပြန့်ကျဲနေပြီး မျှော်လင့်ချက်မဲ့နေသော တောင်ပေါ်ဓားပြများသည်မြေကြီးပေါ်ရှိ အလောင်းများကိုပင် ခလုတ်တိုက်မိနေကြသည်။
တောင်ဖောက်သည် သူ၏ဘေးပတ်လည်တွင် တောင်ပေါ်ဓားပြများ အဆက်မပြတ် လဲကျနေသည်ကို ကြည့်ရင်း သူ၏ ရင်ထဲတွင် ဖော်ပြ၍မရနိုင်လောက်သော ကြောက်ရွံ့ထိတ်လန့်မှုများ ပြည့်နှက်နေတော့သည်။
သူ ချာယွင် တောင်ထိပ်တွင် အလံထူပြီး အင်အားစုစည်းခဲ့ချိန်မှစ၍ ဤမျှဆိုးရွားသော ဆုံးရှုံးမှုမျိုး မည်သည့်အခါက ကြုံဖူးခဲ့သနည်း။ ပြီးခဲ့သည့်အကြိမ်က ခရိုင်မြို့တံခါးအထိ တိုက်ခိုက်ပြီး ခရိုင်မြို့ဝန်၏ လေးသည်တော်တပ်ဖွဲ့ကို အနိုင်ယူခဲ့စဉ်ကပင် သူ၏ အကောင်းဆုံးလူ သုံးယောက်သာ ဆုံးရှုံးခဲ့ရသည်။ ဤခရိုင်တွင် တောင်ဖောက်သည် စစ်ဘုရင်တစ်ဦးကဲ့သို့ ဖြစ်နေပြီဖြစ်သည်။ သူသည် ရွာများကိုလုယက်ရန် လက်တစ်ချောင်းမျှပင် လှုပ်ရှားစရာမလိုဘဲ လူတစ်ယောက်လွှတ်လိုက်ရုံဖြင့် သူတို့က ငွေကြေးနှင့် ပစ္စည်းများကို လိမ္မာစွာ လာရောက်ဆက်သကြသည်။
သို့သော် ယနေ့တွင် လက်ဖက်ရည်တစ်ခွက်သောက်ချိန်အတွင်းမှာပင် သူ၏ ညီအစ်ကို တစ်ရာကျော်ကို ဤတောင်စောင်းပေါ်တွင် ချန်ရစ်ခဲ့ရပြီဖြစ်သည်။ သူသည် အမြဲတမ်း သူတစ်ပါး၏ စည်းစိမ်ကို လုယက်၊ သားမယားများကို စော်ကားပြီး သူတစ်ပါးကို သတ်ဖြတ်ခဲ့သူဖြစ်သည်။ သူ ဤမျှလောက် အခြေအနေဆိုးရွားခဲ့ရသည်က ဘယ်တုန်းကများလဲ။
ယခုအခါ သူသည် မိမိအသက်ပင် ရှင်မရှင်မသိရလောက်အောင် မျှော်လင့်ချက်မဲ့နေပြီ ဖြစ်သည်။ သူသည် တောင်ထိပ်မှ ခြေလှမ်းတစ်ရာ့သုံးဆယ် တစ်ရာ့လေးဆယ်ခန့် ကွာဝေးနေပြီဖြစ်သော်လည်း တောင်ထိပ်ရှိငှက်ပစ်သေနတ်များက သူ၏ ညီအစ်ကိုများ၏ အသက်များကို နုတ်ယူနေဆဲပင်ဖြစ်သည်။
ဒါ ငှက်ပစ်သေနတ် မဟုတ်ဘူး... ဒါ နတ်လက်နက်တွေပဲ။ ဒီ ဘုရင့်တပ်မတော် စစ်သည်တွေက ဘယ်ကများ ရောက်လာကြတာလဲ။ ချင်းယွန်ခရိုင်ကို ငါးနှစ် ခြောက်နှစ်လောက် လွှမ်းမိုးထားခဲ့တဲ့ ငါက ဒီနေ့ ဒီနေရာမှာ သေရဖို့ ကံပါလာတာလား။
တောင်ဖောက်က နောက်ကိုမလှည့်ကြည့်ဘဲ မနေနိုင်တော့ဘဲ တောင်ထိပ်တွင် တိုက်ပွဲကို ကွပ်ကဲနေသော စစ်ဘက်အရာရှိ လီကျစ်ကို မြင်လိုက်ရသည်။ သူ့ကို အနိုင်ယူခဲ့သော ထိုစစ်ဘက်အရာရှိမှာ အလွန်တရာ ငယ်ရွယ်လွန်းလှသည်။
'ဒိုင်း' 'ဒိုင်း' 'ဒိုင်း... ဒိုင်း... ဒိုင်း...'
သေနတ်သံအချို့ ထွက်ပေါ်လာသည်။ တောင်ဖောက် ခြေလှမ်းနှေးသွားသည်ကို မြင်သောအခါ စစ်သည်အချို့က သူ့ကို ချိန်ရွယ်ကာ ပစ်ခတ်လိုက်ကြသည်။
တစ်ချက်က တောင်ဖောက်ကို ထိမှန်သွားသည်။ ကြီးမြတ်လှသော တောင်ပေါ်ဓားပြ ခေါင်းဆောင်ကြီးမှာ နောက်စေ့ကိုအပစ်ခံလိုက်ရခြင်းဖြစ်သည်။ ကျည်ဆန်သည် တောင်ဖောက်၏ ဦးခေါင်းအတွင်းသို့ ဝင်ရောက်သွားကာ သူ၏ အသက်ကို ချက်ချင်းပင်အဆုံးသတ်ပစ်လိုက်သည်။ သူက ရှေ့သို့ မှောက်လျက် လဲကျသွားကာ သွေးအိုင်ထဲသို့ ဘုတ် ခနဲ ကျသွားတော့သည်။
ဤမြင်ကွင်းကိုမြင်သောအခါ အခြားတောင်ပေါ်ဓားပြများမှာ အလွန်တရာ တုန်လှုပ်သွားကြသော်လည်း မည်သူကမျှ ရပ်တန့်ကာ တောင်ဖောက်ကို ကူညီရန် မဝံ့ရဲကြပေ။
တောင်ပေါ်ဓားပြခေါင်းဆောင် လဲကျသွားသည်ကို မြင်သောအခါ လီကျစ်၏ စစ်သည်များက အောင်ပွဲခံ အော်ဟစ်လိုက်ကြသည်။ လီကျစ်သည် ဒုတိယတပ်မှူးကြီးရာထူးကို မိမိလက်ထဲ ရောက်နေပြီဟု မြင်ယောင်လာသကဲ့သို့ ဂုဏ်ယူဝင့်ကြွားစွာဖြင့် လေချွန်လိုက်သည်။
သူတို့၏ ခေါင်းဆောင်ကြီးသေဆုံးသွားသောအခါ အသက်ရှင်ကျန်ရစ်သူ တောင်ပေါ်ဓားပြများမှာ ပို၍ပင်ရူးသွပ်လာကြတော့သည်။
ထွက်ပြေးနေဆဲဖြစ်သော တောင်ပေါ်ဓားပြ တစ်ရာခန့်သည် တောင်ထိပ်မှ ရိုင်ဖယ်များကြောင့် ရူးမတတ်ဖြစ်နေကြသည်။ သူတို့သည် မီတာနှစ်ရာအကွာအထိ ထွက်ပြေးသွားသော်လည်း ရိုင်ဖယ်များက သူတို့ကို လိုက်လံပစ်ခတ်နေဆဲပင်ဖြစ်သည်။ နောက်ဆုံးတွင် သူတို့သည် တောင်အောက်သို့ ဆက်ပြေးမည့်အကြံကို စွန့်လွှတ်လိုက်ကြပြီး ဖြတ်သန်းရန်မဖြစ်နိုင်သလောက် ခက်ခဲသော ချောက်ကမ်းပါးများနှင့် သစ်တောများအတွင်းသို့ ဝင်ရောက်သွားကြကာ မတ်စောက်သော ချောက်ကမ်းပါးများကို လေးဘက်ထောက်၍ တွယ်တက်ကြတော့သည်။
လီကျစ်သည် ဤထွက်ပြေးနေသော တောင်ပေါ်ဓားပြများကို လွတ်မြောက်ခွင့်ပေးမည် မဟုတ်ပေ။ အမိန့်ပေးလိုက်သည်နှင့် စစ်သည်များသည် သူတို့၏ ရိုင်ဖယ်များကို မြှောက်ကာ တောင်ထိပ်မှ ပြေးဆင်းသွားကြပြီး တောင်စောင်းသို့သွားရောက်ကာ ချောက်ကမ်းပါး သစ်တောများအတွင်း ခက်ခက်ခဲခဲတွယ်တက်နေကြသော တောင်ပေါ်ဓားပြများကို ပစ်ခတ်ကြတော့သည်။ သေနတ်များတစ်ပတ်လည် ပစ်ခတ်ပြီးနောက် တွယ်တက်ရန်ခက်ခဲသော ချောက်ကမ်းပါးများပေါ်တွင် တောင်ပေါ်ဓားပြ လေးဆယ်ကျော် လဲကျသွားကြသည်။
နောက်ဆုံးကျန်ရစ်သော တောင်ပေါ်ဓားပြ ငါးဆယ်ခန့်သည် ဝေးကွာသောနေရာများသို့ ရောက်ရှိသွားကြပြီး သစ်ပင်များက အမြင်အာရုံကို ကွယ်ထားသဖြင့် လီကျစ်က ဆက်လက်လိုက်လံ ဖမ်းဆီးခြင်း မပြုတော့ပေ။
တိုက်ပွဲမှာ အောင်ပွဲခံနိုင်ခဲ့ပြီဖြစ်ရာ စစ်သည်များသည် အသံကုန်အော်ဟစ်ကာ လက်ခုပ်တီး၍ အောင်ပွဲခံကြလေသည်။
သို့သော် အောင်ပွဲခံမှုပြီးနောက် စစ်သည်များ တည်ငြိမ်သွားကြသည်။ သွေးရောင်လွှမ်းနေသော စစ်မြေပြင်ကို ကြည့်ကာ အချို့မှာ စတင်အန်ကြတော့သည်။
စစ်မြေပြင်တွင် အလောင်းများ ဟိုတစ်စ သည်တစ်စ ပြန့်ကျဲနေသည်။ ခြေလက်များ ကျိုးပဲ့နေသူအချို့မှာ လုံးဝ မသေသေးဘဲ အလောင်းများဘေးတွင် အော်ဟစ်ညည်းတွားနေကြသည်။ သူတို့၏ အော်ဟစ်သံများသည် ငရဲပြည်ရောက်နေသကဲ့သို့ ခံစားရစေသည်။ ပြတ်တောက်နေသော ခြေလက်များ နေရာအနှံ့ရှိနေပြီး သွေးညှီနံ့များကလည်း ပျို့အန်ချင်စရာ ကောင်းလှသည်။ သွေးများ နေရာအနှံ့ရှိနေကာ တောင်ကြားလမ်းတွင်စုပုံနေပြီး တောင်အောက်သို့ စမ်းချောင်းငယ်လေးတစ်ခုကဲ့သို့ စီးဆင်းနေသည်။
ဤသည်မှာ တိုက်ပွဲတစ်ခု မဟုတ်ပေ။ ရိုင်ဖယ်က တိုက်ပွဲကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်ခြင်းဖြစ်သည်။
ဤခေတ်ကာလသို့ ကူးပြောင်းလာပြီးနောက် လီကျစ်၏ ပထမဆုံးတိုက်ပွဲမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခုဖြင့် အဆုံးသတ်သွားခဲ့ပြီး ကြီးကျယ်ခမ်းနားသော အောင်ပွဲတစ်ခုကို ရရှိခဲ့လေသည်။
***