ရွှီရန်၏ မျက်ဝန်းများထဲတွင် ရုတ်တရက်ဆိုသလို လက်ခနဲ လင်းလက်သွားသော စိတ်ကူးသစ်တစ်ခုမှာ အလွန်ပင် စိတ်လှုပ်ရှားဖွယ် ကောင်းလှသည်။
သူ အသေအချာ ပြန်လည်သုံးသပ်ကြည့်သည့်အခါ ဤအစီအစဉ်မှာ လုံးဝဖြစ်နိုင်ခြေရှိသည်ဟု ထင်ရသော်လည်း အနီးကပ် ထပ်မံစစ်ဆေးကြည့်သောအခါ၌မူ သေလောက်အောင် ပြင်းထန်သော အားနည်းချက်များစွာ ရှိနေသည်ကို တွေ့လိုက်ရပြန်သည်။
သူ ပိုမိုတွေးတောလေလေ ရွှီရန်၏ စိတ်ထဲတွင် ဤအစီအစဉ်မှာ အားကိုး၍မရနိုင်ဘူးဟု ပိုမိုခံစားလာရလေလေပင်။
အဘယ်ကြောင့်ဆိုသော် သူ့ကို ချောင်းမြောင်းတိုက်ခိုက်ခဲ့သော ထိုနတ်ဘုရားအဆင့်သတ္တဝါကြီးနှင့် ပတ်သက်၍ သူ ဘာတစ်ခုမှ မသိရှိသောကြောင့်ပင်။
အမှန်တကယ်ပင် သူသည် ကျားပါးစပ်မှ သီသီလေး လွတ်မြောက်ခဲ့ခြင်း ဖြစ်သော်လည်း ထိုနတ်ဘုရားအဆင့် မိစ္ဆာကြီးမှာ သူ့ကိုဖမ်းရန် ထောင်ချောက်ဆင်၍ စောင့်ကြပ်နေမလား သူမသိပေ။
“ငါ့ရဲ့ အစီအစဉ်က အပြစ်ပြောစရာမရှိအောင် ပြည့်စုံသွားဖို့အတွက် အရန်အစီအမံတချို့ကို စဉ်းစားဖို့ လိုအပ်နေပြီ”
“ပထမဆုံး သိထားရမှာက ထူးဆန်းတဲ့ ဧရာမသစ်ပင်ကြီးတစ်ပင်နဲ့တစ်ပင်က အတော်ဝေးဝေးမှာ ရှိကြတာ။ အပင်တစ်ထောင်လောက်ရှိတဲ့ နယ်မြေက ပြည်နယ်နှစ်ခုစာလောက် ကျယ်ဝန်းပြီး အပင်တစ်သောင်းဆိုရင်တော့ ပြည်နယ်နှစ်ဆယ်စာလောက် ရှိလိမ့်မယ်။ ဒီလောက် ကျယ်ပြောလှတဲ့ နယ်မြေထဲမှာ နတ်ဘုရားအဆင့် သတ္တဝါတစ်ကောင်တည်းနဲ့ မျက်စိတစ်မှိတ်အတွင်း ရောက်လာဖို့ဆိုတာ မဖြစ်နိုင်ဘူး...”
ရွှီရန်၏ ဤသို့သော ဆန်းစစ်ချက်မှာလည်း ကျိုးကြောင်းဆီလျော်မှု ရှိနေသည်။ ပထမဆုံး သစ်ပင်မိစ္ဆာကို သူ သတ်ဖြတ်ပြီးနောက်တွင် ထိုနတ်ဘုရားအဆင့် သတ္တဝါသည် သူရှိရာကို ရှာဖွေတွေ့ရှိရန်အတွက်ပင် ရက်သတ္တပတ် နှစ်ပတ်ခန့် အချိန်ယူခဲ့ရသည်။
ထို့အပြင်စောင့်ကြပ်နေသော သေမင်းလောက်ကောင်အသတ်ခံလိုက်ရပြီး ရွှီရန်က သစ်သားအနှစ်ကို ထုတ်ယူနေသည့် အချိန်ကျမှသာ ထိုမိစ္ဆာကြီးက တိုက်ခိုက်မှုကို စတင်ခဲ့ခြင်းပင်။
ထိုစဉ်က ရွှီရန်သည် ကိုယ်ယောင်ဖျောက်ခြင်းအတတ်ကို အသုံးပြုနေသော်လည်း နတ်ဘုရားအဆင့် သတ္တဝါအနေဖြင့် သူ အနီးအနားမှာ ရှိနေမည်ဖြစ်ကြောင်း ခန့်မှန်းမိသွားခြင်းပင်။
ထို့ကြောင့်ပင် မည်သည့်နေရာမှန်း အတိအကျမသိဘဲ အကုန်လုံးကို သိမ်းကျုံးတိုက်ခိုက်ခဲ့ခြင်းပင်။
ဤအသေးစိတ်အချက်အလက်များကို ကြည့်ခြင်းအားဖြင့် သူ၏ ပြည့်စုံလှသော ကိုယ်ယောင်ဖျောက်ခြင်းအတတ်မှာ အမှန်တကယ်ပင် ချီးကျူးဖွယ်ကောင်းကြောင်း ထင်ရှားလှသည်။
နတ်ဘုရားအဆင့် သတ္တဝါတွေဆိုတာတောင် သူတို့မှာ အားနည်းချက်တွေ ရှိနေနိုင်တာပဲ။ ကောင်းကင်ဘုံက ပြဌာန်းထားတဲ့ နိယာမအရ ဘယ်အရာမှ အပြစ်အနာအဆာ ကင်းနေမှာ မဟုတ်ဘူး။ အဲဒီလို အခွင့်အရေးမျိုး ရှိနေတာကို ငါက ဘာလို့ အသုံးမချဘဲ နေရမှာလဲ။
ရွှီရန်၏ အကြံအစည်မှာ အခြားသော သစ်တောတစ်ခုသို့ သွားရောက်ကာ စက္ကူခေါက်
အတတ်ကို အသုံးပြု၍ သစ်ပင်မိစ္ဆာတစ်ကောင်ကို ဖန်တီးရန် ဖြစ်သည်။ ထို့နောက် ထိုသစ်ပင်
မိစ္ဆာ၏ အငွေ့အသက်နှင့် တည်ရှိမှုကို အတုယူဖန်တီးပြီး သစ်သားအနှစ်ကို ပေါ်တင် ထုတ်ယူနေစေမည် ဖြစ်ပြီး သူ၏ ကိုယ်ထည်အစစ်မှာမူ မီတာ ၅၀၀ အကွာ၌ ပုန်းအောင်းကာ အခြေအနေကို စောင့်ကြည့်နေမည် ဖြစ်သည်။
စက္ကူရုပ်စစ်သည်တော်က သစ်သားအနှစ်များကို သယ်ယူပို့ဆောင်ရာတွင် ကူညီပေးပေလိမ့်မည်။
ဤနည်းလမ်းဖြင့်ဆိုလျှင် စောင့်ကြပ်နေသော မိစ္ဆာကို သတ်ရန်မလိုဘဲ အသံဗလံများကို လျှော့ချနိုင်သလို သွေးညှီနံ့များကိုလည်း ပယ်ဖျက်နိုင်မည်ဖြစ်ရာ ဘေးကင်းလုံခြုံမှုကို များစွာ မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။
ဤသို့ တွေးတောရင်း ရွှီရန်က ဆုံးဖြတ်ချက်တစ်ခု ချလိုက်တော့သည်။
သူသည် လမ်းကြောင်းကို အဝေးကြီးမှ ပတ်ခဲ့ပြီး ဆယ်ရက်တိုင်တိုင် လေအဟုန်ဖြင့် ပြေးလွှားကာ သစ်တော၏ အလယ်ဗဟိုပိုင်းသို့ ရောက်ရှိရန် အစွမ်းကုန် ကြိုးစားခဲ့သည်။
ဤအတောအတွင်း သူသည် တစ်ချက်ကလေးမျှ မနားခဲ့ပေ။
တစ်နေ့လျှင် ဆယ်နာရီနှုန်းဖြင့် အဆက်မပြတ် ခရီးနှင်ခဲ့ပြီး တစ်နာရီလျှင် ကီလိုမီတာ ၄၀ အရှိန်ဖြင့် တစ်နေ့လျှင် ပြည်နယ်တစ်ခုခွဲစာခန့် ခရီးပေါက်ခဲ့သည်။ နောက်ဆုံးတွင် သူ့ကို နတ်ဘုရားအဆင့် သတ္တဝါ တိုက်ခိုက်ခဲ့သည့် နေရာမှ ကီလိုမီတာ ၄၀၀၀ အကွာသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
တရုတ်ပြည်၏ တောင်ဘက်အစွန်းမှ မြောက်ဘက်အစွန်းအထိပင်လျှင် ၅၅၀၀ ကီလိုမီတာသာ ရှိသည်။
ဝန်ခံရမည်ဆိုလျှင် အားသွန်ခွန်စိုက် ကြိုးစားသူတစ်ဦး၏ စိတ်ပိုင်းဖြတ်မှုမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။ သူ ခရီးသွားရန် ဆုံးဖြတ်လိုက်သည်နှင့် မရမက သွားတော့ခြင်းပင်။
ရွှီရန်သည် ရက်ပေါင်း ၁၀၅ တိုင်တိုင် လေ့ကျင့်မှုများကို ပြုလုပ်ခဲ့သည်။ ပထမ ၁၅ ရက်မှာ ခရီးသွားခဲ့ပြီး အလယ်ပိုင်း ရက် ၆၀ မှာ ပျော်ရွှင်စွာ ပျံသန်းခဲ့ကာ နောက်ပိုင်း ရက် ၂၀ မှာမူ ထူးဆန်းသော ဧရာမသစ်ပင်ကြီးများကိုသာ ရှာဖွေခဲ့သည်။ ယခု ဆယ်ရက်အတွင်းမှာမူ နတ်ဘုရားအဆင့် သတ္တဝါနှင့် အဝေးဆုံးသို့ ရောက်ရှိရန် အသည်းအသန် ပြေးလွှားနေခဲ့သည်။
အချိန်တစ်ဝက်ကျော်မှာ ခရီးသွားရင်းနှင့်ပင် ကုန်ဆုံးခဲ့ရကာ လေ့ကျင့်ရေးဆိုသည်မှာ အမှန်
တကယ်ပင် မလွယ်ကူပေ။
ညစ်ညမ်းဧရိယာ၏ အနက်ရှိုင်းဆုံးနေရာများသို့ စွန့်စားသွားလာရခြင်းမှာ ပို၍ပင် ခက်ခဲလှသည်။ ကံကောင်းထောက်မစွာဖြင့် သူသည် သူဘာသာ အဆောင်တံဆိပ်များ ရေးထိုးနိုင်စွမ်းရှိသောကြောင့်သာ ဤမျှကာလပတ်လုံး ကြံ့ကြံ့ခံနိုင်ခဲ့ခြင်းပင်။
ရွှီရန်မှာမူ အတော်ပင် စိတ်မသက်မသာ ဖြစ်နေမိသည်။
အလွန်တန်ဖိုးရှိလှသော အချိန်များကို ခရီးသွားလာရင်းနှင့်ပင် အကုန်အဆုံးခံလိုက်ရသည်။
အကယ်၍သာ သူ၏ သွေးစွမ်းအင်မှာ ၈ သန်းခန့် ရှိနေခဲ့မည်ဆိုပါက သူ့ကို တိုက်ခိုက်ခဲ့သော ထိုနတ်ဘုရားအဆင့်မိစ္ဆာကြီးကို ထိုနေရာမှာတင် နောင်တရသွားအောင် ဆုံးမပစ်လိုက်မည် ဖြစ်သည်။
“ငါက အစွမ်းမထက်သေးဘူး။ ဒါကြောင့် ပိုပြီး ကြိုးစားရဦးမယ်။ အခုထိတော့ ငါက အနိုင်မရနိုင်တဲ့သူ မဟုတ်သေးဘူး”
ရွှီရန်သည် သူ၏အကြည့်များကို စူးစိုက်လိုက်သည်။
မနီးမဝေးသော နေရာ၌ ကောင်းကင်ယံသို့ ထိုးတက်နေသည့် ထူးဆန်းသော ဧရာမသစ်ပင်ကြီးတစ်ပင်ကို သူ မြင်တွေ့လိုက်ရ၏။
သူသည် စက္ကူရုပ်တစ်ခုကို ပစ်ထုတ်လိုက်ရာ သုံးမီတာခန့် မြင့်မားသော သစ်ပင်မိစ္ဆာပုံသဏ္ဌာန်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် သူသည် မီတာ ၃၀၀ အကွာအဝေးမှနေ၍ သစ်ပင်မိစ္ဆာ၏ အငွေ့အသက်မျိုးကို အတုယူဖန်တီးလျက် ထုတ်လွှတ်လိုက်သည်။
စောင့်ကြပ်နေသော သားရဲမှာ ချက်ချင်းပင် တုန်လှုပ်သွားပြီး မြေပြင်ပေါ်၌ ဝပ်စင်းလျက် မလှုပ်ရဲတော့ပေ။
သဘာဝလောကတွင် အင်အားကြီးမားမှုမှာ အထွတ်အထိပ်ပင်။ သွေးစွမ်းအင် သုံးဆခန့် ကွာခြားရုံမျှဖြင့် သွေးမျိုးဆက်ဆိုင်ရာ ဖိနှိပ်မှုကို ဖြစ်ပေါ်စေနိုင်ပြီး စောင့်ကြပ်နေသော သားရဲကို အသက်ရှူရုံမျှပင် ခက်ခဲသွားစေခဲ့သည်။
၎င်းသည် မူလကပင် သစ်ပင်ဘုရင်ကို အလွန်ရိုသေလေးစားရကာ အဘယ်ကြောင့်ဆိုသော် သစ်ပင်ဘုရင်က ၎င်းတို့အား ကောင်းမွန်သော နယ်မြေများကို ခွဲဝေပေးထားသောကြောင့်ပင်။
ယခုအခါ သစ်ပင်ဘုရင်ကိုယ်တိုင် ဧရာမသစ်ပင်ကြီးကို လာရောက်ကြည့်ရှုစောင့်ရှောက်သည်ဆိုပါက ၎င်းအနေဖြင့် ခွေးတစ်ကောင်ကဲ့သို့ ရိုသေကိုင်းညွတ်စွာ နေထိုင်ရမည်မှာ ဓမ္မတာပင်။
အတုအယောင် သစ်ပင်ဘုရင်သည် အမူအရာအပြည့်ဖြင့် ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ရှုဟန် ပြုလုပ်လိုက်သည်။ ထို့နောက် ကျွမ်းကျင်စွာပင် သစ်ပင်ပေါ်၌ အပေါက်အသေးလေးတစ်ခု ဖောက်ကာ သစ်သားအနှစ်ကို ထုတ်ယူလိုက်ပြီးနောက် လေထဲသို့ ပျံတက်သွားခဲ့သည်။ စောင့်ကြပ်နေသော သားရဲ၏ ဦးခေါင်းကြီးကို တစ်ချက်မျှ ခပ်ဖွဖွ ပုတ်ကာ နှုတ်ဆက်၍ နောက်သို့လှည့်ကာ ထွက်ခွာသွားလေတော့သည်။
စောင့်ကြပ်နေသော သားရဲမှာမူ မြေပြင်ပေါ်တွင် ဝပ်စင်းလျက် သစ်ပင်ဘုရင်ကို ရိုသေလေးစားစွာဖြင့် ပို့ဆောင်နေခဲ့သည်။
၎င်းမှာ ယခုအခါ အလွန်ပင် စိတ်လှုပ်ရှားနေမိသည်။
သစ်ပင်ဘုရင်က ငါ့ခေါင်းကို လာပုတ်တယ်ပေါ့။
ဒါက သစ်ပင်ဘုရင်က ငါ့ကို မျက်နှာသာပေးတာလား။ ငါ့ဘဝရဲ့ အထွတ်အထိပ်ကို ရောက်တော့မှာလား။
ငါ့မှာ ထူးခြားတဲ့ သွေးမျိုးဆက်ရှိနေလို့ပဲ ဖြစ်ရမယ်။ နတ်ဘုရားတစ်ပါး ဖြစ်လာနိုင်မယ့် အလားအလာရှိနေတာပဲ ဟားဟားဟား။
တောအုပ်အတွင်း၌ ဤကဲ့သို့သော မြင်ကွင်းမျိုးမှာ ရိုးအီနေပြီဖြစ်သော ဖြစ်ရပ်တစ်ခုသာ ဖြစ်သည်။
အစောင့်အရှောက်သားရဲများအနေဖြင့် သစ်ပင်ဘုရင်အနေဖြင့် မည်သည်ကို ရည်ရွယ်၍ လုပ်ဆောင်နေသည်ကို သေချာမသိသော်လည်း ၎င်းတို့၏ အရှင်သခင်က သစ်သားအနှစ်ကို လာရောက်ထုတ်ယူခြင်းမှာ သဘာဝကျသည်ဟုသာ ယုံကြည်နေကြသည်။ ၎င်းတို့မှာ စကားတစ်ခွန်းပင် မဟရဲကြဘဲ အတုအယောင်သစ်ပင်ဘုရင်က သစ်သားအနှစ်ကို ထုတ်ယူပြီး ၎င်းတို့၏ ဦးခေါင်းများကို ပုတ်၍ ချီးမွမ်းခန်းဖွင့်နေသည်ကိုသာ ငေးကြည့်နေကြရရှာသည်။
၎င်းတို့မှာ လုံးဝဥဿုံ မသိနားမလည်ဘဲ ယုံကြည်သက်ဝင်နေကြခြင်းပင်။
လူ့အဖွဲ့အစည်းကြားမှ လာသော ရွှီရန်၏ စိတ်ကူးစိတ်သန်းမှာမူ အလွန်ပင် ကောက်ကျစ်စဉ်းလဲလှသည်။
သူ၏ လုပ်ရပ်မှာ မက်လုံးပေး ဆွဲဆောင်ခြင်းဟု ခေါ်ဆိုနိုင်ပြီး တစ်ဖက်လူအား အရိပ်အမြွက်ပြခြင်း၊ မည်သည့်အခါမျှ စားခွင့်မရမည့် မက်လုံးကြီးများဖြင့် မျှော်လင့်ချက်ပေးခြင်းတို့ဖြင့် အိပ်မက်ထဲတွင် နစ်မွန်းစေကာ ရုန်းမထွက်နိုင်အောင် ပြုလုပ်ခြင်းပင်။
ထင်ရှားသည်မှာ စောင့်ကြပ်နေသော သားရဲများမှာ ထိုအကွက်ထဲသို့ အပြည့်အဝ သက်ဆင်းသွားခဲ့ကြပြီး ၎င်းတို့မှာ သူတို့၏ တာဝန်ကို ပျက်ကွက်နေသည်မှာ ထင်ရှားနေသော်လည်း သစ်ပင်ဘုရင်၏ ချီးကျူးမှုကို ရရှိလိုက်သည်ဟု အဟုတ်မှတ်ကာ အနာဂတ်တွင် ရာထူးတိုးတော့မည့်အလား ပျော်ရွှင်ကြည်နူးစွာဖြင့် စိတ်ကူးယဉ်နေကြတော့သည်။
ရွှီရန်က ပြုံးလိုက်မိသည်။ ဤလောကကြီးသည် တိုက်ခိုက်သတ်ဖြတ်နေရုံဖြင့် မလုံလောက်ဘဲ လှည့်ကွက်များနှင့် မဟာဗျူဟာများကလည်း အလွန်အရေးပါလှသည်။
စောင့်ကြပ်နေတဲ့ သားရဲကို အင်အားသုံးပြီး တိုက်ခိုက်နေတာထက် ဒီနည်းလမ်းက ပိုပြီး စိတ်ကျေနပ်စရာ မကောင်းဘူးလား။ အန္တရာယ်ကြားကနေ သစ်သားအနှစ်ကို အေးအေးဆေးဆေး ထုတ်ယူရတာက တကယ့် ပညာသားပါတာပဲ။ 'မြို့ကို ဝိုင်းတိုက်တာက အောက်တန်းစားနည်းလမ်း စိတ်နှလုံးကို သိမ်းပိုက်တာကမှ အထက်တန်းစားနည်းလမ်း' ဆိုတာ ဒါကို ပြောတာပဲ။ တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းတယ်။
ရွှီရန်သည် သူရှိနေသော နေရာမှ တိတ်တဆိတ်ပင် ပျောက်ကွယ်သွားခဲ့သည်။
နာရီဝက်ခန့် ကြာပြီးနောက် နောက်ထပ် ဧရာမသစ်ပင်ကြီးတစ်ပင်ကို သူ ထပ်မံတွေ့ရှိခဲ့ပြန်သည်။
ထုံးစံအတိုင်းပင် ခံ့ညားလှသော အတုအယောင်သစ်ပင်ဘုရင်မှာ သစ်သားအနှစ်ကို ထုတ်ယူရန် သွားရောက်ခဲ့ပြီးနောက် စောင့်ကြပ်နေသော သားရဲကို အရိပ်အမြွက် အားပေးစကား ပြောခဲ့ပြန်သည်။ ထိုသားရဲမှာလည်း ရိုသေကိုင်းညွတ်စွာဖြင့် ခေါင်းညိတ်ပြလျက် ၎င်း၏ ထူးဆန်းသော မျက်လုံးများမှာ ဝမ်းသာပီတိများဖြင့် ပြည့်နှက်နေခဲ့သည်။
သံသယဖြစ်ဖွယ် မရှိပေ။
အားပေးစကားဖြင့် နှစ်သိမ့်ဆွဲဆောင်သည့် ဤလှည့်ကွက်မှာ အမှန်တကယ်ပင် ပြောင်
မြောက်လွန်းသည်။
မည်သည့်စောင့်ကြပ်ရေးသားရဲကမျှ အတုအယောင်ဟု မသင်္ကာဖြစ်ခြင်း မရှိကြပေ။
ဘယ်သူကများ သစ်ပင်ဘုရင်အဖြစ် ဟန်ဆောင်ရဲလောက်အောင် သတ္တိရှိမှာလဲ။ ဒါက သေမင်းနဲ့ ကစားနေတာပဲလေ။ သစ်ပင်ဘုရင်ရဲ့ နောက်ကွယ်မှာ အဆင့်မြင့်နတ်ဘုရားတစ်ပါး ရှိနေတာအဲဒီလို အရှိန်အဝါမျိုးကို ဘယ်သူကများ ထိပ်တိုက်ရင်ဆိုင်ရဲမှာလဲ။
အဆင့်မြင့်နတ်ဘုရား၏ မျက်စိအောက်မှာပင် သစ်ပင်ဘုရင်အဖြစ် ဟန်ဆောင်ခြင်းမှာ သေမင်းကို စိန်ခေါ်နေခြင်းနှင့် အတူတူပင်။
၎င်းတို့၏ စိတ်ကူးစိတ်သန်းမှာမူ ရွှီရန်၏ ရဲတင်းလှသော လုပ်ဆောင်ချက်များကို မှန်းဆနိုင်
စွမ်း မရှိကြပေ။
ထို့ကြောင့်ပင် ၎င်းတို့မှာ အတုအယောင်သစ်ပင်ဘုရင်၏ လှုပ်ရှားမှုတိုင်းကို အပြည့်အဝ ယုံကြည်နေကြခြင်းပင်။
***