၎င်းသည် ကောင်းကင်ယံအထက်မှ မြို့တော်ဆီသို့ ဆင်းသက်လာပြီး ယဇ်ပလ္လင်ရှိရာသို့ တိုက်ရိုက်ဦးတည်သွားခဲ့သည်။ ယဇ်ပလ္လင်ထံမှ ထူးဆန်းသော အလင်းလုံးပေါင်း ဒါဇင်နှင့်ချီ၍ ထွက်ပေါ်လာပြီး ၎င်း၏ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်သွားရာ ထိုကင်းမြီးကောက်ကြီး၏ သွေးစွမ်းအင်မှာ ၂၀၀,၀၀၀ အထိ ရုတ်တရက် ထိုးတက်သွားခဲ့သည်။
ကြည့်ရသည်မှာ နည်းပါးသည်ဟု ထင်ရသော်လည်း လက်တွေ့တွင်မူ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
၎င်းတို့သည် သွေးစွမ်းအင်၊ စိတ်ဝိညာဉ်နှင့် ညစ်ညမ်းမှုတို့၏ အသန့်စင်ဆုံးသော ပုံသဏ္ဌာန်များဖြစ်ပြီး တစ်စုံတစ်ရာသော ကံကြမ္မာများကိုပင် သယ်ဆောင်ထားကြသည်။
၎င်း၏ ဝမ်းဗိုက်အတွင်းသို့ ရောက်ရှိသွားချိန်တွင် အနည်းငယ် နောက်ကျိနေနိုင်သော်လည်း အချိန်အတိုင်းအတာတစ်ခုပေးပါက အလွယ်တကူပင် အစာချေဖျက်နိုင်မည် ဖြစ်သည်။
တစ်ကြိမ်တည်း ဝါးမြိုလိုက်ရုံနဲ့ သွေးစွမ်းအင် ၂၀၀,၀၀၀ တောင် ရတာလား။ ကျင့်ကြံခြင်းက တကယ်ပဲ ဒီလောက်အထိ လွယ်ကူနေတာလား။
ရွှီရန်မှာ အံ့အားသင့်စွာဖြင့် တောက်ခေါက်လိုက်မိသည်။
“နတ်ဘုရားတွေက သူတို့ရဲ့ ခန္ဓာကိုယ်တွေ ပျက်စီးသွားပြီးရင်တောင် နှစ်ပေါင်း ၅၀ အတွင်းမှာ ဘာကြောင့် ပြန်လည်ရှင်သန်နိုင်သလဲဆိုတာ အံ့သြစရာမရှိတော့ပါဘူး။ နတ်ဘုရားတိုင်းမှာ ကိုယ်ပိုင်မြို့တော်တွေ ရှိနေကြတာကိုး... တစ်မြို့ထက်တောင် ပိုကောင်း ပိုနိုင်ဦးမယ်... မြို့တော်ရဲ့ ယဇ်ပူဇော်မှုတွေကနေ ရလာတဲ့ သန့်စင်ပြီးသား သွေးအာဟာရတွေကို အမှီပြုပြီး သူတို့က အလျင်အမြန် ပြန်လည်နာလန်ထူနိုင်ကြတာပဲ”
ရွှီရန်၏ အကြည့်များမှာ စူးရှသွားခဲ့သည်။
သူသည် ယဇ်ပူဇော်ခြင်းဆိုင်ရာ အတတ်ပညာကို သင်ယူခဲ့ပြီးပြီဖြစ်သော်လည်း အိမ်ပြန်
ရောက်သည့်အခါတွင်မူ ပြုပြင်မွမ်းမံမှုအချို့ ပြုလုပ်ရန် လိုအပ်ပေလိမ့်မည်။
သို့သော်လည်း ပြုပြင်မွမ်းမံထားသော ယဇ်ပလ္လင်မှာ မင်္ဂလာမရှိသော အငွေ့အသက်များဖြင့်သာ ပြည့်နှက်နေပေလိမ့်မည်။
ဤအရာမှာ သာမန်လူတစ်ယောက် အသုံးပြုနိုင်သည့်အရာ မဟုတ်ပေ။
ရွှီရန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိ၏။
“ဘာပဲဖြစ်ဖြစ်... စမ်းကြည့်ရတာပေါ့။ အိမ်မွေးတိရစ္ဆာန်တွေကို အစာကျွေးဖို့အတွက်တော့ မဆိုးပါဘူး”
သူသည် ထိုအရာအတွက် အသုံးဝင်မည့် နည်းလမ်းတစ်ခုကို တွေးတောမိသွားသည်။
အချိန်များမှာ ကုန်ဆုံးသွားခဲ့သည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ၁၉ ရက်တာ အချိန်ကာလမှာ ကုန်လွန်သွားခဲ့သည်။
[ဉာဏ်အလင်းပွင့်မှု ကျွမ်းကျင်သူအဆင့်သို့ ရောက်ရှိသွားသည်]
အဆောင်တံဆိပ်တစ်ခုကို ထွင်းထုနေရင်း ရွှီရန်၏ နှုတ်ခမ်းအစုံမှာ ရူးသွပ်သော အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားပြီး တိုးညင်းသော ရယ်မောသံကိုပင် မထိန်းချုပ်နိုင်တော့ပေ။
နောက်ဆုံးတော့... မင်းကို ငါ စောင့်ခဲ့ရတာ အောင်မြင်ပြီ။
စကားတစ်ခွန်းမျှပင် မဆိုတော့ဘဲ သူနေထိုင်ရာ ဂူအတွင်းမှ ထွက်ခွာခဲ့ပြီး ချေဖျက်ခြင်း ယဇ်ပလ္လင်ဆီသို့ အပြေးအလွှား သွားရောက်ခဲ့သည်။
ဉာဏ်အလင်းပွင့်မှု ကျွမ်းကျင်သူ အဆင့်ရှိသော တွေးခေါ်မြော်မြင်မှုနှင့် ထိုးထွင်းသိမြင်မှု အရှိန်အဟုန်မှာ ယခင်က အဆင့်မြင့် ထိုးထွင်းသိမြင်မှုနှင့်မူ နှိုင်းယှဉ်၍ပင် မရနိုင်တော့ပေ။
အကယ်၍ အဆင့်မြင့် ထိုးထွင်းသိမြင်မှုက သာမန် ထူးချွန်ကျောင်းသားတစ်ယောက်နှင့် တူညီသည်ဆိုပါက ဉာဏ်အလင်းပွင့်မှု ကျွမ်းကျင်သူမှာမူ တက္ကသိုလ်တစ်ခု၏ အထူးတန်းမှ ထိပ်တန်း ပါရမီရှင်တစ်ဦးနှင့် တူညီလှသည်။
ထူးချွန်ကျောင်းသားတစ်ယောက် အမှတ်ပြည့်ရခြင်းမှာ သူ၏ အရည်အချင်းက ထိုအမှတ်
ပြည့်အထိသာ ရှိသောကြောင့်ပင်။
ပါရမီရှင်တစ်ယောက် အမှတ်ပြည့်ရခြင်းမှာမူ ထိုစာမေးပွဲတွင် ပေးစရာ အမှတ်ပြည့်မှာ ထိုမျှသာ ရှိသောကြောင့်ပင်။
ဤစွမ်းရည်၏ မြှင့်တင်မှုအောက်တွင် ရွှီရန်၏ ထိုးထွင်းသိမြင်နိုင်စွမ်းမှာ တဟုန်ထိုး မြင့်တက်လာခဲ့သည်။ ရှုပ်ထွေးလှသော ကိစ္စရပ်များကို ဖုံးလွှမ်းထားသည့် အနက်ရောင် ချည်မျှင်တန်းများကို အကြမ်းပတမ်း ဆွဲဖြဲပစ်လိုက်သကဲ့သို့ အတွင်းပိုင်းရှိ အနှစ်သာရများမှာ ပေါ်လွင်ထင်ရှားလာခဲ့သည်။
ယဇ်ပလ္လင်ရှိ ကျောက်တိုင်များမှာ အလွန်ပင် အဆင့်မြင့်ပြီး ရှုပ်ထွေးလှသော်လည်း ရွှီရန်သည် ကျောက်တိုင်တစ်တိုင်ပေါ်ရှိ အကြောင်းအရာများကို နားလည်ရန် တစ်ရက်သာ အချိန်ပေးလိုက်ရသည်။ ထိုအခါမှပင် ဤယဇ်ပလ္လင်မှာ နတ်ဘုရားတစ်ပါးပါးက ဖန်တီးထားခြင်း မဟုတ်ဘဲ ဤလောကကမ္ဘာကြီးက ကိုယ်တိုင် မွေးဖွားသန့်စင်ပေးထားခြင်း ဖြစ်ကြောင်း သူ သိရှိသွားခဲ့ရသည်။
ဤလျှို့ဝှက်ချက်ကို သိလိုက်ရသဖြင့် ရွှီရန်မှာ အတော်ကြာအောင် မှင်သက်သွားခဲ့ရ၏။
ဒီကမ္ဘာကြီးက ဘယ်လိုမျိုး သရဲသဘက်ဆန်တဲ့ အရာတွေကို မွေးထုတ်ပေးနေတာလဲ။
သာမန်ရတနာတွေ၊ ဝိညာဉ်စွမ်းအင်တွေကို ညစ်ညမ်းမှုတွေအဖြစ် ပြောင်းလဲပစ်တာလား
ဒါဆို ဒါက ညစ်ညမ်းနေတဲ့ ကမ္ဘာကြီးလား။
ဒါကြောင့် သလင်းကျောက်သားရဲဂြိုဟ်၊ နာကျည်းမှုသားရဲဂြိုဟ်နဲ့ ဝိညာဉ်ဂြိုဟ်တွေက အရင်
ကတည်းက ညစ်ညမ်းနေခဲ့တာလား။
အပြာရောင်ဂြိုဟ်ကတော့ ညစ်ညမ်းမှုတွေ စတင်ဝင်ရောက်လာတဲ့ အဆင့်မှာပဲ ရှိသေးတာပေါ့။
ဆိုလိုတာက အမြင့်မြတ်ဆုံး နတ်ဘုရားဆိုသူက အပြာရောင်ဂြိုဟ်ကို ညစ်ညမ်းအောင် လုပ်
ချင်နေတာပဲ...
“အပြာရောင်ဂြိုဟ်ရဲ့ သက်ရှိအဆင့်အတန်းက ဒီလောက်တောင် နိမ့်ပါးနေတာကို ဘာလို့ အဲဒီဂြိုဟ်ကိုမှ ညစ်ညမ်းအောင် လုပ်ဖို့ ဇွဲကြီးနေရတာလဲ”
ရွှီရန်အနေဖြင့် ထိုအချက်ကို တွေးတော၍ မရနိုင်တော့ပေ။
နောက်ဆုံးတွင်မူ သူသည် ခေါင်းကိုသာ ခါယမ်းလိုက်တော့သည်။
“ကံကောင်းတာက ကမ္ဘာကြီးကနေ သန့်စင်ပေးထားတဲ့ ဒီယဇ်ပလ္လင်ဟာ သိပ်ပြီးတော့ မရှုပ်ထွေးနေတာပဲ။ မဟုတ်ရင် ဒါကို နားလည်ဖို့အတွက် နောက်ထပ် အဆင့်မြင့်ကျင့်စဉ်တစ်ခု ထပ်လိုနေဦးမှာ”
သူသည် အလွန်ပင် ကျေးဇူးတင်ရှိနေမိသည်။
ချေဖျက်ခြင်းနှင့် အသွင်ပြောင်းခြင်း ယဇ်ပလ္လင်ကို နားလည်သဘောပေါက်သွားခြင်းမှာ ဤခရီးစဉ်၏ အကြီးမားဆုံးသော ရလဒ်များထဲမှ တစ်ခုပင် ဖြစ်သည် ဤယဇ်ပလ္လင်မှ ရရှိမည့် အကျိုးကျေးဇူးများမှာ မွန်မြတ်သောရွှေရောင်သွေးအစက်ပေါင်း တစ်ရာကျော်ထက်ပင် မနည်းလှပေ။
ရွှီရန်မှာ အင်အားများ ပြည့်ဝနေခဲ့သည်။ သူသည် ဆယ်ရက်တိုင်တိုင် အချိန်ပေးကာ ယဇ်ပလ္လင်၏ အကြောင်းအရာများကို အသေးစိတ် ထိုးထွင်းသိမြင်အောင် ကြိုးပမ်းခဲ့သည်။
သူသည် ဉာဏ်အလင်းပွင့်မှု အကြိမ် ၆၀ ကျော်အထိ ရရှိခဲ့ရာ ပျမ်းမျှအားဖြင့် လေးနာရီလျှင် တစ်ကြိမ် ဉာဏ်အလင်းပွင့်ခဲ့ခြင်းပင်။ ထိုသို့ အကြိမ်ပေါင်းများစွာ ဉာဏ်အလင်းပွင့်ပြီးနောက်တွင်မူ ယဇ်ပလ္လင်ရှိ ကျောက်တိုင်များပေါ်မှ အချက်အလက်များမှာ သူ၏ စိတ်ထဲ၌ ရှင်းလင်းပြတ်သားသွားခဲ့သည်။
သူသည် အရာအားလုံးကို အပိုင်တွက်နိုင်ခဲ့ပြီး ၎င်းကို ပြောင်းပြန်အသုံးချရန်မှာလည်း ပြဿနာမဟုတ်တော့ပေ။
ညစ်ညမ်းမှုများကို သန့်စင်သော ဝိညာဉ်စွမ်းအင်များအဖြစ် ပြောင်းလဲပေးနိုင်သည့် ယဇ်ပလ္လင်ရာပေါင်းများစွာ၊ ထောင်ပေါင်းများစွာ၊ သောင်းပေါင်းများစွာကိုပင် သူကိုယ်တိုင် ဖန်တီးနိုင်စွမ်းရှိသည်ဟု ရွှီရန်က အပြည့်အဝ ယုံကြည်နေခဲ့သည်။
“သိပ်ကောင်းတာပဲ။ ရက်ပေါင်း ၂၂၀ ကျော် လေ့ကျင့်ပြီးတဲ့နောက်မှာ ဒုတိယမြောက် ရည်မှန်းချက်ကို ငါ အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ပြီ”
“အိမ်ပြန်ရောက်လို့ ယဇ်ပလ္လင်တွေကို အလုံအလောက် တည်ဆောက်ပြီးတာနဲ့ ကောင်းကင်ဘုံကွက်လပ်ထဲမှာ ကျန်ရှိနေတဲ့ ညစ်ညမ်းမှုတွေအားလုံးကို ဝိညာဉ်စွမ်းအင်တွေအဖြစ် အကုန်ပြောင်းလဲပစ်မယ်”
ထိုအချိန်ကျလျှင် ကပ်ဘေးကြီးမှာ ကံကောင်းခြင်းများအဖြစ်သို့ ကူးပြောင်းသွားပေလိမ့်မည်။
အမြင့်မြတ်ဆုံး နတ်ဘုရားဆိုသူ၏ ဆင်းသက်ခြင်း ထုံးတမ်းစဉ်လာမှာလည်း ဒုတိယအကြိမ်မြောက် ဝိညာဉ်စွမ်းအင် ပြန်လည်နိုးထခြင်းသက်သက်သာ ဖြစ်သွားပေတော့မည်။
ဤအချက်များကို တွေးတောရင်း ရွှီရန်က ပြုံးလိုက်မိသည်။
အပြာရောင်ဂြိုဟ်၏ နှောင့်နှေးကြန့်ကြာမှုများကို ထိုနတ်ဘုရားဆိုသူက ဒီအတိုင်း ထိုင်
ကြည့်နေမည်မဟုတ်သော်လည်း သူသာ အပြာရောင်ဂြိုဟ်ပေါ်သို့ ဆင်းသက်လာလိုပါက ယခင်ကထက် ပိုမိုဆိုးရွားလှသော ပေးဆပ်မှုများကို ပြုလုပ်ရပေလိမ့်မည်။
ခြုံငုံကြည့်ရလျှင် ဤယဇ်ပလ္လင်သည် အချိန်ကို ဆွဲဆန့်ပေးနိုင်ရုံသာမက အမြင့်မြတ်ဆုံး နတ်ဘုရားဆင်းသက်လာမှုအတွက် ပေးဆပ်ရမည့် တန်ဖိုးကိုလည်း ပိုမိုမြင့်တက်စေမည် ဖြစ်သည်။
ဒါမိုကလီးစ်၏ ဓားသွားမှာ ဦးခေါင်းထက်၌ အမြဲတမ်း ချိတ်ဆွဲခံထားရဆဲ ဖြစ်သော်လည်း ထိုဓား မကျဆင်းလာမီ အချိန်အတွင်းမှာပင် ရွှီရန်အနေဖြင့် အမြင့်မြတ်ဆုံး နတ်ဘုရားထံသို့ အပြင်းထန်ဆုံးသော ချက်ချင်းလက်ငင်း ပျက်သုဉ်းခြင်းတိုက်ကွက်ကို ပို့လွှတ်ရန် လုံလောက်သော အချိန်ရရှိသွားပြီ ဖြစ်သည်။
အသေအလဲ တိုက်ပွဲဝင်ရမယ်။
ပြီးတော့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ရမယ်။
အပြာရောင်ဂြိုဟ်မှာ အားနည်းချက်များ ရှိနေနိုင်သော်လည်း နောက်ဆုံးအချိန်အထိ မည်သူက အနိုင်ရမည်၊ မည်သူက ရှုံးနိမ့်မည်ဆိုသည်မှာ မသေချာသေးပေ။
အခုအချိန်အထိတော့ အမြင့်မြတ်ဆုံး နတ်ဘုရားဘက်က အပြတ်အသတ် သာလွန်နေတာ အမှန်ပဲ။ သူ့ရဲ့ အရှိန်အဝါက ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားနိုင်တုန်းပေါ့။ ဒါပေမဲ့ အနာဂတ်မှာ ဘာတွေဖြစ်လာဦးမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။
ရွှီရန်က ခေါင်းညိတ်လိုက်ပြီး သူ၏ မျက်ဝန်းများမှာ စူးရှစွာ တောက်ပနေခဲ့သည်။
ဘယ်လောက်ပဲ ခက်ခဲပင်ပန်းပါစေ၊ လူဆိုတာ လုံ့လစိုက်ထုတ် ကြိုးစားရမှာပဲ။
ကျော်လွှားလို့ မရတဲ့ စိန်ခေါ်မှုဆိုတာ မရှိပါဘူး။ အကယ်၍ ရှိခဲ့ရင်တောင် လမ်းကြောင်းအသစ်တွေကို ထပ်ပြီး ဖွင့်လှစ်ပစ်ရုံပါပဲ။
ဤသို့တွေးတောရင်း ရွှီရန်သည် မှိုမြို့တော်၏ အထက်ကောင်းကင်ယံ၌ ပျံသန်းနေခဲ့သည်။
“မထွက်ခွာခင်မှာ အချိန်စွမ်းအင်တွေပါတဲ့ အဲဒီကျောက်မျက်ရတနာကို ယူသွားရမလား”
“ဒါမှမဟုတ် တခြားမြို့တွေကို သွားကြည့်ရမလား”
“ဒီကို ရောက်နေမှတော့ တစ်ခါတည်း လှည့်ပတ်ကြည့်တာ ပိုကောင်းပါတယ်လေ”
သွေးစွမ်းအင် ၂.၆၅ သန်း ရှိနေပြီဖြစ်သော ရွှီရန်သည် တွန့်ဆုတ်မနေတော့ဘဲ ကပ်ဘေးအဆင့် ညစ်ညမ်းဇုန်၏ ပိုမိုနက်ရှိုင်းသော နေရာများဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားခဲ့သည်။
ဆယ်ရက်တိုင်တိုင် ခရီးနှင်ပြီးနောက် သူသည် နတ်ဘုရားအဆင့် သလင်းကျောက်သားရဲသုံးကောင်နှင့် တွေ့ဆုံခဲ့သည်။ ၎င်းတို့၏ တဟုန်ထိုး တက်နေသော သွေးစွမ်းအင်မှာ အမှန်
တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသော်လည်း ရွှီရန်၏ တည်ရှိမှုကိုမူ သူတို့ လုံးဝ သတိမထားမိခဲ့ကြပေ။
“ဒီမြို့က အများကြီး ပိုကြီးတာပဲ”
ရွှီရန်သည် တောင်ထိပ်ပေါ်တွင် ရပ်တန့်လျက် အဝေးရှိ မြို့တော်ကြီးကို လှမ်း၍ ကြည့်လိုက်သည်။
တစ်ဖန် ညစ်ညမ်းသော ဒြပ်ဝတ္ထုများဖြင့် မြင့်မားလှသော မြို့တံတိုင်းကြီးများကို တည်ဆောက်ထားပြန်သည်။ ထိုကဲ့သို့သော မြို့တော်ကို တိုက်ခိုက်လိုသည့် လူသားများအတွက်မူ ထိုအရာမှာ အလွန်ပင် ခက်ခဲမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
မြို့အတွင်း၌မူ ဝိုင်းစက်သော အမိုးခုံးပုံသဏ္ဌာန် အဆောက်အအုံ အမျိုးမျိုးကို စနစ်တကျ တည်ဆောက်ထားကြသည်။
မြို့တော်အတွင်း၌ ဧရာမ ယဇ်ပလ္လင်ကြီး အများအပြားကိုလည်း မြင်တွေ့ရပြီး တစ်ခုချင်းစီမှာ မှိုမြို့တော်ရှိ ယဇ်ပလ္လင်များထက် ဆယ်ဆမက ပိုမိုကြီးမားနေတော့သည်။
***