ချန်ဝူမင်နှင့်အတူ သူရဲကောင်းခန်းမဂိုဏ်း၏ အခြားအဖွဲ့ဝင်များပါ အသတ်ခံလိုက်ရ၏။
သို့သော် ဘော့စ်ကို ဝိုင်းဝန်းတိုက်ခိုက်နေချိန်၌ သူတို့၏ နေရာယူမှုများက အတော်လေး ပြန့်ကျဲနေခဲ့ပေသည်။
ချင်ဖုန်းက လူတိုင်းကို မသတ်ခဲ့ချေ။
ကစားသမားသုံးလေးယောက်မှာ ထိုအခြေအနေကို မြင်သည်နှင့်တစ်ပြိုင်နက် ချက်ချင်းပင် လူစုခွဲ၍ ထွက်ပြေးသွားကြတော့၏။
ချင်ဖုန်းက လိုက်မဖမ်းခဲ့ချေ။
မလိုအပ်ခြင်းကြောင့်ပင်။ သူ၏ အဓိကပစ်မှတ်က သူ့ရှေ့ရှိ သုံးထပ်တိုက်လောက် မြင့်မားစွာဖြင့် ရပ်နေသော ပလက်တီနမ်အဆင့်ဘော့စ် 'သံမဏိသူတော်စင်မ' ပင်။
၎င်းမှာ သံမဏိသီးသန့်ဖြင့် သွန်းလောင်းထားသော ဧရာမသံမဏိမိစ္ဆာကြီး ဖြစ်ပေသည်။
၎င်း၏ ခန္ဓာကိုယ်အောက်ပိုင်းတွင် ခြေထောက်များ မရှိဘဲ သံမဏိအောက်ခံခုံတစ်ခုသာ ရှိပြီး ၎င်းကို မှော်စွမ်းအင်များဖြင့် မြှောက်တင်ထားသောကြောင့် လေထဲတွင် လွင့်မျောနေ၏။
ထိုအကောင်ကြီး၏ ထူးဆန်းပြီး ရက်စက်သော အပြုံးက ကလေးတစ်ယောက်ကိုပင် ငိုသွားစေရန် လုံလောက်ပေသည်။
“ပန်းပွင့်ခြင်း ကျိန်စာ”
ချင်ဖုန်းက လက်ကိုမြှောက်ကာ ချန်ဝူမင်အပါအဝင် သူ၏ ပတ်ဝန်းကျင်ရှိ အလောင်းများအားလုံးအပေါ်သို့ ပန်းပွင့်ခြင်းကျိန်စာကို အသုံးပြုလိုက်၏။
သူတို့၏ ကျန်ရှိနေသော လဲလှယ်၍ရသည့် သက်တမ်းများနှင့် လဲလှယ်၍မရသည့် သက်တမ်း ၅၀% အထိပါ ကျိန်စာသင့်ပန်းပွင့်၏ ဝါးမျိုခြင်းကို ခံလိုက်ရလေသည်။
ကစားသမားများ၏ အသိစိတ်များက နတ်ဘုရားစွန့်ပစ်ဂိမ်းထဲသို့ ဝင်ရောက်လာကတည်းကပင် ဂိမ်းထဲရှိ သူတို့၏ ခန္ဓာကိုယ်များကို စနစ်က ဖန်တီးပေးထားခြင်း ဖြစ်၏။
သူတို့အနေဖြင့် ပြန်လည်ရှင်သန်လာလျှင်ပင် အလောင်းများက အချိန်အတိုင်းအတာတစ်ခုအထိ ကျန်ရှိနေဦးမည် ဖြစ်သည်။
...
“ငါ...မသား”
“မင်း အမဲသား မစားတာက ငါနဲ့ ဘာဆိုင်လို့လဲ”
“ငါက မင်းပါးစပ်ထဲကို အမဲသားတွေ လာထိုးထည့်မိလို့လား”
ချန်ဝူမင်က ကျန်းဟိုင်မြို့ဟောင်းအပျက်အစီးများ၏ အလယ်ဗဟို၌ ပြန်လည်ရှင်သန်လာချိန်တွင် သူ၏ မျက်နှာပေါ်၌ ဒေါသများနှင့် စိတ်ပျက်မှုများ ပြည့်နှက်နေပေသည်။
အရိပ်က သူ့အား သတ်ချင်လို့ သတ်ခြင်းဖြစ်ကြောင်း ဆိုလိုချင်မှန်း သူနားလည်ပေသည်။
သူပြန်လည်ရှင်သန်လာသော နေရာမှာ သံမဏိသူတော်စင်မနှင့် ကီလိုမီတာ ဆယ်ဂဏန်းကျော် ဝေးကွာနေ၏။
သူတို့၏ အမြန်နှုန်းဖြင့်ဆိုလျှင် ထိုနေရာသို့ အလျင်အမြန် ပြန်သွားရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။ ထို့ပြင် သူတို့ ပြန်ရောက်သွားလျှင်ရော ဘာထူးပါမည်နည်း။
ထိုသူက စွမ်းရည်တစ်ခုတည်းဖြင့် သူတို့အများကြီးကို သတ်ပစ်ခဲ့ခြင်းပင်။
ထို့ပြင် ထိုပျက်စီးမှုအားက... သောင်းဂဏန်းကျော်နေ၏။
သူတို့အားလုံး ချက်ချင်းအသတ်ခံလိုက်ရရုံသာမက အရိပ်ထံ၌ အသက်ကြွေးများပါ တင်သွားကြသေးပေသည်။
မူလက ချန်ဝူမင်နှင့် တခြားသူများက ဤတစ်ကြိမ်၌ သူတို့ အလွန်အမင်း ကံဆိုးလှပြီဟု ထင်ထားခဲ့ကြ၏။
သို့သော် ပိုဆိုးသောအရာများ လာဦးမည်ဟု သူတို့ ထင်မထားခဲ့ကြချေ။
ချင်ဖုန်းက ပန်းပွင့်ခြင်းကျိန်စာကို အသုံးပြုလိုက်ချိန်၌ သက်တမ်းလျော့ကျသွားကြောင်း စနစ်အသိပေးချက်များက ချန်ဝူမင်နှင့် တခြားသူများ၏ စိတ်ထဲ၌ ပေါ်လာခဲ့လေသည်။
ထိုအရာက သူနှင့် သူ့ဂိုဏ်းသားများ၏ မျက်နှာများကို ဖြူဖျော့သွားစေခဲ့၏။
ဤတစ်ကြိမ်တွင်မူ သေဆုံးချိန်၌ သက်တမ်းတစ်ဝက် ဆုံးရှုံးသွားရုံတင် မကဘူးလော။
သူတို့၏ သက်တမ်းများက ကြောက်စရာကောင်းသည့် စွမ်းရည်တစ်ခု၏ ဆက်တိုက် ဝါးမျိုခြင်းကိုပါ ခံနေရသေးသည်လော။
သူတို့၏ လဲလှယ်၍မရသော သက်တမ်းများပင် အပိုဆောင်း ဝါးမျိုခံနေရပေသည်။
ခေတ္တအကြာတွင်။
ဝါးမျိုမှု ရပ်တန့်သွားချိန်၌ ဤတစ်ကြိမ် သေဆုံးမှုကြောင့် သူတို့၏ လဲလှယ်၍ရသော သက်တမ်းများအားလုံး ကုန်ဆုံးသွားခဲ့ပြီး လဲလှယ်၍မရသည့် သက်တမ်း ၇၅% ကိုပင် ဆုံးရှုံးလိုက်ရကြောင်း သူတို့ တွေ့ရှိလိုက်ရပေသည်။
အခင်းဖြစ်ပွားရာနေရာ၌ အသက်ရှင်ကျန်ရစ်ပြီး အဝေးမှ စောင့်ကြည့်နေသော ဂိုဏ်းသားများ၏ သတင်းပေးပို့ချက်များအရ သူတို့အားလုံး၏ အလောင်းများပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော နီရဲနေသည့် သွေးပန်းပွင့်များ ပွင့်လာခဲ့ကြောင်း ချန်ဝူမင်မှာ သိလိုက်ရ၏။
ဤအရာက သူရဲကောင်းခန်းမဂိုဏ်းချန်နယ်ထဲတွင် ငိုယိုသံများနှင့် ဆဲဆိုသံများ ဆက်တိုက် ထွက်ပေါ်လာစေခဲ့တော့၏။
သို့သော် အရိပ်ကို ရင်ဆိုင်ရာတွင်... သူတို့ထဲမှ တစ်ယောက်ကမိျှ ဖြေရှင်းနိုင်မည့် နည်းလမ်း မရှိကြချေ။
သူတို့လူအများကြီးက အရိပ်၏ အရိပ်ကိုပင် မမြင်လိုက်ရဘဲ အသတ်ခံလိုက်ရခြင်းပင်။ ကလဲ့စားချေဖို့ဆိုသည်မှာ အဝေးကြီး ဖြစ်ပေသည်။
အကယ်၍ သူတို့သာ တကယ်ကလဲ့စားချေချင်ပါက ရလဒ်အနေဖြင့် တစ်ဖက်လူ၏ သတ်ဖြတ်ခြင်းကို တစ်ခါ၊ နှစ်ခါမှနေ၍... အကြိမ်ရေ မရေမတွက်နိုင်လောက်အောင် ခံရဖို့သာ ရှိလိမ့်မည် ဖြစ်သည်။
ချန်ဝူမင်ထံ၌ ကလဲ့စားချေလိုသည့် အတွေး လုံးဝ မရှိတော့ချေ။
သို့သော် ချင်ဖုန်းကမူ သက်တမ်းဝါးမျိုနေသည့် လုပ်ငန်းစဉ်အတွင်း၌ စနစ်၏ အသိပေးချက်များကို ပေါ့ပေါ့ပါးပါး တစ်ချက် ကြည့်လိုက်၏။
ထို့နောက် ရင်းနှီးနေသော အမည်ပြောင်တစ်ခုကို သူ တွေ့လိုက်ရ၏။ 'ရှောင်ယွဲ့' ပင်။
“သူက သူရဲကောင်းခန်းမဂိုဏ်းထဲကို ဝင်သွားတာလား”
ချင်ဖုန်းက စနစ်၏ အသိပေးချက်ကို ခံစားချက်မဲ့စွာဖြင့် ကြည့်လိုက်သည်။
ပန်းပွင့်ခြင်းကျိန်စာမှတဆင့် သူက သူမထံမှ လဲလှယ်၍ရသော သက်တမ်း ၄ ရက်နှင့် လဲလှယ်၍မရသည့် သက်တမ်းတစ်နှစ်ကျော်ကို ဝါးမျိုနိုင်ခဲ့၏။
၎င်းက သူမ၏ လက်ရှိသက်တမ်းမှာ ကုန်ခမ်းလုနီးပါး ဖြစ်နေပြီဖြစ်ကြောင်း ဆိုလိုနေပေသည်။
သူမက ရှင်သန်ရန်ပင် မနည်းရုန်းကန်နေရသဖြင့် သူရဲကောင်းခန်းမဂိုဏ်းသို့ ကျွန်အဖြစ် ဝင်ရောက်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်လောက်ပေသည်။
ထိုသို့ဆိုလျှင်...
သူမ၏ ရှင်သန်မှုအတွက် အာမခံချက် ရနိုင်သော်လည်း သူမ၏ သက်တမ်းဝင်ငွေ ၅၀% ကို ဂိုဏ်းသို့ ပေးသွင်းရမည်ဖြစ်လေရာ သူမအနေဖြင့် ဖွံ့ဖြိုးတိုးတက်လာပြီး အဆင့်မြင့်လာရန်မှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။
ချင်ဖုန်းက ထိုအရာအပေါ် မည်သည့် အတွေးမှ ရှိမနေခဲ့ချေ။
သူတစ်ပါးအား ကူညီချင်သော စိတ်ဆန္ဒများကို စွန့်လွှတ်လိုက်ရမည်ပင်။ သူတို့၏ ကံတရားကို လေးစားရမည် ဖြစ်သည်။
ချင်ဖုန်းက ထိုအမည်ပြောင်ကို တစ်ချက်သာ ကြည့်လိုက်ကာ သူ၏ အာရုံကို ရှေ့ရှိ သံမဏိသူတော်စင်မဆီသို့ ပြန်ပြောင်းလိုက်၏။
“ဒီဘော့စ်ရဲ့ ပထမအဆင့်က ဘာမှ မခက်ခဲဘူး”
“ခက်ခဲတာက သွေးတစ်ဝက်ကျသွားပြီးနောက် ဒုတိယအဆင့် ရောက်သွားတဲ့အချိန်ပဲ၊ အထူးသဖြင့် ငါ့အတွက်...”
ချန်ဝူမင်နှင့် တခြားသူများကို သတ်ဖြတ်ပြီးနောက် ချင်ဖုန်းက ကိုယ်ဖျောက်လိုက်ကာ ဘော့စ်နှင့် ဆယ်မီတာခန့်အကွာအဝေးတွင် နေနေလိုက်သည်။
သံမဏိသူတော်စင်မက ပတ်ဝန်းကျင်ရှိ ကစားသမားအများအပြား သေဆုံးသွားပြီးနောက်တွင်လည်း တိုက်ပွဲအခြေအနေမှ ထွက်မသွားဘဲ ၎င်း၏ အဓိကပစ်မှတ် ပျောက်ဆုံးသွားပြီးနောက် ဧရိယာတိုက်ခိုက်မှုများကို စတင် ထုတ်လွှတ်လာခဲ့၏။
၎င်း၏ သံမဏိစက်ဝိုင်းပြားလက်မောင်းများက ခေါင်းနှင့် ခန္ဓာကိုယ်အပေါ်ပိုင်းနှင့်အတူ လှည့်ပတ်လာကာ စက်ဝိုင်းပုံစံများ စတင် ရေးဆွဲလာတော့သည်။
သံမဏိစက်ဝိုင်းပြားလက်မောင်းများက ပတ်ပတ်လည် ဆယ်မီတာအတွင်းသို့ သုံးကြိမ်ဆက်တိုက် လှည့်ပတ်ခုတ်ပိုင်းသွား၏။
ထိုစွမ်းရည်ပေါ်လာချိန်၌ သူရဲကောင်းခန်းမဂိုဏ်း၏ ချန်ဝူမင်အနေဖြင့် ထိုနေရာ၌ ရှိနေသေးလျှင်ပင် ၎င်းကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ချေ။
သို့သော် ချင်ဖုန်းကမူ စောစောစီးစီးကတည်းက ဆုတ်ခွာထားခဲ့ပြီး ဖြစ်သည်။
လျပ်တပျက်အရိပ်ခုတ်ချက်၏ ပြန်လည်အသုံးပြုရန်ကြာချိန် ကုန်ဆုံးသွားသည်နှင့်တစ်ပြိုင်နက် တိုက်ပွဲအခြေအနေမှ ယာယီထွက်ခွာသွားမှုကို အခွင့်ကောင်းယူကာ သူ၏ လက်နက်ကို တစ္ဆေသင်္ဘောအမွှာဓားသို့ ပြောင်းလဲလိုက်ပြီး လျပ်တပျက် အရိပ်ခုတ်ချက်ကို ချက်ချင်း အသုံးပြုလိုက်၏။
ရွှပ်။
သူက ပုံရိပ်ယောင်တစ်ခုအဖြစ် ပြောင်းလဲသွားကာ သံမဏိသူတော်စင်မ၏ မြင့်မားလှသောခန္ဓာကိုယ်ကို လျပ်တပျက် ခုတ်ပိုင်းဖြတ်သန်းသွားလေသည်။
ဓားအလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာကာ သံမဏိသူတော်စင်မ၏ ခန္ဓာကိုယ်ပေါ်၌ ပွင့်လန်းသွား၏။
-၇၅၅၁ (အားနည်းချက်ကို တိုက်ခိုက်မှု)။
-၇၅၂၇ (အားနည်းချက်ကို တိုက်ခိုက်မှု)။
-၇၅၃၆ (အားနည်းချက်ကို တိုက်ခိုက်မှု)။
“သံမဏိအပျိုစင် ပီသပါပေတယ်၊ သူ့ရဲ့ ကာကွယ်မှုက အဆင့်တူ တခြားဘော့စ်တွေထက် အများကြီး သာလွန်နေတာပဲ”
ချင်ဖုန်းက ဘော့စ်၏ သွေးပမာဏကို တည်ငြိမ်စွာ စောင့်ကြည့်နေလိုက်သည်။
လျပ်တပျက် အရိပ်ခုတ်ချက် ကိုးချက်စလုံးက အားနည်းချက်များကို ထိမှန်သွားခဲ့ကာ ဘော့စ်အပေါ် ပျက်စီးမှုအား ခြောက်သောင်းကျော် ဖြစ်ပေါ်စေခဲ့၏။
ဘော့စ်အတွက် ၎င်းက သွေးပမာဏ ၁၅% ခန့် ရှိပေသည်။
သံမဏိသူတော်စင်မ၏ စုစုပေါင်းသွေးပမာဏက လေးသိန်းခန့် ရှိမည်ဟု ထင်ရ၏။
ထိုသွေးပမာဏက အောက်ဘုံဝိညာဉ် ဖေဆယ်လ်ထက် အတော်လေးနည်းပါးသော်လည်း ၎င်း၏ ကာကွယ်မှုက ပိုမြင့်မားသဖြင့် ၎င်း၏ ခံနိုင်ရည်မှာ အောက်ဘုံဝိညာဉ်ထက် မနိမ့်ကျလှချေ။
အရေးအကြီးဆုံး အချက်မှာ... သံမဏိသူတော်စင်မ၏ သွေးပမာဏ တစ်ဝက်အောက် ရောက်သွားချိန်၌ ၎င်းတွင် 'ပျက်စီးမှု တန်ပြန်ခြင်း' စွမ်းရည်တစ်ခု အမြဲတမ်းနီးပါး ရှိလာမည်ဖြစ်ကာ ၎င်းက ၁၀၀% တန်ပြန်ခြင်း ဖြစ်ပေသည်။
ဤအရာက သံမဏိသူတော်စင်မ၏ အကြီးမားဆုံးသော စိန်ခေါ်မှုပင်။
ထို့ကြောင့်ပင် ချင်ဖုန်းက သိမ်မွေ့သောလွတ်မြောက်ခြင်း၏ တက်ကြွစွမ်းရည်ကို အသုံးပြုရန် အစီအစဉ် မရှိခဲ့ခြင်း ဖြစ်၏။
ထိုစွမ်းရည်၏ လည်လှီးခြင်းမှ ဖြစ်ပေါ်သော စဉ်ဆက်မပြတ် ပျက်စီးမှုအားက လက်ရှိတွင် ချင်ဖုန်း၏ ပျက်စီးမှုအားကို ခြောက်ဆအထိ တိုးမြှင့်ပေးနိုင်သော်လည်း သူ၏ ပျက်စီးမှုအားက အရမ်းမြင့်မားသွားပါလျှင် ဘော့စ်ကို ဒုတိယအဆင့်သို့ တိုက်ရိုက် ဝင်ရောက်သွားစေမည် ဖြစ်သည်။
ထိုသို့ဖြင့် တန်ပြန်ခြင်းအာနိသင်ကို အသက်ဝင်သွားစေမည်ဖြစ်ကာ ပျက်စီးမှုအားများကို ချင်ဖုန်းထံသို့ ပြန်လည်တန်ပြန်လာစေလျှင် ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်သလို ဖြစ်သွားမည်ပင်။
“လျပ်တပျက် အရိပ်ခုတ်ချက်မှာ ခုတ်ချက် ကိုးချက် ရှိတယ်”
“လျပ်တပျက် အရိပ်ခုတ်ချက်က လည်လှီးခြင်းကို အသက်ဝင်စေတိုင်း ငါက တန်ပြန်ပျက်စီးမှု ကိုးခါ ပြန်ရလိမ့်မယ်။ အနက်ရောင်အလင်းဒိုင်းက အဲ့ဒါကို အတော်လေး ခံနိုင်ရည်ရှိပေမဲ့ ပြန်လည်အသုံးပြုရန်ကြာချိန်ကတော့ မှီမှာ မဟုတ်ဘူး...”
ထို့ကြောင့်ပင် ချင်ဖုန်းက ဘော့စ်နှင့် မတိုက်ခိုက်ခင်၌ ကပ်ရောဂါဓားကို တစ္ဆေသင်္ဘောအမွှာဓားအဖြစ် ပြောင်းလဲခဲ့ရခြင်း ဖြစ်၏။
အကယ်၍ ကပ်ရောဂါဓားသာ ဖြစ်နေမည်ဆိုပါလျှင် မည်သည့် တိုက်ခိုက်မှုမဆို ၃ စက္ကန့်အကြာ၌ အပိုဆောင်း အဆိပ်ပေါက်ကွဲမှု ပျက်စီးမှုအားကို ဖြစ်ပေါ်စေမည် ဖြစ်ကာ ထိုပျက်စီးမှုအားများက ချင်ဖုန်းကိုယ်တိုင်ထံသို့ အပြည့်အဝ တန်ပြန်လာမည် ဖြစ်၏။
သို့သော် တစ္ဆေသင်္ဘောအမွှာဓားတွင်မူ ထိုပြဿနာ မရှိချေ။
သိမ်မွေ့သော လွတ်မြောက်ခြင်း၏ လည်လှီးခြင်းပျက်စီးမှုအားကိုပင် ဤဘော့စ်နှင့် တိုက်ခိုက်ရာ၌ ချင်ဖုန်းက စွန့်လွှတ်လိုက်ရ၏။
“ဒါပေမဲ့...”
“ဒုတိယအဆင့်မှာ သံမဏိအပျိုစင်က စွမ်းရည်တစ်ခု ထုတ်လွှတ်လိုက်တိုင်း 'ပျက်စီးမှု တန်ပြန်ခြင်း' အာနိသင်က ယာယီ ပျောက်ကွယ်သွားလိမ့်မယ်”
“သူ့ရဲ့ စွမ်းရည်ထုတ်လွှတ်မှု ကြားကာလတွေမှာ ငါက တိုက်ခိုက်မယ်ဆိုရင် တန်ပြန်ပျက်စီးမှုတွေကနေ ရှောင်လွှဲနိုင်ပြီ”
ချင်ဖုန်း၏ အစီအစဉ်က အသေးစိတ်ကျလှသည့်အပြင် သူက လောမနေခဲ့ချေ။
လျပ်တပျက် အရိပ်ခုတ်ချက် တစ်ချက် အသုံးပြုပြီးနောက် သူက ကိုယ်ဖျောက်ကာ ဆုတ်ခွာလိုက်ပြီးသည်တွင် ဘော့စ်က နေရာ၌ အမျိုးမျိုးသော ဧရိယာစွမ်းရည်များ ထုတ်လွှတ်နေသည်ကို တိတ်တဆိတ် စောင့်ကြည့်နေလိုက်ကာ ထပ်မံတိုက်ခိုက်ရန် အခွင့်အရေးကို စောင့်ဆိုင်းနေလိုက်၏။
ထိုအချိန်၌ပင်...
သံမဏိသူတော်စင်မ၏ ဆူညံသံများကြောင့် ပတ်ဝန်းကျင်မှ ကစားသမား အများအပြားက ထပ်မံ ရောက်ရှိလာကြလေသည်။
***