ချင်ဖုန်းထံတွင် မြအဆင့် ပစ္စည်းကိရိယာ အနည်းငယ် ရှိပြီးသား ဖြစ်၏။
ယခင်က ပလက်တီနမ်အဆင့်ဘော့စ် 'အောက်ဘုံဝိညာဉ် ဖေဆယ်လ်' အား ပထမဆုံး ရှင်းလင်းနိုင်ခဲ့ချိန်၌ပင် လုပ်ကြံသတ်ဖြတ်သူ ပစ္စည်းကိရိယာချည်း သုံးခုအထိ ကျဆင်းခဲ့ဖူးပေသည်။
သို့သော် ထိုအချိန်က ချင်ဖုန်း၏ အဆင့်မှာ မမြင့်မားသေးသဖြင့် ၎င်းတို့ကို အသုံးမပြုနိုင်ခဲ့ချေ။
ယခုအခါ ဤ 'သံမဏိသူတော်စင်မ' က ချင်ဖုန်းအတွက် နောက်ထပ် လုပ်ကြံသတ်ဖြတ်သူ ပစ္စည်းကိရိယာနှစ်ခုကို ထပ်မံ ချပေးခဲ့လေပြီ။
【အနက်ရောင်မီးတောက် လက်ဆောင် - အရိုးဖောက် သားရေချပ်ဝတ် (မြအဆင့်) - လုပ်ကြံသတ်ဖြတ်သူ ပစ္စည်းကိရိယာ။ ရုပ်ပိုင်းဆိုင်ရာ ကာကွယ်မှု +၉၅၊ ဒြပ်စင်အားလုံး ခံနိုင်ရည် +၁၂၀၊ ပျက်စီးမှု လျော့ကျစေခြင်း +၇၇၊ ကိုယ်ခံအား +၇၇။ ဝတ်ဆင်ရန် လိုအပ်ချက် - အဆင့် ၁၃။】
【အနက်ရောင်မီးတောက် လက်ဆောင် - တိုက်ခိုက်သည့်အခါ သို့မဟုတ် တိုက်ခိုက်ခံရသည့်အခါ ပစ်မှတ်အပေါ်သို့ 'အနက်ရောင်မီးတောက်' ၁ ထပ် သက်ရောက်စေမည်ဖြစ်ပြီး ၅ ထပ်အထိ ထပ်ပေါင်းနိုင်ပါသည်။ 'အနက်ရောင်မီးတောက်' ၁ ထပ်စီက ပစ်မှတ်၏ ကာကွယ်မှုနှင့် ဒြပ်စင်ခံနိုင်ရည်များကို ၇% စီ လျှော့ချပေးမည် ဖြစ်သည်။】
(မှတ်ချက် - မြအဆင့်ထက် ကျော်လွန်သော ဘော့စ်များအပေါ်၌ အားနည်းသွားစေသည့် အာနိသင် လျော့ကျသွားမည် ဖြစ်သည်။)
မြအဆင့် ပစ္စည်းကိရိယာများမှာ ယခင်က ပစ္စည်းကိရိယာများနှင့် နှိုင်းယှဉ်လျှင် လုံးဝ ကွဲပြားခြားနားသော အဆင့်တစ်ခု၌ ရှိနေပေသည်။
အခြေခံ ကိန်းဂဏန်းအချက်အလက်များကပင် အဆင့်တူ ပလက်တီနမ်အဆင့် ပစ္စည်းကိရိယာများထက် ၇၀% ကျော် ပိုမို မြင့်မားနေ၏။
“ဒီရုပ်ပိုင်းဆိုင်ရာကာကွယ်မှု၊ ဒီဒြပ်စင်ခံနိုင်ရည်၊ ပြီးတော့ ပျက်စီးမှုလျော့ကျစေခြင်းနဲ့ ကိုယ်ခံအား ၇၇ မှတ်...”
“ဒီသားရေချပ်ဝတ် တစ်စုံတည်းကတင် တခြားသူတွေရဲ့ အကာအကွယ် ပစ္စည်းကိရိယာ တစ်စုံလုံးထက် ကာကွယ်မှုကို ပိုပေးနိုင်တယ်”
“ပြီးတော့ 'အနက်ရောင်မီးတောက်လက်ဆောင်' အာနိသင်လည်း ပါသေးတယ်။ ပစ်မှတ်ရဲ့ ကာကွယ်မှုနဲ့ ဒြပ်စင်ခံနိုင်ရည်ကို လျှော့ချပေးနိုင်တယ်...”
ချင်ဖုန်းက တုံ့ဆိုင်းနေခြင်း အလျဉ်းမရှိဘဲ သူ၏ 'နာကြည်းခြင်းသားရေချပ်ဝတ်' ကို ချက်ချင်း လဲလှယ်ဝတ်ဆင်လိုက်၏။
“ဒီအနက်ရောင်မီးတောက်လက်ဆောင် သားရေချပ်ဝတ်က အောက်ဘုံဝိညာဉ်ဆီကနေ ရတဲ့ဟာထက်တောင် ပိုအသုံးဝင်တာပဲ”
“အောက်ဘုံဝိညာဉ် ချပေးခဲ့တဲ့ အဆင့် ၁၃ လုပ်ကြံသတ်ဖြတ်သူ သားရေချပ်ဝတ်မှာက လျှပ်စီးခံနိုင်ရည်ကို အမှတ် ၂၀၀ အထိ တိုးမြှင့်ပေးတဲ့ အထူးအာနိသင် ပါဝင်နေတာ...”
“အဲ့ဒါက သီးခြားအခြေအနေတချို့မှာတော့ အသုံးဝင်နိုင်ပါတယ်လေ”
“ဒါပေမဲ့ နေ့စဉ်အသုံးပြုဖို့အတွက်ကျတော့ အနက်ရောင်မီးတောက်လက်ဆောင်က ပိုသင့်တော်တယ်”
နောက်တစ်ခုက မြအဆင့် စွမ်းရည်စာအုပ် တစ်အုပ် ဖြစ်၏။
【လုပ်ကြံသတ်ဖြတ်သူ၏ အလိုအလျောက်သိစိတ် (မြအဆင့်) - သင်သည် ကိုယ်ဖျောက်ထားသော ယူနစ်များ၏ ပုံပန်းသဏ္ဍာန်များကို အတိုင်းအတာတစ်ခုအထိ လေ့လာစောင့်ကြည့်နိုင်စွမ်း ရှိသည်။ ကိုယ်ဖျောက်မြင်နိုင်စွမ်းအဆင့် +၂ ကို ရရှိမည်။ အဆင့်သတ်မှတ်ချက် - ၁၃။】
ဤစွမ်းရည်စာအုပ်မှာ ကိုယ်ဖျောက်မြင်နိုင်စွမ်း စွမ်းရည် ဖြစ်၏။
ချင်ဖုန်းက ၎င်းကို သင်ယူပြီးနောက် ဒဏ္ဍာရီလာအဆင့်သို့ ချက်ချင်းပင် မြှင့်တင်လိုက်လေသည်။
မူလက ပွဲကြည့်စင်အပျက်အစီးများထဲမှ ထွက်ခွာလာပြီးနောက် သိမ်မွေ့သောလွတ်မြောက်ခြင်းကဲ့သို့ စွမ်းရည်များကို ဆင့်ကဲပြောင်းလဲခဲ့ရာ သူ့ထံ၌ ဆင့်ကဲပြောင်းလဲခြင်း အမှတ် ၁၀ မှတ် ကျန်ရှိနေခဲ့၏။
'သံမဏိသူတော်စင်မ' ကို သတ်ဖြတ်လိုက်ခြင်းက သူ့အား ဆင့်ကဲပြောင်းလဲခြင်း အမှတ် ၁၂၀ ကို ပေးစွမ်းခဲ့ပေသည်။
ထို့ကြောင့် သူ့ထံ၌ စုစုပေါင်း အမှတ် ၁၃၀ ရှိနေခဲ့ပြီ ဖြစ်၏။
【သင်သည် ဆင့်ကဲပြောင်းလဲခြင်း အမှတ် ၁+၂+၃၀ ကို အသုံးပြုလိုက်ပါသည်။ ၉၇ မှတ် ကျန်ရှိပါသေးသည်။】
【လုပ်ကြံသတ်ဖြတ်သူ၏ အလိုအလျောက်သိစိတ် (မြ → စိန် → မော်ကွန်း → ဒဏ္ဍာရီလာ) - သင်သည် ကိုယ်ဖျောက်ထားသော ယူနစ်များ၏ ပုံပန်းသဏ္ဍာန်များကို အတိုင်းအတာတစ်ခုအထိ လေ့လာစောင့်ကြည့်နိုင်စွမ်း ရှိသည်။ ကိုယ်ဖျောက်မြင်နိုင်စွမ်းအဆင့် +၂ → ၃ → ၄ → ၅ ကို ရရှိမည်။】
【ဒဏ္ဍာရီလာအဆင့် အသစ်ထပ်တိုး အာနိသင် - သင်သည် ပစ်မှတ်၏ အားနည်းချက်များကို ပိုမိုထက်မြက်စွာ အာရုံခံနိုင်စွမ်း ရှိလာမည် ဖြစ်သည်။ အားနည်းချက်ကို တိုက်ခိုက်မှု တည့်မတ်ခြင်း +၅၀%။】
...
ဤစွမ်းရည်က ဒဏ္ဍာရီလာအဆင့်သို့ ဆင့်ကဲပြောင်းလဲသွားချိန်၌ ချင်ဖုန်း၏ ကိုယ်ဖျောက်မြင်နိုင်စွမ်းအဆင့်မှာ အဆင့် ၅ သို့ ရောက်ရှိသွားခဲ့လေပြီ။
ဤအရာက ချင်ဖုန်းကို အနည်းငယ် စိတ်ဓာတ်ကျသွားစေခဲ့၏။
“ငါက လုပ်ကြံသတ်ဖြတ်သူလေ။ ဒါပေမဲ့ ငါ့ရဲ့ ကိုယ်ဖျောက်မြင်နိုင်စွမ်းက ကိုယ်ဖျောက်မှုအဆင့်ထက် ပိုမြင့်နေတယ်ပေါ့”
“ကိုယ်ဖျောက်မှုအဆင့်ကို တိုးမြှင့်ပေးတဲ့ စွမ်းရည်တစ်ခု သင်ယူပြီး အဲ့ဒါကိုပါ ဆင့်ကဲပြောင်းလဲရမယ့်ပုံပဲ...”
အဓိပ္ပာယ်အမဲ့ဆုံးအပိုင်းမှာမူ ဤစွမ်းရည်က ဒဏ္ဍာရီလာအဆင့်၌ နောက်ထပ် အာနိသင်တစ်ခုကိုပါ ရရှိသွားခြင်းပင်။
ပစ်မှတ်၏ အားနည်းချက်များကို ပိုမို ထက်မြက်စွာ အာရုံခံနိုင်ခြင်း ဖြစ်သည်။
“နောက်ထပ် အားနည်းချက်ကို တိုက်ခိုက်မှု တည့်မတ်ခြင်း ၅၀% လား”
မူလကတည်းက ချင်ဖုန်း၏ ရှေ့ရှိ ပစ်မှတ်အများစုမှာ ဧရာမခေါင်းကြီးများ တပ်ဆင်ထားသည့်အလား ဖြစ်နေခဲ့ပြီးသားပင်။
ယခုမူ နောက်ထပ် ၅၀% ထပ်ပေါင်းလိုက်သောအခါတွင် သိမ်မွေ့သော လွတ်မြောက်ခြင်း၏ အလိုအလျောက် စွမ်းရည်နှင့် ထပ်ပေါင်းလိုက်လျှင် စုစုပေါင်းက ၃၅၀% ဖြစ်သွားလေပြီ။
“အားနည်းချက်တွေက ၃.၅ ဆအထိ ကျယ်ပြန့်သွားတာလား”
“ငါ မျက်စိမှိတ်ပြီး တိုက်ခိုက်ရင်တောင် သူတို့ရဲ့ အားနည်းချက်တွေကို ထိနိုင်တယ်...”
ချင်ဖုန်းမှာ အားနည်းချက်ကို တိုက်ခိုက်မှု တည့်မတ်ခြင်းအား ပေါင်းထည့်ပေးသော အခြားစွမ်းရည်များစွာ ရှိနေသေးကြောင်းကို မတွေးဘဲ မနေနိုင်တော့ချေ။
အကယ်၍ ထိုစွမ်းရည်များအားလုံးကို သူသာ သင်ယူလိုက်မည်ဆိုပါက ပြိုင်ဘက်၏ အားနည်းချက်များကို ဆယ်ဆ သို့မဟုတ်... အဆတစ်ရာအထိ ကျယ်ပြန့်သွားစေနိုင်မည် မဟုတ်ပါလော။
“အဲ့ဒီအချိန်ကျရင် ငါက ကောင်းကင်ပေါ်ကို လှံပစ်တင်လိုက်ရင်တောင် ပြိုင်ဘက်ရဲ့ အားနည်းချက်ဆီကို အလိုအလျောက် ခြေရာခံပြီး သွားမှန်တော့မှာလား”
ဤအရာက အခြေခံအားဖြင့် အလိုအလျောက် ချိန်ရွယ်ပေးသော စနစ်တစ်ခုလိုပင်။
'အဆုံးမဲ့ ဆင့်ကဲပြောင်းလဲခြင်း' ပါရမီသာ မရှိခဲ့လျှင် ဤအရာကို ချင်ဖုန်းအနေဖြင့် လုံးဝ စိတ်ကူးယဉ်နိုင်ခဲ့မည် မဟုတ်ချေ။
'အားနည်းချက်ကို တိုက်ခိုက်မှု တည့်မတ်ခြင်း' စွမ်းရည်က တကယ်ကြီး ဤမျှ မြင့်မားစွာ ထပ်ပေါင်းနိုင်သည်လော။
နောက်ဆုံးအာနိသင်က တွေးကြည့်ရုံမျှဖြင့်ပင် အဓိပ္ပာယ်မဲ့လွန်းနေပေသည်။
“ဆင့်ကဲပြောင်းလဲခြင်း အမှတ် ၉၇ မှတ် ကျန်သေးတယ်။ တစ္ဆေအရိပ် မှုန်ဝါးခြင်းကို အရင်ဆုံး ဒဏ္ဍာရီလာအဆင့် ပြောင်းလိုက်တာပေါ့”
ချင်ဖုန်းက မော်ကွန်းအဆင့်သို့ ရောက်ရှနေိပြီးဖြစ်သော 'တစ္ဆေအရိပ် မှုန်ဝါးခြင်း' ကို ဆင့်ကဲပြောင်းလဲရန် ရွေးချယ်လိုက်၏။
【သင်သည် ဆင့်ကဲပြောင်းလဲခြင်း အမှတ် ၈၀ ကို အသုံးပြုလိုက်ပါသည်။ ၁၇ မှတ် ကျန်ရှိပါသေးသည်။】
【တစ္ဆေအရိပ် မှုန်ဝါးခြင်း (မော်ကွန်း → ဒဏ္ဍာရီလာ) - ၇၅% → ၈၅% ရှောင်တိမ်းနိုင်စွမ်းကို အလိုအလျောက် ရရှိမည်။ ရှောင်တိမ်းမှုကို အသက်ဝင်စေပါက ပျက်စီးမှုအားလုံးကို ထိခိုက်မှုမှ ကင်းလွတ်စေမည် ဖြစ်သည်။ အဆင့် ၅။】
ရှောင်တိမ်းနိုင်စွမ်း ၁၀% သာ ပေါင်းထည့်ပေးလိုက်သည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင်မူ ဤအာနိသင်က ပြိုင်ဘက်၏ အခြေခံ ထိမှန်နှုန်းကို ၂၅% မှနေ၍ ၁၅% အထိ လျှော့ချပစ်လိုက်ခြင်းပင်။
အဆင့်နိမ့် မိစ္ဆာများနှင့် သာမန်ကစားသမားများကို ရင်ဆိုင်ရာတွင် ဤမျှ မြင့်မားသော ရှောင်တိမ်းနိုင်စွမ်းက ချင်ဖုန်းအား အနိုင်ယူ၍ မရနိုင်သူအဖြစ် ပြောင်းလဲပေးရန် လုံလောက်နေပေသည်။
မြအဆင့် 'အနက်ရောင်မီးတောက်လက်ဆောင် - အရိုးဖောက် သားရေချပ်ဝတ်' ၏ မြင့်မားသော ကာကွယ်မှုနှင့် ပေါင်းစပ်လိုက်လျှင် လက်ရှိ ကစားသမားများနှင့် ပလက်တီနမ်အဆင့်အောက်ရှိ မိစ္ဆာများက သူ့အတွက် ခြိမ်းခြောက်မှုတစ်ခု လုံးဝ ဖြစ်မလာနိုင်တော့ချေ။
၎င်းတို့အပြင် သံမဏိသူတော်စင်မက အခြားအလုပ်အကိုင်များအတွက် မြအဆင့်မှ ပလက်တီနမ်အဆင့်အထိ ပစ္စည်းကိရိယာအချို့ကိုလည်း ချပေးခဲ့သေး၏။
လောလောဆယ်၌ ထိုအရာများကို မည်သူကမျှ ဝတ်ဆင်နိုင်စွမ်း မရှိကြချေ။
မည်သို့ပင်ဆိုစေကာမူ ၎င်းတို့အားလုံးမှာ အဆင့် ၁၃ မှ ၁၅ အထိ ပစ္စည်းများ ဖြစ်ကြသောကြောင့်ပင်။ အခြားသူများအနေဖြင့် ထိုအဆင့်သို့ ရောက်ရှိရန် အချိန်အတော်ကြာ ယူရဦးမည် ဖြစ်၏။
ချင်ဖုန်းက ထိုပစ္စည်းများကို ရှင်းလင်းပစ်ရန် လောမနေခဲ့ချေ။
သူက အရင်ဆုံး ပစ္စည်းများအားလုံးကို ကောက်ယူလိုက်ပြီးနောက် 'ဘုရားကျောင်း ခိုလှုံရာစခန်း သော့' ကို ယူကာ ကိုယ်ဖျောက်လျက် ထိုနေရာမှ ထွက်ခွာလာခဲ့လိုက်သည်။
ထို့နောက် သူက ဝမ်မုန့်ထံသို့ ဆက်သွယ်လိုက်၏။ “ငါ့ဆီမှာ မင်းကို ရောင်းချင်တဲ့ ပစ္စည်းကိရိယာတွေနဲ့ စွမ်းရည်စာအုပ်တစ်သုတ် ရှိတယ်။ ပြီးတော့ ကောင်းတဲ့ ပစ္စည်းတစ်ခုလည်း ပါသေးတယ်... မင်း ဘယ်တော့ အားလဲ”
ဝမ်မုန့်က အလျင်အမြန် ပြန်ဖြေလာသည်။ “ခင်ဗျား ကျွန်တော်တို့ကို လိုအပ်တယ်ဆိုရင် ဘယ်အချိန်ပဲဖြစ်ဖြစ် အားပါတယ်။ ဟားဟား။ ခဏလေးသာစောင့်၊ နေရာကိုသာ ပို့ပေးထားလိုက်၊ ကျွန်တော်တို့ ချက်ချင်း အရောက်လာခဲ့မယ်”
ချင်ဖုန်းက ဝမ်မုန့်ထံသို့ တည်နေရာတစ်ခုကို ပို့ပေးလိုက်ပြီးနောက် တစ္ဆေညခရီးသွားဝံပုလွေကို စီးနင်းကာ မိမိကိုယ်ကိုယ်ရော တိုက်ပွဲဝင်သတ္တဝါကိုပါ ကိုယ်ဖျောက်လျက် ထိုနေရာသို့ ထွက်ခွာသွားလိုက်၏။
ထိုနေရာမှာ 'ဘုရားကျောင်း ခိုလှုံရာစခန်း' ၏ အပြင်ဘက်ရှိ လူသူကင်းမဲ့သော နေရာတစ်ခု ဖြစ်ပေသည်။
ချင်ဖုန်းရောက်ရှိသွားချိန်၌ 'စုပြုံ' မိစ္ဆာခုနစ်ကောင်၊ ရှစ်ကောင်ခန့်က ထိုလမ်းကြားငယ်လေးထဲ၌ ပြွတ်သိပ်နေကြသည်ကို သူတွေ့လိုက်ရသည်။
စုပြုံမိစ္ဆာများက အဆင့် ၁၂ မိစ္ဆာများဖြစ်ကြကာ တစ်ကောင်ချင်းစီတိုင်းက အလွန်အမင်း ဝဖြိုးသော နတ်ဆိုးများ ဖြစ်ကြသည်။ သူတို့ စုပြုံနေချိန်၌ အသားတောင်ကြီးတစ်ခုနှင့်ပင် တူနေပေသည်။
သူတို့တွင် ကာကွယ်မှု ထပ်ပေါင်းသည့် အာနိသင်တစ်ခုလည်း ရှိသေးကာ စုပြုံမိစ္ဆာတစ်ကောင်စီတိုင်းက အဆင့်တူ သာမန်မိစ္ဆာတစ်ကောင်ထက် နှစ်ဆ၊ သုံးဆခန့် ပိုမို၍ ခံနိုင်ရည် ရှိကြ၏။
အကယ်၍ သာမန်ကစားသမားအဖွဲ့တစ်ဖွဲ့သာ ၎င်းတို့နှင့် တွေ့ဆုံခဲ့ပါလျှင် သေချာပေါက် သွေးချောင်းစီးသွားမည် ဖြစ်သည်။
သို့သော် ချင်ဖုန်းအတွက်မူ လျပ်တပျက် အရိပ်ခုတ်ချက် တစ်ချက်တည်းဖြင့်ပင် ထိုအကောင်များအားလုံးကို အဆုံးသတ်ပေးလိုက်နိုင်၏။
ထိုမိစ္ဆာအစုအဝေးကို သတ်ဖြတ်ပြီးနောက် ချင်ဖုန်းက ထိုနေရာ၌ ရပ်မစောင့်နေတော့ဘဲ ပတ်ဝန်းကျင်ရှိ အခြားသောမိစ္ဆာများကိုပါ ဆက်လက် ရှင်းလင်းနေလိုက်သည်။
ဆယ်မိနစ်ကျော် ကြာပြီးနောက်မှသာ ဝမ်မုန့်၊ အန်းယွီနှင့် တခြားသူများက အတူတကွ ရောက်ရှိလာကြ၏။
၎င်းက အရောင်းအဝယ်တစ်ခုသက်သက်သာ ဖြစ်သော်လည်း ယခင်အတွေ့အကြုံများအရ ချင်ဖုန်းထံ၌ ကျောပိုးအိတ်နေရာများစွာ ရှိနေမှန်း သူတို့ သိထားကြသဖြင့် အဖွဲ့တစ်ဖွဲ့လုံး လိုက်လာခဲ့ကြခြင်း ဖြစ်သည်။
ဤသည်မှာ ပစ္စည်းများဝယ်ယူပြီးနောက် ကျောပိုးအိတ်နေရာ မလုံလောက်ခြင်းမျိုး မဖြစ်စေရန် ရှောင်ရှားခြင်းပင်။
ပြန်လည်တွေ့ဆုံချိန်၌ ဝမ်မုန့်နှင့် အခြားသူများ၏ ပစ္စည်းကိရိယာများနှင့် တိုက်ခိုက်ရေးစွမ်းအားများ သိသိသာသာ တိုးတက်လာကြောင်းကို ချင်ဖုန်းက သတိပြုမိလိုက်၏။
ဦးဆောင်လာသော ဝမ်မုန့်ထံတွင် ချင်ဖုန်းဆီမှ ဝယ်ယူထားသည့် ပလက်တီနမ်အဆင့် ပစ္စည်းကိရိယာနှစ်ခု ရှိနေပြီး ကျန်သောပစ္စည်းများမှာ အခြေခံအားဖြင့် ရွှေအဆင့်များ ဖြစ်ကြသည်။
သေချာသည်မှာ ထိုရွှေအဆင့်ပစ္စည်းများကို အစပြုမြို့ငယ်တွင် ရှာဖွေထားခြင်းဖြစ်သဖြင့် အဆင့်များက အတော်လေး နိမ့်ကျနေမည်ဖြစ်ကြောင်း ချင်ဖုန်းက သိထားပေသည်။
ချင်ဖုန်းထံရှိ ကိန်းဂဏန်းအချက်အလက်များနှင့် နှိုင်းယှဉ်လျှင် ကွာဟချက်က ကြီးမားနေဆဲပင်။
အကယ်၍ သူတို့၏ ပစ္စည်းများအားလုံးကို ပေါင်းလိုက်မည်ဆိုလျှင် ကွာဟချက်က ပို၍ပင် ကြီးမားနေဦးမည် ဖြစ်၏။
“ဂုရုကြီး၊ ရှင်က တစ်ညတည်းနဲ့ အဆင့် ၁၃ ကို ရောက်သွားတာလား။ ဒါက အရမ်းကို ကြမ်းလွန်းတယ်”
အန်းယွီက ချင်ဖုန်းကို မြင်သည်နှင့်တစ်ပြိုင်နက် သူမ၏ လှပသော မျက်လုံးများထဲတွင် လေးစားအားကျမှုများ ပြည့်နှက်စွာဖြင့် သူ့ထံသို့ စိတ်အားထက်သန်စွာ ပြေးလာတော့၏။
***