တောင်ကြားအဝင်ဝ၌။
ထိုနေရာ၌ တရားဝင်ကစားသမား ခြောက်ယောက်က တပ်စွဲထားကြ၏။ ဤနေရာတွင် အစကတည်းက သူတို့ ရှိနေရခြင်းမှာ အခြားကစားသမားများကို သတိပေးရန်နှင့် စုဝေးနေသော ရွှေအဆင့်ဘော့စ်ခုနှစ်ကောင်ရှိရာ တောင်ကြားထဲသို့ တစ်စုံတစ်ယောက် အမှတ်မထင် ဝင်ရောက်မိကာ အသတ်ခံရပြီး ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် တားဆီးပေးဖို့ပင် ဖြစ်သည်။
တစ္ဆေညခရီးသွားဝံပုလွေကို စီးနင်း၍ ချင်ဖုန်း ဖြတ်သန်းသွားချိန်တွင်မူ သူတို့က သူ့ကို လုံးဝ သတိမထားမိခဲ့ကြချေ။
“ဒီလို ခေါင်ခိုက်နေတဲ့ နေရာကြီးမှာ ကင်းစောင့်ဖို့ တာဝန်ပေးခံရတာ တကယ်ကို သောက်ကျိုးနည်းတာပဲကွာ။ ငါတို့ အဆင့်တင်ဖို့ အချိန်ကောင်းတွေအကုန် နှမြောစရာကြီး။ ဟူး...”
“အရိပ်ကရော အထဲက ဘော့စ်တွေကို ရှင်းနိုင်မယ်လို့ မင်းတို့ ထင်လား”
“မဖြစ်နိုင်လောက်ဘူးလို့ ငါထင်တယ်။ ခုလေးတင် ညွှန်မှူးတိုက်တို့အဖွဲ့ ဝင်စမ်းကြည့်ခဲ့တာ မဟုတ်ဘူးလား။ သူတို့တောင် တစ်ကောင်ကို အနိုင်နိုင်သတ်လိုက်ရပါတယ်ဆိုကာမှ အဲ့ဒီကောင်က ချက်ချင်း ပြန်ရှင်လာတာလေကွာ”
“ကိစ္စမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စကို ဖြေရှင်းဖို့ ငါတို့က အရိပ်ကို သက်တမ်းဆယ်နှစ် ပေးထားပြီးပြီပဲ။ သူ မလုပ်နိုင်ဘူးဆိုရင်လည်း သူ့ပြဿနာပဲလေ”
“ဟီးဟီး... အဆုံးအစမရှိ ပြန်ရှင်လာနိုင်တဲ့ ဘော့စ်တွေကိုတောင် သူက တကယ်ကြီး ရင်ဆိုင်ရဲတယ်ပေါ့လေ...”
...
သေချာသည်မှာ ချင်ဖုန်းက ထိုလူအုပ်စုကို ဂရုစိုက်နေမည် မဟုတ်ချေ။
သူဖြတ်သွားချိန်၌ သူတို့ကို တစ်ချက်လေးပင် လှည့်မကြည့်ဘဲ တောင်ကြားထဲသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားလေသည်။
လမ်းခုလတ်၌ အန်းယွီက အထွေထွေအခြေအနေများကို သူ့အား တစ်ကြိမ် ရှင်းပြထားခဲ့ပြီး ဖြစ်၏။
အမည်မဖော်လိုသော တရားဝင်အဖွဲ့မှ ညွှန်မှူးတိုက်ဆိုသူကလည်း ဂိမ်းကစားခြင်းကို နှစ်သက်ပေသည်။ လက်ရှိ ကျန်းဟိုင်မြို့ တရားဝင်အဖွဲ့အစည်းများထဲတွင် ဝမ်မုန်၏အဖွဲ့မှလွဲ၍ ထိုညွှန်မှူးတိုက် ဦးဆောင်သော အဖွဲ့မှာ အင်အားအကြီးဆုံး ဖြစ်၏။
ချင်ဖုန်းထံမှ အကူအညီ မတောင်းခံခင်၌ ဤညွှန်မှူးတိုက်က တောင်ကြားထဲသို့ လူများခေါ်လာကာ စမ်းသပ်ကြည့်ခဲ့ဖူးပေသည်။
သူတို့က အလွန်မြန်ဆန်သော မြင်းစီးသူရဲကောင်း ကစားသမားတစ်ဦးကို အသုံးပြု၍ အခြားသော ဘော့စ်ခြောက်ကောင်၏ အာရုံစိုက်မှုကို ဆွဲဆောင်စေခဲ့ပြီးနောက် နာရီဝက်နီးပါးခန့် အချိန်ယူ၍ အာရုံစိုက်တိုက်ခိုက်လိုက်လေရာ တစ်ကောင်တည်း ကျန်နေခဲ့သော ရွှေအဆင့်ဘော့စ်တစ်ကောင်ကို သတ်ဖြတ်နိုင်ခဲ့ကြသည်။
သူတို့ အောင်မြင်ခဲ့၏။
သို့သော်...
ထိုဘော့စ်က အသတ်ခံလိုက်ရပြီးနောက် ချက်ချင်းဆိုသလိုပင် ပြန်လည်ရှင်သန်လာခဲ့လေသည်။
ထို့ပြင် ပြန်လည်ရှင်သန်လာပြီးနောက် ဘော့စ်ခုနှစ်ကောင်စလုံး၏ တိုက်ခိုက်ရေးစွမ်းအားများက အချိန်တိုအတွင်း၌ ရုတ်တရက် မြင့်တက်လာခဲ့ကာ သူတို့၏ အဖွဲ့တစ်ခုလုံးကို ပြောင်ရှင်းသွားစေခဲ့တော့၏။
အန်းယွီ၏ မူလပြောစကားမှာ “ဆုံးရှုံးမှုတွေကို လျှော့ချဖို့အတွက် သူတို့က ထပ်မစမ်းသပ်တော့ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒါကြောင့် ဂုရုကြီးအနေနဲ့ မသေချာဘူးလို့ ခံစားရရင် ငြင်းလို့ ရပါတယ်...” ဟူ၍ပင်။
သေချာပေါက် ချင်ဖုန်းက ငြင်းဆန်မည် မဟုတ်ချေ။
ရှေးဟောင်းနတ်ဘုရား ကျောက်စာချပ်ကို ထိုမျှလွယ်ကူစွာ ရနိုင်မည်ဆိုပါလျှင်သာ ထူးဆန်းနေမည် ဖြစ်သည်။
အကယ်၍သာ ရွှေအဆင့်ဘော့စ်ခုနှစ်ကောင်တည်းဆိုပါက လက်ရှိတရားဝင်အဖွဲ့များ၏ အင်အားဖြင့် အချိန်အနည်းငယ်ယူကာ ဆုံးရှုံးမှုအချို့ကို စတေးခံရုံဖြင့် သေချာပေါက် အနိုင်ယူနိုင်စွမ်း ရှိပေသည်။
သို့သော် အဓိကအချက်မှာ သူတို့ အနိုင်နိုင်သတ်ဖြတ်နိုင်ခဲ့သည့် တစ်ကောင်မှာ ပြန်လည်ရှင်သန်လာခြင်းပင်။
“ကြည့်ရတာ ဖုံးကွယ်နေတဲ့ အစီအရင်တချို့ ရှိနေပုံပဲ”
“ဘယ်လိုအရာမျိုးလဲ ဆိုတာကိုတော့ အဲ့ဒီရောက်မှပဲ ကြည့်ရတော့မယ်”
ချင်ဖုန်းက ဘာတွေဖြစ်လာနိုင်ကြောင်းကို ခန့်မှန်းထားပြီး ဖြစ်၏။
ရှေးဟောင်းနတ်ဘုရား ကျောက်စာချပ်များက အုပ်စုဖွဲ့ဘော့စ်များကို အမြဲတစေ ဖန်တီးလေ့ရှိပေသည်။
တစ်ခါတစ်ရံ၌ ထိုအုပ်စုဖွဲ့ဘော့စ်များအားလုံးက ကိုယ်ဖျောက်ထားတတ်ကြကာ သူတို့၏ ကိုယ်ဖျောက်အဆင့်ကလည်း အလွန်အမင်း မြင့်မားလှ၏။ ကစားသမားများအနေဖြင့် အနီးမှ ဖြတ်သွားရုံဖြင့်ပင် မည်သည့်အရာက တိုက်ခိုက်လိုက်မှန်းမသိဘဲ အသတ်ခံလိုက်ရတတ်ပေသည်။
တစ်ခါတစ်ရံ၌ အပေါ်ယံတွင်မြင်နေရသော ဘော့စ်များမှာ အာရုံလွှဲရန် သက်သက်သာဖြစ်ပြီး အစစ်အမှန်ဘော့စ်မှာ တစ်နေရာရာ၌ ပုန်းအောင်းနေသော 'ဆင့်ခေါ်သူမှော်ဆရာ' ဖြစ်နေတတ်၏။ ထိုအခြေအနေမျိုးတွင် ကစားသမားများ သတ်ဖြတ်လိုက်သော ဘော့စ်များမှာ အဆုံးအစမရှိ ပြန်လည်ရှင်သန်လာတတ်ပေသည်။
သိပ်မကြာခင်၌ပင် ချင်ဖုန်းက တောင်ကြားထဲသို့ ဝင်ရောက်သွားခဲ့သည်။
တောင်ကြားက ဝန်းရံထားသော ရေအိုင်စပ်သို့ သူရောက်ရှိသွားချိန်၌ ရွှေအဆင့်ဘော့စ်ခုနှစ်ကောင်ကို သူမြင်တွေ့လိုက်ရလေပြီ။
ရွှေအဆင့်ဘော့စ်တစ်ကောင်ချင်းစီတိုင်းမှ အနက်ရောင်စွမ်းအင်များ ထွက်ပေါ်နေသည်မှာ အမည်းရောင်မီးတောက်များ လောင်ကျွမ်းနေသကဲ့သို့ပင်။ အမည်းရောင်မြူခိုးများ ဝန်းရံနေမှုကြောင့် သူတို့က ကြောက်မက်ဖွယ်ကောင်းပြီး ထူးဆန်းနေပုံရ၏။
ထို့ပြင် ဤဘော့စ်များအားလုံး၌ 'ကျိန်စာသင့်' ဟူသော ရှေ့ဆက်စကားလုံး ပါရှိနေကြပေသည်။
ကျိန်စာသင့် ခေါင်းလဲလှယ်သူ (ရွှေအဆင့်)။
ကျိန်စာသင့် ပြားချပ်ကြွက်လူသား (ရွှေအဆင့်)။
ကျိန်စာသင့် မြေတူးသမား (ရွှေအဆင့်)...
သူတို့၏ ပုံပန်းသဏ္ဍာန်များမှာ အရုပ်ဆိုးအကျည်းတန်နေကာ ငါးကောင်မှာ လူပုံစံဖြစ်ပြီး ကျန်နှစ်ကောင်မှာ သားရဲပုံစံ ဖြစ်၏။ သူတို့၏ ခန္ဓာကိုယ်များကလည်း ပိန်ချုံးနေပြီး ခြေလက်များက လိမ်ကောက်နေလျက် အရေပြားများပေါ်တွင် အရေးအကြောင်းများ ထပ်ခါတလဲလဲ ဖုံးလွှမ်းနေလေရာ မြင်တွေ့ရသူတိုင်း၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ နှစ်ရပ်လုံးကို သက်သောင့်သက်သာ မဖြစ်စေတော့ချေ။
“တကယ်ကို ရှေးဟောင်းနတ်ဘုရား ကျောက်စာချပ်က ဖန်တီးထားတဲ့ အုပ်စုဖွဲ့ဘော့စ်ပဲ”
“လောလောဆယ်တော့ ရှေးဟောင်းနတ်ဘုရား ကျောက်စာချပ်ကို ဘယ်နေရာမှာမှ မတွေ့ရဘူး။ ရေအိုင်အောက်ခြေမှာများ ရှိနေမလား...”
“ဘာပဲဖြစ်ဖြစ် ဒီဘော့စ်တွေကို အရင်ဆုံး ရှင်းရလိမ့်မယ်”
ချင်ဖုန်းက ခေတ္တမျှ အကဲခတ်လိုက်၏။
အသုံးဝင်မည့် မည်သည့်သဲလွန်စကိုမျှ မတွေ့ရသဖြင့် ဤဘော့စ်များကို တစ်ပြိုင်နက်တည်း သတ်ဖြတ်ရန် သူက ဆုံးဖြတ်လိုက်သည်။
ကျိန်စာသင့် ရွှေအဆင့်ဘော့စ်များက သာမန် ရွှေအဆင့်ဘော့စ်များထက် ပိုမို အစွမ်းထက်ကြပေသည်။
သေချာသည်မှာ သူတို့က ကျိန်စာသင့်နေခြင်းဖြစ်သဖြင့် ရှုထောင့်တစ်ဖက်တွင် အားကောင်းသွားသော်လည်း အခြားရှုထောင့်တစ်ဖက်၌မူ အားနည်းသွားတတ်ကြ၏။
လက်ရှိ၌ ဤဘော့စ်ခုနှစ်ကောင်၏ အခြေအနေကို ချင်ဖုန်းက မသိသေးချေ။
“ဒါပေမဲ့ ငါ့ရဲ့ လက်ရှိတိုက်ခိုက်ရေးစွမ်းအားက ဒီလိုရွှေအဆင့်ဘော့စ်မျိုးကို အသာလေး ချေမှုန်းနိုင်ပါတယ်”
“သူတို့ရဲ့ သွေးပမာဏနဲ့ ကာကွယ်ရေးတွေ မြင့်တက်နေရင်တောင်မှ အဲ့ဒီလောက်ကြီး အစွမ်းထက်နေမှာ မဟုတ်ပါဘူး”
“ဒါပေမဲ့ 'ပျက်စီးမှုတန်ပြန်ခြင်း' လိုမျိုး အပိုဂုဏ်သတ္တိတွေ ပါမပါကိုတော့ သတိထားဖို့ လိုတယ်”
ချင်ဖုန်းက ကိုယ်ဖျောက်ထားသည့် အခြေအနေကို ထိန်းသိမ်းထားရင်း အနီးသို့ မချဉ်းကပ်သေးချေ။
ထို့အစား ပုန်းကွယ်နေသော ထောင့်တစ်နေရာ၌ သူက 'ယုံကြည်သူဆွဲကြိုး' ကို ဝတ်ဆင်လိုက်ပြီးနောက် ငွေအဆင့် ကြည်ညိုသူတစ်ဦးကို ဆင့်ခေါ်လိုက်၏။
ကြည်ညိုသူကို ဆင့်ခေါ်ပြီးနောက် ချင်ဖုန်းက ပိုမိုမြင့်မားသော ဂုဏ်သတ္တိများပါရှိသည့် 'လှည့်စားသူဆွဲကြိုး' ကို ပြန်လည်ပြောင်းလဲ ဝတ်ဆင်လိုက်သည်။
“သွားစမ်း”
ချင်ဖုန်းက အမိန့်ပေးလိုက်၏။
ထို့နောက် ကြည်ညိုသူက အရှေ့ရှိ ဘော့စ်ခုနှစ်ကောင်ထံသို့ ပြေးထွက်သွားလေသည်။
အဝေးမှနေ၍ ၎င်းက အစိမ်းရောင်မီးတောက်များကို ဘော့စ်ခုနှစ်ကောင်ထံသို့ ပစ်ပေါက်လိုက်၏။
-၂၂၉။
-၂၃၃။
-၂၆၇။
လောင်ကျွမ်းပျက်စီးမှုဂဏန်းများက ဘော့စ်များ၏ ခေါင်းပေါ်မှ ဆက်တိုက် ခုန်ထွက်လာကြ၏။
ကြည်ညိုသူထံမှ ထွက်ပေါ်လာသော ဧရိယာအလိုက် ပျက်စီးမှုများက မမြင့်မားလှသော်လည်း ထိုဘော့စ်ခုနှစ်ကောင်ထံ၌ မည်သည့် 'ပျက်စီးမှုတန်ပြန်ခြင်း' အပိုဂုဏ်သတ္တိမျှ မရှိကြောင်းကို အတည်ပြု စမ်းသပ်နိုင်ခဲ့ပေသည်။
ဝုန်း။ ဝုန်း။
ကြည်ညိုသူက တိုက်ခိုက်လိုက်ချိန်၌ ဘော့စ်ခုနှစ်ကောင်ကလည်း တစ်ကောင်ပြီးတစ်ကောင် တန်ပြန်တိုက်ခိုက်လာကြ၏။
ကျိန်စာသင့် ရွှေအဆင့်ဘော့စ်နှစ်ကောင်က အဝေးမှနေ၍ အမည်းရောင်ချွဲကျိကျိအရည် အတုံးအခဲနှစ်ခုကို ထွေးထုတ်လိုက်ရုံဖြင့် ငွေအဆင့်မျှသာရှိသော ကြည်ညိုသူကို ထိုနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားစေခဲ့သည်။
သို့သော် ချက်ချင်းဆိုသလိုပင်။
“ပျက်စီးမှုတန်ပြန်ခြင်း မရှိဘူးဆိုတော့လည်း...”
“ဒါဆိုရင်...”
“သေကြစမ်း”
ချင်ဖုန်းက ကိုယ်တိုင်လှုပ်ရှားလိုက်ကာ ကိုယ်ဖျောက်ထားလျက်ဖြင့် ချဉ်းကပ်သွားပြီးနောက် ဘော့စ်ခုနှစ်ကောင်အနီးမှ ဖြတ်သန်းသွားသော အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားလေရာ သူတို့၏ လိမ်ကောက်ပြီး ပိန်ချုံးနေသော ခန္ဓာကိုယ်များပေါ်၌ ဓားအလင်းတန်းများ ပွင့်လန်းသွားတော့၏။
လျပ်တစ်ပြက်အရိပ်ခုတ်ချက်။
-၁၄၂၉၇ (အားနည်းချက်ကို တိုက်ခိုက်မှု)။
-၁၄၅၁၉ (အားနည်းချက်ကို တိုက်ခိုက်မှု)။
-၁၃၈၈၈ (အားနည်းချက်ကို တိုက်ခိုက်မှု)။
ဒဏ္ဍာရီအဆင့် 'သိမ်မွေ့သောလွတ်မြောက်ခြင်း' ၏ အာနိသင်အောက်တွင် ဤဘော့စ်များအားလုံးမှာ ချင်ဖုန်း၏ မျက်လုံးထဲ၌ လည်စင်းခံနေသော သားကောင်များကဲ့သို့ပင်။
သူ၏ စွမ်းရည်များကို မည်သို့ပင် အသုံးပြုစေကာမူ အရာအားလုံးက အားနည်းချက်ကို တိုက်ခိုက်မှုများချည်းသာ ဖြစ်နေ၏။
လျပ်တစ်ပြက်အရိပ်ခုတ်ချက်၏ အလွန်အမင်း မြင့်မားလှသော ပျက်စီးမှုများက ဘော့စ်ခုနှစ်ကောင်၏ သွေးတန်းများကို ချက်ချင်း ကုန်ခမ်းသွားစေခဲ့တော့သည်။
သို့သော် ချင်ဖုန်းက ပေါ့ဆမနေခဲ့ချေ။
မည်သို့ပင်ဆိုစေကာမူ ဤဘော့စ်များက ပြန်လည်ရှင်သန်နိုင်ပုံရကြောင်း၊ သို့မဟုတ် အနည်းဆုံး တစ်ကောင်ကတော့ ပြန်လည်ရှင်သန်နိုင်စွမ်းရှိကြောင်း အန်းယွီက ပြောထားခဲ့သည် မဟုတ်ပါလော။
ထင်မှတ်ထားသည့်အတိုင်းပင်...
ချင်ဖုန်းက ခပ်လှမ်းလှမ်းသို့ ပြန်လည်ဆုတ်ခွာလိုက်ချိန်၌ သေဆုံးသွားသော ဘော့စ်ခုနှစ်ကောင်က အမည်းရောင်မြူခိုးများအဖြစ် ပြန့်ကျဲသွားသည်ကို မြင်လိုက်ရ၏။ အလောင်းများ မရှိရုံသာမက မည်သည့် ပစ္စည်းကိရိယာမျှ ကျဆင်းလာခြင်း မရှိခဲ့ချေ။
ကြောက်မက်ဖွယ်အကောင်းဆုံးအရာမှာ ထိုအမည်းရောင်မြူခိုးခုနှစ်ခုက လျင်မြန်စွာ ပြန်လည်စုစည်းသွားကြပြီးနောက် ရွှေအဆင့်ဘော့စ် ခုနှစ်ကောင်အဖြစ် ပြန်လည်ပေါ်ထွက်လာခြင်းပင်။
ညွှန်မှူးတိုက်ကဲ့သို့သော အခြားကစားသမားများသာဆိုလျှင် ဤအခြေအနေကို မြင်လိုက်ရသည်နှင့် သူတို့၏ နှလုံးသားများပင် ရေခဲတမျှ အေးစက်သွားလောက်ပေသည်။
အနိုင်နိုင်သတ်ဖြတ်လိုက်ရသော ဘော့စ်က ဘာတစ်ခုမှ ကျမလာသည့်အပြင် ချက်ချင်းကြီး ပြန်ရှင်လာခဲ့သည် မဟုတ်ပါလား။
ဤအရာကို မည်သူကများ ခံနိုင်ရည်ရှိမည်နည်း။
သို့သော် ချင်ဖုန်းအတွက်မူ...
သေချာစွာ အကဲခတ်ကြည့်ပြီးနောက် ပြန်လည်ရှင်သန်လာသော ဘော့စ်ခုနှစ်ကောင်စလုံးမှာ ယခင်ကနှင့် အနည်းငယ် ကွာခြားသွားကြောင်းကို သူ တွေ့ရှိလိုက်ရ၏။
“သူတို့ ခန္ဓာကိုယ်တွေရဲ့ မတူညီတဲ့ အစိတ်အပိုင်းတွေပေါ်မှာ သင်္ကေတအသစ်တစ်ခုစီ ပေါ်လာတယ်”
“အားလုံးပေါင်း သင်္ကေတ ခုနှစ်ခု”
“အဓိပ္ပာယ်တွေက... ကပ်ဘေး၊ ဘေးဒုက္ခ၊ ရှေးဟောင်း၊ နတ်ဘုရား၊ ဥတိုစ်လား”
ဤသင်္ကေတများမှာ တကယ်တမ်း၌ ရှေးဟောင်းနတ်ဘုရား ဘာသာစကား၏ အက္ခရာများ ဖြစ်ပေသည်။
ချင်ဖုန်းပင်လျှင် ထိုအရာများအားလုံးကို မမှတ်မိနိုင်ချေ။
သို့သော် တိုက်ဆိုင်စွာဖြင့်ပင်...
'ကပ်ဘေး ရှေးဟောင်းနတ်ဘုရား ဥတိုစ်' ဆိုသော ထိုအမည်ကို ယခင်ဘဝ၌ သူက အကြိမ်ကြိမ် ကြုံတွေ့ခဲ့ဖူးလေသည်။ ၎င်းမှာ နတ်ဘုရားစွန့်ပစ်ဂိမ်း၏ သမိုင်းကြောင်း၌ အစွမ်းထက်လှသော ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်၏။
ထို့ကြောင့် ထိုသင်္ကေတခုနှစ်ခု ကိုယ်စားပြုသော အဓိပ္ပာယ်ကို သူက ချက်ချင်း မှတ်မိသွားခဲ့သည်။
“ဒီဘော့စ်ခုနှစ်ကောင်ကို အစဉ်လိုက် သတ်ရမယ်ဆိုတဲ့ သဘောလား”
ချင်ဖုန်းလည်း သိပ်တော့ မသေချာလှချေ။
မည်သို့ပင်ဆိုစေကာမူ ရှေးဟောင်းနတ်ဘုရား ကျောက်စာချပ် တစ်ခုချင်းစီမှ ဖန်တီးထားသော အုပ်စုဖွဲ့ဘော့စ်များ၏ အစီအရင်များက မတူညီကြပေ။
ချင်ဖုန်းအတွက် ကံကောင်းသည်မှာ ဘော့စ်များကို သတ်ဖြတ်ရန် အခက်အခဲ မရှိလှသဖြင့် သူက စိတ်ကြိုက် စမ်းသပ်နိုင်ခြင်းပင်။
အခြားကစားသမားများအတွက်မူ ရှေးဟောင်းနတ်ဘုရား ကျောက်စာချပ်ကို ရယူခြင်းနှင့် အစီအရင်ကို ရှာဖွေဖော်ထုတ်ရသည့် လုပ်ငန်းစဉ်မှာ အလွန်အမင်း နာကျင်စရာကောင်းလှ၏။ တစ်ခါတစ်ရံ၌ ဘော့စ်တစ်ကောင်တည်းကိုပင် ရေတွက်၍ မရနိုင်လောက်သော အကြိမ်အရေအတွက်အထိ သတ်ဖြတ်ကြရပေသည်။
အကယ်၍ သူတို့၏ စွမ်းအားက အနည်းငယ် အားနည်းနေပြီး ကံမကောင်းခဲ့ပါလျှင် ဆယ်ရက် သို့မဟုတ် လဝက်ခန့် လေ့လာပါသော်လည်း နားလည်သဘောပေါက်နိုင်မည် မဟုတ်ချေ။
ဘော့စ်တစ်ကောင်ကို သတ်ရသည်မှာ စွမ်းရည်တစ်ချက်တည်း သုံးလိုက်ရုံသာ မဟုတ်ပါလော။
***