တောင်ဘက်သို့ ဆက်လက်ထွက်ခွာလာရာ သူတို့သည် လုပ်ကြံသူ သုံးသုတ်နှင့် ထပ်မံ ရင်ဆိုင်ခဲ့ရ၏။ ချန်းချန်ရှန်က အားကုန်ခမ်း၍ လဲကျမသွားမီအထိ ဆက်လက် သတ်ဖြတ်ခဲ့သည်။ ဤသို့သော အဖြစ်အပျက်မျိုးက အကြိမ်အနည်းငယ်မျှသာ ထပ်ခါတလဲလဲ ဖြစ်ပွားခဲ့သော်လည်း အကြိမ်တိုင်းက လွန်စွာ အန္တရာယ်များလှပေသည်။ ထိုဖြစ်စဉ်များအတွင်း တောရိုင်းထဲတွင် အမြဲ ပုန်းကွယ်နေတတ်သော လုပ်ကြံသူ လျိုချင်းမှာ လုံးဝ ပေါ်ထွက်မလာခဲ့ချေ။ တစ်ခါတစ်ရံ၌ သူတို့ ထိုလုပ်ကြံသူကို ဖြတ်ချန်ခဲ့နိုင်ပြီလားဟုပင် ချန်းချန်ရှန် သံသယဝင်မိသည့်အထိ ဖြစ်၏။
လုပ်ကြံမှု ခြောက်ကြိမ်တိုင်တိုင် ကြုံတွေ့ခဲ့ရသော်လည်း လက်ရှိ ထျန်းလျန်ခရိုင် ပတ်ဝန်းကျင်၌ သူတို့ကို ရှာဖွေနေကြသော မတူညီသည့် အင်အားစုများနှင့် နှိုင်းယှဉ်လျှင် ဤသည်က အကောင်းဆုံး ရလဒ် ဖြစ်နေသေး၏။ စုလီသည် အခြေအနေကို ကောင်းစွာ ဆုပ်ကိုင်ထားနိုင်ပြီး သူ့ကို သတ်ချင်နေသူများ မည်သည့်နေရာမှ ပေါ်လာမည်ကိုလည်း အလွန် ရှင်းလင်းစွာ သိရှိနေသည်။ ထိုအခြေအနေကို မည်သို့ ဖြေရှင်းရမည် ဆိုခြင်းကိုလည်း သူက ပို၍ပင် သိနေသေး၏။ သို့သော်လည်း ဤအရည်အချင်းက မည်သည့်နေရာမှ ရောက်လာပါသနည်း…
ခရီးစဉ် လမ်းကြောင်း ရွေးချယ်မှု အားလုံးကို စုလီက စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။ သူတို့သည် လူစည်ကားသော နေရာများသို့ ဘယ်သောအခါမျှ မသွားခဲ့ကြပေ။ သို့သော်လည်း တောရိုင်းထဲတွင်သာ အမြဲတမ်း ခရီးသွားနေသည်ဟုလည်း မဆိုလိုချေ။ အချိန်အများစုတွင် သူတို့သည် သာမန် ခရီးသွားများအဖြစ် ရုပ်ဖျက်ကာ လမ်းပေါ်ရှိ သာမန်လူများနှင့်အတူ တောင်ဘက်သို့ ခရီးနှင်ခဲ့ကြ၏။ ချန်းချန်ရှန်မှာ သူ၏ စီစဉ်မှုများကို ပို၍ပို၍ လေးစားအားကျလာကာ နားမလည်နိုင် ဖြစ်လာမိသည်။ တစ်နေ့တွင် သူ စိတ်ထဲမှ မေးခွန်းကို ဆက်၍ မထိန်းထားနိုင်တော့ဘဲ အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်းဟု မေးမြန်းလိုက်၏။
စုလီက ပြန်ပြောလိုက်သည်။ “လောကကြီးမှာ လူတစ်ယောက်ကို ပုန်းကွယ်ဖို့ဆိုတာ ခက်ခဲတယ်… ဒါပေမဲ့ လူတစ်ယောက်ကို ဖုံးကွယ်ဖို့ အကောင်းဆုံးနေရာကတော့ လူတွေကြားထဲမှာပဲ… အဲဒါကြောင့် လူတွေနဲ့အတူ ခရီးသွားတာက အလုံခြုံဆုံးဖြစ်သလို အန္တရာယ်အများဆုံးလည်း ဖြစ်တယ်… အဲဒီနှစ်ခုကြားက ရလဒ်က မင်း ဘယ်လောက်အထိ အာရုံစိုက် နှစ်မြှုပ်ထားနိုင်သလဲ ဆိုတဲ့အပေါ်မှာ မူတည်တယ်”
'ဘယ်လောက်အထိ အာရုံစိုက် နှစ်မြှုပ်ထားနိုင်သလဲ' ဆိုသည့် စကားရပ်ထဲမှ စိတ်နှလုံးက ဘာကို ရည်ညွှန်းပြီး မည်သို့ ဆုံးဖြတ်ရမည် ဆိုခြင်းကိုလည်း ချန်းချန်ရှန်က ထပ်မံမေးမြန်းလိုက်၏။ စုလီက တွေးတောလိုက်ပြီး ပြန်ဖြေလိုက်သည်။ “ငါ့လောက် လူတွေကို သတ်ပြီးသွားတဲ့အချိန်၊ နောက်ပြီး ငါ့လိုပဲ လူတွေ အများကြီးရဲ့ သတ်ဖြတ်ဖို့ ကြိုးစားတာကို ခံရပြီးသွားတဲ့အချိန် ရောက်တဲ့အထိ စောင့်လိုက်… အဲဒီအခါကျရင် မင်း အလိုလို ဒီအရည်အချင်းကို ရလာလိမ့်မယ်”
ချန်းချန်ရှန်က စဉ်းစားလိုက်ပြီး ထိုသို့ဖြစ်မှသာ သင်ယူနိုင်မည်ဆိုပါက လုံးဝ မသင်ယူခြင်းက ပိုကောင်းလိမ့်မည်ဟု ပြောလိုက်၏။
ညဉ့်ယံ၏ လုပ်ကြံသူတစ်ဦးအတွက် ပုံပြင်များနှင့် ကျွမ်းကျင်မှုများနှင့် ပတ်သက်၍မူ ချန်းချန်ရှန်အနေဖြင့် သင်ယူချင်လျှင်ပင် သင်ယူနိုင်မည် မဟုတ်ပေ။ ဤကဏ္ဍနှင့် ပတ်သက်လျှင် သူက ပါရမီ လုံးဝ ကင်းမဲ့နေသည်မှာ သိသာလှ၏။ သို့သော်လည်း ဓားသိုင်းကဏ္ဍ၌ သူ၏ ပါရမီက စုလီ၏ သွန်သင်မှုများနှင့်အတူ အစွမ်းပြလာခဲ့ပြီ ဖြစ်သည်။ သူ၏ ဉာဏ်ပညာဓားကို ဆုပ်ကိုင်နိုင်မှုက ပို၍ပို၍ ကြီးမားလာခဲ့သည်။ သူ၏ ဝိညာဉ်ကမ္ဘာက ထိုဓားကို အပြည့်အဝ ပံ့ပိုးမပေးနိုင်ခြင်းသာ ရှိ၏။ သူ၏ မီးတောက်ဓား အသုံးပြုမှုနှင့် ထိန်းချုပ်မှုကလည်း ပို၍ပို၍ ကောင်းမွန်လာခဲ့သည်။ သို့သော်လည်း လောင်ကျွမ်းနေသော မူလစွမ်းအင်အတွက် ပေးဆပ်ရသည့် ကြီးမားသော တန်ဖိုးကိုမူ ရှောင်လွှဲနိုင်ခြင်း မရှိသေးသည်မှာ အထင်အရှားပင်။ သို့တိုင်အောင် သူ၏ ဓားချက်အောက်တွင် ကျဆုံးသွားခဲ့သော ကြယ်တာရာသိပ်သည်းခြင်းအဆင့် ကျွမ်းကျင်သူ နှစ်ယောက် ထပ်ရှိလာခဲ့၏။
ဤသည်နှင့်ဆိုလျှင် သူသည် ကျင့်ကြံခြင်းနယ်ပယ်များကို ကျော်လွန်၍ ငါးကြိမ်တိုင်တိုင် အောင်မြင်စွာ အနိုင်ယူနိုင်ခဲ့ပြီ ဖြစ်သည်။ ထို့ပြင် ထိုငါးကြိမ်စလုံးက တစ်ဆက်တည်း ဖြစ်ပွားခဲ့ခြင်း ဖြစ်၏။ သူ၏ ပြိုင်ဘက်များထဲတွင် အမည်နာမ ကျော်ကြားခဲ့သည်မှာ ကြာပြီဖြစ်သော နတ်စစ်သူကြီး ကျွမ်းကျင်သူ ရွှယ်ဟယ်နှင့် လင်းဖိန်ယွမ် ကဲ့သို့သော မြောက်ပိုင်း၏ အာဏာရှင်တို့လည်း ပါဝင်သည်။
ယခုအချိန်တွင် သူက ဆယ့်ခြောက်နှစ်ပင် မပြည့်သေးသော လူငယ်လေးတစ်ယောက် သာလျှင် ဖြစ်သေး၏။
ကျင့်ကြံခြင်းလောက သမိုင်းတစ်လျှောက်တွင် ဤသို့သောအရာမျိုး ဖြစ်ဖူး၊ မဖြစ်ဖူး ဆိုသည်ကို မည်သူမျှ မသိကြပေ။ နောင်တွင်ရော ထပ်ဖြစ်လာဦးမည်လား ဆိုသည်ကိုလည်း မသိကြချေ။ သို့သော်လည်း အနည်းဆုံးတော့ စုလီ တောင်ပေါ်မှ ဆင်းလာပြီး ရာစုနှစ်ပေါင်းများစွာ ကြာသည့်တိုင် ဤသို့သောအဖြစ်မျိုး တစ်ကြိမ်တစ်ခါမျှ မဖြစ်ပေါ်ခဲ့ဖူးပေ။ သူကိုယ်တိုင်ပင် ထိုသို့ မလုပ်နိုင်ခဲ့ချေ။ ယင်းက အတိတ်က စုလီထက် ချန်းချန်ရှန် ပို၍ သန်မာသည်ဟု ဆိုလိုခြင်းတော့ မဟုတ်ပေ။ အကြောင်းမှာ တိကျသော ကွာခြားချက်များစွာ ရှိနေသောကြောင့် ဖြစ်၏။ ထိုကွာခြားချက်များထဲတွင် အတိတ်က စုလီသည် သူ၏ အားထုတ်မှု အများစုကို ကျိုးဥယျာဉ်ပေါ်တွင်သာ အာရုံစိုက်ထားခဲ့ပြီး ကြယ်တာရာသိပ်သည်းခြင်းအဆင့် ကျွမ်းကျင်သူများနှင့် တစ်ယောက်ပြီးတစ်ယောက် သေရေးရှင်ရေး တိုက်ပွဲများ ဆင်နွှဲခွင့် မရခဲ့ခြင်းတို့လည်း ပါဝင်သည်။ သို့သော်လည်း ချန်းချန်ရှန်၏ စွမ်းဆောင်ရည်က လုံလောက်အောင် သန်မာနေခဲ့ပြီ ဖြစ်သည်။ စုလီ၏ စိတ်လှုပ်ရှားမှုကို နိုးဆွပေးနိုင်ပြီး ရင်ထဲ၌ပါ တုန်လှုပ်သွားစေသည်အထိ သန်မာလွန်းလှ၏။
တစ်ညတွင် စုလီသည် ချန်းချန်ရှန်ကို တတိယမြောက် ဓားသိုင်း စတင် သင်ကြားပေးခဲ့သည်။ ချန်းချန်ရှန်က ထိုဓားသိုင်းကို မှတ်သားရန်အတွက် ယမန်နေ့ညက ကျန်ခဲ့သော အသားစွပ်ပြုတ်အေးအေးကို အပူပေးပြန်နွှေးသည့် အချိန်လောက်သာ ယူခဲ့၏။ စုလီက သူ့ကို ကြည့်၍ စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်သည်။ “မင်းက တကယ်ကို ဓားသိုင်း သင်ယူဖို့ သင့်တော်တဲ့ကောင်ပဲ”
ချန်းချန်ရှန်မှာ အတော်လေး ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး ပြန်ပြောလိုက်၏။ “စီနီယာက ကျွန်တော့်ကို မြှောက်ပြောနေတာပါ”
ဓားသိုင်း သင်ယူရန် သင့်တော်သည်ဟူသော စကားက လွန်စွာ မြင့်မားလှသော ချီးကျူးမှု တစ်ရပ် ဖြစ်သည်။ ဤစကားက စုလီ၏ နှုတ်ဖျားမှ ထွက်ကျလာခြင်း ဖြစ်သည်ကိုတော့ ဆိုဖွယ်ရာပင် မရှိတော့ပေ။
စုလီက သူ့ကို ကြည့်၍ ပြောလိုက်၏။ “ငါ့အမွေကို ဆက်ခံဖို့ ချိုးရှန်းနဲ့… မရှိဘူးဆိုရင် ငါ မင်းကို တကယ် ရွေးချယ်မိမှာပဲ”
ချန်းချန်ရှန်က လက်အုပ်ချီလိုက်သည်။ “မလိုပါဘူး… မလိုပါဘူး… ဂျူနီယာက တာအိုအသင်းတော် ရိုးရာကျောင်းတော်ရဲ့ ဆက်ခံသူပါ… တခြားဆရာကို လက်မခံနိုင်ပါဘူး”
စုလီက ချန်းချန်ရှန်၏ စရိုက်ကို နားလည်သည်။ ငြင်းဆန်ခြင်းက ရှောင်လွှဲ၍မရသလို မှန်ကန်သည့်အရာ ဖြစ်သော်လည်း သူက လျင်မြန်စွာ ငြင်းဆန်ခဲ့သည်။ ဟန်ဆောင် ပူဇော်သက္ကာယပြုခြင်းမျိုးပင် မရှိဘဲ အနည်းငယ်မျှပင် တုံ့ဆိုင်းမနေခဲ့ချေ။ ဤသည်က သူ့ကို အတော်လေး နေရခက်သွားစေဆဲ ဖြစ်၏။
ရလဒ်အနေဖြင့် သူသည် ချန်းချန်ရှန် တိုက်ခိုက်ခဲ့သော တိုက်ပွဲ ခြောက်ခုကို စေ့စေ့စပ်စပ် ခွဲခြမ်းစိတ်ဖြာလိုက်သည်။ သူက အသေးစိတ်၍ တိကျသော ကိန်းဂဏန်းများနှင့် တွက်ချက်မှုများကို အသုံးပြုပြီးနောက် နောက်ဆုံး၌ ကောက်ချက်ချလိုက်၏။ “မင်းက ကံကောင်းရုံသက်သက်ပဲ… မဟုတ်ရင် မင်း သေနေတာ ကြာပြီ… မင်းကိုယ်မင်း ကျေနပ်နေရအောင် မင်းမှာ ဘာအခွင့်အရေးများ ရှိလို့လဲ”
ချန်းချန်ရှန်က တွေးတောလိုက်ပြီး ထိုအချက် မှန်ကန်ကြောင်း ဝန်မခံဘဲ မနေနိုင်တော့ချေ။ သူနှင့် စုလီတို့ ယခုအချိန်အထိ အသက်ရှင်နိုင်ခဲ့ခြင်း၏ အရေးကြီးဆုံး အကြောင်းရင်းမှာ စုလီ၏ ထိုးထွင်းသိမြင်မှု၊ စုလီ သင်ပေးခဲ့သော သိုင်းကွက်များ သို့မဟုတ် ဓားလမ်းစဉ်အပေါ် သူ၏ ပါရမီတို့ကြောင့် မဟုတ်ဘဲ ကံကြမ္မာကြောင့်သာ ဖြစ်၏… ခရီးစဉ်တစ်လျှောက်တွင် စုလီက သူ၏ ကံကြမ္မာ၊ တစ်နည်းအားဖြင့် သူ၏ ကောင်းမွန်သော ကံတရားကို အကြိမ်ကြိမ် ချီးကျူးခဲ့ပြီး ဖြစ်သည်။ ချန်းချန်ရှန်နှင့် သူ နှစ်ယောက်စလုံးက ကံတရား ကြီးမားသူများ ဖြစ်သောကြောင့် သူတို့အတူတူ ခရီးသွားပါက သေဖို့ရန် တွေးကြည့်ရန်ပင် ခက်ခဲလိမ့်မည်ဟု သူက သေချာပေါက် ပြောဆိုခဲ့ဖူး၏။ စုလီ ထိုသို့ပြောခဲ့သည့် အကြိမ်အရေအတွက်များကြောင့် သူ အနည်းငယ် ထုံထိုင်းလာခဲ့သည်။ ဤအချိန်အတောအတွင်း သူ၏ ကံကြမ္မာက အလွန်ကောင်းမွန်ကြောင်းကိုပင် ချန်းချန်ရှန် စတင် လက်ခံလာခဲ့ပြီ ဖြစ်၏။ သို့သော်လည်း သူ၏ ကံကြမ္မာက တကယ်တမ်း၌ လုံးဝ မကောင်းမွန်ကြောင်း သူ တွေးမိသည့်အခါတိုင်း များစွာ ရှုပ်ထွေးဝေခွဲမရ ဖြစ်သွားရလေ့ ရှိသည်။
ယမန်နေ့ညက ကျန်ခဲ့သော အသားစွပ်ပြုတ်ကို စားပြီးနောက် ချန်းချန်ရှန်သည် သူ၏ အဝတ်အစားများကို တင်းတင်းကြပ်ကြပ် ဆွဲစေ့လိုက်ပြီး အားနည်းမှုကြောင့် ဖြူရော်နေသော သူ၏ ပါးပြင်များကို ပွတ်သပ်လိုက်သည်။ သူက အချိန် အနည်းငယ်မျှပင် အလဟဿ မဖြုန်းတီးလိုသဖြင့် စုလီ သင်ပေးခဲ့သော တတိယမြောက် ဓားသိုင်းကို တိတ်ဆိတ်စွာ စတင် နားလည်သဘောပေါက်ရန် ကြိုးစားလိုက်၏။ စုလီက အမွေးထူသော သမင်၏ ကျောပေါ်တွင် မှီရင်း လူငယ်လေးကို ကြည့်ကာ အချိန်အတော်ကြာသည်အထိ စကားတစ်ခွန်းမျှ မဆိုခဲ့ပေ။ ထို့နောက် တောင်ဘက်သို့ လှမ်းကြည့်ကာ တိတ်ဆိတ်စွာ တွေးတောလိုက်သည်။
‘ချိုးရှန်း… မင်းနောက်မှာ အတော်လေး တော်တဲ့ကောင်တစ်ယောက် ပေါ်လာပြီ… မင်း နည်းနည်း ပိုမြန်မြန် ပြေးမှ ရမယ်… မဟုတ်ရင် သူ့ရဲ့ အမီလိုက်တာကို မင်း တကယ် ခံရလိမ့်မယ်’
တောရိုင်းနှင့် လမ်းမကြီးများပေါ်မှ ဖြတ်သန်း ထွက်ပြေးရခြင်း ခရီးစဉ်က နောက်ဆုံး၌ အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။ သူတို့နှစ်ယောက်သည် ရွှမ်ယန်မြို့ အပြင်ဘက်သို့ ရောက်ရှိလာကြ၏။ ချန်းချန်ရှန်သည် အမွေးထူသော သမင်နှစ်ကောင်ကို မြို့ပြင်ရှိ လယ်သမားတစ်ဦးအား လက်ဆောင်ပေးလိုက်ပြီး ငွေစများနှင့် ဓားမြှောင်တစ်လက်ကို ထုတ်ယူလိုက်သည်။ သူက လယ်သမားအား မည်သည့် သတင်းအချက်အလက်ကိုမျှ ထုတ်မပြောရန်နှင့် သမင်နှစ်ကောင်ကို သေချာစွာ စောင့်ရှောက်ရန် ခြိမ်းခြောက်လာဘ်ထိုးလိုက်၏။ စုလီက ထိုမြင်ကွင်းကို လှောင်ပြောင်သည့် မျက်နှာဖြင့် ကြည့်နေသော်လည်း ဘာမျှ ဝင်မပြောခဲ့ချေ။
ရွှမ်ယန်မြို့သည် ထျန်းလျန်ခရိုင် မြောက်ပိုင်းရှိ ပထမဆုံးသော မြို့ကြီးတစ်မြို့ ဖြစ်သည်။ မြို့တော်က စည်ကားသိုက်မြိုက်ပြီး အသက်ဝင် လှုပ်ရှားနေ၏။ စုလီနှင့် ချန်းချန်ရှန်တို့သည် သာမန် ခရီးသွားများအဖြစ် ရုပ်ဖျက်ကာ မြို့ထဲသို့ အသံတိတ် ခိုးဝင်ခဲ့ကြသည်။ သူတို့ နေထိုင်ရန် တည်းခိုခန်းတစ်ခုကို ရှာတွေ့ခဲ့ပြီး မည်သူကမျှ အမှန်တကယ် သတိမထားမိခဲ့ကြပေ။ ဤသည်က ကျိုးဥယျာဉ်ထဲသို့ ဝင်ရောက်ပြီးနောက်ပိုင်း ချန်းချန်ရှန် ကုတင်ပေါ်တွင် ပထမဆုံးအကြိမ် အိပ်စက်ရခြင်း ဖြစ်၏။ စုလီ နှင်းတောင်တန်း၏ ရေပူစမ်းထဲတွင် နှစ်ခြိုက်စွာ အိပ်မောကျခဲ့သကဲ့သို့ပင် သူကလည်း ခေါင်းအုံးပေါ် ခေါင်းချလိုက်သည်နှင့် ဟောက်သံပေးကာ အိပ်ပျော်သွားတော့သည်။ သူ တစ်ရက်နှင့် တစ်ညတိတိ အိပ်စက်ခဲ့၏။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ခရီးစဉ်တစ်လျှောက်တွင် သူ မည်မျှ ကြီးမားသော စိတ်ဖိစီးမှု ဒဏ်ကို ခံစားခဲ့ရပြီး မည်မျှအထိ ပင်ပန်းနွမ်းနယ်နေခဲ့ကြောင်းကို မြင်တွေ့နိုင်သည်။
နိုးလာပြီးနောက် ချန်းချန်ရှန် ပြတင်းပေါက်ဆီသို့ လျှောက်သွားလိုက်သည်။ စည်ကားနေသော ရွှမ်ယန်မြို့၏ လမ်းမကို ကြည့်ရင်း အချိန်အတော်ကြာသည်အထိ စကားတစ်ခွန်းမျှ မဟမိဘဲ သူတို့ ဤအတိုင်း ဆက်သွား၍ မရနိုင်တော့ကြောင်း ခံစားလိုက်ရ၏။ အကြောင်းမှာ သူ တကယ်ကို ပင်ပန်းနွမ်းနယ်ပြီး အလွန် အားနည်းနေပြီ ဖြစ်သောကြောင့်တည်း။ သူ ခရီးဆက်မသွားချင်တော့ဘဲ လုပ်ကြံသူများနှင့် ကျွမ်းကျင်သူများ တစ်သုတ်ပြီးတစ်သုတ် ပေါ်လာမည့်အချိန်ကို စောင့်ဆိုင်းမနေချင်တော့ပေ။ မသိရသော အရာတစ်ခုကို စောင့်ဆိုင်းရခြင်းကို သူ မနှစ်မြို့သလို ထိုခံစားချက်ကိုလည်း မုန်းတီးသည်။ သူ စုလီကို ရှာတွေ့သွားပြီးနောက် ပြောလိုက်၏။ “ထျန်းလျန်ခရိုင်ကို ရောက်လာတဲ့သူတွေ အများကြီး ရှိနေပြီ… လီတောင်တန်းဓားဂိုဏ်းက လူတွေလည်း သတင်းရလောက်ပြီလို့ ကျွန်တော် ယုံကြည်တယ်… အဲဒီလိုဆိုမှတော့ ကျွန်တော်တို့ ဘာဖြစ်လို့ ကိုယ့်ခြေရာကိုယ် ဖျောက်နေကြဦးမှာလဲ”
စုလီက ပြန်ပြောလိုက်သည်။ “ငါ ပြောပြီးပြီလေ… ငါက ငါ့ကိုယ်ငါပဲ ယုံကြည်တာ”
ချန်းချန်ရှန် ဘာမျှ ပြန်မပြောတော့ချေ။
ခရီးစဉ်တစ်လျှောက်လုံး စုလီသည် အပေါ်ယံ၌ အလွန် စည်းကမ်းမဲ့သူ၊ တစ်ခါတစ်ရံ၌ ချစ်စရာကောင်းသော စီနီယာတစ်ယောက်၊ အရည်အချင်းရှိသူ တစ်ယောက် ဖြစ်ကြောင်းကို သူ အလွန် ရှင်းလင်းစွာ မြင်တွေ့ခဲ့ရသည်။ သို့သော်လည်း အမှန်တကယ်တော့ သူက သူ၏ နာမည်ကဲ့သို့ပင် လောကကြီးနှင့် အလွန် ကင်းကွာနေသူ ဖြစ်၏။ စုလီက လူ့သဘာဝကို မယုံကြည်သလို လူတွေ၏ ဆန္ဒကိုလည်း မယုံကြည်ပေ။ သူ့ကမ္ဘာကြီးကိုလည်း သူ မယုံကြည်ချေ။ သူက လောကကြီးနှင့် ဆက်သွယ်ပြောဆိုခြင်း မရှိသဖြင့် လောကကြီးထံမှ အကူအညီကိုလည်း ဘယ်သောအခါမျှ တောင်းခံမည် မဟုတ်ပေ။
သူ တစ်ယောက်တည်း ခရီးသွားလာခဲ့သည်မှာ ရာစုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း ချန်းချန်ရှန်ကမူ ဤကဲ့သို့ ခရီးမသွားချင်ပေ။ လောကကြီးအပေါ် သူက သဘောကောင်းလျှင် လောကကြီးကလည်း သူ့အပေါ် သဘောကောင်းလိမ့်မည်ဟု သူ အမြဲ ယုံကြည်ထားခဲ့၏။ စိမ်းလန်းသော တောင်တန်းများက ဆွဲဆောင်မှု ရှိသည်ဟု သူ မြင်သောအခါ၊ ထိုစိမ်းလန်းသော တောင်တန်းများကလည်း သူ့ကို ကြည့်ရသည်မှာ နှစ်လိုဖွယ်ကောင်းသည်ဟု မြင်လာလိမ့်မည် ဖြစ်သည်။
“ဒီအတိုင်း ဆက်သွားနေရင် ကျွန်တော်တို့ အကြီးအကျယ် ဆုံးရှုံးရလိမ့်မယ်… ကျွန်တော်တို့ တွေ့ရသမျှ လူတွေအကုန်လုံးက ရန်သူတွေချည်း ဖြစ်နေပြီး ကူညီမယ့်သူ တစ်ယောက်မှ ရှိလာမှာ မဟုတ်ဘူး”
“ကူညီမယ့်သူတွေက ဘယ်မှာလဲ…”
“လောကကြီးကို မှောင်မိုက်တဲ့ ညဉ့်ယံနဲ့ နေ့လယ်ခင်းတို့ ပေါင်းစပ် ဖွဲ့စည်းထားတာပါ… အရင်ရက်တွေတုန်းက ကျွန်တော်တို့ ညအမှောင်ထဲမှာချည်းပဲ ခရီးသွားခဲ့တော့ ကျွန်တော်တို့ မြင်ရသမျှက ညရဲ့ အရောင်တွေဖြစ်ပြီး ကျွန်တော်တို့ တွေ့ရသမျှကလည်း အမှောင်ထုတွေချည်းပဲ ဖြစ်နေတာပေါ့… ဒါပေမဲ့ ကျွန်တော်တို့သာ နေရောင်အောက်မှာ လမ်းလျှောက်ခဲ့ရင် နေရောင်ခြည်ကို မြင်တွေ့နိုင်ကောင်း မြင်တွေ့နိုင်မှာပါ” ချန်းချန်ရှန်က စုလီကို ကြည့်၍ အလွန် တည်ကြည်လေးနက်စွာ ပြောလိုက်သည်။ “စီနီယာက ဘာလို့ မစမ်းသပ်ကြည့်ချင်ရတာလဲ…”
စုလီက ပြန်ပြောလိုက်၏။ “ဒီလောက် အော့နှလုံးနာစရာကောင်းတဲ့ ကဗျာဆန်ဆန် စကားတွေကို မင်း ဘယ်ကနေ သွားရှာတွေ့လာတာလဲ… မင်း မှားတယ်ဆိုတာကို သွားသက်သေပြဖို့ ငါ့အသက်ကို အသုံးမချချင်ဘူး”
ချန်းချန်ရှန်က ပြောလိုက်သည်။ “ဒါပေမဲ့ စီနီယာ မှားတယ်ဆိုတာကို ကျွန်တော် တကယ် သက်သေပြချင်တယ်”
စုလီက မျက်ခုံးပင့်၍ သူ့ကို ကြည့်ကာ ပြောလိုက်၏။ “မင်း စည်းကမ်းမဲ့ လုပ်ရပ်တွေ လုပ်ဖို့တောင် မတွေးနဲ့နော်”
ချန်းချန်ရှန်က မေးလိုက်သည်။ “စည်းကမ်းမဲ့ လုပ်ရပ်ဆိုတာ ဘာလဲ…”
စုလီက အလွန် ဒေါသထွက်သွားပြီး ပြောလိုက်၏။ “မင်း ဘာလုပ်တော့မလဲဆိုတာ ငါ သိတယ် ကောင်စုတ်လေး… ဒါ ငါ့အသက်ဆိုတာ မမေ့နဲ့… ပြီးတော့ ငါ့အသက်က ငါနဲ့ပဲ သက်ဆိုင်တယ်၊ ကောင်းကင်ဘုံနဲ့တောင် မသက်ဆိုင်ဘူး… မင်းနဲ့ဆို ပိုတောင် ဝေးသေးတယ်”
“ဒါပေမဲ့… ကျွန်တော်ရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် စီနီယာ အခုချိန်ထိ အသက်ရှင်နိုင်ခဲ့တာ မဟုတ်ဘူးလား…”
ချန်းချန်ရှန်က သူ့ကို တောက်ပသော မျက်လုံးများဖြင့် စိတ်အားထက်သန်စွာ ကြည့်လိုက်၏။ သူက အလွန် ချစ်စရာကောင်းပုံပေါ်သော်လည်း စုလီ၏ မျက်လုံးထဲတွင်မူ အလွန် ရွံရှာဖွယ် ကောင်းနေသည်။
စုလီက သူ့လက်များ အနည်းငယ် အေးစက်သွားသည်ကို ခံစားလိုက်ရပြီး အံတင်းတင်းကြိတ်ကာ အော်ဟစ်လိုက်သည်။ “ဒီသောက်ရူးလေး… ငါ…”
သူ စကားပင် မဆုံးသေးမီ ချန်းချန်ရှန်က ပြတင်းပေါက်ဆီသို့ တိုက်ရိုက် လျှောက်သွားပြီး ပြတင်းပေါက်ကို သူ၏ လက်နှစ်ဖက်ဖြင့် တွန်းဖွင့်လိုက်၏။
နွေဦးနှောင်းပိုင်း၏ ရွှမ်ယန်မြို့သည် ဆူညံသံများဖြင့် ပြည့်နှက်နေပြီး နွေဦးနေရောင်ခြည်က လင်းလက် တောက်ပနေသည်။
ပြတင်းပေါက် ပွင့်သွားသည်နှင့် တစ်ပြိုင်နက် နေရောင်ခြည်နှင့် နွေဦးလေပြေတို့က အခန်းထဲသို့ စီးဝင်လာပြီး မှုန်မှိုင်း မှောင်မိုက်နေသော ညဉ့်ယံကို လင်းလက်သွားစေ၏။
နွေဦးရောင်ခြည်ကဲ့သို့ ရှင်းလင်း ပြတ်သားပြီး တောက်ပသော အော်ဟစ်သံ တစ်သံက ရွှမ်ယန်မြို့၏ လမ်းမကြီးတစ်ခုလုံး ပဲ့တင်ထပ်သွားတော့သည်။
“လီတောင်တန်းရဲ့ ဂိုဏ်းတူဦးလေးငယ် စုလီ ဒီမှာ ရှိတယ်ဗျို့…”
(ဘာသာပြန်သူမှတ်ချက် - ဂျူနီယာဂိုဏ်းတူဦးလေးကို ဒီနေကနေစပြီး ဂိုဏ်းတူဦးလေးငယ်လို့ ပြောင်းလဲသုံးနှုန်းသွားပါမယ်ခင်ဗျာ...)
-အခန်း (၃၈၁) ပြီး