တည်းခိုခန်း ဝန်းကျင်ရှိ ကျင့်ကြံသူ အများစုမှာ ဝိညာဉ်တံခါးဖွင့်ခြင်း အဆင့်တွင် ရှိကြသည်။ သူတို့ထဲမှ အနည်းငယ်သာ ကြယ်တာရာသိပ်သည်းခြင်းအဆင့်သို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ကြပြီ ဖြစ်သဖြင့် ကျင့်ကြံခြင်းလောကတွင် ထိပ်တန်းကျွမ်းကျင်သူများအဖြစ် သတ်မှတ်၍ ရနိုင်၏။ သာမန်လူများအတွက် ဆိုလျှင် သူတို့သည် ပို၍ပင် မြင့်မြတ်သော ဖြစ်တည်မှုများအဖြစ် သတ်မှတ်ခံထားရသည်။ သို့သော်လည်း အကယ်၍ ဤမြင်ကွင်းသာ အတိတ်ကာလတွင် ဖြစ်ပျက်ခဲ့ပါက ဤလူများသည် စုလီနှင့် နှိုင်းယှဉ်လျှင် ပုရွက်ဆိတ်အုပ်စု တစ်စုမျှသာ ဖြစ်နေပေလိမ့်မည်။ ယခုအချိန်တွင် သူသည် ပုရွက်ဆိတ်များ၏ မောက်မာဝင့်ကြွားမှုကို ရင်ဆိုင်နေရသော်လည်း အနည်းငယ်မျှပင် ပြန်လည်တုံ့ပြန်နိုင်စွမ်း မရှိတော့ပေ။ သူသည် မိုးရေထဲတွင် ခေါင်းငုံ့ထားရုံသာ တတ်နိုင်တော့သည်။
စုလီသည် သွေးများက သူ၏ မျက်ခုံးထောင့်မှ ရင်ဘတ်ပေါ်သို့ စီးကျလာသည်ကို တိတ်ဆိတ်စွာ ကြည့်နေသည်။ မိုးရေကြောင့် ဆေးကြောခံလိုက်ရသော သူ၏ မျက်နှာသည် အနည်းငယ် ဖြူရော်နေ၏။ ဤသည်က သူ၏ ဒဏ်ရာများကြောင့် သို့မဟုတ် သူ၏ ခံစားချက်များနှင့် သက်ဆိုင်နေကောင်း သက်ဆိုင်နေပေလိမ့်မည်။ မိုးရွာသွန်းမှုနှင့်အတူ ဝမ်းနည်းဖွယ် စိတ်ခံစားမှုတစ်ခုက တည်းခိုခန်း အပျက်အစီးများကြားတွင် ပျံ့နှံ့သွားသည်။
အတိအကျပင် ချန်းချန်ရှန် ပြောခဲ့သကဲ့သို့ သူသာ နတ်ဆိုးများနှင့် မတိုက်ခိုက်ခဲ့လျှင် ဤမျှ ပြင်းထန်သော ဒဏ်ရာများကို မည်သို့ ရရှိနိုင်ပါမည်နည်း။ နှင်းလွင်ပြင်မှ ထွက်ခွာလာပြီးနောက် တောက်လျှောက် လိုက်လံတိုက်ခိုက်ခံရပြီး နောက်ဆုံးတွင် ရွှမ်ယန်မြို့၌ အဝိုင်းခံလိုက်ရခြင်းမျိုး မရှိခဲ့လျှင် ဤလူများ၏ အရှက်ခွဲမှုကို သူ မည်သို့ ခံရနိုင်ပါမည်နည်း။ မကြာမီတွင် သူသည် ဤလူများ၏ လက်ချက်ဖြင့် သေဆုံးရတော့မည် ဖြစ်သည်။ ဤအချက်က မည်သို့ ဝမ်းနည်းပူဆွေးမှု၊ ဒေါသထွက်မှုနှင့် ကြေကွဲဝမ်းနည်းမှုကို မဖြစ်ပေါ်စေဘဲ နေနိုင်ပါမည်နည်း။
လမ်းမရှည်ကြီး၏ အဝေးတစ်နေရာတွင် ရွှယ်ဟယ် မျက်ခုံးအနည်းငယ် ပင့်လိုက်သည်။ ကြယ်တာရာနက်နဲမှုဂိုဏ်း ဂိုဏ်းချုပ်၏ စကားများက လုံးဝ နားထောင်ရ ဆိုးရွားလှ၏။ သူ၏ လက်ထဲတွင် ဇက်ကြိုးကို ကိုင်ထားသော တိမ်နီကီရင်သည် ခေါင်းငုံ့ထားပြီး ၎င်း၏ မီးတောက်လည်ဆံမွေးများမှ မိုးရေများ စီးကျခွင့် ပြုထားသည်။ ၎င်းက ဤကဲ့သို့သော မြင်ကွင်းမျိုးကို ဆက်မကြည့်နိုင်တော့သကဲ့သို့ ဖြစ်နေသည်။
ရှောင်ကျန်းနှင့် လျန်ဝမ်စွန်းတို့သည် တိတ်ဆိတ်နေကြဆဲ ဖြစ်သည်။ ရွှမ်ယန်မြို့ ဘုန်းတော်ကြီး ဟွာကျဲဖူက သူ၏ ခံစားချက်များကို ဖော်ပြရန် မျက်လုံးများကို အသုံးပြုလိုက်ရာ ဘုန်းကြီးတစ်ပါး လူအုပ်ထဲသို့ လမ်းလျှောက်ဝင်သွားပြီး ဂိုဏ်းချုပ် လင်းချန်းဟိုင် အနီးသို့ ရောက်သောအခါ သူ့နားထဲသို့ စကားအနည်းငယ် တီးတိုးပြောလိုက်၏။
ရန်ငြိုးဖွဲ့ပြီး ဝမ်းမြောက်နေသော ရယ်သံ ရပ်တန့်သွားသည်။ လင်းချန်းဟိုင်က ဒုတိယထပ်ရှိ လူများကို ကြည့်ကာ ရက်စက်စွာ ရယ်မောလိုက်၏။ “ငါ သူ့ကို အခုချက်ချင်း သတ်လိုက်လို့ ရနေတာပဲ… စကားနည်းနည်းလောက်နဲ့ သူ့ကို အရှက်ခွဲလိုက်တာ ဘာအန္တရာယ် ရှိသွားမှာမို့လို့လဲ… ဟန်ဆောင်နေကြတာ”
သူသည် ကြယ်တာရာနက်နဲမှုဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်ပြီး သူ၏ မိသားစုသည် မြောက်ပိုင်း၏ အာဏာရှင် ဖြစ်သည်။ ထို့ပြင် သူ၏ ကျင့်ကြံခြင်းကလည်း မြင့်မားပြီး ကြယ်တာရာသိပ်သည်းခြင်း အလယ်အလတ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။ ရလဒ်အနေဖြင့် သူသည် မည်သူ့ကိုမျှ မကြောက်ဘဲ မောက်မာဝင့်ကြွားသော စရိုက်ဖြင့် ကြီးပြင်းလာခဲ့သည်။ စုလီကို အရှက်ခွဲရမည့် အခွင့်အရေး တစ်ခုကို သူ မည်သည့်နည်းနှင့်မျှ လက်လွှတ်ခံမည် မဟုတ်ပေ။
စုလီ ခေါင်းမော့၍ အောက်ဘက် လမ်းမဆီသို့ ကြည့်လိုက်သည်။ မိုးရေစိုနေသော ဆံပင်များကို နောက်သို့ သပ်တင်လိုက်၏။ သူ၏ မျက်နှာအမူအရာက မိုးရေထဲမှ ပျံဝဲလာသော ကျောက်တုံးနှင့် အရှက်ခွဲလိုက်သော စကားလုံးများကြောင့် ထိခိုက်မှု မရှိခဲ့သကဲ့သို့ တည်ငြိမ်နေသည်။ “မင်းက ဘယ်သူလဲ…”
“ဟား ဟား… အတိတ်တုန်းကသာဆိုရင် မင်းရဲ့ အဲဒီလို အမူအရာမျိုးက တကယ် အရှက်ရစေကောင်း ရစေနိုင်ပါတယ်… ဒါပေမဲ့ အခုတော့ မင်းက ယုတ်ညံ့တဲ့ ခွေးတစ်ကောင်လောက်တောင် တန်ဖိုးမရှိတော့တာ… ဘာလို့ ဟန်ဆောင်ပြီး တင်းခံနေဦးမှာလဲ… မင်းကိုယ်မင်း ပိုပြီး ရယ်စရာကောင်းအောင် လုပ်နေရုံပဲ ရှိတယ်”
လင်းချန်းဟိုင်က တည်းခိုခန်းကို မော့ကြည့်ပြီး လှောင်ပြောင်လိုက်၏။ “လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက လမ်းမပေါ်မှာ ငါ့လင်းမျိုးနွယ်စုက အရေးကြီးပုဂ္ဂိုလ် တစ်ယောက်နဲ့ လက်ရွေးစင် ဒါဇင်ပေါင်းများစွာကို မင်း သတ်ခဲ့တယ်… ဒီနေ့ ငါက မင်းအသက်ကို အစားပြန်ယူတာ ဘာလို့ မဖြစ်နိုင်ရမှာလဲ…”
စုလီ ချန်းချန်ရှန်ကို တစ်ချက်ကြည့်လိုက်သည်။
ဤလူသည် မြောက်ပိုင်းအာဏာရှင် လင်းဖိန်ယွမ်၏ ဆွေမျိုးတစ်ယောက် ဖြစ်ခဲ့ကြောင်း ချန်းချန်ရှန် နောက်ဆုံးတွင် သဘောပေါက်လိုက်၏။ တောင်ဘက်သို့ ခရီးနှင်ရာ လမ်းတစ်လျှောက် စုလီ၏ လမ်းညွှန်မှုအောက်တွင် သူသည် လူအချို့နှင့် တိုက်ခိုက်ပြီး သတ်ဖြတ်ခဲ့ရသည်။ လင်းဖိန်ယွမ်ကို သတ်ဖြတ်ချိန်၌သာ သူ ဝန်လေးခြင်း မရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် လင်းဖိန်ယွမ်သည် စက်ဆုပ်ရွံရှာဖွယ်ရာ ကိစ္စရပ်များစွာကို ကျူးလွန်ခဲ့သော ဓားပြတစ်ယောက် ဖြစ်ပြီး အပြစ်မဲ့သူများ၏ သွေးများဖြင့် လက်စွန်းထင်းနေသော လူယုတ်မာတစ်ယောက် ဖြစ်သောကြောင့်တည်း။
သူက ကြေညာလိုက်၏။ “လင်းဖိန်ယွမ်ကို သတ်ခဲ့တာ ကျွန်တော်ပါ”
ဤစကားများကို ကြားလိုက်ရသောအခါ လင်းချန်းဟိုင် အနည်းငယ် မှင်တက်သွားသည်။
ပြန်ပြောမည့်စကားကို မစောင့်ဘဲ ချန်းချန်ရှန်က ဆက်ပြောလိုက်၏။ “ခင်ဗျား လက်စားချေချင်ရင် ကျွန်တော့်ကို သတ်ပါ”
လင်းချန်းဟိုင်၏ မျက်နှာအမူအရာ မသိမသာ ပြောင်းလဲသွားသည်။
အဖြေကို မစောင့်ဘဲ ချန်းချန်ရှန်က သူ့မျက်လုံးများကို စိုက်ကြည့်ကာ ဆက်ပြောလိုက်၏။ “ဒါပေမဲ့ ခင်ဗျား ကျွန်တော့်ကို မသတ်ရဲဘူးဆိုတာ ကျွန်တော် သိတယ်… ဘာလို့လဲဆိုတော့ ကျွန်တော်က ရိုးရာကျောင်းတော်ရဲ့ ကျောင်းအုပ်ကြီး ဖြစ်နေလို့ပဲ… ခင်ဗျားက ကျွန်တော့်ကို ဘယ်လိုလုပ်ပြီး ထိပါးရဲမှာလဲ…”
လင်းချန်းဟိုင်၏ စိတ်ခံစားချက် အနည်းငယ် စိုးရိမ်ပူပန်လာသည်။
နောက်ဆုံးတွင် ချန်းချန်ရှန်က ကြေညာလိုက်၏။ “ဒါကြောင့် ဒီနေ့ ကျွန်တော်သာ အသက်ရှင်ခဲ့ရင် ခင်ဗျားကို သတ်ဖို့ နည်းလမ်းတစ်ခု သေချာပေါက် စဉ်းစားမယ်”
လက်ရှိအချိန်တွင် သူ အလွန်အမင်း ဒေသထွက်နေသဖြင့် ဤစကားများကို အလွန် လေးနက်စွာ ပြောလိုက်ခြင်း ဖြစ်သည်။
အေးစက်မှုတစ်ခု လင်းချန်းဟိုင်၏ ခန္ဓာကိုယ်ထဲသို့ ရုတ်တရက် ဝင်ရောက်လာ၏။
ကျင့်ကြံခြင်းလောကတွင်၊ အထူးသဖြင့် တိုက်ကြီး၏ မြောက်ဘက်ပိုင်းတွင် သူ့၌ သိသာထင်ရှားသော အဆင့်အတန်းတစ်ခု ရှိသော်လည်း တာအိုအသင်းတော်နှင့် မည်သို့ ယှဉ်နိုင်ပါမည်နည်း။ တာအိုအသင်းတော်တွင် ရှိသော ချန်းချန်ရှန်၏ အဆင့်အတန်းနှင့် ဂုဏ်ပုဒ်အရ သူသာ လင်းချန်းဟိုင်ကို တကယ် အရေးယူရန် ဆုံးဖြတ်လိုက်ပါက လင်းချန်းဟိုင်နှင့် သူ့ဂိုဏ်း မည်သို့ တောင့်ခံနိုင်ပါမည်နည်း။ သူ ရုတ်တရက် နက်ရှိုင်းသော နောင်တရမှုကို ခံစားလိုက်ရသည်။ ဘာလုပ်ရမှန်း မသိတော့သဖြင့် သူက ပတ်ဝန်းကျင်သို့ အော်ဟစ်လိုက်၏။ “တာအိုအသင်းတော်က တခြားလူတွေကို ဒီလိုမျိုး အနိုင်ကျင့်ခွင့် ရှိလို့လား…”
ဤစကားများကို အော်ဟစ်လိုက်ပြီးနောက် အထောက်အပံ့ အချို့ ရရှိလိမ့်မည်ဟု သူ မူလက ထင်မှတ်ထားခဲ့သည်။ သူတို့အားလုံး ဤနေရာသို့ စုလီကို သတ်ရန် လာခဲ့ကြခြင်း ဖြစ်ရာ သူတို့အားလုံးတွင် တူညီသော စိတ်ဆန္ဒ ရှိသင့်ကြောင်း သိထားရမည်။ သို့သော်လည်း လမ်းမပေါ်ရှိ မည်သူကမျှ သူ့ကို အနည်းငယ်မျှပင် ဂရုမစိုက်ကြကြောင်း သူ စိတ်ကူးမယဉ်ဖူးခဲ့ပေ။ ထိုအခါမှသာ လူတိုင်း စုလီကို သတ်ရန် ရောက်လာကြသော်လည်း မည်သူကမျှ လီနန်းတော်ကို ပြစ်မှားရန် မရဲကြကြောင်း သူ နားလည်လိုက်သည်။ သဘာဝကျစွာပင် ချန်းချန်ရှန်ကို ပြစ်မှားရဲသူလည်း တစ်ယောက်မျှ မရှိပေ။
“ကလေးလေးတစ်ယောက်လို ကလေးဆန်တဲ့ စကားတွေ လာပြောနေတယ်”
စုလီ လင်းချန်းဟိုင်ကို လုံးဝ လျစ်လျူရှုလိုက်ပြီး ချန်းချန်ရှန်ကို ကြည့်လိုက်သည်။ “လူသတ်တယ်ဆိုတဲ့ ကိစ္စမျိုးအတွက် မင်း တိုက်ရိုက်သာ လုပ်လိုက်သင့်တယ်… ဘာကြိုတင်သတိပေးချက်မှ ပေးစရာ မလိုဘူး”
ချန်းချန်ရှန် ဘာမှ မပြောပေ။ သူ့အင်္ကျီလက်ထဲမှ လက်ကိုင်ပုဝါတစ်ထည်ကို ထုတ်ယူလိုက်ပြီး စုလီ၏ မျက်နှာပေါ်မှ သွေးများနှင့် ရေများကို ဂရုတစိုက် သုတ်ပေးလိုက်သည်။
“ဒါပေမဲ့ မင်း ဒေါသထွက်တာလည်း အကြောင်းပြချက် ရှိပါတယ်… ကျောက်တုံးနဲ့ ပစ်တာလောက်က တကယ်ကို သေးသိမ်လွန်းတယ်၊ ရိုင်းစိုင်းလွန်းတယ်… ဘာအဓိပ္ပာယ်မှ မရှိဘူး”
စုလီက ချန်းချန်ရှန်ကို သူ့မျက်နှာပေါ်မှ သွေးများ သုတ်ခွင့်ပေးလိုက်သဖြင့် သူ၏ အသံက အနည်းငယ် မပီမသ ထွက်ပေါ်လာသည်။
ဘေးမှ ရှောင်ကျန်းက ဝင်ပြောလိုက်၏။ “မှန်တယ်… တကယ်ကို အဓိပ္ပာယ်မရှိဘူး”
စုလီက ပြန်ပြောလိုက်သည်။ “အဲဒါဆို လမ်းဖယ်ပေးပါ”
ရှောင်ကျန်း တိတ်ဆိတ်စွာ၊ တွန့်ဆုတ်ခြင်း အလျဉ်းမရှိဘဲ ဘေးသို့ ဖယ်လိုက်ပြီး လမ်းဖွင့်ပေးလိုက်သည်။
တည်းခိုခန်း ဒုတိယထပ် အပျက်အစီးများမှ လမ်းမပေါ်သို့ ဦးတည်နေသော လမ်းတစ်ခု ပွင့်သွား၏။
လူအများအပြား သတိထားမိလိုက်ပြီး အတော်လေး ဇဝေဇဝါ ဖြစ်သွားကြသည်။ လင်းချန်းဟိုင် ပို၍ပင် ဇဝေဇဝါ ဖြစ်သွားသည်။ သူက စုလီကို ရက်စက်စွာ ရယ်မောလိုက်ပြီး ပြောလိုက်၏။ “မင်းလို ခွေးအိုကြီးက တွားတောင် မသွားနိုင်တော့တာ… နည်းနည်းလောက် အချိန်ဆွဲနေတာ ဘာထူးမှာမို့လို့လဲ…”
စုလီ သူ့ကို ခံစားချက်ကင်းမဲ့စွာ ကြည့်လိုက်သည်။ စက္ကူဝါထီးကို ဆုပ်ကိုင်ထားသော ဘယ်ဘက်လက်က ရုတ်တရက် လှုပ်ရှားသွား၏။
သူ၏ ဘယ်ဘက်လက်မက ထီးလက်ကိုင်ရိုးဆီသို့ တွန်းလိုက်သည်။ ရွှစ်ခနဲ အသံနှင့်အတူ လက်ကိုင်ရိုး၏ အစိတ်အပိုင်း အနည်းငယ် ထွက်ပေါ်လာသည်။
ထီးလက်ကိုင်ရိုးသည် ဓားလက်ကိုင်ရိုး ဖြစ်သည်။
စက္ကူဝါထီး အတွင်း၌ ကောင်းကင်ဖုံးလွှမ်းဓား ရှိနေ၏။
ဓားတစ်ဝက်ခန့် ဓားအိမ်ထဲမှ ထွက်ပေါ်လာသည်။
လက်ရှိတွင် လင်းချန်းဟိုင်သည် လမ်းမပေါ်၌ ရှိနေဆဲ ဖြစ်ပြီး စုလီကို ခွေးသေကောင်ဟု ဆဲဆိုနေကာ အခြား အလားတူ ညစ်ညမ်းသော စကားလုံးများဖြင့် ဆဲဆိုနေဆဲ ဖြစ်သည်။
ရုတ်တရက် သူ၏ အသံ ရပ်တန့်သွားသည်။
သူ၏ လည်ပင်းပေါ်တွင် လတ်ဆတ်သော ဓားရာတစ်ခု ပေါ်လာပြီး သွေးများ ဖြည်းညင်းစွာ စီးကျလာ၏။
သူနှင့် အနီးဆုံးရှိ လူများ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူတို့၏ မျက်နှာများ ရုတ်တရက် ဖြူရော်သွားပြီး စကားမပြောနိုင်လောက်အောင် တုန်လှုပ်သွားကြသည်။
လင်းချန်းဟိုင်က သူ၏ လည်ပင်း ပြတ်သွားသည်ကို သတိထားမိပုံ မရပေ။ သူသည် တည်းခိုခန်း ဒုတိယထပ်ကို လက်ညှိုးထိုးပြီး တစ်စုံတစ်ရာ ဆဲဆိုနေဆဲ ဖြစ်သည်။ အသံထွက်မလာခြင်းသာ ရှိသဖြင့် ထိုမြင်ကွင်းက အလွန် ထူးဆန်းပြီး ကြောက်စရာ ကောင်းနေ၏။
ခဏအကြာတွင် သူ နောက်ဆုံး၌ တုံ့ပြန်လိုက်သည်။
သူ မသိစိတ်ဖြင့် သူ၏ လည်ပင်းကို ပွတ်သပ်လိုက်သည်။ လက်ကို ပြန်ရုပ်လိုက်ပြီး သွေးများကို မြင်လိုက်ရသောအခါ သူ ရုတ်တရက် နာကျင်မှုကို ခံစားလိုက်ရ၏။
သူ၏ မျက်နှာ ဖြူရော်နေပြီး မျက်လုံးများထဲတွင် ကြောက်ရွံ့မှုနှင့် ရှုပ်ထွေးမှုတို့ ပြည့်နှက်နေသည်။ သူ နာကျင်စွာ အော်ဟစ်လိုက်သော်လည်း သူ၏ အော်သံများ ထွက်ပေါ်လာရန် မဖြစ်နိုင်တော့ပေ။
သူ လှည့်ထွက်ပြီး တည်းခိုခန်းမှ ထွက်ပြေးရန် ကြိုးစားလိုက်သော်လည်း နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ချိန်၌ သူ၏ ခြေထောက်နှစ်ဖက်စလုံး ဒူးဆစ်နေရာမှ ပြတ်တောက်သွားကြောင်း သိလိုက်ရသည်။
လင်းချန်းဟိုင် သွေးအိုင်ထဲသို့ ပြင်းထန်စွာ လဲကျသွားသည်။ သူ၏ လည်ပင်းကို ဆုပ်ကိုင်ထားရင်း အသံအချို့ ပြုလုပ်နေသော်လည်း သူ၏ ခြေထောက်များ ဒူးဆစ်နေရာမှ ပြတ်တောက်နေပြီ ဖြစ်၏။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လူအုပ်ကြီး ထိတ်လန့်တကြား လူစုခွဲလိုက်ကြပြီး သူ့ထံမှ ဝေးဝေးသို့ ရှောင်ထွက်သွားကြသည်။
မကြာမီအချိန်အတွင်း လင်းချန်းဟိုင် ရုန်းကန်နေခြင်း ရပ်တန့်သွားပြီး သေဆုံးသွားတော့သည်။ သူ၏ နောက်ဆုံးထွက်သက် အချိန်ထိ သူ မျက်လုံး မမှိတ်နိုင်ခဲ့ပေ။ သူ၏ မျက်လုံးများထဲတွင် တုန်လှုပ်မှုနှင့် ရှုပ်ထွေးမှုတို့ ပြည့်နှက်နေပြီး ဘာဖြစ်ပျက်သွားသည် ဆိုခြင်းကို ဘယ်သောအခါမျှ နားလည်သွားခဲ့ခြင်း မရှိချေ။
စုလီ အပြင်းအထန် ဒဏ်ရာရနေပြီး သေလုနီးပါး ဖြစ်နေတာလေ… တွားတောင် မသွားနိုင်တော့တဲ့ ခွေးအိုကြီး တစ်ကောင်လေ… ဘယ်လိုလုပ်ပြီး ဓားတစ်ချက်တည်းနဲ့ ငါ့ကို သတ်နိုင်မှာလဲ…
လင်းချန်းဟိုင်ကဲ့သို့ တုန်လှုပ်၊ ကြောက်ရွံ့ပြီး ရှုပ်ထွေးနေကြသူ အများအပြား ရှိနေသေးသည်။
သုဿာန်တစပြင်အလား တိတ်ဆိတ်မှုတစ်ခု လမ်းမပေါ်သို့ နောက်တစ်ကြိမ် ရောက်ရှိလာပြန်သည်။ လူအုပ်ကြီးသည် တည်းခိုခန်း ဒုတိယထပ် အပျက်အစီးများဆီသို့ နောက်တစ်ကြိမ် လှည့်ကြည့်လိုက်ကြပြီး ကုလားထိုင်ပေါ်မှ လူကို ကြည့်လိုက်ကြသည်။ သူတို့ ရိုသေလေးစားမှုနှင့် စိုးရိမ်ပူပန်မှုတို့ ပြည့်နှက်နေကြ၏။ သူသည် လွန်ခဲ့သော ရာစုနှစ်ပေါင်းများစွာ အတွင်း ဓားလမ်းစဉ်၏ အသန်မာဆုံး ဆရာသခင်ဟု ခေါ်ဆိုရန် တကယ် ထိုက်တန်လှပေသည်။ သူ၏ နောက်ဆုံးထွက်သက် အချိန်ရောက်နေပြီဟု ထင်ရလျှင်ပင် ဤဓားဆန္ဒ အစအနလေး တစ်ခုတည်းက ဤမျှ စွမ်းအားကြီးမားနေဆဲ ဖြစ်ပြီး ကြယ်တာရာသိပ်သည်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦးကို သတ်ဖြတ်နိုင်စွမ်း ရှိနေဆဲ ဖြစ်သည်။
ချန်းချန်ရှန် အနည်းငယ် အံ့အားသင့်သွားပြီးနောက် စိတ်သက်သာရာ ရသွားသည်။ သူ အတော်လေး ပျော်ရွှင်နေမိ၏။
စီနီယာ ပြောတာ မှန်တယ်… လူသတ်တယ်ဆိုတဲ့ ကိစ္စမျိုးအတွက် တကယ် လုပ်လိုက်ဖို့ပဲ လိုတယ်… ကြိုတင်သတိပေးချက် ပေးစရာ မလိုဘူး…
ထီးလက်ကိုင်ရိုး ဖြည်းညင်းစွာ ပြန်ဝင်သွားပြီး စုလီ ဝန်းကျင်ရှိ ထက်ရှမှုများ တဖြည်းဖြည်း ဆုတ်ခွာသွားသည်။ သူသည် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး အဖြစ်သို့ နောက်တစ်ကြိမ် ပြန်ရောက်သွားပြီ ဖြစ်၏။
သူ ကုလားထိုင်ပေါ်တွင် ထိုင်လျက် လမ်းမပေါ်၌ လဲကျနေသော လင်းချန်းဟိုင်၏ အလောင်းကို ငေးကြည့်နေပြီးနောက် ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။ “ငါ တွားတောင် မသွားနိုင်တော့ပေမဲ့ မင်းလိုလူမျိုးကို ဓားတစ်ချက်တည်းနဲ့ သတ်ဖို့က ငါ့အတွက် မခက်ခဲသေးပါဘူး”
လျန်ဝမ်စွန်း၏ မျက်နှာအမူအရာက ပုံမှန်မဟုတ်လောက်အောင် လေးနက်နေသည်။
စက္ကူဖြူနောက်ကွယ်တွင် ဖုံးကွယ်ထားသော ရှောင်ကျန်း၏ မျက်လုံးများက ပို၍ပို၍ ရူးသွပ်လာပုံရသည်။
ဒီဓားက တကယ်ကို အားကောင်းလွန်းတယ်…
စုလီနဲ့ ထိုက်တန်တယ်…
စုလီ တန်ဖိုးထားတဲ့ ဓားတစ်လက် ဖြစ်ရတာနဲ့ ထိုက်တန်တယ်…
“အခုမှပဲ ဓားတစ်လက် ဖြစ်လာတော့တယ်”
ရှောင်ကျန်း သူ့ကို ကြည့်လိုက်သည်။ သူ၏ လေးစားအားကျမှု၊ သို့မဟုတ် ကိုးကွယ်မှုကိုပင် ဖုံးကွယ်ရန် မကြိုးစားတော့ပေ။ “ဒီဓားက ကျွန်တော်တို့ထဲက ဘယ်သူ့ကိုမဆို ဒဏ်ရာရအောင် လုပ်နိုင်စွမ်း ရှိတယ်… ဘာလို့ အဲဒီ အမှိုက်ကောင်တွေအပေါ်မှာ သုံးလိုက်ရတာလဲ…”
“ဘာလို့လဲဆိုတော့ ငါက အဲဒီလို ယင်ကောင်မျိုးကို လုံးဝ မုန်းလို့လေ… အရမ်း စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတယ်… ဒါကြောင့် ကိစ္စပြီးသွားအောင် သတ်ပစ်လိုက်တာ ပိုကောင်းမယ်… မင်းနဲ့ လျန်ဝမ်စွန်းကျတော့ ငါ့အတွက် အဲဒီလောက် စိတ်အနှောင့်အယှက် မဖြစ်ဘူး… ဒါကြောင့် ငါ ဘာကိစ္စ မင်းတို့ကို သတ်ရမှာလဲ… ဒါပေါ့… အရေးအကြီးဆုံး အချက်ကတော့ လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်အတွင်း ငါက ဒီဓားချက်တစ်ချက်စာလောက်ပဲ စုဆောင်းနိုင်ခဲ့လို့ပါ”
စုလီက ဆက်ပြောလိုက်၏။ “ငါသာ ဓားချက်နှစ်ချက်စာလောက် စုဆောင်းနိုင်ခဲ့ရင် မင်းတို့နှစ်ယောက်လုံးကို တစ်ပြိုင်နက် သတ်ပစ်လိုက်မှာပေါ့… အဲဒါဆိုရင် သဘာဝကျစွာပင် ငါ ပိုပြီး ခြိုးခြံချွေတာရာ ကျမှာပေါ့”
လျန်ဝမ်စွန်း ခဏမျှ တိတ်ဆိတ်နေပြီးမှ ပြောလိုက်သည်။ “ခင်ဗျားရဲ့ စေတနာကို ကျွန်တော် လက်မခံပါဘူး”
ရှောင်ကျန်းက မှတ်ချက်ပေးလိုက်၏။ “လေးစားစရာပဲ… လေးစားစရာပဲ”
ဤအဆင့်ရှိ လူများသည် မလိုအပ်သော စကားများကို ဘယ်သောအခါမျှ ပြောလိမ့်မည် မဟုတ်ပေ။ “လေးစားစရာပဲ” ဟူသော မှတ်ချက် နှစ်ခုသည် သဘာဝကျစွာပင် ကွဲပြားခြားနားသော ကိစ္စရပ်နှစ်ခု အကြောင်း ဖြစ်သည်။
သူက စုလီ၏ ဓားကို လေးစားသည်။
စုလီက သူ၏ ဓားချက်တစ်ချက်ကို လင်းချန်းဟိုင်ကို သတ်ဖြတ်ရာတွင် အသုံးပြုခဲ့ပြီး သူတို့အပေါ် အသုံးမပြုခဲ့ခြင်းကို သူ ပို၍ပင် လေးစားသည်။
ဤသည်က စုလီအတွက် ပျော်ရွှင်မှုသည် ကျေးဇူးဆပ်ခြင်း သို့မဟုတ် လက်စားချေခြင်း ကဲ့သို့သော အရာများထက် ထာဝရ ပိုအရေးကြီးကြောင်း ညွှန်ပြနေသည်။
ဤနည်းလမ်းဖြင့် နေထိုင်ခြင်းက တကယ်ကို အဓိပ္ပာယ်ရှိလှပေသည်။
-အခန်း (၃၈၉) ပြီး