"အင်း..."
"အဲဒီကောင်လေး အခု ဘယ်မှာလဲ"
"ကျွန်မလည်း မသိဘူး၊ သူ့ကို ခိုလှုံရာစခန်းဆီ တစ်ယောက်တည်း အရောက်ပြေးဖို့ လွှတ်လိုက်တာပဲ" လင်ယွီရှင်းက ပြန်ဖြေသည်။
တော်ဝင်ငရဲစမ်းရေမှာ အနက်ရောင်ဗာတီကန်လက်ထဲ မကျရောက်သွားကြောင်း ကြားလိုက်ရချိန်တွင် ရန်ကျောက်ဟယ်သည် ဝန်ထုပ်ဝန်ပိုးတစ်ခု လျော့ကျသွားသကဲ့သို့ ခံစားလိုက်ရသော်လည်း၊ ၎င်းမှာ တည်နေရာအတိအကျမသိရသော ကျောင်းသားတစ်ဦး၏ လက်ထဲတွင် ရှိနေသည်ဟူသောအချက်က သူ့အား ပြန်လည် စိတ်လေးလံသွားစေသည်။
"ဆရာရန်... အနက်ရောင်ဗာတီကန်က တော်ဝင်ငရဲစမ်းရေကို ဘာလို့ ဒီလောက် လိုချင်နေရတာလဲ...ပြီးတော့ ပိုမြို့ကို တိုက်ခိုက်ဖို့ မှော်သားရဲအုပ်စုကြီးကို ခေါ်လိုက်ရတဲ့ သူတို့ရဲ့ ရည်ရွယ်ချက်ကကော ဘာလဲ" လင်ယွီရှင်းက မေးလိုက်သည်။
"ပိုမြို့ကို ဘာလို့ ဖျက်ဆီးချင်ရတာလဲဆိုတာတော့ ငါတို့လည်း အခုထိ မသိသေးဘူး။ ဒါပေမဲ့ တော်ဝင်ငရဲစမ်းရေကို သူတို့ လိုချင်နေတာကတော့ ပိုမြို့ကို အမြစ်ပြတ် သုတ်သင်ပစ်ဖို့ပဲ"ရန်ကျောက်ဟယ်က ဒေါသသံဖြင့် ဆိုသည်။
"ဘာဖြစ်လို့လဲ..."
"တော်ဝင်ငရဲစမ်းရေဆိုတာ နှစ်ပေါင်းထောင်ချီ သက်တမ်းရှိတဲ့ ကောင်းကင်ဘုံက ရတနာတစ်ခုပဲ။ တပ်မှူးအဆင့်မှော်သားရဲတွေက အဲဒါကို အလွန်အမင်း မက်မောကြတယ်။ သူတို့က တောင်ပံနက်ဝံပုလွေရဲ့ သားပေါက်တွေနဲ့ ရက်စက်သောမိုးကို အသုံးချပြီး ဒီကပ်ဘေးကို ဖန်တီးခဲ့ကြတာ။ ဒါပေမဲ့ အစကနေ အခုထိ တောင်ပံနက်ဝံပုလွေက ပိုမြို့ကို အကုန်အစင် မဖျက်ဆီးသေးဘူး။ သူတို့ရဲ့ အစီအစဉ်က တော်ဝင်ငရဲစမ်းရဲ့ ဧရာမရေကန်ကြီးကို ဖွင့်ချပြီး တခြားတပ်မှူးအဆင့် သားရဲတွေကိုပါ ပိုမြို့ကို လာတိုက်ဖို့ ဆွဲဆောင်ချင်တာပဲ။ မှော်သားရဲတွေမှာ သူတို့ရဲ့ အင်အားကို အဆမတန် တိုးပွားစေမယ့် ဒီလိုရတနာမျိုးအပေါ် မွေးရာပါ တောင့်တစိတ် ရှိကြတယ်။ တော်ဝင်ငရဲစမ်းရေသာ ပွင့်ထွက်သွားရင် ကီလိုမီတာ တစ်ရာအတွင်းမှာရှိတဲ့ တပ်မှူးအဆင့်သားရဲတွေ အကုန်လုံး အနံ့ခံပြီး ဒီကို ရောက်လာကြလိမ့်မယ်။ ပိုမြို့ရဲ့ ခံစစ်က အခုတောင် အကျပ်အတည်း ဆိုက်နေပြီ၊ ဉာဏ်ရည်ရှိတဲ့ အဲဒီသားရဲကြီးတွေသာ ရောက်လာရင်တော့... ပိုမြို့ဟာ ငရဲခန်း ဖြစ်သွားတော့မှာပဲ" ရန်ကျောက်ဟယ်က ရှင်းပြသည်။
လင်ယွီရှင်းသည် ထိုစကားကို ကြားသောအခါ ကြောက်လန့်တုန်ယင်သွားတော့သည်။ အနက်ရောင်ဗာတီကန်သည် တကယ်ပင် ရက်စက်လွန်းလှပေသည်။ တောင်ပံနက်ဝံပုလွေအပြင် အခြားသော တပ်မှူးအဆင့် သားရဲများကိုပါ ထပ်မံဆွဲဆောင်ရန် ကြိုးစားနေခြင်းမှာ ပိုမြို့ကို အလောင်းပုံမြို့တော်အဖြစ် ပြောင်းလဲပစ်ရန် ကြံစည်နေခြင်းပင်။
“အနက်ရောင်ဗာတီကန်ထက် အရင်ဦးအောင် မိုဖန်ဆိုတဲ့ ကျောင်းသားကို ငါတို့ ရှာတွေ့မှဖြစ်မယ်" ရန်ကျောက်ဟယ်က လေးနက်စွာ ပြောလိုက်သည်။
"တောင်းပန်ပါတယ်၊ တော်ဝင်ငရဲစမ်းရေက ဒီလောက်အထိ အရေးပါလိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့ဘူး..."
"မင်းရဲ့ ရွေးချယ်မှုက မှန်ကန်ခဲ့ပါတယ်။ တော်ဝင်ငရဲစမ်းရေက ကျောင်းသားတစ်ယောက်လက်ထဲမှာ ရှိနေတာက အနက်ရောင်ဗာတီကန်လက်ထဲ ရောက်သွားတာထက်စာရင် အများကြီး တော်သေးတယ်..." ရန်ကျောက်ဟယ်သည် မိုဖန်ကို အနက်ရောင်ဗာတီကန်က အရင်မတွေ့ပါစေနှင့်သာ စိတ်ထဲမှ ဆုတောင်းနေမိတော့သည်။
"အကောင်းမြင်လွန်းလို့တော့ မရသေးဘူး။ အနက်ရောင်ဗာတီကန်ကလူတွေလည်း ကျွန်မ တော်ဝင်ငရဲစမ်းရေကို မိုဖန်ဆီ ပေးလိုက်တာကို ရိပ်မိမှာပဲ။ အခုဆို မြို့ထဲမှာ သူ့ကို လိုက်ရှာဖို့ လူလွှတ်ထားလောက်ပြီ"လင်ယွီရှင်းက တည်ငြိမ်စွာ သုံးသပ်ပြသည်။
"ဒါဆို အချိန်မဆွဲတော့ဘူး၊ မိုဖန်ကို သွားရှာကြစို့"
"အကယ်၍ သူသာ မှော်သားရဲတစ်ကောင်ရဲ့ အစာ ဖြစ်သွားခဲ့ရင်ကော အနက်ရောင်ဗာတီကန်လက်ထဲ ရောက်သွားတာထက်စာရင် မှော်သားရဲတစ်ကောင်က တော်ဝင်ငရဲစမ်းရေကို ရသွားတာက ပိုမကောင်းဘူးလား" လင်ယွီရှင်းက ရုတ်တရက် မေးလိုက်သည်။
ရန်ကျောက်ဟယ်မှာ မှင်သက်သွားပြီးမှ "ဒါကလည်း အမှန်ပဲပေါ့လေ..."
မင်ယွမ်ရပ်ကွက်ထဲတွင် လမ်းလျှောက်နေသော မိုဖန်မှာ ရုတ်တရက် နှာချေလိုက်မိသည်။
"ဟတ်ချိုး"
သူသည် နှာခေါင်းကို ပွတ်ရင်း ဘယ်သူများ သူ့အကြောင်း ပြောနေပါလိမ့် တွေးတောနေမိသည်။
စစ်သည်အဆင့်ဖြစ်သော အကြမ်းစားအရိုးဆူးဝံပုလွေပေါ်လာခြင်းကြောင့် သူတို့၏ ခရီးမှာ သိသိသာသာ နှောင့်နှေးသွားခဲ့ရသည်။ ထိုကြောက်မက်ဖွယ် သတ္တဝါကြီး ဝေးရာသို့ ရောက်သွားသည်အထိ စောင့်ဆိုင်းပြီးမှသာ အားလုံးမှာ သတ္တိမွေး၍ ခရီးကို ဆက်နိုင်ခဲ့ကြသည်။
လမ်းတွင် မျက်လုံးတစ်လုံး မှော်ဝံပုလွေတစ်ကောင်နှင့် ထိပ်တိုက်တွေ့ခဲ့သော်လည်း၊ ကံကောင်းထောက်မစွာဖြင့် လူကိုးယောက်စလုံး ဝိုင်းဝန်းတိုက်ခိုက်လိုက်သဖြင့် အခြားသားရဲများ အာရုံမခံမိသေးခင်မှာပင် အပြတ်ရှင်းနိုင်ခဲ့ကြသည်။
ရှုကျောက်ထင်သည် လျှပ်စီးဒြပ်စင် အသုံးပြုသူ ဖြစ်သည်နှင့်အညီ လျှပ်စီးလက်ခြင်း ပြင်းထန်သောနှင်တံ ကို အသုံးပြု၍ ဝံပုလွေကို အရင် ထိန်းချုပ်လိုက်သည်။ ထို့နောက် ကျန်သည့်လူများက မှော်အတတ်များဖြင့် တရစပ် ဗုံးကြဲတိုက်ခိုက်ကြတော့သည်။ ဝံပုလွေကြီး ပြန်လည်လှုပ်ရှားရန် ပြင်လိုက်ချိန်တွင် မိုဖန်က လျှပ်စီးလက်ခြင်း ပြင်းထန်သော တုန်ခါမှုကို ထပ်မံ အသုံးပြုလိုက်ရာ၊ ဝံပုလွေမှာ တစ်ချက်ပင် ပြန်မတိုက်နိုင်ပဲ အပြင်ဘက်အရေပြားမှာ ကျွတ်ကျွတ်အိတ်ကဲ့သို့ ကျွမ်းကာ အတွင်းသားများ နူးအိနေသည့် အလောင်းကောင်အဖြစ် ပြောင်းလဲသွားတော့သည်။
လျှပ်စီးမှော်ဆရာ နှစ်ဦးပါဝင်သော အဖွဲ့၏ တိုက်ခိုက်ရေးစွမ်းအားမှာ အမှန်ပင် ပြင်းထန်လှပေသည်။ မှော်သားရဲမှာ သူတို့နှင့် ယှဉ်တိုက်ရန် အသင့်မရှိလျှင် အန္တရာယ်ကို များစွာ လျှော့ချနိုင်ပေသည်။
"ရောက်တော့မယ်.. ဟိုမှာကြည့်... မြို့ရိုးတွေလို မြင့်တဲ့ ခိုလှုံရာစခန်းရဲ့ အလင်းတံတိုင်းကြီးကို တွေ့လား...အဲဒါပဲ" ကျန်းဟိုသည် ဓာတ်တိုင်ပေါ်သို့ တက်ကြည့်ရင်း အားလုံးကို ဝမ်းသာအားရ လှမ်းပြောလိုက်သည်။
ထိုသုံးကီလိုမီတာ သေမင်းတမန်လမ်းမှာ ကျောင်းမဆင်းရသေးသော မှော်ကျောင်းသားများအတွက် အလွန်ပင် မလွယ်ကူလှပေ။ ယခု ခိုလှုံရာစခန်းသို့ ရောက်တော့မည်ဖြစ်ရာ သူတို့အားလုံးမှာ ဝမ်းသာအားရ ဖြစ်နေကြတော့သည်။
"သတိမပေါ့ကြနဲ့ဦး.... နောက်ထပ် မီတာခြောက်ရာလောက် လိုသေးတယ်" မိုဖန်က တည်ငြိမ်စွာ သတိပေးသည်။
ကိုးယောက်သား ရှေ့သို့ ဆက်လက်ချီတက်ကြရာ မြစ်ကမ်းတစ်ခုဆီသို့ ရောက်ရှိလာကြသည်။ မြစ်ကြောင်းမှာ မကျယ်လှသော်လည်း မြစ်ကမ်းဘေးတွင် မိုးမခပင်များ ပေါက်နေ၏။ ယခင်က လှပသော လမ်းဘေးကော်ဖီဆိုင်လေးမှာလည်း ပျက်စီးယိုယွင်းကာ ရှုပ်ပွနေတော့သည်။
နံစော်နေသော မြစ်ထဲတွင် မျက်လုံးကြီး ကြွက်လူဝံနှစ်ကောင် ရှိနေသော်လည်း ကံကောင်းထောက်မစွာဖြင့် ၎င်းတို့မှာ အဝေးသို့ ကူးခပ်သွားကြသည်။
လူကိုးဦးလုံး တံတားအား ဂရုတစိုက် ဖြတ်ကျော်လာကြသည်။ တံတားတွင် ပျက်စီးမှုအချို့ကို မြင်တွေ့ရရာ မှော်ဆရာတစ်ဦးနှင့် မှော်သားရဲတစ်ကောင် တိုက်ပွဲဖြစ်ပွားခဲ့ပုံရသည်။ တံတားအောက်တွင်မူ စွန့်ပစ်ထားသော မီးပုံတစ်ခုမှာ လောင်ကျွမ်းနေဆဲ ဖြစ်သည်။
"မှော်... မှော်သားရဲ" တံတားအလယ်သို့ ရောက်ရှိချိန်တွင် အပြာရင့်ရောင် ဝံပုလွေပုံသဏ္ဌာန် သတ္တဝါကြီးတစ်ကောင် တံတား၏ အခြားတစ်ဖက်တွင် ပေါ်လာသည်။ ၎င်းမှာ ခြေနှစ်ချောင်းဖြင့် ရပ်သော မျက်လုံးတစ်လုံး မှော်ဝံပုလွေနှင့် မတူပေ။ ထိုအပြာရင့်ရောင် သတ္တဝါမှာ ခြေလေးချောင်းစလုံး မြေပြင်ပေါ်တွင် ရှိနေပြီး၊ ဦးခေါင်းနောက်မှ အမွှေးများမှာ လည်ပင်းနှင့် ပုခုံးအထိ ရှည်လျားနေသည်။ အားလုံး ယခင်က တွေ့ခဲ့ဖူးသော ရက်စက်ကြမ်းကြုတ်သည့် ဝံပုလွေများနှင့် လုံးဝ ကွဲပြားနေ၏။
အားလုံးမှာ ဦးစွာ ထိတ်လန့်သွားကြသော်လည်း၊ ထိုဝိညာဉ်ဝံပုလွေ၏ ကျောပေါ်တွင် လူတစ်ယောက် ထိုင်နေသည်ကို မြင်လိုက်ရသောအခါမှသာ ကျောင်းသားများမှာ ဝမ်းသာအားရ ပြုံးလိုက်နိုင်ကြတော့သည်။
"နည်းပြပိုင် မဟုတ်လား...ဒါ နည်းပြပိုင်ပဲ"
"ဒီလိုနေရာမျိုးမှာ စစ်တပ်ကလူတစ်ယောက်နဲ့ မမျှော်လင့်ဘဲ ဆုံရလိမ့်မယ်လို့ မထင်ထားဘူး" ရွှဲမူရှိန်းက ဝန်ထုပ်ဝန်ပိုးတစ်ခု လျော့ကျသွားသလို ပြောလိုက်သည်။
မိုဖန် လှမ်းကြည့်လိုက်ရာ ဝိညာဉ်ဝံပုလွေပေါ်တွင် ထိုင်နေသူမှာ အမှန်တကယ်ပင် လက်တွေ့သင်တန်း နည်းပြတစ်ဦးဖြစ်သည့် ပိုင်ရန် ဖြစ်နေသည်။
သူသည် မိုဖန် သတ်ဖြတ်ခဲ့သော ဝိညာဉ်ဝံပုလွေ၏ ပိုင်ရှင်၊ ထူးခြားသော ဆင့်ခေါ်မှော်ဆရာပင် ဖြစ်သည်။ ပိုင်ရန်တွင် ဝိညာဉ်ဝံပုလွေ တစ်ကောင်တည်းသာ ရှိသည်မဟုတ်ပုံရသည်။ သို့သော် ယခုဝံပုလွေ၏ ခန္ဓာကိုယ်နှင့် အရှိန်အဝါမှာ မိုဖန် သတ်လိုက်သော ဝံပုလွေကဲ့သို့ မထွားကျိုင်းလှချေ။
"မင်းတို့ ဘာလို့ ဒီကို ရောက်နေကြတာလဲ...အချိန်မီ မဆုတ်ခွာနိုင်ခဲ့ကြဘူးလား..." ပိုင်ရန်သည် ဝိညာဉ်ဝံပုလွေပေါ်မှနေ၍ အားလုံးကို မေးလိုက်သည်။
ဝမ်ဆန်းဖန့်၊ ရှုကျောက်ထင်နှင့် ဟဲယုတို့သည် ဝိညာဉ်ဝံပုလွေကို ထိန်းချုပ်ထားသော ပိုင်ရန်၏ ရဲရင့်သည့် ပုံစံကို ကြည့်ကာ အားကျနေကြတော့သည်။
“ဆင့်ခေါ်မှော်ဆရာတွေက တကယ် လန်းတာပဲ၊ မှော်သားရဲတွေကိုတောင် ယဉ်ပါးအောင် လုပ်နိုင်ကြတာ...လမ်းပန်းဆက်သွယ်ရေးတွေ အကုန်ပြတ်တောက်နေတဲ့ ဒီလိုနေရာမျိုးမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်တဲ့ ဝိညာဉ်ဝံပုလွေတစ်ကောင် ရှိတာက ပိုပြီး အရေးကြီးတာပဲ”
“တန်လန်မှော်အထက်တန်းကျောင်းက ဘယ်သူမှ အချိန်မီ မဆုတ်ခွာနိုင်ခဲ့ကြဘူး ဆရာ။ လူဦးရေက အရမ်းများနေလို့ပါ။ ပင်မအုပ်စုကြီးက ကျွန်တော်တို့အနောက် တစ်ကီလိုမီတာလောက်မှာ ရှိနေပါတယ်။ သူတို့က ကျွန်တော်တို့ ရှေ့ပြေးတပ်ဖွဲ့နောက်ကို လိုက်ပြီး ခိုလှုံရာစခန်းဆီကို လာနေကြတာပါ" ရွှဲမူရှိန်းက ရှင်းပြသည်။
"အော်... ဒါဆိုရင် သူတို့ကို ကာကွယ်ပေးဖို့ စစ်ဦးစီးချုပ်ဆီ ငါ အကြောင်းကြားပြီး စစ်ကူလွှတ်ခိုင်းလိုက်မယ်။ မင်းတို့အဖွဲ့ကတော့ ငါနဲ့အတူ ဒီမှာပဲ ခဏစောင့်နေကြ၊ ရှေ့မှာ ကိုင်တွယ်ရခက်တဲ့ မှော်သားရဲ အချို့ ရှိနေလို့" ပိုင်ရန်သည် သူ၏ စစ်ဦးစီးဦးထုပ်ကို ချွတ်ကာ နူးညံ့စွာ ပြုံးရင်း ပြောလိုက်သည်။
"နည်းပြပိုင်ရန်... ကျွန်တော်တို့ ဒီကိုလာတဲ့လမ်းမှာ ဘယ်လောက်တောင် အန္တရာယ်တွေနဲ့ ကြုံခဲ့ရလဲ သိလား...ကံမကောင်းတာက ကျန်းယင်လု အသတ်ခံလိုက်ရတာပဲ၊ ဒါပေမဲ့ ကံကောင်းလို့ မိုဖန်က မှော်သားရဲတွေအကြောင်း နားလည်နေလို့သာ ခိုလှုံရာစခန်းနားအထိ ရောက်လာနိုင်တာ" ဝမ်ဆန်းဖန့်က ပြောချလိုက်တော့သည်။
နည်းပြကို တွေ့လိုက်ရသဖြင့် အားလုံးမှာ သက်ပြင်းချနိုင်ကြပြီ ဖြစ်သည်။ မည်သို့ပင်ဆိုစေ ထိုဆင့်ခေါ်နည်းပြ၏ တိုက်ခိုက်ရေးစွမ်းအားမှာ မှော်သားရဲတစ်ကောင်ထက် သာလွန်ပေသည်။ အကယ်၍ သူသာ ဆင့်ခေါ်သားရဲတွေ ပိုရှိနေဦးမည်ဆိုပါက မှော်သားရဲအချို့ကို ကိုင်တွယ်ရန်မှာ ပြဿနာ မဟုတ်ပေ။
"အော်... မိုဖန် ဟုတ်လား..." ပိုင်ရန်၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားပြီး သူ၏ အကြည့်မှာ မိုဖန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။
မိုဖန်မှာ ဇဝေဇဝါ ဖြစ်သွားရသည်။ ပိုင်ရန်သည် သူ့အား အဘယ်ကြောင့်ထိုကဲ့သို့ စိုက်ကြည့်နေရသနည်း။
ပိုင်ရန်သည် ဝိညာဉ်ဝံပုလွေကျောပေါ်မှ ဆင်းလာ၍ မိုဖန်၏ ရှေ့သို့ လျှောက်လာခဲ့သည်။ သူ၏ မျက်လုံးများမှာ မိုဖန်ကိုသာ စိုက်ကြည့်နေပြီး
"ငါတို့အားလုံး မင်းကို လိုက်ရှာနေကြတာ"
အခန်း (၁၀၁) ပြီး
***