"ကျွန်တော့်ကို လိုက်ရှာနေတာ ဟုတ်လား" မိုဖန်က ပို၍ ဇဝေဇဝါ ဖြစ်သွားရင်း မေးလိုက်သည်။
"အော်... မင်း မသိသေးဘူးလား...ဒီလိုရှိတယ်၊ ဒီကပ်ဘေးက အနက်ရောင်ဗာတီကန်ကြောင့် ဖြစ်လာတာ...သူတို့က တောင်ပံနက်ဝံပုလွေကို ဆွဲဆောင်ခဲ့ရုံတင်မကဘူး၊ တော်ဝင်ငရဲစမ်းရေကို သုံးပြီး ပိုမြို့ကို အမြစ်ပြတ် သုတ်သင်ဖို့အတွက် နောက်ထပ် တပ်မှူးအဆင့်မှော်သားရဲတွေကိုပါ ထပ်ပြီး ဆွဲဆောင်ဖို့ ကြံစည်နေကြတာ" ပိုင်ရန်က မိုဖန်ကို လေးနက်စွာ ပြောပြသည်။
"ဒါဆို ဒါတွေအားလုံးက အနက်ရောင်ဗာတီကန် လက်ချက်ပေါ့၊ တကယ့် တိရစ္ဆာန်ထက်တောင် ဆိုးတဲ့အကောင်တွေပဲ" ရွှဲမူရှိန်းက မတရားမှုကို မခံမရပ်နိုင်ဖြစ်စွာ ပြောလိုက်သည်။
"ဒုခေါင်းတောင် လင်ယွီရှင်းက တော်ဝင်ငရဲစမ်းရေကို မင်းလက်ထဲ အပ်လိုက်တယ် မဟုတ်လား..." ပိုင်ရန်က ဆက်မေးသည်။
မိုဖန်က ပြန်မဖြေဘဲ နည်းပြပိုင်ရန်ကိုသာ စိုက်ကြည့်နေခဲ့သည်။
ပိုင်ရန်သည် မိုဖန်ကို အပေါ်အောက် အကဲခတ်ကြည့်လိုက်ပြီးနောက်၊ ထိုအရာကို ကောင်းကောင်း ကာကွယ်ခဲ့သည်လား တွေးနေပုံရကာဆက်ပြောသည်။
"တော်ဝင်ငရဲစမ်းရေကို ငါ့ကိုပေးပါ...ငါ အဲဒါကို အကြီးအကဲ ကျန့်ခုံးဆီ ချက်ချင်း သွားပို့လိုက်မယ်... ဒီအရာက အရမ်းအရေးကြီးတယ်၊ အကယ်၍ အနက်ရောင်ဗာတီကန် လက်ထဲ ရောက်သွားရင် ငါတို့ ပိုမြို့တော့ သွားပြီပဲ"
အားလုံး၏ အကြည့်မှာ မိုဖန်ထံသို့ ကျရောက်လာသည်။ မိုဖန်သည် ဤမျှ အရေးကြီးသော အရာကို တိတ်တဆိတ် ကာကွယ်ထားသည်သူတို့ လုံးဝ မထင်ထားခဲ့ကြချေ။။
"မိုဖန်... မင်းက တော်ဝင်ငရဲစမ်းရေကို တကယ်ပဲ တိတ်တဆိတ် ကာကွယ်နေတာကိုး... တော်သေးတာပေါ့ နည်းပြပိုင်နဲ့ ဆုံလို့၊ တော်ဝင်ငရဲစမ်းရေကို သူ့ကိုပေးလိုက်ပါ၊ ပြီးရင် ငါတို့လည်း ခိုလှုံရာစခန်းဆီ အမြန်သွားကြရအောင်" ရွှဲမူရှိန်းက ဆိုသည်။
ပိုင်ရန်သည် အလွန်အမင်း စိတ်လှုပ်ရှားသွားကာ အရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလိုက်သည်။ သူသည် တော်ဝင်ငရဲစမ်းရေကို မိုဖန်၏ လက်ထဲမှ လုယူချင်နေသည့်အတိုင်းပင်။ သို့သော် တော်ဝင်ငရဲစမ်းရေကို မည်သည့်နေရာတွင် ရှိနေသည်ကိုမူ သူ မမြင်ရပေ။
မိုဖန်သည် ပိုင်ရန်အား အသေအချာ ကြည့်ရင်း ပြောလိုက်သည်။
"ကျွန်တော့်ဆီမှာ ရှိနေတာလည်း အလွန် ဘေးကင်းပါတယ်။ အကြီးအကဲ ကျန့်ခုံးကို ကျွန်တော်ကိုယ်တိုင် ပေးတာက ပိုကောင်းပါလိမ့်မယ်၊ နည်းပြပိုင်ရန်... ကျွန်တော်တို့ကို လမ်းပဲ အမြန် လမ်းပြပေးပါ"
ပိုင်ရန်မှာ သိသိသာသာ မှင်သက်သွားပြီးနောက် မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
"ဒါလည်း ဟုတ်တာပဲလေ..."
ပိုင်ရန်၏ စကားမှာ မဆုံးသေးဘဲ အနည်းငယ် ရပ်တန့်သွားသည်။ သူ၏ မျက်နှာပေါ်က နွေးထွေးသော အပြုံးမှာ ချက်ချင်းပင် အေးခဲသွားကာ သူ၏ အကြည့်မှာ ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းသော အရိပ်အယောင်များ ပေါ်လာတော့သည်။ သူ၏ မျက်နှာမှာလည်း တစ်မျိုးတစ်ဖုံ ပုံပျက်ပြောင်းလဲသွားသယောင် ရှိ၏။
"ဒါဆိုရင်လည်း... သေလိုက်တော့" ပိုင်ရန်သည် အေးစက်စွာ ပြောလိုက်သည်။
သူ၏ အသံ ကွယ်ပျောက်သွားသည်နှင့် တစ်ပြိုင်နက်၊ အေးဆေးတည်ငြိမ်နေသော ဝိညာဉ်ဝံပုလွေသည် မိုဖန်ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာတော့သည်။ ၎င်း၏ ထက်မြက်လှသော လက်သည်းများကို မြှောက်လိုက်ကာ မိုဖန်အား တိုက်ရိုက် ရိုက်ချတော့မည့်အတိုင်းပင်။
ထိုမမျှော်လင့်ထားသော အဖြစ်အပျက်ကြောင့် အားလုံးမှာ မှင်သက်သွားကြရသည်။
"မိုဖန်" ကျိုးမင်သည် ထိတ်လန့်တကြား အော်ဟစ်လိုက်သော်လည်း၊ ဝိညာဉ်ဝံပုလွေ၏ လေးလံလှသော လက်သည်းကြီးမှာ မိုဖန်၏ အသက်ကို နှုတ်ယူတော့မည့်အရေးကို ကြည့်နေရုံမှအပ ဘာမျှမတတ်နိုင်ပေ။
"နည်းပြပိုင်... ဘာလုပ်တာလဲ" ရွှဲမူရှိန်းသည် ကျယ်လောင်စွာ အော်လိုက်သည်။
ပိုင်ရန်သည် သူ့ကို လုံးဝ လျစ်လျူရှုထား၏။ သူ၏ ဝိညာဉ်ဝံပုလွေမှာလည်း အနည်းငယ်မျှ ညှာတာမည့် အရိပ်အယောင် မရှိချေ။
ဤမျှ နီးကပ်သော အကွာအဝေးမှ တိုက်ခိုက်မှုကို မည်သည့်ကျောင်းသားမှ အသက်ရှင်အောင် ရှောင်နိုင်လိမ့်မည် မဟုတ်ပေ။
ရွှီး...
လက်သည်းများ ရိုက်ချလိုက်ချိန်တွင် ပိုင်ရန်၏ ဒေါသများ ပါဝင်နေသည့်အတိုင်းပင်။ မည်သို့ပင်ဆိုစေ သူ၏ ယခင် ဝိညာဉ်ဝံပုလွေမှာ မိုဖန်၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်ဖြစ်ရာ၊ ယခုအခါ ထိုကိစ္စအတွက် လက်စားချေရန် အခွင့်အရေး ရရှိသွားပြီ ဖြစ်သည်။
လက်စားချေခြင်းမှာ တစ်စိတ်တစ်ပိုင်းသာ ဖြစ်၏။ တော်ဝင်ငရဲစမ်းရေမှာ ပို၍ အရေးကြီးသော အကြောင်းပြချက်ပင် ဖြစ်သည်။ အကယ်၍ ၎င်းကိုသာ ဝတ်ရုံနီ ဘုန်းကြီးများထံ ပေးလိုက်နိုင်လျှင် ဤပိုမြို့သည်လည်း...
“ဒါ... ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ”
ပိုင်ရန်သည် ထိုကောင်လေး၏ သွေးများဖြင့် တစ်ကိုယ်လုံး စိုရွှဲသွားလိမ့်မည် မျှော်လင့်ထားခဲ့သည်။ သို့သော် မိုဖန်၏ ရှေ့တည့်တည့်တွင် ခိုင်မာလှသော အရိုးလွှဒိုင်းကာတစ်ခု ပေါ်ထွက်လာခဲ့သည်။ ဝိညာဉ်ဝံပုလွေ၏ လက်သည်းမှာ ထိုဒိုင်းပေါ်သို့ ကျရောက်သွားကာ မိုဖန်နှင့် ဒိုင်းကာမှာ လွင့်ထွက်သွားသော်လည်း အသက်ဆုံးရှုံးခြင်း မရှိခဲ့ပေ။
အရိုးလွှဒိုင်းကာမှာ ကျန့်ခုံးမှ မိုဖန်ကို ပေးထားသော အရာဖြစ်ကြောင်း ပိုင်ရန် ကောင်းကောင်း မှတ်မိနေသည်။ မေးစရာ ရှိသည်မှာ ဤကောင်လေးသည် အချိန်မီ မည်သို့ ပြင်ဆင်နိုင်ခဲ့သနည်း။ ဤမျှ နီးကပ်သော အကွာအဝေးမှ ရုတ်တရက် တိုက်ခိုက်ခံရချိန်တွင် မှော်ပစ္စည်းကို အသက်သွင်းရန် အချိန်မရနိုင်ပေ။ သူသည် ပိုင်ရန်အား ကြိုတင် မသင်္ကာဖြစ်နေခဲ့လျှင်သာ ဤသို့ ဖြစ်နိုင်ပေလိမ့်မည်။
အရိုးလွှဒိုင်းကာသည် ပြင်းထန်သော လက်သည်းချက်ကို ကာကွယ်ပေးပြီးနောက်၊ အရိုးစများအဖြစ် ပြိုကွဲကာ ပျောက်ကွယ်သွားတော့သည်။ ဆယ်မီတာကျော်ခန့် လွင့်ထွက်သွားသော မိုဖန်သည်လည်း သူ၏ ခန္ဓာကိုယ်ကို ပြန်လည် ထိန်းသိမ်းလိုက်သည်။
မိုဖန် ခေါင်းမော့လိုက်ချိန်တွင် သူ၏ မျက်နှာမှာ တည်နေကာ သူ၏ ရင်ဘတ်တွင်းမှာလည်း ပြင်းထန်သော ဒေါသများတောက်လောင်နေသည်။
“ထင်ထားတဲ့အတိုင်းပဲ... ဒီနည်းပြ ပိုင်ရန်မှာ ပြဿနာရှိနေတာပဲ... တောက်... ခွေးကောင်" မိုဖန်က ကြမ်းတမ်းစွာ ကျိန်ဆဲလိုက်သည်။
"ဟားဟားဟား... ဘယ်သူ ထင်မှာလဲ...မင်း ငါ့ကို ဘာလို့ သံသယဝင်နေတာလဲဆိုတာ ငါ တကယ် သိချင်တယ်၊ ငါက မင်းတို့ရဲ့ နည်းပြပဲဟာကို" ပိုင်ရန်က အားရပါးရ ရယ်မောလိုက်သည်။
ရှေ့က နူးညံ့ပြီး ဆွဲဆောင်မှုရှိသော ပုံစံမှာ ယခုအခါ ပုံပျက်နေသော လူရူးတစ်ယောက်အလား ပြောင်းလဲသွားပြီး၊ မိန်းကလေးငယ်များ အားကျခဲ့သော အရှိန်အဝါများ လုံးဝ မရှိတော့ပေ။
ထိုကဲ့သို့သော အချိန်တွင် မိုဖန်အနေဖြင့် အနက်ရောင်ဗာတီကန်၏ သူလျှိုကို ရှင်းပြနေရန် စိတ်ကူးမရှိပေ။ သူသည် ဘေးတွင် ရပ်နေသော သူ၏ သူငယ်ချင်းများဘက်သို့ လှည့်ကြည့်ကာ အလောတကြီး အော်ပြောလိုက်သည်။
"သတိထားကြ...ဒီကောင့်ရဲ့ ဆင့်ခေါ်သားရဲက ဝံပုလွေတစ်ကောင်တည်း မဟုတ်ဘူး..."
နည်းပြပိုင်ရန်၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားပြီး သူ၏ မျက်လုံးထဲတွင် ကြောက်မက်ဖွယ် အရိပ်အယောင်များ ပေါ်လာတော့သည်။
တံတား၏ အခြားတစ်ဖက်မှ တွန့်လိမ်နေသော အရိပ်နှစ်ခုမှာ လျင်မြန်စွာ ထွက်ပေါ်လာသည်။ အလွန် ထက်မြက်ပြီး ရှည်လျားသော သူတို့၏ ရှေ့လက်ချောင်းများမှာ တံစဥ်းနှစ်ခုကဲ့သို့ပင်၊ သူတို့နှင့် အနီးဆုံးရှိနေသော ကျန်းဟိုနှင့် ဟဲယုတို့ထံသို့ ပိုင်းဖြတ်ရန် ပြေးဝင်လာတော့သည်။
ပိုင်ရန်၏ ရုတ်တရက် သစ္စာဖောက်မှုမှာ အလွန်ပင် မြန်ဆန်လွန်းလှပေသည်။ အခြားသူများမှာ တုံ့ပြန်ရန် အချိန်မရကြသဖြင့် တံတားဘေးမှ ခုန်ထွက်လာသော သတ္တဝါနှစ်ကောင်ကို သတိပြုရန်မှာလည်း မဖြစ်နိုင်ပေ။
သရဲတစ္ဆေကဲ့သို့ မျောက်မျက်နှာနှင့် ပုံမမှန်သော လူသားခန္ဓာကိုယ်ရှိပြီး တစ်ကိုယ်လုံး မည်းနက်နေသော ထိုသတ္တဝါမှာ သားရေဝတ်စုံ ကျပ်ကျပ်ကို ဝတ်ထားသည့်အတိုင်းပင်။ အလွန်ပင် ရုပ်ဆိုးလှသော ဤသတ္တဝါမှာ အနက်ရောင်ဗာတီကန်၏ သင်္ကေတဖြစ်သော အမှောင်သားရဲပင် ဖြစ်သည်။
အမှောင်သားရဲ တစ်ကောင်မှာ ကျန်းဟိုထံသို့ ခုန်အုပ်နေသည်ကို မြင်လိုက်ရသောအခါ မိုဖန်မှာ ရင်တုန်သွားရတော့သည်။
လက်ရှိတွင် သူသည် သူ၏ မန္တန်ကို တစ်စက္ကန့်အတွင်း အပြီးသတ်ကာ ထိုသားရဲအား အမှုန့်ဖြစ်အောင် ချေဖျက်ပစ်ချင်နေမိသည်။ သို့သော် သူ၏ မှော်အတတ် ရွတ်ဆိုမှုမှာ ထိုမျှအထိ မမြန်သေးပေ။
ကျန်းဟိုမှာမူ ရိုးသားလွန်းနေဆဲ ဖြစ်သည်။ သူသည် နည်းပြပိုင်ရန်အပေါ် ကြိုတင် သတိရှိထားသော မိုဖန်ကဲ့သို့ မဟုတ်ပေ။ အခြား မည်သည့်ကျောင်းသားမဆို မိမိ၏ နည်းပြအပေါ် အနည်းငယ်မျှ သံသယရှိကြလိမ့်မည် မဟုတ်ချေ။
ယခုတစ်ခေါက်တွင်မူ သူသည် လေလမ်းကြောင်း မန္တန်ကို မရွတ်ဆိုနိုင်သကဲ့သို့၊ နောက်သို့ လှည့်ကြည့်လိုက်ချိန်တွင်မူ အလွန်ရုပ်ဆိုးလှသော အမည်းရောင် သတ္တဝါကြီးမှာ သူ့ရှေ့တည့်တည့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
“ငါ ဒီလိုပဲ သေရတော့မှာလား...”
ကျန်းဟို ကိုယ်တိုင်ပင် ယုံကြည်နိုင်စွမ်း မရှိချေ။
သူသည် စီနီယာဖန်နှင့်အတူ သေမင်းတမန် သုံးကီလိုမီတာလမ်းကို အခက်အခဲများစွာ ကျော်ဖြတ်ကာ ရောက်ခါနီးတွင် ဖြစ်သည်။ နောက်ဆုံးတွင် သူ၏ နည်းပြလက်ချက်ဖြင့် သေရတော့မည်လား။
ကျန်းဟို မျက်လုံးများကို မှိတ်လိုက်မိသည်။
ဖူး...
နွေးထွေးသော သွေးများမှာ သူ၏ မျက်နှာပေါ်သို့ စင်ကျလာသဖြင့် ကျန်းဟို၏ ရင်ထဲတွင် မျှော်လင့်ချက် ကင်းမဲ့သွားရသည်။
“ဒီတိရစ္ဆာန်က ငါ့ရင်ဘတ်ကို ဆွဲဖြဲလိုက်ပြီပဲ၊ သူက အရမ်းမြန်လွန်းလို့ ငါ့ရင်ဘတ် ဆွဲဖြဲခံရတာကို မခံစားရခင်မှာ သွေးတွေက ငါ့မျက်နှာပေါ် အရင်ရောက်လာတာပဲ...”
သို့သော် နောက်ထပ် တစ်စက္ကန့် ကြာသွားသည့်တိုင် ကျန်းဟို မည်သည့်နာကျင်မှုကိုမျှ မခံစားရပေ။ သူသည် ဇဝေဇဝါဖြင့် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။
သူမျက်လုံးဖွင့်ကြည့်လိုက်ချိန်တွင်မူ သူ့ကို တိုက်ခိုက်နေသော ထိုဘီလူးကြီးမှာ လွင့်ထွက်သွားပြီး ဆိုင်ကယ်တစ်စီးပေါ်သို့ ပြင်းထန်စွာ တိုက်မိနေသည်ကို မြင်လိုက်ရသည်။
“ငါ မသေဘူးလား...ဒါဆို ဒီသွေးတွေက...”
ကျန်းဟို ဘေးသို့ လှည့်ကြည့်လိုက်ရာ၊ သူ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မှင်သက်သွားရတော့သည်။
၎င်းမှာ သေလူကဲ့သို့ ဖြူလျော့နေသော မျက်နှာတစ်ခု ဖြစ်ပြီး၊ အလွန်ပင် အေးစက်လှသဖြင့် လူတစ်ယောက်မှာ သူ့အား ရင်ခွင်ထဲတွင် ထည့်ကာ ဖက်ထားချင်လောက်အောင်ပင် ဖြစ်နေသည်။
သွေးများမှာ ထိုသူ၏ ခန္ဓာကိုယ်မှ ပန်းထွက်နေသည်။ ၎င်းမှာ အလွန်ပင် နွေးထွေးလှပေရာ ကျန်းဟို၏ တစ်ကိုယ်လုံးမှာ ပူဆင်းသွားသလို ခံစားလိုက်ရတော့သည်။
အခန်း (၁၀၂) ပြီး
***