"ဟဲ... ဟဲယု"
ကျန်းဟိုသည် လည်ချောင်းဝမှနေ၍ အားကုန်အော်ဟစ်လိုက်ချင်သော်လည်း၊ ပြင်းထန်သော နာကျင်မှုတစ်ခုက လည်ချောင်းကို ပိတ်ဆို့ထားသဖြင့် အသံပင် ထွက်မလာပေ။
ကျန်းဟို၏ ရှေ့မှောက်တွင် သွေးစက်များစွာမှာ မိုးပေါက်များကဲ့သို့ စင်ကျလာသည်။ ၎င်းတို့မှာ မြေပြင်ပေါ်သို့ ကျရောက်ကာ ပျံ့နှံ့သွားသော ဟဲယု၏ အသက်လောင်စာများနှယ် ဖြစ်နေတော့သည်။
"လေလမ်းကြောင်း...လေလမ်းကြောင်း...လေလမ်းကြောင်း”
ကျန်းဟိုသည် ရင်ထဲမှ ပြင်းပြစွာ နာကျင်နေစဉ်မှာပင် သူ၏ ကြယ်လမ်းကြောင်းကို အတင်းအကျပ် ဆက်သွယ်ရန် ကြိုးစားလိုက်ရာ၊ နောက်ဆုံးတွင် သူ၏ ခန္ဓာကိုယ်ပတ်လည်၌ လေပွေတစ်ခု ဝေ့ဝဲလာခဲ့သည်။
ကျန်းဟိုသည် လေလမ်းကြောင်းကို အသုံးပြု၍ သွေးအလိမ်းလိမ်း ဖြစ်နေသော ဟဲယုကို အခြား အမှောင်သားရဲ ဘီလူးတစ်ကောင်၏ လက်သည်းကြားမှ လျင်မြန်စွာ လုယူလိုက်သည်။
သူသည် လေအလျင်ခြေလှမ်းကို အားပြုကာ ဟဲယုကို ပွေ့ချီလျက် အဝေးတစ်နေရာသို့ ပြေးထွက်သွားသော်လည်း၊ မြေပြင်တစ်လျှောက်တွင်မူ သွေးများမှာ တောက်လျှောက် ကျကျန်ရစ်ခဲ့သည်။
သွေးများအား လုံးဝ တားဆီး၍ မရပေ။ အမှောင်သားရဲမှာ သတ်ဖြတ်ခြင်းအတွက် အထူးပြုထားသော သတ္တဝါများ ဖြစ်ကြပြီး သားကောင်၏ သွေးကြောမကြီးကို တိတိကျကျ ရှာဖွေနိုင်ကြသည်။ တစ်ချက် အပိုင်းခံလိုက်ရသည်နှင့် ထိုသွေးများမှာ မရပ်မနား စီးဆင်းတော့မည်မှာ သေချာပေသည်။
"ဘာလို့ ငါ့ကို ကာကွယ်ဖို့ ရေအတားအဆီးကို သုံးလိုက်တာလဲ၊ မင်းကိုယ်မင်းပဲ ကာကွယ်ရမှာပေါ့...မင်းကိုယ်မင်းတောင် မကာကွယ်နိုင်ဘဲနဲ့... ဒီလောက် တုံးရသလား..."
"ဆရာရွှဲ... ကျေးဇူးပြုပြီး ဟဲယုကို အမြန် ကယ်ပေးပါဦး၊ ကျွန်တော် တောင်းပန်ပါတယ်၊ သူ့ကို ကယ်ပေးပါ... နည်းလမ်းတစ်ခုခုတော့ ရှိရမှာပါ"
"တောက်... ခွေးကောင် ငါ မင်းကို အပိုင်းပိုင်း ဆွဲဖြဲပစ်မယ်"
အော်ဟစ်သံများမှာ လူတိုင်း၏ နားထဲသို့ တိုးဝင်လာသည်။ နည်းပြပိုင်ရန်သည် အနက်ရောင်ဗာတီကန်မှ လူတစ်ယောက် ဖြစ်နေလိမ့်မည် မည်သူမျှ မထင်ထားသကဲ့သို့၊ ဟဲယုမှာ ကျန်းဟိုအား ထိုကဲ့သို့ ကာကွယ်လိမ့်မည်လည်း မည်သူမျှ မတွေးထားခဲ့ချေ။ နေရာအနှံ့တွင် ရဲရဲနီနေသော သွေးကွက်များကို မြင်ရသောအခါ အားလုံး၏ ရင်ထဲတွင် တင်းကျပ်သွားရသည်။
ကျန်းဟိုက ဟဲယုကို ပွေ့ချီထားစဉ် ဟဲယုက သူ့ကို ပြန်လည် ကြည့်နေသည်။ သူမ၏ ဖြူလျော့နေသော မျက်နှာမှာ တဖြည်းဖြည်း ညိုပုပ်လာတော့သည်။
သူမ၏ မျက်လုံးများမှာ ပြူးကျယ်နေပြီး၊ နက်မှောင်သော သူငယ်အိမ်ထဲတွင် ဘဝ၏ နောက်ဆုံးအချိန်၌ ခံစားချက်ပေါင်းစုံ ရောပြွမ်းနေသည်။ ဆရာရွှဲပြောခဲ့သည့်အတိုင်း အရေးကြီးသော အခြေအနေတွင် နောက်ဆုံး၌ ရေအတားအဆီးအား အောင်မြင်စွာ ရွတ်ဆိုနိုင်ခဲ့ကာ လူတစ်ယောက်၏ အသက်ကို ကာကွယ်ပေးနိုင်ခဲ့ခြင်းကြောင့် ဖြစ်ပေါ်လာသော ကျေနပ်မှု အရိပ်အယောင်လေးလည်း ပါဝင်နေပေလိမ့်မည်။ ထို့ပြင် ငြိမ်းချမ်းမှုလည်း ရှိနေ၏။ သူ့ရှေ့ရှိ ပိန်ပိန်ပါးပါး ကောင်လေးမှာ လက်တွေ့လေ့ကျင်းရေးတွင်သာမက၊ ယနေ့မှာပါ သူ့အသက်ပင်ရင်းကာ သူမကို ကယ်တင်ခဲ့ဖူးသည်၊ ယခုမူ ဟဲယုသည် ကျန်းဟိုအားပြန်လည် ကယ်တင်နိုင်ခဲ့လေပြီ။ သို့သော် အဓိကအကျဆုံးမှာမူ တောင့်တမှုပင် ဖြစ်သည်။ အခြားသော မိန်းကလေးများကဲ့သို့ပင် သူမ၌ မဖြည့်ဆည်းရသေးသော ဆန္ဒများစွာ ရှိနေပါသေးသည်။
"ဟားဟားဟား... မင်းတို့ ကလေးတွေလည်း အတော်လေး တိုးတက်လာတာပဲ...ဒုတိယမြောက် အမှောင်သားရဲ လှုပ်ရှားလိုက်တာနဲ့ မင်းတို့ နှစ်ယောက်လုံး သေပြီလို့ ထင်ထားတာ၊ တစ်ယောက်က အသက်ရှင်နေသေးတယ်ဆိုတော့ မမျှော်လင့်ထားဘူးပဲ...ဘာပဲဖြစ်ဖြစ် မင်းတို့ရဲ့ နည်းပြဖြစ်တဲ့ ငါက နောက်ထပ် သင်ခန်းစာတစ်ခု ပေးလိုက်ဦးမယ်၊ အဲဒါက ဘယ်သူ့ကိုမှ အလွယ်တကူ မယုံကြည်ဖို့ပဲ။ ကံမကောင်းတာကတော့ ဒါဟာ မင်းတို့ဘဝရဲ့ နောက်ဆုံးသင်ခန်းစာ ဖြစ်သွားနိုင်တယ်၊ ဘာလို့လဲဆိုတော့ မင်းတို့ထဲက တစ်ယောက်မှ ဒီတံတားကို အသက်ရှင်လျက် ဖြတ်ကျော်နိုင်မှာ မဟုတ်လို့ပဲ" ပိုင်ရန်က အလယ်တွင် ရပ်လျက် ကျယ်လောင်စွာအော်ဟစ်နေသည်။
သူအသက်ရှင်ခြင်းအကြောင်း ပြောနေစဉ်မှာပင် အမှောင်သားရဲ နှစ်ကောင်မှာ အခြားကျောင်းသားများထံသို့ ထပ်မံ ခုန်အုပ်သွားကြပြန်သည်။
အမှောင်သားရဲ ဘီလူး၏ ခန္ဓာကိုယ်မှာ လူသားများနှင့် သိပ်မကွာလှပေ။ သူတို့၏ အရှိန်မှာ မျက်လုံးကြီး ကြွက်လူဝံများထက် နှစ်ဆ ပိုမြန်၍ အရိပ်ထဲသို့ တိုးဝင်သွားလျှင် သူတို့၏ ပုံသဏ္ဌာန်အား မြင်တွေ့ရန် အလွန်ပင် ခက်ခဲလှသည်။
ဤကဲ့သို့ အလွန်အမင်း ဖျတ်လတ်သော သတ္တဝါများကို မှော်ဆရာအသစ်လေးများအတွက် လူသတ်သမားပင် ခေါ်ဆိုနိုင်ပေသည်။ သူတို့သည် ကျောင်းသားများမှော်အတတ်ကို မရွတ်ဆိုနိုင်မီမှာပင် တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်စွမ်းရှိပြီး မှော်ဆရာများ၏ တိုက်ခိုက်မှုများကိုလည်း လွယ်ကူစွာ ရှောင်ရှားနိုင်ကြသည်။
"ဆုတ်ကြ..." ရွှဲမူရှိန်းက အော်ပြောလိုက်သည်။
အမှောင်သားရဲများ မည်မျှအထိ ကြောက်စရာကောင်းကြောင်း အားလုံး စောနလေးတင် တွေ့မြင်ခဲ့ပြီးပြီ ဖြစ်သည်။ ကျောင်းသားများ၏ အနားသို့ ထိုသားရဲများ ချဉ်းကပ်လာသည်နှင့် နောက်တစ်ခဏတွင် ဟဲယုကဲ့သို့ သွေးမတိတ်ဘဲ သေဆုံးသွားနိုင်ပေသည်။
အခြားတစ်ဖက်တွင်မူ ထွားကျိုင်းသော ဝိညာဉ်ဝံပုလွေမှာ မိုဖန်၏ ရှေ့တည့်တည့်၌ ရပ်လျက် လမ်းပိတ်ထားသည်။ ဤရက်စက်သော သတ္တဝါမှာ မိုဖန်၏ ဒိုင်းကို တိုက်မိပြီးနောက် ကိုယ်တိုင်လည်း အပြင်းအထန် ဒဏ်ရာရသွားပုံရကာ ခဏတာအတွင်း မိုဖန်ကို ထပ်မံ မတိုက်ခိုက်နိုင်သေးပေ။ သို့သော်ငြားလည်း ၎င်း၏ ရက်စက်လှသော မျက်လုံးအစုံဖြင့် မိုဖန်ကို သေမတတ် စိုက်ကြည့်နေဆဲ ဖြစ်သည်။
မိုဖန်သည် အသက်ကို ပြင်းပြင်းရှူနေရပြီး သူ၏ နှလုံးခုန်သံများမှာလဲမြန်နေသည်။ ကျန်းဟို၏ ဝမ်းနည်းပူဆွေးစွာ အော်ဟစ်နေသံ ကြားလိုက်ရပြီးနောက်၊ ပြင်းထန်သော ဒေါသမီးတစ်ခုမှာ သူ၏ ရင်ထဲတွင် ဟုန်းဟုန်းတောက် လောင်မြိုက်လာတော့သည်။
ဟဲယု၏ အမြင်တွင် နည်းပြပိုင်ရန်ကို တွေ့လိုက်ရခြင်းမှာ ဘေးကင်းသွားပြီ ထင်မှတ်ခဲ့မိခြင်း ဖြစ်သည်။ သို့သော် နည်းပြပိုင်ရန်သည် မှော်သားရဲတစ်ကောင်ထက်ပင် ပို၍ ရက်စက်နေလိမ့်မည်အား မည်သူ ထင်ထားမည်နည်း။ ပိုင်ရန်၏ မျက်နှာပေါ်တွင် လှောင်ပြောင်နေသော အရိပ်အယောင်များကို မြင်ရသောအခါ မိုဖန်သည် ထိုလူ၏ မျက်နှာကို လက်သီးဖြင့် အားရပါးရ ထိုးပစ်ချင်စိတ် ပေါက်လာတော့သည်။
"ဝေါ့..."
ဝိညာဉ်ဝံပုလွေမှာ ပါးစပ်အား ဟလိုက်ရာ ၎င်း၏ လည်ချောင်းအတွင်းပိုင်းမှ တစ်စုံတစ်ခု လှုပ်ရှားတက်လာသည်။ ထိုဟိန်းဟောက်သံနှင့်အတူ ညစ်ညမ်းသော လေလှိုင်းတစ်ခုမှာ မိုဖန်ထံသို့ ပြင်းထန်စွာ တိုးဝင်လာတော့သည်။
“လွင့်စင်သော ကျောက်စရစ်ခဲများ”
၎င်းမှာ ဝိညာဉ်ဝံပုလွေ၏ အထူးစွမ်းရည် ဖြစ်သည်။ ၎င်းသည် လက်သည်းများကို အသုံးမပြုနိုင်လျှင်ပင် ရန်သူကို အဝေးမှ တိုက်ခိုက်နိုင်စွမ်း ရှိပေသည်။
စူးရှလှသော အဝါရောင် ကျောက်စရစ်ခဲများ လွင့်စင်လာသော်လည်း မိုဖန်မှာ ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။ သူသည် ဘေးသို့ လျင်မြန်စွာ လှိမ့်ရှောင်လိုက်ပြီး စွန့်ပစ်ထားသော ဗန်ကားတစ်စီး၏ အနောက်တွင် အမြန် ပုန်းလိုက်သည်။
ကျောက်စရစ်ခဲများက ကား၏ သံမဏိကိုယ်ထည်ကို ထိမှန်ချိန်တွင် စူးရှသော အသံများ ထွက်ပေါ်လာပြီး ကားကိုယ်ထည်ကို ဖောက်ထွက်ကာ အပေါက်များစွာ ကျန်ရစ်ခဲ့သည်။ ဗန်ကားတစ်စီးလုံးမှာလည်း ဆက်တိုက် တုန်ခါနေတော့သည်။
မိုဖန်သည် ကားကို ကျောမှီထားရင်း သူ၏ မျက်လုံးများထဲတွင် ခရမ်းရောင် အလင်းတန်းများ စတင် ထွက်ပေါ်လာသည်။ ထိုအလင်းတန်းမှာ ပိုမို ပြင်းထန်လာပြီး မိုဖန်၏ ခန္ဓာကိုယ်ပတ်လည်တွင် လှပသော ခရမ်းရောင် ကြယ်လမ်းကြောင်းတစ်ခုကို စတင် ပုံဖော်လာတော့သည်။
ကြယ်လမ်းကြောင်းအတွင်းရှိ ကြယ်ခုနစ်လုံးမှာ တောက်ပနေပြီး ၎င်းတို့အချင်းချင်း လျှပ်စီးများကို ပေးပို့နေကြရာ မကြာမီမှာပင် မိုဖန်၏ ခန္ဓာကိုယ်ပတ်လည်၌ ရုန်းကန်တွန့်လိမ်နေသော လျှပ်စီးပုံရိပ်တစ်ခုအဖြစ် စုစည်းသွားတော့သည်။
"ဟူး..."
မိုဖန်သည် သက်ပြင်းချလိုက်၍ ကျောက်စရစ်ခဲများ လွင့်စင်မှု မရပ်တန့်မီမှာပင် ကားနောက်မှ ထွက်ကာ ဝိညာဉ်ဝံပုလွေနှင့် တိုက်ရိုက် ရင်ဆိုင်လိုက်သည်။
"မင်းလို အကောင်မျိုးကို ငါ လွန်ခဲ့တဲ့ တစ်နှစ်က သတ်ခဲ့ဖူးတယ်၊ ဒီနေ့လည်း မင်းကို ခွေးတစ်ကောင်လိုပဲ သတ်ပစ်မယ်" မိုဖန်က ဒေါသတကြီး ပြောလိုက်ရာ သူ၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင် အနည်းငယ်မျှ မရှိချေ။
သူသည် လက်တစ်ဖက်ကို မြှောက်လိုက်ကာ ရုတ်တရက် လက်သီးကို ဆုပ်လိုက်ရာ လျှပ်စီးစေခိုင်းချက်တစ်ခု ထွက်ပေါ်သွားသည်။ လေထဲတွင် မငြိမ်မသက် ဖြစ်နေသော လျှပ်စီးဒြပ်စင်များသည် ဒေါသထွက်နေသော ချွန်ထက်သည့် လက်နက်တစ်ခုအဖြစ် ပြောင်းလဲသွားကာ ဝိညာဉ်ဝံပုလွေပေါ်သို့ ကျရောက်သွားတော့သည်။
ဝိညာဉ်ဝံပုလွေမှာ ရှောင်တိမ်းရန် ကြိုးစားသော်လည်း မိုဖန်က ၎င်း ရှောင်မည့်နေရာကို ကြိုတင် ခန့်မှန်းထားပြီး ဖြစ်သည်။
"လျှပ်စီးလက်ခြင်း ပြင်းထန်သော တုန်ခါမှုသည် "လျှပ်စီးလက်ခြင်း ပြင်းထန်သောနှင်တံ" ၏ ကူးစက်တတ်သော ဂုဏ်သတ္တိများကို ဆက်ခံထားသည်။ လျှပ်စီးတန်းတစ်ခုသည် ဝိညာဉ်ဝံပုလွေနှင့် ထိတွေ့သွားသည်နှင့် တစ်ပြိုင်နက် ကျန်ရှိနေသော လျှပ်စီးအားလုံးမှာ သံလိုက်ကဲ့သို့ ပစ်မှတ်၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူခြင်း ခံလိုက်ရပြီး၊ ၎င်း၏ အသားထဲသို့ ပြင်းထန်စွာ ထိုးဖောက် နှိပ်စက်တော့သည်။
ခရမ်းရောင် လျှပ်စီးတန်းများစွာမှာ ဝိညာဉ်ဝံပုလွေ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ၎င်းသည် နာကျင်စွာဖြင့် အဆက်မပြတ် အူနေတော့သည်။
ဝိညာဉ်ဝံပုလွေ၏ လှုပ်ရှားနိုင်စွမ်းမှာ ချက်ချင်း ကွယ်ပျောက်သွားပြီး မိုဖန်အနားသို့ ခြေတစ်လှမ်းပင် မတိုးနိုင်တော့ပေ။
မိုဖန်က အေးစက်စွာ ပြုံးလိုက်သည်။ လျှပ်စီးမှော်ကို ရွတ်ဆိုပြီး စက္ကန့်ပိုင်းအတွင်းမှာပင် သူ၏ သူငယ်အိမ်ထဲ၌ နီရဲသော အလင်းတန်းတစ်ခု ထပ်မံ ပေါ်ထွက်လာသည်။ မည်သည့်အချိန်ကတည်းက ပြင်ဆင်လိုက်သည်မသိ၊ သူ၏ အခြားလက်တစ်ဖက်တွင် မီးလုံးတစ်ခုကို ကိုင်ထားပြီးသား ဖြစ်နေသည်။
ထိုအောက်တန်းကျသော ဝိညာဉ်ဝံပုလွေသည် ဒြပ်စင်လောကတွင် အင်အားအကြီးဆုံးဖြစ်သည့် မှော်အတတ်နှစ်မျိုးကို မြည်းစမ်းရတော့မည် ဖြစ်သည်။
သူ၏ ဒေါသမှာ လျှပ်စီးနှင့် မီးတောက်များကဲ့သို့ပင် ပြင်းထန်နေပြီး၊ လက်ထဲမှ မီးလုံးကို ဒေါသတကြီး ပစ်လွှတ်လိုက်သည်။ နာကျင်မှုကြောင့် အော်ဟောက်နေသော ဝိညာဉ်ဝံပုလွေ၏ ပါးစပ်ထဲသို့ မီးတောက်ပေါက်ကွဲခြင်းမီးလုံးကြီးမှာ တိုက်ရိုက် တိုးဝင်သွားသည်ကို အားလုံး မြင်တွေ့လိုက်ရသည်။
များစွာသော လေ့ကျင့်မှုများနှင့် လက်တွေ့အတွေ့အကြုံများကြောင့် မိုဖန်သည် မီးတောက်ပေါက်ကွဲမခြင်းအား ယခင်ကထက် ပိုမို တိကျစွာ ပစ်နိုင်နေပြီ ဖြစ်သည်။ ထင်ထားသည့်အတိုင်းပင် မီးလုံးကြီးမှာ မေးစေ့ကို အနည်းငယ် မြှောက်ထားသော ဝိညာဉ်ဝံပုလွေ၏ ခေါင်းကို ထိမှန်သွားကာ ပါးစပ်ထဲသို့ တိုးဝင်သွားတော့သည်။
“ပေါက်ကွဲစေ...” မိုဖန်၏ အကြည့်မှာ မီးရှူးတိုင်တစ်ခုကဲ့သို့ တောက်ပနေပြီး၊ တတိယအဆင့်မီးတောက်ပေါက်ကွဲခြင်းကို ထိန်းချုပ်မှုမှာ လုံးဝ သေသပ်လှပနေသည်။
ထိုမီးတောက်လုံးကြီးမှာ အစတွင်သိပ်ပြီး အားမပြင်သည် ထင်ရသော်လည်း မိုဖန်၏ အော်ဟစ်သံနှင့်အတူ ဟုန်းဟုန်းတောက် တောက်လောင်လာကာ ဝိညာဉ်ဝံပုလွေ၏ ပါးစပ်အတွင်းပိုင်း၌ ပြင်းထန်စွာ ပေါက်ကွဲသွားတော့သည်။
အခန်း (၁၀၃) ပြီး
***