ပေါက်ကွဲထွက်လာသော မီးလျှံလှိုင်းများ၏ အရှိန်အဟုန်သည် ဝိညာဉ်ဝံပုလွေ၏ ပါးစပ်တစ်ခုလုံးကို ခဏချင်းမှာပင် လောင်ကျွမ်းသွားစေသည်။ ဝိညာဉ်ဝံပုလွေ၏ ပါးစပ်ရိုးများမှာ ပြင်းထန်စွာ ပုံပျက်သွားသည်ကို အထင်အရှား မြင်တွေ့နိုင်သကဲ့သို့၊ ၎င်း၏ မေးရိုးများမှာလည်း ပြင်းထန်သော မီးတောက်များကြားတွင် လျင်မြန်စွာ အရည်ပျော်ကျကာပျောက်သွားတော့သည်။
မီးတောက်များမှာ ထိုမျှနှင့် ရပ်တန့်မသွားပေ။ ၎င်းတို့မှာ ဝိညာဉ်ဝံပုလွေ၏ လည်ချောင်းတစ်လျှောက် အတင်းအဓမ္မ တိုးဝင်သွားပြီး ဝမ်းဗိုက်အတွင်းပိုင်းအထိ ပြည့်နှက်သွားတော့သည်။ ထို့ကြောင့် ၎င်း၏ ဝမ်းဗိုက်မှာ ရုတ်တရက် ဖောင်းကားလာရာ ပေါက်ကွဲတော့မည့်အတိုင်းပင်။
ဘုန်း...
ကျယ်လောင်သော အသံကြီး တစ်ခု ထွက်ပေါ်လာပြီးနောက်၊ ရက်စက်လှသော ဝိညာဉ်ဝံပုလွေမှာ ၎င်း၏ ကိုယ်တွင်း၌ ဖြစ်ပွားခဲ့သောပေါက်ကွဲခြင်း ကြောင့် နံစော်နေသော အသားကင်တုံးကြီးအဖြစ် ပြောင်းလဲသွားတော့သည်။ ၎င်း၏ အလောင်းမှာ ပိုင်ရန်၏ ရှေ့မှောက်သို့ ပြင်းထန်စွာ ကျရောက်သွား၏။
ပိုင်ရန်၏ လှောင်ပြောင်နေသော အပြုံးမှာ ချက်ချင်းပင် အေးခဲသွားတော့သည်။ သူ၏ မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ဖြစ်သွားရ၏။
သူ၏ ယခင် ဝိညာဉ်ဝံပုလွေမှာ ယခုအကောင်ထက် သွေးမျိုးဆက် ပို၍ မြင့်မားခဲ့သလို အလွန် အင်အားကြီးမားသော ဆင့်ခေါ်သားရဲတစ်ကောင်ဖြစ်အောင် သူ ပြုစုပျိုးထောင်နိုင်ခဲ့သော်လည်း၊ လက်တွေ့သင်တန်းတွင် ကျောင်းသားတစ်ယောက်၏ လက်ချက်ဖြင့် မတော်တဆ အသတ်ခံခဲ့ရသည်။ ထိုစဉ်က အသတ်ခံရခြင်းမှာ နည်းပရိယာယ်မျိုးစုံ သုံးခဲ့၍ ဆိုနိုင်သော်လည်း၊ ယခုတစ်ကြိမ်တွင်မူ ဝိညာဉ်ဝံပုလွေမှာ ရန်သူ၏ ပြင်းထန်လှသော ဒြပ်စင်နှစ်မျိုး မှော်အတတ်ဖြင့် တိုက်ရိုက် ဗုံးကြဲတိုက်ခိုက်ခြင်း ခံလိုက်ရခြင်း ဖြစ်ပေသည်။
"မှော်သားရဲနဲ့ တွေ့ရင် ခြေဖျားလက်ဖျား တုန်နေတတ်တဲ့ ကျောင်းသားအများစုနဲ့ မင်း တကယ် ကွာခြားတယ်ဆိုတာ ငါ ဝန်ခံပါတယ်။ မင်းက ဝါရင့်မှော်ဆရာတွေထက်တောင် မနိမ့်ပါဘူး...ဒါပေမဲ့... မင်းလည်း သေရမှာပဲ... ငါ့ရဲ့ နောက်ထပ် ဆင့်ခေါ်သားရဲအတွက် မင်းရဲ့ အလောင်းကို အစာအဖြစ် ကျွေးပစ်မယ်" ပိုင်ရန်သည် လက်တစ်ဖက်ဖြင့် သူ၏ ရင်ဘတ်ကို ဖိထားရင်း၊ ဖြူလျော့နေသော သူ၏ မျက်နှာမှာလည်း တဆတ်ဆတ် တုန်ယင်နေတော့သည်။
နောက်ဆုံးတွင် ပိုင်ရန်သည် ဤကျောင်းသားကို အထင်သေးခဲ့မိသည်။ ပုံမှန်အခြေအနေတွင် လျှပ်စီးလက်ခြင်း ပြင်းထန်သော တုန်ခါမှုနှင့် တတိယအဆင့်မီးတောက်ပေါက်ကွဲခြင်းများမှာ ဝိညာဉ်ဝံပုလွေကို အပြင်းအထန် ဒဏ်ရာရစေနိုင်သော်လည်း တိုက်ရိုက် သေစေနိုင်လောက်သည်အထိတော့ မဟုတ်ပေ။ သို့သော် ဤကျောင်းသားမှာ မီးတောက်ကို ဝံပုလွေ၏ ပါးစပ်ထဲသို့ တိုက်ရိုက် ရောက်အောင် ပစ်သွင်းပြီး ချက်ချင်း သတ်ဖြတ်နိုင်ခဲ့သည်။ ထိုကဲ့သို့သော လက်ရာမျိုးမှာ သာမန်ကျောင်းသားတစ်ယောက် တွေးနိုင်၊ လုပ်နိုင်သော အရာမျိုး မဟုတ်ချေ။
သို့သော် ဝိညာဉ်ဝံပုလွေ သေသွားခြင်းသည်အရေးမကြီးပေ။ တော်ဝင်ငရဲစမ်းရေကိုသာ သူ ရလိုက်လျှင် ပိုင်ရန်၏ အဆင့်အတန်းမှာ လုံးဝ ပြောင်းလဲသွားတော့မည် ဖြစ်သည်။ ထိုအခါဆိုလျှင် သူကဲ့သို့သော ဆင့်ခေါ်မှော်ဆရာကြီးအတွက် ဝိညာဉ်ဝံပုလွေ အသေးအမွှားလေးမှာ သူ့အဆင့်နှင့် မတန်တော့ပေ။
"မင်းတို့နှစ်ကောင်... သူ့ကို သတ်လိုက်" ပိုင်ရန်၏ အကြည့်မှာ အေးစက်သွားပြီး အမှောင်သားရဲ နှစ်ကောင်ကို ရက်စက်စွာ အမိန့်ပေးလိုက်သည်။ အမှောင်သားရဲ များသည် အခြားသူများကို လိုက်လံတိုက်ခိုက်နေစဉ် သူတို့ သခင်၏ အမိန့်ကို ကြားလိုက်ရသဖြင့် မိုဖန်ဘက်သို့ ချက်ချင်း လှည့်လာကြတော့သည်။
အမှောင်သားရဲများသည် ဝိညာဉ်ဝံပုလွေထက် များစွာ ပို၍ ဖျတ်လတ်ကြသည်။ သူတို့သည် ကားခေါင်မိုးများပေါ်မှနေ၍ တိုက်ရိုက် ခုန်ကူးနိုင်သကဲ့သို့၊ ကားများကို အသုံးချ၍လည်း သူတို့၏ တည်နေရာကို အဆက်မပြတ် ပြောင်းလဲနိုင်ကြသည်။
ထိုအမှောင်သားရဲ နှစ်ကောင်မှာ သူတို့၏ သားကောင်ကို မည်သို့ ဝိုင်းဝန်း အမဲလိုက်ရမည်ကို ကောင်းကောင်း နားလည်ကြသည်။ သူတို့သည် မိုဖန်၏ ဘေးတစ်ဖက်တစ်ချက်ဆီသို့ ခွဲထွက်သွားကြ၏။ မိုဖန်က လျှပ်စီးအား သုံး၍ တစ်ကောင်ကို နှိမ်နင်းလျှင်ပင် ကျန်တစ်ကောင်မှာ မိုဖန်အပေါ် ခုန်အုပ်ကာ လည်ပင်းကို ပိုင်းဖြတ်ပစ်တော့မည်မှာ သေချာပေသည်။
အမှောင်သားရဲနှစ်ကောင်မှာ ပို၍ ပို၍ နီးကပ်လာနေပြီ ဖြစ်သည်။ မိုဖန်တွင် အရိုးလွှဒိုင်းကာလည်း မရှိတော့ရာ၊ သူ၌ မှော်မန္တန် တစ်ခုကိုသာ အပြီးသတ်ရန် အချိန် ရှိတော့သည်။
မိုဖန်တွင် အချိန် အလုံအလောက် မရှိသဖြင့် များများစားစား စဉ်းစားနေရန် အချိန်မရတော့သဖြင့် သူသည် မသိစိတ်ဖြင့်ပင် နောက်ထပ် မီးတောက်လုံးတစ်ခုကို ထပ်မံ စုစည်းလိုက်မိသည်။
မီးတောက်ပေါက်ကွဲခြင်း၏ ပေါက်ကွဲအားကို အသုံးချ၍ သူ ရှောင်တိမ်းနိုင်ကောင်း ရှောင်တိမ်းနိုင်ပေလိမ့်မည်။ သို့သော် ထို့နောက်တွင်မူ အလွန်လျင်မြန်သော ထိုအမှောင်သားရဲ နှစ်ကောင်အား ကိုင်တွယ်ရန်မှာ ခက်ခဲသွားပေလိမ့်မည်။
"ဆရာရွှဲ... တော်ဝင်အလင်းကို သုံးလိုက်တော့" မလှမ်းမကမ်းမှနေ၍ မူပိုင်က ရွှဲမူရှိန်းကို အော်ပြောလိုက်သည်။
ရွှဲမူရှိန်းသည် မူပိုင်ကို လှမ်းကြည့်လိုက်ရာ၊ သူ၏ လက်ထဲတွင် လျင်မြန်စွာ စုစည်းနေသော အပြာရောင် ကြယ်အလင်းတန်းကို မြင်တွေ့လိုက်ရသည်။ အတွေ့အကြုံရှိသော ရွှဲမူရှိန်းသည် ချက်ချင်းပင် နားလည်သွားပြီး သူကိုယ်တိုင်လည်း ဝေခွဲမနေဘဲ အလင်းမှော်ကို စတင် ရွတ်ဆိုလိုက်တော့သည်။
“တော်ဝင်အလင်း မျက်စိကွယ်စေ"
အကယ်၍ ဤပြင်းထန်လှသော အလင်းတန်းကို တိတိကျကျ ရွတ်ဆိုနိုင်မည်ဆိုပါက မှော်သားရဲများ၏ မျက်စိကို ကွယ်သွားစေပြီး သူတို့၏ တိုက်ခိုက်ရေးစွမ်းအားကို ဆုံးရှုံးသွားစေနိုင်ပေသည်။
ပြင်းထန်သော အလင်းတန်း ပေါ်ထွက်လာသည်ကို ခံစားလိုက်ရသဖြင့် ပိုင်ရန်က မျက်နှာကို အသာအယာ လွှဲလိုက်ကာ နှာခေါင်းရှုံ့လိုက်သည်။
ဤကဲ့သို့သော အလင်းတန်းမှာ မည်သူ့ကိုမျှ ဒဏ်ရာရစေနိုင်စွမ်း မရှိပေ။ ၎င်းကို တိုက်ရိုက် စိုက်မကြည့်လျှင် အမြင်အာရုံမှာ ချက်ချင်း ပြန်လည် ကောင်းမွန်လာနိုင်သည်။ သူ၏ အမှောင်သားရဲများအတွက်မူကား သူတို့သည် အနက်ရောင်ဗာတီကန်မှ ဆင်းသက်လာသော သတ္တဝါများဖြစ်ရာ မျက်လုံးဟူ၍ မရှိကြပေ။ သူတို့သည် အလင်း၏ မျက်စိကွယ်စေသော စွမ်းအားကို လုံးဝ ခံစားရမည် မဟုတ်ပေ။
“အနက်ရောင် ရေခဲဓားချက်"
ပိုင်ရန်၏ အနောက်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။ နောက်တစ်စက္ကန့်တွင်မူ သူ၏ လည်ပင်းအနောက်ဘက်သို့ ပြင်းထန်သော အအေးဓာတ်တစ်ခု ကျရောက်လာတော့သည်။ နို့နှစ်ရောင် အလင်းတန်း၏ ထိပ်ဖျားမှ အနက်ရောင် ဓားတစ်စင်းမှာ မည်သည့်နေရာမှ ထွက်ပေါ်လာသည်ကို သတိမထားမိပေ။ ၎င်း၏ အေးစက်လှသော ထိပ်ဖျားမှ စူးရှသော အအေးဓာတ်ကို ထုတ်လွှတ်နေ၏။ ၎င်းသည် လေထုကို ခွင်းလျက် ပိုင်ရန်၏ ခန္ဓာကိုယ်ပေါ်သို့ ပိုင်းဖြတ်ချလိုက်တော့သည်။
ပိုင်ရန်သည် အမှန်တကယ်ပင် ပါးနပ်လှပေသည်။ သူ၏ အနားတွင် ဆင့်ခေါ်သားရဲ မရှိချိန်တွင် ကျောင်းသားများ၏ ချောင်းမြောင်းတိုက်ခိုက်မှုကို ရှောင်ရှားရန် ကားတစ်စီး၏ ဘေးတွင် ကပ်ရပ်နေခဲ့ခြင်း ဖြစ်သည်။ သို့သော် ၎င်း၏ လမ်းတွင် ရှိနေသော အရာများမှာ အနက်ရောင် ရေခဲဓား အတွက်မူ အရေးမပါပေ။ ၎င်းသည် ကားကို နှစ်ခြမ်း ပိုင်းဖြတ်လိုက်သကဲ့သို့ တစ်ချိန်တည်းမှာပင် ပိုင်ရန်၏ ကျောပြင်ကိုလည်း ပိုင်းဖြတ်သွားတော့သည်။
ထိုဓားချက်မှာ ထက်ရှကာ အင်အားလည်း ပြင်းလှပေသည်။ ၎င်းသည် ပိုင်ရန်၏ ဘယ်ဘက်ပုခုံးအား သေသေသပ်သပ် ပိုင်းဖြတ်ပစ်လိုက်၏။
သွေးများ စိမ့်ထွက်လာသည်နှင့်အမျှ သူ၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာမှာ ရေခဲလွှာတစ်ခုအောက်တွင် အေးခဲသွားတော့သည်။ ပိုင်ရန်သည် မယုံကြည်နိုင်သော မျက်နှာထားဖြင့် အပေါ်သို့ မော့ကြည့်ကာ မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ လဲကျသွားတော့သည်။
ဆင့်ခေါ်သားရဲ သုံးကောင်အထိ ယဉ်ပါးအောင် လုပ်ထားနိုင်သည့် ဆင့်ခေါ်မှော်ဆရာဖြစ်သော သူသည် လွန်ခဲ့သော တစ်နှစ်ကပင် မှော်သားရဲ မြင်ရုံနှင့် လန့်ဖျန့်နေခဲ့ကြသော ကျောင်းသားများ၏ လက်ချက်ဖြင့် တကယ်ပဲ သေဆုံးသွားရပြီလား။
“သေမင်းတမန် တိုက်ခိုက်ရေး မှော်လက်နက်”
ဘွဲ့ မရသေးသော ကျောင်းသားတစ်ယောက်တွင် ဤမျှ အဖိုးတန်လှသော မှော်လက်နက် မည်သို့ ရှိနေရသနည်း။ ၎င်းကို ရုတ်တရက် အခြေအနေတွင် မည်သို့ အသုံးပြုနိုင်ရသနည်း။ ၎င်းမှာ အလွန်ပင် ရုတ်တရက် ဆန်လှသဖြင့် သူ၏ ကိုယ်ပိုင် ခံစစ်မှော်အကာအကွယ်ကိုပင် အသုံးမပြုနိုင်ခဲ့ချေ။
ရွှဲမူရှိန်း၏ မန္တန်မှ ထွက်ပေါ်နေသော အာရုံလွှဲ အလင်းတန်းမှာ တဖြည်းဖြည်း မှေးမှိန်သွားတော့သည်။ မိုဖန်သည် ထိုတောက်ပသော အလင်းတန်းကြားတွင် အမှောင်သားရဲ နှစ်ကောင်၏ လှုပ်ရှားမှုများ ရုတ်တရက် ရပ်တန့်သွားသည်ကို မြင်တွေ့လိုက်ရသည်။
ထိုသားရဲများသည် သူတို့၏ လည်ပင်းကို ဆုပ်ကိုင်ထားကြပြီး ခန္ဓာကိုယ်များမှာ နာကျင်စွာဖြင့် တွန့်လိမ်နေကြသည်။ မိုဖန်ကို ပို၍ အံ့အားသင့်စေသည်မှာ သူတို့၏ မည်းနက်သော ခန္ဓာကိုယ်များသည် အလွန်မြင့်မားသော အပူချိန်နှင့် တွေ့ကြုံရသည့်အတိုင်း တဖြည်းဖြည်း အရည်ပျော်လာခြင်းပင် ဖြစ်သည်။
ငါးစက္ကန့်ပင် မပြည့်မီမှာပင်၊ မိုဖန်၏ အသက်ကို ရန်ရှာရန် ပြင်ဆင်နေသော အမှောင်သားရဲ နှစ်ကောင်မှာ နံစော်ပြီး ပွက်ပွက်ဆူနေသော အမည်းရောင် အရည်များအဖြစ်သို့ ပျော်ကျသွားတော့သည်။
"အမှောင်သားရဲတွေက သူတို့သခင်နဲ့ အဆက်အသွယ် ရှိကြတယ်။ သခင် သေသွားရင် သူတို့လည်း ပျက်စီးသွားကြတာပဲ။ ဒါကြောင့်လည်း သူတို့က အနက်ရောင်ဗာတီကန်ရဲ့ အသက်ပေး သစ္စာရှိတဲ့ မိစ္ဆာသတ္တဝါတွေ ဖြစ်နေကြတာပေါ့" ရွှဲမူရှိန်းက သူ၏ နဖူးပေါ်မှ ချွေးများကို သုတ်ရင်း ရှင်းပြလိုက်သည်။
ကျန်ရှိနေသော ကျောင်းသားများမှာ တစ်ယောက်ပြီးတစ်ယောက် လျှောက်လာကြသည်။ ဟဲယု၏ အလောင်းကို တစ်ချက်ကြည့်လိုက်၊ အမည်းရောင် အရည်ကွက်နှစ်ခုကို တစ်ချက်ကြည့်လိုက်နှင့် သူတို့၏ မျက်နှာများမှာ ပင်ပန်းနွမ်းလျမှုများ ပြည့်နှက်နေတော့သည်။
မှော်သားရဲများကို အမြစ်ပြတ် သတ်ဖြတ်နိုင်ခဲ့ပြီးနောက် သူတို့အချင်းချင်း အတိုင်းအတာတစ်ခုအထိ ရင်းနှီးနားလည်မှုများ ရရှိခဲ့ကြပေသည်။ သို့သော် လက်တွေ့သင်တန်း နည်းပြ ပိုင်ရန်၏ လုပ်ရပ်များကြောင့် သူတို့၏ လူသားချင်း ယုံကြည်မှုမှာ အကြီးအကျယ် တုန်လှုပ်သွားခဲ့ရသည်။ ဤအခြေအနေကို သူတို့ မည်မျှအထိ အချိန်ယူ၍ ပြန်လည် လိုက်လျောညီထွေဖြစ်အောင် နေထိုင်ရမည်ကိုမူ မည်သူမျှ မသိနိုင်ပေ။
"ဦးလေးက ကျွန်တော့်ရဲ့ ၁၈ နှစ်ပြည့် မွေးနေ့မှာ လက်ဆောင်ပေးခဲ့တဲ့ သေမင်းတမန် တိုက်ခိုက်ရေး မှော်လက်နက်ကို နောက်ဆုံးတော့ အသုံးချနိုင်ခဲ့ပြီ" အားလုံးမှာ သူ့ကို စိုက်ကြည့်နေကြသဖြင့် မုပိုင်က ခါးသီးသော အပြုံးဖြင့် ပြောလိုက်သည်။
သေမင်းတမန် တိုက်ခိုက်ရေး မှော်လက်နက်မှာ တိုက်ခိုက်ရေး အမျိုးအစား မှော်ပစ္စည်း ဖြစ်သည်။ ၎င်းကို အသက်သွင်းလိုက်လျှင် ပြင်းထန်လှသော သတ်ဖြတ်နိုင်စွမ်းကို ထုတ်လွှတ်နိုင်သည်။ မန္တန်စွမ်းအား မှာလည်း အလွန်ပင် များပြားလှပေသည်။ သေမင်းတမန် အမျိုးအစား မှော်လက်နက်များမှာ မှော်ဝတ်စုံများထက်ပင် များစွာ ပို၍ အဖိုးတန်လှပေသည်။ မှော်ဆရာတစ်ယောက်ပင် ဝယ်ယူရန် ခဲယဉ်းလှရာ သာမန်လူများအတွက်မူ ပြောရန်ပင် မလိုပေ။
ပိုင်ရန် အမှန်တကယ် မခန့်မှန်းနိုင်ခဲ့သည်မှာ ဤကျောင်းသားများထဲတွင် သေမင်းတမန် မှော်လက်နက် ပိုင်ဆိုင်သူတစ်ယောက် ပါဝင်နေလိမ့်မည်ဟူသော အချက်ပင် ဖြစ်သည်။ မည်သို့ပင်ဆိုစေ ချမ်းသာကြွယ်ဝသော မိသားစုကြီးတစ်ခုပင်လျှင် ဤကဲ့သို့သော မှော်ပစ္စည်းမျိုးကို ဘွဲ့မရသေးသော ကျောင်းသားတစ်ယောက်အား အလွယ်တကူ ပေးလေ့မရှိချေ။
မည်သို့ပင်ဖြစ်စေ မုပိုင်၏ သေမင်းတမန် မှော်ပစ္စည်းသည် အားလုံးကို ကယ်တင်နိုင်ခဲ့သည်။ မဟုတ်ပါက ထိုအလွန်လျင်မြန်သော အမှောင်သားရဲ နှစ်ကောင်ကို ကိုင်တွယ်နိုင်ရန်မှာ မသေချာပေ။
အခန်း (၁၀၄) ပြီး
***