"ကျေးဇူးကွာ... မုပိုင်" ကျောင်ကူဆန်းသည် ထောင့်တစ်နေရာမှ ထွက်လာပြီး စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်သည်။
"တော်တော်ကြောက်ဖို့ကောင်းတာပဲ၊ နောက်ဆို ဘယ်သူ့ကိုမှ ထပ်ပြီး မယုံရဲတော့ဘူး" မိုဖန်သည် သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ရင်း မူပိုင်ကို လှမ်းကြည့်လိုက်သည်။
ယခုတစ်ကြိမ်တွင်မူ ဤမှော်ပညာရှင်မျိုးဆက်သစ် သူဌေးသား ကို ကျေးဇူးတင်ရမည် ဖြစ်သည်။ သူ၏ အလွန်အမင်း အဖိုးတန်လှသော သေမင်းတမန် တိုက်ခိုက်ရေး မှော်လက်နက်သာ မရှိပါက၊ နည်းပြပိုင်ရန်ကို မနှိမ်နင်းနိုင်မီ သူတို့ထဲမှ ဘယ်နှစ်ယောက်များ သေသွားကြမည်ကို မည်သူမျှ မသိနိုင်ပေ။
"ကျန်တဲ့လူတွေရော အဆင်ပြေကြရဲ့လား..." ရွှဲမူရှိန်းက မေးလိုက်သည်။
ပတ်ဝန်းကျင်တွင် ပုန်းအောင်းနေကြသော ကျောင်းသားများသည် တစ်ယောက်ပြီးတစ်ယောက် စုရုံးလာကြသည်။ ကျန်းဟို တစ်ယောက်သာလျှင် ခြံစည်းရိုးဘေးတွင် မှိုင်တွေလျက် ရပ်နေခဲ့သည်။
တိုက်ပွဲမှာ ပြီးဆုံးသွားပြီ ဖြစ်သကဲ့သို့ ဟဲယု၏ သွေးများမှာလည်း ခမ်းခြောက်သွားခဲ့ပြီ ဖြစ်သည်။ နီရဲနေသော သွေးကွက်ကြီးမှာ ကော်ဇောနီကြီးတစ်ခုအလား ဖြစ်နေသည်ကို မြင်လိုက်ရချိန်တွင် အားလုံး၏ ရင်ထဲ၌ ဝမ်းနည်းပူဆွေးမှုများ တစ်ဖန် ဖုံးလွှမ်းသွားရပြန်သည်။
"မျောက်လေး... သွားကြစို့" မိုဖန်သည် ကျန်းဟိုအနားသို့ လျှောက်သွားလိုက်သော်လည်း သူ့ကို မည်သို့ နှစ်သိမ့်ရမည်ကို မသိပေ။
ကျန်းဟိုသည် မိုဖန်ကို မြင်လိုက်ရချိန်တွင် သူ၏ စိတ်ဓာတ်များမှာ ပြိုလဲသွားပုံရပြီး မျက်ရည်များ ကျလာတော့သည်။
"အစ်ကိုဖန်... ကျွန်တော် ပိုပြီး အင်အားကြီးလာချင်တယ်..." ကျန်းဟိုသည် မျက်ရည်များကို အတင်းအကျပ် သုတ်လိုက်ပြီး၊
"ကျွန်တော်... သေချာပေါက်... သေချာပေါက် ပိုပြီး အင်အားကြီးအောင် လုပ်မယ်" ကြုံးဝါးလိုက်သည်။
ကျန်းဟို၏ မမေ့နိုင်သော စကားလုံးများမှာ မိုဖန်၏ နားထဲတွင် ပဲ့တင်ထပ်နေပြီး သူ အနည်းငယ် မှင်သက်သွားမိသည်။
သူ့အတွက် ညီအရင်းတစ်ယောက်လို ဖြစ်နေသော ထိုကောင်လေးမှာ လက်ရှိတွင် ကလေးငယ်တစ်ယောက်ကဲ့သို့ ငိုယိုနေသော်လည်း၊ စီးကျနေသော မျက်ရည်စက်များအောက်တွင် သူ၏ နှလုံးသားမှာ ပြင်းထန်သော အပြောင်းအလဲများကို ကြုံတွေ့နေရပြီ ဖြစ်သည်။
မှန်ပေသည် မိမိဘေးနားရှိ လူများကို ကာကွယ်ချင်လျှင် ကိုယ်တိုင် အင်အားကြီးမှသာ ဖြစ်နိုင်ပေလိမ့်မည်။
တံတားကို ဖြတ်ကျော်ပြီးနောက် မြို့ရိုးများကဲ့သို့ မြင့်မားလှသော အလင်းတံတိုင်းကြီးမှာ အားလုံး၏ မြင်ကွင်းထဲသို့ နောက်ဆုံးတွင် ဝင်ရောက်လာတော့သည်။
ကျန်ရှိနေသော လူရှစ်ယောက်၏ ပင်ပန်းနွမ်းနယ်နေသော မျက်နှာများပေါ်တွင် အပြုံးရိပ်အချို့ ပေါ်ထွက်လာသည်။ ယခုတစ်ကြိမ်တွင်မူ ခိုလှုံရာစခန်းကို စောင့်ကြပ်နေကြသော မှော်အသင်းယူနီဖောင်းဝတ် မှော်ဆရာများကို အထင်အရှား မြင်တွေ့နေရပြီ ဖြစ်သည်။
ဤသုံးကီလိုမီတာခရီးမှာ သူတို့၏ ၁၇ နှစ်တာ သက်တမ်းတစ်လျှောက် ကြုံတွေ့ခဲ့ရသမျှ အတွေ့အကြုံများထက် များစွာ ပို၍ ရှည်လျားလွန်းလှပေသည်။ မည်သို့ပင်ဖြစ်စေ သူတို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
"ပင်မအုပ်စုကြီးက ငါတို့အနောက် မီတာငါးရာလောက်မှာပဲ ရှိပါသေးတယ်၊ သူတို့လည်း ဘေးကင်းကင်းနဲ့ ရောက်လာနိုင်ပါစေလို့ပဲ ဆုတောင်းရမှာပဲ" ရွှဲမူရှိန်းက နောက်သို့ လှည့်ကြည့်ရင်း ဆိုသည်။
ကျိုးမင်၊ ရှုကျောက်ထင်၊ ဝမ်ဆန်းဖန့်၊ ကျန်းရှုဟွာ နှင့် အခြားသူများမှာလည်း ခေါင်းညိတ်ကြသည်။ သူတို့သည် ရှေ့ပြေးတပ်ဖွဲ့အဖြစ် သူတို့၏ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခဲ့ကြပြီ ဖြစ်သည်။ ဤကဲ့သို့သော သေရေးရှင်ရေး အန္တရာယ်လမ်းကို ဖြတ်ကျော်လာခဲ့ပြီးနောက် ပင်မအုပ်စုကြီးလည်း အောင်မြင်စွာ ရောက်ရှိလာနိုင်ရန် သူတို့ အလေးအနက် မျှော်လင့်နေကြသည်။ အသက်ပေါင်းများစွာ ထပ်မံ ဆုံးရှုံးသွားသည်ကို သူတို့ မမြင်လိုကြတော့ပေ။
"ဘယ်သူက မိုဖန်လဲ...” စစ်တပ်သင်္ကေတ ပါရှိသော လူတစ်ယောက်က အားလုံး၏ ရှေ့သို့ လျှောက်လာရင်း မေးလိုက်သည်။
"ကျွန်တော်ပါ" မိုဖန်က ချွေးများ စိုရွှဲနေသောခေါင်းကို မော့ကာ ဖြေလိုက်သည်။ သူသည် အလွန်ပင် ပင်ပန်းနေပြီ ဖြစ်သည်။
"ဒီဘက်ကို လိုက်ခဲ့ပါ၊ အကြီးအကဲက မင်းကို တွေ့ချင်နေတယ်" ထိုလူက ပြောလိုက်သည်။
မိုဖန်က ခေါင်းညိတ်ပြပြီး မြေဒြပ်စင်မှော်ဆရာတစ်ဦး တည်ဆောက်ထားသော ကင်းစောင့်မျှော်စင်ဆီသို့ ထိုလူ၏ နောက်မှ လိုက်သွားခဲ့သည်။
ကင်းစောင့်မျှော်စင်မှာ အလွန်မြင့်မားလှပေသည်။ လှေကားထစ်များအတိုင်း တက်လာခဲ့ကြရာ အတော်အတန် ကြာပြီးနောက်တွင်မူ မျှော်စင်၏ ထိပ်ဆုံးသို့ ရောက်ရှိလာကြသည်။
ထိပ်ဆုံးတွင် ကျယ်ဝန်းသော နေရာလွတ်တစ်ခု ရှိကာ မြင့်မားသော အရပ်မှ တိုက်ခတ်လာသော ပြင်းထန်သည့် လေတိုက်နှုန်းကြောင့် သူ၏ ပါးပြင်များမှာပင် နာကျင်လာရသည်။
မျှော်စင်တွင် အကာအကွယ် လက်ရန်းများ မရှိသော်လည်း၊ လေကာအင်္ကျီ ဝတ်ထားသော အမျိုးသားတစ်ဦးသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်နေသည်။ သူ၏ ဖရိုဖရဲ ဖြစ်နေသော ဆံပင်များမှာ လေပြင်းနှင့်အတူ လွင့်နေ၏။
ထိုအမျိုးသား၏ ဘေးတစ်ဖက်တစ်ချက်တွင်လည်း လေကာအင်္ကျီများ ဝတ်ဆင်ထားသော တိုက်ခိုက်ရေးမှော်ဆရာအချို့ ရှိနေကြသည်။ သူတို့၏ ဦးထုပ်များကို ဆောင်းထားကြပြီး ခန္ဓာကိုယ်များမှာ ကျောက်ရုပ်များကဲ့သို့ ငြိမ်သက်နေကြသည်။ သူတို့မှာ ဒေါသထွက်နေပုံ မရသော်လည်း သူတို့ထံမှ ထွက်ပေါ်နေသော အရှိန်အဝါမှာ အထင်ကြီးစရာ ကောင်းလှပေသည်။ အလယ်တွင် ရပ်နေသော အကြီးအကဲ ကျန့်ခုံးသည်လည်း ယခင်က မိုဖန် တွေ့ခဲ့ဖူးသော အရှက်မရှိသည့် နည်းပြကျန့်ခုံးးနှင့် လုံးဝ ကွဲပြားနေပြီး ကြည်ညိုဖွယ် ကောင်းနေတော့သည်။
ကျန့်ခုံးး၏ ဘေးတစ်ဖက်တစ်ချက်တွင် ရပ်နေသော တိုက်ခိုက်ရေးမှော်ဆရာ ၁၀ ဦးစလုံးမှာ အလွန် ပြင်းထန်သော အရှိန်အဝါများရှိရာ၊ သူတို့အားလုံးမှာ အနည်းဆုံး အလယ်အလတ်အဆင့် မှော်ဆရာများ ဖြစ်ကြပေလိမ့်မည်။
သူတို့သည် အဝေးသို့ လှမ်းကြည့်နေကြသည်။ သူတို့၏ အကြည့်များမှာ ငွေရောင်ကုန်သွယ်ရေးမျှော်စင်၏ ထိပ်ဖျားဆီသို့ပင်။ ပိုမြို့ကပ်ဘေး၏ နောက်ကွယ်က တရားခံဖြစ်သော တပ်မှူးအဆင့်မှော်သားရဲ တောင်ပံနက်ဝံပုလွေဆီသို့ အကြည့်များ ဦးတည်နေကြသည်။
"အကြီးအကဲ... မိုဖန် ရောက်ပါပြီ" ထိုလူက အလေးပြုလိုက်ပြီးနောက် ဖြည်းညှင်းစွာ ပြန်လည် ဆုတ်ခွာသွားသည်။
ကျန့်ခုံးသည် နောက်သို့ လှည့်မကြည့်ပေ။ မျှော်စင်တစ်ခုလုံးမှာ ခဏတာ တိတ်ဆိတ်သွားတော့သည်။
"မင်း အသက်ရှင်နေတာကို တွေ့ရလို့ ငါ တကယ် ဝမ်းသာပါတယ်" ကျန့်ခုံး၏ လေသံမှာ ယခင်ကကဲ့သို့ ပေါ့ပျက်ပျက် မဟုတ်တော့ပေ။ ပြောဆိုလိုက်သည့် စကားမှာပင် မည်သည့် ခံစားချက်မျှ ပါမလာသယောင် ရှိ၏။
လက်ရှိ ကျန့်ခုံးမှာ မိုဖန် သိထားခဲ့သော နည်းပြချုပ် မဟုတ်တော့ပေ။ သို့မဟုတ် ဤသည်မှာ သူ၏ တကယ့်ပုံစံအမှန်၊ ခန့်ညားထည်ဝါပြီး သီးသန့်ဆန်လှသော ပုံစံပင် ဖြစ်ပေလိမ့်မည်။
"ခင်ဗျားကို တွေ့လိုက်ရတဲ့ အချိန်မှာ ကျွန်တော် ဘာအလုပ်ချင်ဆုံးလဲ သိလား" မိုဖန်က မေးလိုက်သည်။
"ငါ့ကို ဆဲဆိုချင်တာနေမှာပေါ့။ ပိုင်ရန်က အနက်ရောင်ဗာတီကန်ရဲ့ အဖွဲ့ဝင် ဖြစ်နေတာက ငါတို့အားလုံးကို တကယ်ပဲ အံ့အားသင့်စေခဲ့တယ်။ ကံကောင်းလို့ မင်းက သူ့ကို သံသယဝင်ခဲ့လို့ အသက်ရှင်ခဲ့တာပဲ" ကျန့်ခုံးက တည်ငြိမ်စွာ ဆိုသည်။
ကျန့်ခုံးသည် သူ၏ လက်အောက်ငယ်သားများ၏ အစီရင်ခံစာများအရ ဖြစ်ခဲ့သည်များကို နားလည်ပြီးသား ဖြစ်သော်လည်း၊ မိုဖန်က ပိုင်ရန်ကို မည်သို့ သံယယဝင်ခဲ့သည်ကိုမူ စဉ်းစားမရပေ။ စစ်တပ်ပင်လျှင် တိုက်ခိုက်ရေးမှော်ဆရာပိုင်ရန်၏ ယုတ်မာသော စိတ်ထားကို မရိပ်မိခဲ့ပေ။
"ခင်ဗျား စဉ်းစားကြည့်ဖူးလား... ကျွန်တော်တို့ လက်တွေ့လေ့ကျင့်ရေးတုန်းက ဂူထဲမှာ နည်းပြပိုင်ရန် ကာကွယ်ပေးထားချိန် အဲဒီထဲက ရေကန်မှာ တိရစ္ဆာန်တွေ သောက်ထားတဲ့ အမှတ်အသားတွေကို ကျွန်တော် တွေ့ခဲ့တယ်။ အဲဒါက တစ်ကောင်တည်း မဟုတ်ဘူး။ အဲဒီနောက်မှာ နည်းပြပိုင်ရန်ကို သူ့မှာ တခြား ဆင့်ခေါ်သားရဲတွေ ရှိသေးလားလို့ ကျွန်တော် မေးတော့ သူက မရှိဘူးလို့ ဖြေခဲ့တယ်"
"ဒီလောက် အရေးမကြီးတဲ့ ကိစ္စလေးတစ်ခုနဲ့ပဲ သူက ပြဿနာရှိတယ်လို့ မင်း ယူဆခဲ့တာလား" ကျန့်ခုံးက မရည်ရွယ်ဘဲ ရယ်မောလိုက်မိသည်။
"အဲဒီတုန်းက ရုတ်တရက် သောင်းကျန်းသွားတဲ့ ဝိညာဉ်ဝံပုလွေကလည်း ပြဿနာပဲ။ တကယ်တော့ ကျွန်တော်လည်း နည်းပြပိုင်ရန်က သူလျှိုတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ မယုံကြည်ချင်ခဲ့ပါဘူး၊ အတည်လည်း မပြုနိုင်ခဲ့ဘူးလေ။ ဒါကြောင့် ခေါင်းထဲမှာပဲ မှတ်ထားလိုက်တာ။ သူက ကျွန်တော်တို့အပေါ် တကယ်ပဲ လက်ဦးမှုယူလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ" မိုဖန်က ပြန်ဖြေသည်။
တကယ်တော့ မိုဖန်မှာ အနည်းငယ်မျှသာ သံသယ ရှိခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူသာ သေချာပေါက် သိနေခဲ့မည်ဆိုပါက နည်းပြပိုင်ရန်ကို မြင်မြင်ချင်း ပတ်ဝန်းကျင်က လူတွေကို သတိပေးခဲ့ပေလိမ့်မည်။ ထို့ပြင် အမှောင်သားရဲများ ပေါ်လာလိမ့်မည်ကိုလည်း မိုဖန် မတွက်ထားခဲ့ပေ။
"ဒါဆို... တော်ဝင်ငရဲစမ်းရေရော ဘယ်မှာလဲ" ကျန့်ခုံးသည် ထိုသူလျှိုအကြောင်း ဆက်ပြောမနေတော့ဘဲ အရေးကြီးဆုံး ကိစ္စဆီသို့ လှည့်လိုက်သည်။
"ကျွန်တော် ရေငတ်နေလို့... အဲဒါကို သောက်ချလိုက်ပြီ" မိုဖန်က နောက်ပြောင်သလို ပြန်ဖြေလိုက်သည်။
မျှော်စင် အစွန်းတွင် ရပ်နေသော အကြီးအကဲ ကျန့်ခုံးမှာ လန့်သွားသဖြင့် ပြုတ်ကျလုနီးပါး ဖြစ်သွားရသည်။ စောနက ခန့်ညားသည့် အရှိန်အဝါများမှာလည်း လုံးဝ ပျောက်ကွယ်သွားတော့သည်။
ကျန့်ခုံးသည် နောက်သို့ လှည့်လိုက်ပြီး မိုဖန်အား မျက်လုံးပြူးကာ စိုက်ကြည့်လိုက်သည်။
“တောက်... ဒီကောင်လေး ငါ့ကို လာနောက်နေတာလား...တော်ဝင်ငရဲစမ်းရေကို သာမန်သောက်ရေလိုပဲ ထင်ပြီး ရေငတ်လို့ သောက်ချလိုက်တယ် ဟုတ်လား... ဒါက ပိုမြို့ရဲ့ နှစ်ပေါင်းထောင်ချီ သက်တမ်းရှိတဲ့ ရတနာစစ်စစ်ကြီးလေ၊ အချိန်တွေ ကြာလာလို့ မှော်အစွမ်းက အရင်ကလောက် မရှိတော့ရင်တောင်၊ ဒါဟာ ဒီနိုင်ငံက မှော်ဆရာတွေ အကုန်လုံး တောင့်တနေကြတဲ့ ကျင့်ကြံခြင်း ရတနာပဲ...ဒါကို... မင်းက ရေသောက်သလို သောက်ချလိုက်တယ် ဟုတ်လား...”
"ဒါ နောက်ပြောင်ရမယ့် အချိန်မဟုတ်ဘူးနော်" အကြီးအကဲ ကျန့်ခုံး၏ မျက်နှာမှာ ပြန်လည် လေးနက်သွားပြီး မိုဖန်ကို စေ့စေ့ကြည့်ရင်း ပြောလိုက်တော့သည်။
အခန်း (၁၀၅) ပြီး ***