"ကျွန်တော် နောက်နေတာ မဟုတ်ဘူး၊ အဲဒီလို ပစ္စည်းမျိုးကို သယ်ပြီး ဒီကို ဘေးကင်းကင်းနဲ့ ရောက်လာနိုင်မယ်လို့ ခင်ဗျား ထင်နေတာလား...တော်ဝင်ငရဲစမ်းရေကို သယ်လာတာဟာ ထန်စန်း ရဲ့ အသားကို သယ်လာသလိုပဲ၊ မှော်သားရဲမျိုးစုံကို ဆွဲဆောင်နေမှာပေါ့... ဒါကြောင့်တစ်ခုခု ထူးခြားတာ ဖြစ်လာရင်ဆိုပြီး ဒီပစ္စည်းကို လွှင့်ပစ်ဖို့လည်း ကျွန်တော် မရဲဘူးလေ...အဲဒါနဲ့ပဲ ကြောက်ကြောက်လန့်လန့်နဲ့ ရေငတ်လာတာနဲ့ တစ်စက်မကျန် အကုန် သောက်ချလိုက်တာပဲ" မိုဖန်က တည်ကြည်စွာ ပြန်ပြောလိုက်သည်။
ပြောပြီးသည်နှင့် မိုဖန်သည် တော်ဝင်ငရဲစမ်းရေ ထည့်ထားခဲ့သော ပုလင်းခွံကို ထုတ်ယူကာ ကျန့်ခုံးထံသို့ ပစ်ပေးလိုက်သည်။
ကျန့်ခုံးးသည် ပုလင်းခွံကို ဖမ်းယူပြီး အတွင်းပိုင်းကို ကြည့်လိုက်ရာ သူ၏ မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာတော့သည်။
“မင်း... မင်း တကယ်ကြီး သောက်ချလိုက်တာလား”
ကျန့်ခုံးးသည် မျှော်စင်အစွန်းမှ ပြုတ်မကျသွားစေရန် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။
ခဏကြာမှသာ ကျန့်ခုံးသည် စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထိန်းနိုင်တော့သည်။ သူသည် မတတ်သာသည့် လေသံဖြင့် "တကယ်လို့သာ ဒါဟာ ကပ်ဘေးမတိုင်ခင် ဖြစ်ခဲ့တာဆိုရင် မင်းကို တိုင်မှာ ချည်ပြီး မီးရှို့သတ်လိမ့်မယ်၊ အနက်ရောင်ဗာတီကန်နဲ့ မခြားဘဲ ဆက်ဆံခံရမှာပဲ... ဒါပေမဲ့ ငါရယ်၊ မူကျားယွမ်၊ ရန်ကျောက်ဟယ်၊ အဘိုးကြီးကျူး၊ တျန်းခိုင်နဲ့ တခြားလူတွေကလည်း တော်ဝင်ငရဲစမ်းရေဟာ အနက်ရောင်ဗာတီကန် လက်ထဲ မရောက်ဖို့ပဲ မျှော်လင့်ခဲ့ကြတာပါ။ နောက်ပြီး... ဒါဟာ နောက်နှစ်အနည်းငယ်အတွင်းမှာလည်း ခမ်းခြောက်တော့မှာဆိုတော့ ငါတို့လည်း အများကြီး ထပ်သုံးနိုင်တော့မှာ မဟုတ်ပါဘူး။ မရှိတော့လည်း ပြီးတာပါပဲ၊ ပိုမြို့ကို ကယ်တင်နိုင်ဖို့ကသာ အရေးကြီးဆုံးပါ"
"ကျွန်တော်လည်း အဲဒီလို ကြိုသိနေတာကြောင့်ပဲ တိုက်ရိုက် သောက်ချလိုက်တာ။ အနက်ရောင်ဗာတီကန်က ကျွန်တော့်ကို ရှာတွေ့ပြီး အလောင်းကို ခွဲကြည့်ရင်တောင် အလွန်ဆုံး နံစော်နေတဲ့ ဆီးကိုပဲ တွေ့ရမှာပေါ့" မိုဖန်က လှောင်ပြုံး ပြုံးလိုက်သည်။
"ဒီကောင်လေးတော့..." ကျန့်ခုံးက ပြုံးရင်း ခေါင်းခါလိုက်မိသည်။
တကယ်တော့ ကျန့်ခုံးသည် တော်ဝင်ငရဲစမ်းရေ ဘာဖြစ်သွားသည်ကို ဂရုမစိုက်ပေ။ အမှန်အတိုင်းဆိုလျှင် မိုဖန်ပြောသမျှကိုလည်း သူ အပြည့်အဝ ယုံကြည်သည်တော့ မဟုတ်ချေ။ သို့သော် ခမ်းခြောက်လုနီးပါး ဖြစ်နေသော တော်ဝင်ငရဲစမ်းရေသည် ပိုမြို့အတွက် ကံကောင်းခြင်းထက် ကပ်ဘေးကိုသာ ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။ အကယ်၍ မိုဖန်က လည်လည်ဝယ်ဝယ်ဖြင့် ၎င်းကို တိတ်တဆိတ် ဝှက်ထားခဲ့လျှင်ပင် ပိုမြို့ကို ကယ်တင်ခဲ့သည့်အတွက် ဆုလာဘ်အဖြစ် သတ်မှတ်ပေးနိုင်ပေသည်။ မည်သို့ပင်ဆိုစေ အထက်တန်း တတိယနှစ်တောင် မပြီးသေးသော ကျောင်းသားတစ်ယောက်က ဤမျှ အရေးကြီးသော အရာကို ကာကွယ်နိုင်ခဲ့ပြီး ပိုင်ရန်၏ သစ္စာဖောက်မှုကိုပါ ရိပ်မိခဲ့သည်မှာ ချီးကျူးစရာပင်။ အခြားသူသာဆိုလျှင် တော်ဝင်ငရဲစမ်းရေမှာ အနက်ရောင်ဗာတီကန် လက်ထဲ ရောက်သွားနိုင်ချေ ရှိပေသည်။
သူ အမှန်တကယ်သောက်ခဲ့လျှင်လည်း ကောင်း၏၊ ဝှက်ထားလျှင်လည်း ကိစ္စမရှိချေ။ ယခုအချိန်တွင်မူ အရေးမကြီးတော့ပေ။ တော်ဝင်ငရဲစမ်းရေသည် အနက်ရောင်ဗာတီကန် လက်ထဲ မရောက်ရှိကြောင်း အတည်ပြုနိုင်ခဲ့၍ သူတို့ ရင်ဆိုင်ရမည့်မှာ တပ်မှူးအဆင့် တောင်ပံနက်ဝံပုလွေ ဖြစ်ကြောင်း သေချာသွားပြီ ဖြစ်ရာ၊ ယခုအခါ ဤကပ်ဘေးကို အဆုံးသတ်ရန် အချိန်ကျရောက်လာပြီ ဖြစ်သည်။
“လူသားတွေအပေါ် ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့အတွက် မင်းကို လူမြင်ကွင်းမှာ တိုင်မှာချည်ပြီး ပြမယ်။ မင်း ဘယ်ကိုပဲ ပြေးပြေး၊ ငါ ကျန့်ခုံးကတော့ ပိုမြို့က သေဆုံးသွားတဲ့ ဝိညာဉ်တွေအတွက် ယဇ်ကောင်အဖြစ် မင်းရဲ့ ခေါင်းကို သေချာပေါက် နှစ်ခြမ်း ပိုင်းဖြတ်ပြမယ်...”
"ငါ့အမိန့်ကို နာခံကြ..." ကျန့်ခုံး၏ အကြည့်မှာ လျှပ်စီးပမာ တောက်ပသွားပြီး ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ဘေးတွင် ငြိမ်သက်စွာ ရပ်နေသော အလယ်အလတ်အဆင့် မှော်ဆရာများသည် ချက်ချင်းပင် တိုက်ပွဲဝင် မျက်နှာထားများ ပြင်လိုက်ကြပြီး၊ လေပြင်းများ တိုက်ခတ်နေသော ကင်းစောင့်မျှော်စင်ပေါ်၌ တည်ကြည်လေးနက်သော အရှိန်အဝါများ ချက်ချင်း ဖုံးလွှမ်းသွားတော့သည်။
"တောင်ပံနက်ဝံပုလွေကို သတ်ဖြတ်... မသေမချင်း မရပ်နားကြနဲ့" ကျန့်ခုံးက သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ပြည့်နှက်နေသည့် လေသံဖြင့် အော်ဟစ်လိုက်သည်။
"တောင်ပံနက်ဝံပုလွေကို သတ်ဖြတ်၊ မသေမချင်း မရပ်နားကြနဲ့"
"သတ်ဖြတ်ကြ..."
ကျန့်ခုံး၏ တိုက်ရိုက်လက်အောက်ခံ လူအားလုံးမှာ ပြင်းပြသော စိတ်ဓာတ်များဖြင့် တစ်ပြိုင်နက်တည်း ပြန်လည် ဖြေကြားလိုက်ကြသည်။ မိုဖန်သည် သူတို့၏ အသံများထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင် အနည်းငယ်မျှ မခံစားရပေ။ တာဝန်သိစိတ်နှင့် စစ်သားကောင်းတို့၏ သတ္တိများသာ ဖြစ်သည်။
သံမဏိကဲ့သို့ ခိုင်မာလှသော အသံများ လေထဲတွင် ပျံ့လွင့်သွားပြီးနောက်၊ စစ်သေနာပတိ ကျန့်ခုံးသည် အရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ သူ၏ အပြာရောင် စစ်ဘက်သုံး လေကာအင်္ကျီမှာ အထက်သို့ မြင့်မားစွာ လွင့်တက်သွား၏။
ကျန့်ခုံးသည် ကင်းစောင့်မျှော်စင်ပေါ်မှ အောက်သို့ ထိုအတိုင်းပင် ခုန်ချလိုက်တော့သည်။ မိုဖန်မှာ ထိုအဖြစ်ကြောင့် မှင်သက်သွားရပြီး သူ၏ မြင်ကွင်းထဲသို့ အဖြူရောင် အတောင်ပံများ ပေါ်ထွက်လာသည်။
“လေအတောင်ပံ..."
ဤသည်မှာ မိုဖန်အနေဖြင့် လေအတောင်ပံကို ဒုတိယအကြိမ် မြင်တွေ့ရခြင်း ဖြစ်သော်လည်း သူ၏ ရင်ထဲ၌ တုန်လှုပ်မှုမှာမူ ယခင်အတိုင်းပင် ဖြစ်သည်။
မှောင်ရီပျိုးစ အချိန်၊ သွေးစွန်းနေသော မြို့ပြ၊ ကောင်းကင်ယံနှင့် မြို့တော်ကြားတွင် လေအတောင်ပံများဖြင့် ပျံသန်းသွားသော အရိပ်တစ်ခုမှာ လွတ်လပ်ပေါ့ပါး နေတော့သည်။
ဤကဲ့သို့သော ကပ်ဘေးကြီး၏ ရှေ့မှောက်တွင် လူတိုင်းမှာ အလွန်ပင် သေးငယ်လှသည်ဟု ထင်ရသော်လည်း လေအတောင်ပံ ပိုင်ဆိုင်ထားသော ထိုအမျိုးသားမှာမူ ခြွင်းချက် ဖြစ်သည်။ သူသည် တောင်ပံနက်ဝံပုလွေကို သတ်ဖြတ်မည် ကြုံးဝါးရဲသူ ဖြစ်သည်။ သူသည် မြို့တော်ကို ကာကွယ်မည်ဟု ပြောရဲသူ ဖြစ်သည်။
ဝှီး...
သူ၏ အတောင်ပံခတ်လိုက်ချိန်တွင် ဖြစ်ပေါ်လာသော လေလှိုင်းများမှာ မိုဖန်ရှိရာဆီသို့ တိုးဝင်လာခဲ့သည်။
ကျန့်ခုံး ပျံသန်းထွက်ခွာသွားပြီးနောက် သူ၏ လက်အောက်ခံ ကိုးဦးသည်လည်း အောက်သို့ ခုန်ချလိုက်ကြသည်။ မကြာမီမှာပင် မိုဖန်သည် အဖြူရောင် လင်းယုန်ကြီး ကိုးကောင်ပေါ်တွင် လိုက်ပါလျက် ငွေရောင်ကုန်သွယ်ရေး မျှော်စင်ဆီသို့ ပျံသန်းသွားကြသော အရာရှိများကို မြင်တွေ့လိုက်ရသည်။
၎င်းတို့မှာ ကောင်းကင်လင်းယုန်များ ဖြစ်ကြပြီး အဆင့်မြင့် စစ်ဘက်အရာရှိများသာ ပိုင်ဆိုင်ခွင့်ရှိသော စစ်တပ်၏ သင်္ကေတများ ဖြစ်ကြသည်။
ကျန့်ခုံးသည် လေအတောင်ပံဖြင့် ကိုယ်တိုင် ပျံသန်းသွားကာ ကောင်းကင်လင်းယုန် ကိုးကောင်သည်လည်း စစ်အရာရှိ ကိုးဦးကို တင်ဆောင်ကာ ကောင်းကင်ယံ၌ ပျံဝဲသွားကြချိန်တွင် ခိုလှုံရာစခန်းအတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့များထံမှ ဟစ်အော်သံများ ထွက်ပေါ်လာသည်။
ကပ်ဘေးကြီးသည် နောက်ဆုံး၌ အဆုံးသတ်တော့မည် ဖြစ်သည်။
အနီရောင်အဆင့်သတိပေးချက် ထွက်ပေါ်နေသည့် ရက်များတွင် လူသားတို့၏ အခန်းကဏ္ဍမှာ အစာအဖြစ် အသုံးတော်ခံရခြင်းနှင့် ကြောက်ရွံ့တုန်လှုပ်စွာ ထွက်ပြေးရခြင်းသာ ဖြစ်ခဲ့သည်။ သို့သော် ထိုအချက်မှာ လူသားများသည် အလွန်အမင်း အားနည်းလှပြီး မြို့ပြ၌ ပိတ်လှောင်ခံထားရသော ကြက်ငှက်များ ဖြစ်သည်ဟု မဆိုလိုပေ။
လူသားမျိုးနွယ်များထဲတွင် အထူးခြားဆုံးသော လူတန်းစားတစ်ရပ် ရှိနေပါသေးသည်။ သူတို့မှာ မှော်ဆရာများပင်ဖြစ်ကြသည်။
သူတို့၏ တာဝန်မှာ သဘာဝတရားမှ ပေးအပ်ထားသော အင်အားများကို အသုံးချကာ မှော်သားရဲများ၏ ကျူးကျော်မှုကို ပြန်လည် တိုက်ခိုက်ရန် ဖြစ်သည်။
ခိုလှုံရာစခန်းအတွင်း၌ အသားညိုညိုနှင့် လူငယ်တစ်ဦး ရှိနေသည်။
သူသည် ခိုလှုံနေကြသော လူအုပ်ကြီးထဲတွင် မတတ်သာဘဲ ထိုင်နေရင်း၊ ဇဝေဇဝါ ဖြစ်လျက် သာမန်လူတစ်ယောက်အလား ရှိနေခဲ့သည်။ သို့သော် သူသည် ခေါင်းမော့ကာ မြို့ပေါ်ရှိ အရိပ်များကို မြင်လိုက်ရချိန်၊ ကောင်းကင်ယံကို ဖြတ်ကျော်သွားသော လင်းယုန်ကိုးကောင်ကို မြင်လိုက်ရချိန်နှင့် ခိုလှုံရာစခန်း အတွင်းရှိ တိုက်ခိုက်ရေး မှော်ဆရာများ၏ အော်ဟစ်သံများကို ကြားလိုက်ရချိန်တွင်မူ ၎င်းမှာ စစ်ဗုံသံများကို ကြားလိုက်ရသကဲ့သို့ပင် သူ၏ မျက်လုံးများ ပြူးကျယ်လာတော့သည်။
ဟဲယု သေဆုံးသွားသည့် အချိန်မှစ၍ သူ၏ မျက်လုံးများမှာ သတိလက်လွတ် ဖြစ်နေခဲ့ရာမှ ယခုအခါတွင်မူ ထိုမျက်လုံးများမှာ တောက်လောင်လာသကဲ့သို့ ခံစားလိုက်ရသည်။
တောင်ပံနက်ဝံပုလွေဆီသို့ ပျံသန်းသွားကြသော အလင်းတန်းဆယ်ခု၏ နောက်သို့ သူ၏ နှလုံးခုန်သံမှာ ဗုံတီးနေသကဲ့သို့ လိုက်ပါသွားတော့သည်။ သူသည် သူ၏ ကိုယ်ပိုင်နေရာကို ရှာတွေ့သွားခဲ့ပြီ ဖြစ်သည်။
“အကယ်၍ မင်းသာ သိခဲ့မယ်ဆိုရင်... မင်း အသက်ပေးပြီး ကယ်ခဲ့ရတဲ့ အားနည်းတဲ့ ကောင်လေးဟာ မြို့တော်ကို စောင့်ရှောက်နိုင်တဲ့ တိုက်ခိုက်ရေးမှော်ဆရာ တစ်ယောက် ဖြစ်လာပြီး မင်းလိုပဲ လှပတဲ့ မိန်းကလေး သန်းပေါင်းများစွာကို သူ့ရဲ့ အင်အားနဲ့ ကယ်တင်နိုင်ခဲ့မယ်ဆိုတာကိုပေါ့... ဒါဆိုရင် ကောင်းကင်ဘုံက မင်းဟာ ကျေနပ်စွာနဲ့ ပြုံးနေမှာပဲ မဟုတ်လား”
ထိုအားနည်းသော ကောင်လေးသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူသည် နောက်နောင်တွင် မည်သည့်နေရာသို့ သွားရမည်၊ ဘာတွေလုပ်ရမည်ဆိုသည်ကို ကောင်းကောင်း သိရှိသွားခဲ့ပြီ ဖြစ်သည်။
မိုဖန်သည် ကင်းစောင့်မျှော်စင်ပေါ်မှ ဆင်းလာခဲ့ပြီး အောက်ဆုံးသို့ ရောက်ရှိချိန်တွင် အမျိုးသမီးနည်းပြ ဖန်းလီကျွင်း နှင့် တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံခဲ့သည်။
ယခင်က ဖန်းလီကျွင်းသည် အမြဲတမ်း တင်းမာသော မျက်နှာပေးရှိသူ ဖြစ်သော်လည်း၊ ယနေ့တွင်မူ သူ့၌ ကြာရှည်စွာ ကိန်းအောင်းနေသော ဝမ်းနည်းမှုတစ်ခု ရှိနေသည့်အလား ထင်ရသည်။ ကောင်းစွာ လေ့ကျင့်ထားသော သူသည်ပင် ယခုအချိန်တွင်မူ အနည်းငယ် အားနည်းနေသယောင် ရှိ၏။
"ကင်းထောက်အဖွဲ့ဝင် တစ်ယောက်က အသက်စွန့်ပြီး သတင်းတစ်ခု သယ်လာခဲ့တယ်။ ခိုလှုံရာစခန်း အပြင်ဘက်က မြေအောက်လိုဏ်ဂူ အများအပြားမှာ တူးဖော်ထားတဲ့ အထင်အရှား အမှတ်အသားတွေ ရှိနေတယ်" ဖန်းလီကျွင်းက သူမဘေးက ခေါင်းစည်းပတ်ထားသော အမျိုးသားကို လေးနက်စွာ ပြောလိုက်သည်။
"ဒါဆိုရင် ပိုမြို့ထဲမှာ မှော်သားရဲတွေ ရုတ်တရက် ပေါ်လာတာဟာ ပိုမြို့အပြင်ဘက်က ဥမင်လှိုဏ်ဂူတွေက မြို့အောက်က ရေမြောင်းတွေနဲ့ တိုက်ရိုက် ဆက်သွယ်နေလို့ပေါ့။ မှော်သားရဲတွေက အဲဒီဥမင်တွေကို သုံးပြီး ပိုမြို့ထဲကို တိုက်ရိုက် ဝင်လာကြတာလား..." ခေါင်းစည်းနှင့် အမျိုးသားက စိုးရိမ်တကြီး မေးလိုက်သည်။
"ဟုတ်တယ်၊ ငါတို့ရဲ့ ပထမဆုံး ဦးစားပေး တာဝန်က မှော်သားရဲတွေရဲ့ ဥမင်အချို့ကို ရှာဖွေပြီး အဲဒီလမ်းကြောင်းတွေကို တိုက်ရိုက် ဖျောက်ပစ်ဖို့ပဲ။ မဟုတ်ရင် ပိုမြို့ထဲမှာ မှော်သားရဲတွေ အဆက်မပြတ် ပေါ်နေဦးမှာပဲ။ ပြဿနာက အဲဒီဥမင်တွေက မြို့ထဲက ဘယ်နေရာတွေနဲ့ ဆက်နေသလဲဆိုတာကို အခုထိ အတည်မပြုနိုင်သေးတာပဲ" ဖန်းလီကျွင်းမှာ အခက်တွေ့နေတော့သည်။
မှော်သားရဲများ၏ တိုက်ခိုက်မှုမှာ ရုတ်တရက် ဆန်လွန်းလှသဖြင့် မြို့တော်တစ်ခုလုံးမှာ ပရမ်းပတာ ဖြစ်နေခဲ့သည်။ ဤကဲ့သို့သော မြို့ကြီးပြကြီးတွင် မှော်သားရဲများ ဝင်ရောက်ရာ နေရာကို ရှာဖွေရန်မှာ လုံးဝ မလွယ်ကူလှပေ။
သူတို့နှစ်ဦး ဆွေးနွေးနေသည်ကို ကြားလိုက်ရချိန်တွင် မိုဖန်၏ ဦးနှောက်ထဲ၌ အတွေးတစ်ခု ပေါ်လာတော့သည်။ “လိုဏ်ဂူ၊ ရေမြောင်း၊ မိလ္လာလမ်းကြောင်း... ဒါဆိုရင် မြေတူးတဲ့နေရာမှာ ကျွမ်းကျင်တဲ့ သတ္တဝါတစ်မျိုးမျိုးက ပြဿနာရှာနေတာပဲ...”
"မျက်လုံးကြီး ကြွက်လူဝံ...”
မိုဖန်သည် မုဆိုးအဖွဲ့တွင် တစ်နှစ်ကြာ ရှိနေစဉ်အတွင်း ပိုမြို့ထဲ၌ မျက်လုံးကြီး ကြွက်လူဝံ အမြောက်အမြားကို အဖွဲ့ဝင်များနှင့်အတူ သတ်ဖြတ်ခဲ့ဖူးသည်။
ထိုအချိန်တွင် လွန်ခဲ့သော တစ်နှစ်ပတ်လုံး ပိုမြို့ထဲတွင် မျက်လုံးကြီး ကြွက်လူဝံများ အဘယ်ကြောင့် ဤမျှအထိ သောင်းကျန်းနေခဲ့သနည်းဆိုသည်ကို သူ နောက်ဆုံး၌ နားလည်သွားခဲ့တော့သည်။
“သူတို့တွေဟာ ပိုမြို့အတွက် ဒီကပ်ဘေးကြီး ကျရောက်တော့မယ်ဆိုတဲ့ နိမိတ်လက္ခဏာတွေဖြစ်နေတာပဲ...”
အခန်း (၁၀၆) ပြီး
***