"နည်းပြဖန်... သဲလွန်စတွေ ဘယ်မှာရှိမလဲဆိုတာ ကျွန်တော် သိမယ်ထင်တယ်" ထိုလူနှစ်ဦး စကားပြောနေသည်ကို ကြားလိုက်ရချိန်တွင် အရေးကြီးသောအရာတစ်ခုကို ရိပ်မိသွားသဖြင့် မိုဖန်က အလျင်အမြဲ ကြားဖြတ်ပြောလိုက်သည်။
"ဘယ်မှာလဲ" ထိုလူနှစ်ဦးမှာ ဝေခွဲမရသည့် မျက်နှာပေးဖြင့် မိုဖန်ကို လှည့်ကြည့်လာကြသည်။
"မြို့ပြ မုဆိုးအဖွဲ့ ဆီမှာပဲ" မိုဖန်က ပြန်ဖြေလိုက်သည်။
သူတို့နှစ်ဦး၏ ဆွေးနွေးမှုမှာ မိုဖန်၏ ဦးနှောက်ထဲတွင် အတွေးတစ်ခုကို လက်ခနဲ ပေါ်လာစေခဲ့ခြင်း ဖြစ်သည်။
ယခုတစ်ကြိမ် မှော်သားရဲများ၏ ကျူးကျော်မှုမှာ မမျှော်လင့်ဘဲ ဖြစ်လာခဲ့သည်ဟု ထင်ရသော်လည်း၊ အမှန်တကယ်တွင် မြို့ပြ မုဆိုးအဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့သော မိုဖန်သည် ပိုမြို့၏ အခြေအနေအချို့ကို ရိပ်စားမိနေခဲ့သည်။ အထင်ရှားဆုံးမှာ "မျက်လုံးကြီး ကြွက်လူဝံ" များ အဆမတန် သောင်းကျန်းနေမှုပင် ဖြစ်၏!
မျက်လုံးကြီး ကြွက်လူဝံများသည် မြေတူးရာတွင် ကျွမ်းကျင်သူများ ဖြစ်ကြသည်။ ထို့ကြောင့် ပိုမြို့ထဲသို့ အပြင်မှ ဖောက်ဝင်လာသော မှော်သားရဲ ဥမင်လှိုင်ဂူမှာ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း နားလည်ရန် မခက်ခဲပါပေ။
မြို့ပြ မုဆိုးအဖွဲ့သည် မှော်သားရဲတစ်ကောင်ကို သတ်ဖြတ်တိုင်း မှတ်တမ်းတင်လေ့ ရှိသည်။ လတ်တလော ပိုမြို့အတွင်း မျက်လုံးကြီး ကြွက်လူဝံများ လှုပ်ရှားခဲ့သော နေရာများကို ကြည့်ခြင်းအားဖြင့် မှော်သားရဲများ၏ ဝင်ပေါက်ကို သေချာပေါက် ရှာဖွေနိုင်ပေလိမ့်မည်!
ထိုလူနှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အချက်ကို သဘောပေါက်သွားကြသည်။
မျက်လုံးကြီး ကြွက်လူဝံများအနေဖြင့် မည်သည့် လှုပ်ရှားမှုမျှ မရှိဘဲ ပိုမြို့ထဲသို့ ဥမင်တူးရန်မှာ မဖြစ်နိုင်ပါပေ။ ပိုမြို့အတွင်း ဖြစ်ပျက်နေသော ပြဿနာများကို အသိဆုံးသူများမှာ မြို့ပြ မုဆိုးအဖွဲ့ပင် ဖြစ်ပေလိမ့်မည်!
၎င်းတို့ထံမှ တိကျသော သဲလွန်စများကို ရရှိနိုင်ပေသည်။
"ကောင်းပြီ... ငါ အခုချက်ချင်းပဲ မြို့ပြ မုဆိုးအဖွဲ့ဝင်တွေကို ဆက်သွယ်လိုက်မယ်" ခေါင်းစည်းနှင့် အမျိုးသားက ခေါင်းကို အကြိမ်ကြိမ် ညိတ်ရင်း ဆိုသည်။
ဖန်းလီကျွင်းသည် အံ့အားသင့်စွာဖြင့် မိုဖန်ကို လှည့်ကြည့်လိုက်မိသည်။ ဤကျောင်းသားလေး၏ စကားအနည်းငယ်က ဤမျှအထိ အရေးပါလိမ့်မည် သူ မထင်ထားခဲ့ပါပေ။
"တကယ်တော့ ကျွန်တော်က မြို့ပြ မုဆိုးအဖွဲ့ဝင် တစ်ယောက်ပါပဲ။ လက်တွေ့လေ့ကျင့်ရေးက ပြန်လာပြီးတော့ ကျွန်တော့်အင်အားက သိပ်အားနည်းနေသေးတယ်ဆိုတာ သိလိုက်ရလို့ အဖွဲ့ထဲ ဝင်ခဲ့တာပါ။ ဒါပေမဲ့ အခု သူတို့ ဘယ်မှာရှိနေမလဲဆိုတာတော့ ကျွန်တော် မသိဘူး" နည်းပြက သူ့ကို စိုက်ကြည့်နေသဖြင့် မိုဖန်က ခပ်ချဉ်ချဉ် အပြုံးဖြင့် ရှင်းပြလိုက်သည်။
"မင်းက တကယ်ကို ခန့်မှန်းရ ခက်တဲ့သူပဲ" ဖန်းလီကျွင်းက အားနာနာဖြင့် ပြုံးလိုက်မိသည်။
"နည်းပြ... နှင်းဖုံးတောင်ထိပ် စခန်းရဲ့ အခြေအနေကရော ဘယ်လိုလဲ...ကျွန်တော့်အဖေက အဲဒီမှာ ရှိနေလို့ပါ" မိုဖန်က မေးလိုက်သည်။
"စိတ်မပူပါနဲ့၊ အဲဒီနေရာက ပိုမြို့ထက်တောင် ပိုပြီး ဘေးကင်းပါသေးတယ်၊ မင်းအဖေလည်း အဆင်ပြေမှာပါ" ဖန်းလီကျွင်းက သူ့ကို စိတ်ချအောင် ပြောသည်။
"ဒါဆိုရင်တော့ တော်ပါသေးတယ်... နောက်ထပ် ကိစ္စတစ်ခုလောက် ကူညီပေးလို့ ရမလား..."
"ပြောပါ... သူရဲကောင်းလေး"
"ခိုလှုံရာစခန်းက စခန်းကြီးတစ်ခုလို ဖြစ်နေပြီး လူတွေကလည်း အရမ်းများလွန်းတယ်။ ခိုလှုံရာစခန်းကို ရောက်သွားပြီဖြစ်တဲ့ ကျွန်တော့်မိသားစုဝင်တွေကို ကျွန်တော် ရှာမတွေ့လို့ပါ၊ သူတို့ အခု ဘယ်နားမှာ ရှိနေသလဲဆိုတာ စုံစမ်းပေးလို့ ရမလား" ဟု မိုဖန်က တောင်းဆိုလိုက်သည်။
"ရတာပေါ့... အဲဒါက ပြဿနာမရှိပါဘူး။ နည်းပြချန်က မြို့ပြ မုဆိုးအဖွဲ့ဝင်တွေကို ရှာဖို့ အချိန်အနည်းငယ် ယူရဦးမှာပဲ"
မြို့ထဲတွင် မှော်သားရဲများ ကျူးကျော်နေသဖြင့် ပုံမှန် ဆက်သွယ်ရေး ကိရိယာများမှာ အသုံးမရတော့ပါပေ။
မကြာမီမှာပင် ခေါင်းစည်းနှင့် နည်းပြချန် ပြန်ရောက်လာသည်။ သူ၏ ဘေးတွင် လူအချို့ ပါလာပြီး ၎င်းတို့ထဲတွင် မိုဖန်နှင့် ရင်းနှီးပြီးသားဖြစ်သော ရှောက်ကော နှင့် ရွှီတာဟွမ်တို့ ပါဝင်နေသည်။
ရှောက်ကောသည် သူမ၏ မှတ်စုစာအုပ်လေးကို ကိုင်ထားရင်း ကွန်ပျူတာထဲတွင် ထည့်ထားသော မှော်သားရဲ မှတ်တမ်းများကို လျင်မြန်စွာ ရှာဖွေနေသည်။
"လက်ရှိမှာ ကျွန်မ မျက်လုံးကြီး ကြွက်လူဝံတွေ ပေါ်ခဲ့တဲ့ နေရာအချို့ကို ရှာတွေ့ထားပါတယ်။ ပထမဆုံးကတော့ ပေ့လင်နယ်မြေက ပန်းခြံပဲ၊ အဲဒီမှာ လူကို ဒဏ်ရာရစေတဲ့ မျက်လုံးကြီး ကြွက်လူဝံ တစ်ကောင် ပေါ်ခဲ့ဖူးတယ်။ မှော်သားရဲတွေ စတင် ကျူးကျော်ခဲ့တဲ့ နေရာဟာ ပေ့လင် နယ်မြေ ဖြစ်ဖို့ များပါတယ်" ရှောက်ကောက နည်းပြချန်ကို ပြောလိုက်သည်။
"ပေ့လင် နယ်မြေကိုတော့ အခု မှော်သားရဲတွေ သိမ်းပိုက်ထားပြီ" နည်းပြချန်က စဉ်းစားဟန်ဖြင့် မှတ်ချက်ပေးသည်။
"အဲဒီနောက်မှာတော့ ကွမ်စန်းကောင်းကင်လမ်းမ၊ ပြီးတော့ လုဖုန်းမြို့နယ်၊ နောက်ပြီး..."
"အဲဒီထဲမှာ ဥမင်လိုဏ်ဂူ အထင်အရှား ရှိနိုင်တဲ့ နေရာမျိုးကော ပါလား" နည်းပြချန်က ကြားဖြတ်မေးလိုက်သည်။
"ဪ... ရှိပါတယ်... မင်ဝမ်အလယ်တန်းကျောင်းရဲ့ ထမင်းစားဆောင် အောက်မှာ ဥမင်တစ်ခု ရှိခဲ့တယ်။ အဲဒီတုန်းက မိန်းကလေးတစ်ယောက် ပျောက်ဆုံးသွားခဲ့ဖူးတယ်၊ မင်ဝမ် နယ်မြေမှာလည်း မှော်သားရဲတွေ အများကြီး ရှိနေပါတယ်။ အဲဒီမှာ မှော်သားရဲ ဝင်ပေါက် သေချာပေါက် ရှိမယ်လို့ ကျွန်မ ထင်တယ်" ရှောက်ကောက ဆိုသည်။
"ဒါနဲ့ ပတ်သက်လို့ ကျွန်တော် မှတ်မိတယ်၊ ဖန်မိုကျွန်တော်တို့ အဖွဲ့ထဲ စဝင်တုန်းကပဲ။ မင်ဝမ် မိန်းကလေး အလယ်တန်းကျောင်းထဲမှာ မျက်လုံးကြီး ကြွက်လူဝံ တစ်ကောင်ကို ကျွန်တော်တို့ တွေ့ခဲ့သေးတယ်။ အဲဒီနောက်မှာ ရဲတွေက ဥမင်တစ်ခုကို တွေ့ခဲ့ကြတာ။ အဲဒီ မိန်းကလေးဟာ ဥမင်ထဲကို ဆွဲခေါ်သွားခံရပြီး အစားခံလိုက်ရတယ်လို့ ကျွန်တော်တို့ အားလုံး သံသယရှိခဲ့ကြတယ်..." ဖေးရှီက အလျင်အမြဲ ပြောလိုက်သည်။
သူတို့သည် လမ်းလျှောက်ရင်း စကားပြောနေကြခြင်း ဖြစ်သည်။ ရှောက်ကောနှင့် ရွှီတာဟွမ်တို့မှာ အနားတွင် ရပ်လျက် သူတို့ပြောသမျှကို အာရုံစိုက် နားထောင်နေသော မိုဖန်ကို သတိမထားမိကြပေ။
လက်ရှိတွင် မုဆိုးအဖွဲ့က မိုဖန်သည် ဖန်မို ဖြစ်ကြောင်း သိထားကြသော်လည်း၊ မိုဖန်က တော်ဝင်ငရဲစမ်းရေတွင် ကျင့်ကြံမနေဘဲ ဤနေရာကို မည်သို့ ရောက်လာသနည်းဆိုသည်ကိုမူ သိလျှင် အံ့သြသွားကြပေလိမ့်မည်။
"မင်ဝမ် နယ်မြေမှာ မှော်သားရဲ ဝင်ပေါက် ရှိတာလား... အဲဒီက လူတွေ အကုန်လုံး ဘေးလွတ်ရာကို ထွက်သွားကြပြီလား" နည်းပြချန်က သူ၏ ဘေးမှ အမျိုးသမီးမှော်ဆရာကို မေးလိုက်သည်။
"သူတို့ ဘေးလွတ်ရာ ရွှေ့ပြောင်းသွားတဲ့ သတင်းတော့ အခုထိ မရသေးပါဘူး" အားလုံး တိတ်ဆိတ်သွားကြသည်။
ခဏအကြာတွင် ရွှီတာဟွမ်က မျက်မှောင်ကြုတ်လျက်
“မင်ဝမ် နယ်မြေမှာ မှော်သားရဲ ဝင်ပေါက် ရှိနေတာ သေချာသလောက်ပဲ၊ နောက်ပြီး အဲဒီဝင်ပေါက်က မင်ဝမ် မိန်းကလေး အလယ်တန်းကျောင်းထဲမှာ ရှိနေတာ။ ကျောင်းထဲမှာ ဆောက်လုပ်ရေး လုပ်နေသလိုမျိုး တုန်ခါမှုတွေ ခံစားနေရတယ်လို့ သူတို့ ဘာလို့ ပြောခဲ့ကြသလဲဆိုတာ အခုမှ ရှင်းသွားတော့တယ်။ အဲဒါ မျက်လုံးကြီး ကြွက်လူဝံတွေ မြေတူးနေတာပဲ" ဆိုသည်။
"ဘယ်သူမှ မထွက်သွားကြဘူး ဟုတ်လား...ခင်ဗျား အမှတ်မှားတာ မဟုတ်ဘူးလား၊ အဲဒီက ဘယ်သူမှ မထွက်သွားကြတာ သေချာလား" မိုဖန်၏ အကြည့်မှာ ခုနက စကားပြောခဲ့သော အမျိုးသမီးမှော်ဆရာထံသို့ ကျရောက်သွားသည်။
"မိုဖန်... စိတ်အေးအေးထားပါ"
"ဟုတ်တယ်၊ ငါတို့ ထင်တာ မမှားဘူးဆိုရင် မှော်သားရဲ ဝင်ပေါက်က မင်ဝမ် မိန်းကလေး ကျောင်းနားမှာ ရှိနေတာ။ အဲဒီတော့ မင်ဝမ် နယ်မြေ တစ်ခုလုံးကလည်း ဆက်စပ်နေမှာဆိုတော့ အဲဒီကနေ ဘေးလွတ်ရာကို ထွက်ဖို့ဆိုတာ မလွယ်တဲ့ ကိစ္စပဲ"
မိုဖန်မှာ စိတ်ပိုင်းဆိုင်ရာများ နက်ရှိုင်းစွာ နစ်မြုပ်သွားတော့သည်။
ယဲ့ရှင်းရှားက သူမ၏ ကျောင်းတွင် မကြာခဏ တုန်ခါမှုများ ဖြစ်ပေါ်နေကြောင်း သူ့ကို ပြောခဲ့ဖူးသည်ကို သူ အထင်အရှား မှတ်မိနေသည်။ ၎င်းမှာ မျက်လုံးကြီး ကြွက်လူဝံများ မြေအောက်တွင် တူးနေခြင်း ဖြစ်ကြောင်း သေချာပေသည်။
အကယ်၍ မှော်သားရဲများက ထိုနေရာမှ တိုက်ရိုက် တက်လာကြမည်ဆိုပါက ကျောင်းတစ်ခုလုံးမှာ ခဏချင်းမှာပင် ပျက်စီးသွားတော့မည် ဖြစ်သည်။
ယခုအခါ ပိုမြို့တစ်ခုလုံးမှာ အကျပ်အတည်းနှင့် ရင်ဆိုင်နေရရာ၊ အလယ်တန်းကျောင်းတစ်ခုက လူတွေ ဘေးလွတ်ရာ ရွှေ့နိုင်၊ မရွှေ့နိုင်ကို မည်သူက ဂရုစိုက်နိုင်မည်နည်း။
"ဗိုလ်မှူးချန်... ဒါဟာ အလွန် အရေးကြီးတဲ့ ကိစ္စဖြစ်လို့ ကျွန်မတို့ လူအင်အား တစ်စုကို စေလွှတ်ပါမယ်။ မှော်သားရဲ ဝင်ပေါက်ကို ချက်ချင်း ဖျက်ဆီးရမယ်" ဖန်းလီကျွင်းက ပြောလိုက်သည်။
မှော်သားရဲ ဝင်ပေါက်ကို ရှာတွေ့ပြီဖြစ်ရာ ချက်ချင်းပင် ထွက်ခွာရတော့မည် ဖြစ်သည်။ သူတို့တွင် အချိန်ဖြုန်းနေရန် မရှိပေ။
"ဒီအဖွဲ့ထဲမှာ ပါမယ့် လူအရေအတွက်က အရမ်း မများသင့်ဘူး။ ဒီမှော်သားရဲတွေက ဉာဏ်မကောင်းဘူးဆိုပေမဲ့ လူအုပ်စုကြီး သူတို့ ဝင်ပေါက်ဆီ လာနေတာကို သိသွားရင်တော့ မှော်သားရဲတွေ အများကြီးကို ဆွဲဆောင်မိပြီး ငါတို့ရဲ့ ရည်မှန်းချက်ကို သိသွားနိုင်တယ်" အမျိုးသမီးမှော်ဆရာက ပြောသည်။
ဗိုလ်မှူးချန်သည် လူများကို တစ်ချက်ကြည့်လိုက်ပြီး လေးနက်သော လေသံဖြင့် "အခုချက်ချင်း လူတွေ စေလွှတ်ကြစို့" ဆိုသည်။
"ဗိုလ်မှူး... ကျွန်တော်တို့လည်း လိုက်ပါရစေ။ မြို့ပြ မုဆိုးအဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ မြို့ထဲမှာ မှော်သားရဲတွေကို တိုက်ခိုက်တဲ့နေရာမှာ ကျွန်တော်တို့က ခင်ဗျားတို့ထက် ပိုပြီး ကျွမ်းကျင်ပါတယ်" ရွှီတာဟွမ်က ဆိုသည်။
ရှောက်ကောသည် ရွှီတာဟွမ်ကို ကြည့်လိုက်ပြီး သူမ ဆုံးဖြတ်ချက် တစ်ခုခု ချသင့်၊ မချသင့် ဝေခွဲမရ ဖြစ်နေသည်။
"ကောင်းပြီ... ဝါရင့် မုဆိုးအဖွဲ့ တစ်ခု ပါလာရင်တော့ အောင်မြင်နိုင်ခြေ ပိုများတာပေါ့။ ဒီတစ်ကြိမ် တာဝန်က အတော်လေး အန္တရာယ်များတယ်၊ လူတိုင်း သတိထားကြပါ" ဗိုလ်မှူးချန်က ပြောလိုက်သည်။
အားလုံး ဆွေးနွေးမှုများ ပြီးဆုံး၍ ထွက်ခွာရန် ပြင်လိုက်ချိန်တွင် လူတစ်ယောက်က သူတို့၏ ရှေ့၌ ရပ်လိုက်သည်။
"ဖန်မို...အာ... မဟုတ်ပါဘူး၊ မိုဖန်ပါလား..." ရှောက်ကောနှင့် ရွှီတာဟွမ်တို့မှာ အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်ကြသည်။
မိုဖန်သည် ထိုလူနှစ်ဦးကို ကြည့်လိုက်ပြီးနောက် ဤတစ်ကြိမ် တာဝန်အတွက် တာဝန်ခံထားသော ဗိုလ်မှူးချန်ကို ကြည့်လိုက်သည်။
ဖန်းလီကျွင်းမှာလည်း အံ့အားသင့်သွားပြီး "မိုဖန်... မင်းလည်း လိုက်ချင်တယ်လို့တော့ မပြောနဲ့ဦးနော်! မင်းက တန်လန် မှော်အထက်တန်းကျောင်းက လူတွေကို ဘေးလွတ်ရာ ရွှေ့ပေးနိုင်ခဲ့သလို အနက်ရောင်ဗာတီကန်ရဲ့ အစီအစဉ်တွေကိုလည်း ဖျက်ဆီးပေးနိုင်ခဲ့ပြီပဲ။ ခိုလှုံရာစခန်းမှာပဲ နေပြီး အနားယူတာ ပိုကောင်းပါတယ်၊ ဒါကိုတော့ ငါတို့ ကိုင်တွယ်လိုက်ပါ့မယ်" ဆိုသည်။
"ဟုတ်တယ်... မင်းက ငါတို့ ပိုမြို့ရဲ့ သူရဲကောင်း ဖြစ်နေပြီပဲ၊ ဒီတာဝန်ကတော့... သေဖို့ ကိုးပုံ၊ ရှင်ဖို့ တစ်ပုံလောက်ပဲ ရှိတာ" ဗိုလ်မှူးချန်က ခေါင်းညိတ်ရင်း ထောက်ခံသည်။
“မြို့တော်ရဲ့ သူရဲကောင်း ဟုတ်လား...”
မိုဖန်မှာမူ ထိုကဲ့သို့ မတွေးမိပါပေ။
“တကယ်လို့သာ ယဲ့ရှင်းရှားသေသွားခဲ့ရင်... ငါဟာ လုံးဝကို အသုံးမကျတဲ့ အမှိုက်တစ်ယောက်ပဲ ဖြစ်နေမှာပေါ့...”
အခန်း (၁၀၇) ပြီး
***