မင်ဝမ် မိန်းကလေး အလယ်တန်းကျောင်း၏ တောင်ဘက်တွင် အလွန် ခမ်းနားထည်ဝါသော ဈေးဝယ်စင်တာကြီးတစ်ခု ရှိသည်။
ပုံမှန်အချိန်ဆိုလျှင် ဤအချိန်မျိုး၌ ဈေးဝယ်စင်တာ ရှေ့ရှိ ရင်ပြင်ကျယ်ကြီးတွင် အဒေါ်ကြီးတစ်အုပ်စုမှာ ပန်းသီးလေးသီချင်းသံနှင့်အတူ အဖွဲ့လိုက် ကခုန်နေကြစမြဲ ဖြစ်သည်။
သို့သော် ယနေ့တွင်မူ ထိုရင်ပြင်ကျယ်ကြီး၌ လူရိပ်လူခြေ တစ်ယောက်မျှ မရှိတော့ပါပေ။ ရာသီဥတု မည်မျှပင် ဆိုးရွားပါစေ ဤနေရာသို့ မပျက်မကွက် လာတတ်ကြသော ထိုအဒေါ်ကြီးများသည် နောက်နောင်တွင် ဤနေရာ၌ သူတို့၏ ပျော်ရွှင်မှုများကို ထုတ်ဖော်ပြသရဲကြတော့မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော ညကတင် သူတို့၏ ကဖော်ကဖက်များကို မှော်ဝံပုလွေတစ်အုပ်က တစ်လုပ်တည်းနှင့် ဝါးမျိုသွားသည်ကို သူတို့ ကိုယ်တိုင် မြင်တွေ့ခဲ့ရသောကြောင့် ဖြစ်သည်။
သွေးကွက်များကို မိုးရေက ဆေးကြောသွားပြီ ဖြစ်သော်လည်း မြေပြင်ပေါ်တွင် ကျန်ရစ်နေခဲ့သည်မှာ လူသားတို့၏ အကြွင်းအကျန်များသာ ဖြစ်သည်။ ၎င်းကို မြင်တွေ့ရသူတိုင်းမှာ ရင်ထဲ၌ မအီမသာ ဖြစ်ကာ အော့အန်ချင်စိတ်များ ပေါ်ပေါက်လာရသည်။
ရင်ပြင်ကျယ်ကြီး၏ ပတ်ဝန်းကျင်တွင်မူ မှော်သားရဲများ၏ ဟိန်းဟောက်သံများ ပျံ့လွင့်နေပြီး၊ တစ်ခါတစ်ရံတွင် စူးရှလှသော အော်ဟစ်သံများက လေထုကို ဖောက်ထွက်လာတတ်သည်။ ထိုအသံကို ကြားလိုက်ရုံဖြင့် နောက်ထပ် လူတစ်ယောက်မှာ မှော်သားရဲ၏ အစာအဖြစ် အသုံးတော်ခံလိုက်ရပြီဖြစ်ကြောင်း သိနိုင်ပေသည်။
ကြီးမားလှသော စင်တာအဆောက်အအုံကြီးမှာ ရင်ပြင်၏ သုံးပုံတစ်ပုံခန့်ကို နေရာယူထားသည်။ ၎င်းမှာ အသစ်စက်စက် ဖွင့်လှစ်ထားသော စင်တာတစ်ခု ဖြစ်သော်လည်း မှော်သားရဲများ၏ ရမ်းကားမှုကြောင့် ယခုအခါ အပျက်အစီးများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ နေရာအနှံ့တွင် မှန်စများ၊ ပြိုပျက်နေသော နံရံများနှင့် ဖရိုဖရဲ ဖြစ်နေသော ကြွေပြားများကိုသာ မြင်တွေ့ရတော့သည်။
ရင်ပြင်၏ အောက်ထပ်တွင်မူ ဝေါမတ်ကုန်တိုက်ကြီး ရှိသည်။ လူသားတို့၏ အစားအစာများသည် မှော်သားရဲများအတွက် ဆွဲဆောင်မှု သိပ်မရှိလှပါပေ။ သို့မဟုတ်ပါက ၎င်းတို့အားလုံး ထိုအောက်ထပ်တွင် စုဝေးနေကြပေလိမ့်မည်။
ကုန်တိုက်ကြီးမှာ ကံကောင်းသည်ဟု ဆိုရမည်။ အောက်ထပ်သို့ ဆင်းရန်အတွက် ဓာတ်လှေကားကို အသုံးပြုရသဖြင့် မှော်သားရဲများက ထိုနေရာကို အခုထိ ရှာမတွေ့ကြသေးပါပေ။
ကုန်တိုက်အတွင်း ပုန်းအောင်းနေကြသော လူများသည် ကြမ်းပြင်ပေါ်တွင် ထိုင်နေကြသည်။ သူတို့ လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ ဆုတောင်းရန်သာ ဖြစ်၏။ မှော်သားရဲများ ဤနေရာကို ဘယ်တော့မှ ရှာမတွေ့ပါစေနှင့်ဟုသာ သူတို့ ဆုတောင်းနေကြရသည်။
"ကျွန်မတို့ကို ဒီအတိုင်းကြီး စွန့်ပစ်ထားခဲ့ကြတာတော့ မဟုတ်ပါဘူးနော်" ထောင့်တစ်နေရာတွင် ဒူးနှစ်ဖက်ကို ပိုက်ကာ ထိုင်နေသော မိန်းကလေးတစ်ဦးက ရှိုက်ကြီးတငင် ငိုကြွေးရင်း မေးလိုက်သည်။
"အပြင်လောကက လူအများစုကတော့ သေကုန်ကြပြီ၊ ငါတို့ ဒီမှာ ရှိနေတာကို သူတို့ ရှာတွေ့ဖို့ဆိုတာ အနှေးနဲ့အမြန်ပါပဲ" ကုန်တိုက်မန်နေဂျာက ကြမ်းပြင်ပေါ်တွင် ထိုင်နေရင်း တည်ငြိမ်စွာ ဆိုသည်။
"ဒီအတိုင်း ထိုင်နေရင် သေဖို့ စောင့်နေသလိုပဲ ဖြစ်နေမှာ၊ ငါတို့ အပြင်ထွက်ရမယ်။ အပြင်ထွက်မှသာ ရှင်သန်နိုင်ဖို့ မျှော်လင့်ချက် အနည်းငယ် ရှိလိမ့်မယ်" ကုန်တိုက်၏ ကုန်ပစ္စည်း ပို့ဆောင်ရေး တာဝန်ခံက ပြောသည်။
"ကျွန်တော်က ပိုက်လိုင်း အလုပ်သမားပါ၊ ဒီအလုပ်ကို လုပ်လာတာ နှစ်ပေါင်းများစွာ ရှိပြီ။ ကျွန်တော့်နောက်ကနေ မြေအောက် ရေမြောင်းလမ်းအတိုင်း လိုက်ခဲ့ကြ၊ အဲဒီမှာဆိုရင် မှော်သားရဲတွေနဲ့ တွေ့မှာ မဟုတ်ဘူး" အပြာရောင် ယူနီဖောင်းဝတ်ထားသော ပိန်ပိန်ပါးပါး အလယ်အလတ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။
ထိုစကားကို ကြားလိုက်ရချိန်တွင် လူတိုင်း၏ မျက်လုံးများမှာ တောက်ပလာတော့သည်။
ဤနေရာသို့ ထွက်ပြေးလွတ်မြောက်လာခဲ့သော လူငယ်တစ်ဦး၏ ပြောပြချက်အရ အပြင်လောကတွင် မှော်သားရဲများ ပြည့်နှက်နေပြီး အပေါ်ထပ်သို့ တက်သွားပါက ခဏချင်းမှာပင် အစားခံရပေလိမ့်မည်။ အကယ်၍ မြေအောက် ရေမြောင်းလမ်းကို အသုံးပြုမည်ဆိုပါက မင်ဝမ် နယ်မြေမှတစ်ဆင့် ခိုလှုံရာစခန်းသို့ လွယ်ကူစွာ ရောက်ရှိနိုင်ပေသည်။ မြို့၏ ရေမြောင်းလမ်းကြောင်းများကို ကျွမ်းကျင်သော အလုပ်သမားတစ်ဦး ရှိနေခြင်းမှာ သူတို့ လမ်းမပျောက်စေရန် အာမခံချက်ပင် ဖြစ်ပေသည်။
"သွားကြစို့... မြန်မြန် သွားကြစို့။ ကျွန်တော် ဒီနေရာမှာ ဆက်မနေချင်တော့ဘူး"
"ဟုတ်တယ်... အနီရောင်အဆင့်သတိပေးချက် ထုတ်ထားချိန်မှာ ခိုလှုံရာစခန်းကို အချိန်မီ မရောက်နိုင်ရင် ရှင်သန်ဖို့ မျှော်လင့်ချက် မရှိသလောက်ပဲ..."
"သွားစို့... မြန်မြန် သွားကြစို့။ ဒီနေရာကို မှော်သားရဲတွေ အနှေးနဲ့အမြန် ရှာတွေ့တော့မှာ"
ကုန်တိုက်အတွင်း၌ လူ ၁၅ ယောက်ခန့် ရှိနေသည်။ သူတို့ကို ဦးဆောင်ခေါ်သွားမည့် ပိုက်လိုင်း အလုပ်သမား ရှိနေပြီဖြစ်ကြောင်း သိလိုက်ရချိန်တွင် သူတို့၏ မျက်လုံးများ၌ ရှင်သန်လိုသော မျှော်လင့်ချက်များ ဝင်းလက်လာတော့သည်။
ကံကောင်းထောက်မစွာပင် ကုန်တိုက်၌ မြေအောက်ရေမြောင်းနှင့် တိုက်ရိုက် ဆက်သွယ်ထားသော ဝင်ပေါက်တစ်ခု ရှိနေသည်။ ဤနည်းဖြင့် သူတို့သည် ခိုလှုံရာစခန်းသို့ သွားနိုင်မည့် မျှော်လင့်ချက် ရရှိခဲ့ပြီ ဖြစ်သည်။
လူတိုင်း အလျင်အမြဲ ပြင်ဆင်ကြပြီး ပိုက်လိုင်း အလုပ်သမား၏ နောက်မှ လိုက်ပါလျက် မြေအောက်ရေမြောင်းဆီသို့ လျှောက်လှမ်းသွားကြသည်။
"နေပါဦး... ခဏလောက် စောင့်ကြပါဦး။ တစ်ယောက်ယောက်လောက် ကူညီပေးကြပါဦး၊ ဒီမှာ ဝှီးချဲနဲ့ မိန်းကလေးတစ်ယောက် ရှိသေးတယ်... သူမ လမ်းမလျှောက်နိုင်ဘူး ထင်တယ်..." ပုပုပါးပါး မိန်းကလေးတစ်ဦးက ထွက်ခွာသွားတော့မည့် လူအုပ်ကြီးကို လှမ်းအော်ပြောလိုက်သည်။
"မင်း ရူးနေတာလား၊ ဒီလို အခြေအနေမျိုးမှာ ဘယ်သူက သူမကို ဂရုစိုက်နေဖို့ အချိန်ရှိမှာလဲ"
"ဟုတ်တယ်... မြေအောက်ရေမြောင်းထဲကို ဝှီးချဲနဲ့ ဖြတ်သွားလို့ မရဘူး။ ကောင်မလေး... မင်းလည်း မြန်မြန် ငါတို့နဲ့ လိုက်ခဲ့ပါ" ဝဝဖိုင့်ဖိုင့် ကုန်တိုက်မန်နေဂျာက ပြောလိုက်သည်။
ပိုက်လိုင်း အလုပ်သမားက ရှေ့ဆုံးမှ လျှောက်သွားနေသလို ကျန်ရှိသော လူများကလည်း ဘာမှမကြားသယောင်ဖြင့် သူ၏ နောက်မှ ခပ်သွက်သွက် လိုက်သွားကြသည်။
"ဒါဆိုရင် တစ်ယောက်ယောက်လောက် သူကို ကုန်းပိုးပေးကြပါဦး၊ ကျွန်မ တောင်းပန်ပါတယ်။ သူ့ကို ဒီမှာ တစ်ယောက်တည်း ထားမခဲ့ကြပါနဲ့၊ တောင်းပန်ပါတယ်..." လူအုပ်ကြီး အဝေးသို့ ရောက်သွားသည်ကို မြင်လိုက်ရချိန်တွင် ထိုမိန်းကလေးမှာ ငိုလုနီးပါး ဖြစ်သွားရသည်။ သူမ ဘာလုပ်ရမှန်း မသိတော့ပါပေ။
လူအချို့မှာ နောက်သို့ လှည့်ကြည့်လာကြပြီး ဝှီးချဲပေါ်ရှိ မိန်းကလေးကို မြင်လိုက်ရချိန်တွင် ကူညီချင်သော အမူအရာများ ပေါ်လာကြသော်လည်း နောက်ဆုံးတွင် မည်သူမျှ ရှေ့ထွက်မလာခဲ့ကြပေ။
သူတို့ကိုယ်တိုင်ပင် ဘာဖြစ်မည်ကို မခန့်မှန်းနိုင်သော အခြေအနေမျိုးတွင်၊ အကယ်၍ မြေအောက်ရေမြောင်းထဲ၌ မှော်သားရဲနှင့် တွေ့ပါက မိန်းကလေးတစ်ယောက်ကို ပိုးထားလျှင် သူတို့ လွတ်အောင် ပြေးနိုင်ကြမည် မဟုတ်ပါပေ။
"ငါတို့ ဒီလို မလုပ်သင့်ဘူး ထင်တယ်၊ အဲဒီကောင်မလေးက သနားစရာလေး" အမျိုးသမီးတစ်ဦးက တိုးတိုးလေး ရေရွတ်လိုက်သည်။
"မလုပ်သင့်ဘူး ဆိုတာ ဘာကို ပြောတာလဲ၊ သူမက လမ်းမလျှောက်နိုင်တာလေ၊ ငါတို့ကို ဘာလာအပြစ်တင်နေတာလဲ...မင်းက သနားတယ်ဆိုရင်လည်း သွားပိုးလေ၊ ငါ သတိမပေးဘူးလို့တော့ မပြောနဲ့။ မြေအောက်မှာ တွားသွားရမယ့် ပိုက်တွေ အများကြီး ရှိတယ်၊ လှေကားတွေဆိုတာလည်း ခြေထောက်တွေ မခိုင်တော့တဲ့အထိ တက်ရမှာ။ သူမကို ခေါ်သွားမယ်ဆိုရင် ခိုလှုံရာစခန်းကို ရောက်ဖို့ နှစ်ရက်ထက်မက ကြာလိမ့်မယ်" ပိုက်လိုင်း အလုပ်သမားက ပြောလိုက်သည်။
"မှော်သားရဲတွေက ဒီကုန်တိုက်ကို ရှာတွေ့ချင်မှ တွေ့မှာပါ၊ သူမ ဒီမှာပဲ နေပြီး တစ်ယောက်ယောက် လာကယ်တာကို စောင့်နေတာက ပိုကောင်းပါတယ်"
ကယ်တင်မည့်သူကို စောင့်နေရန် ပြောလိုက်သည့် စကားကို ကြားလိုက်ရချိန်တွင် လူတိုင်း၏ မျက်နှာများမှာ တွန့်ချိုးသွားကြသည်။
အနီရောင်အဆင့်သတိပေးချက် ထုတ်ပြန်ထားချိန်တွင် ကယ်ဆယ်ရေးဆိုသည်မှာ မဖြစ်နိုင်သလောက်ပင်။ မှော်ဆရာ အများစုမှာ ခိုလှုံရာစခန်းရှိ လူများကို ကာကွယ်ရန်အတွက်သာ စုဝေးနေကြပြီး၊ အပြင်ဘက်တွင် ကျန်ရစ်နေသူများမှာမူ မိမိတို့ဘာသာ ဘေးလွတ်ရာသို့ ရောက်အောင် သွားကြရမည်သာ ဖြစ်သည်။
ထို့ကြောင့် ဝှီးချဲပေါ်ရှိ မိန်းကလေးမှာ မှော်သားရဲများ ကုန်တိုက်ကို ဘယ်တော့မှ ရှာမတွေ့ပါစေနှင့်ဟုသာ ဆုတောင်းနေရတော့မည် ဖြစ်သည်။ ကုန်တိုက်ကြီးမှာ ခဏချင်းပင် တိတ်ဆိတ်သွားတော့သည်။
စကားပြောနေခဲ့သော ပုပုပါးပါး မိန်းကလေးမှာ ဝှီးချဲပေါ်ရှိ မိန်းကလေး၏ ဘေးတွင် ရပ်နေဆဲ ဖြစ်သည်။ လူအုပ်ကြီး၏ ကျောပြင်များ တဖြည်းဖြည်း ဝေးကွာသွားသည်ကို မြင်လိုက်ရချိန်တွင် သူ၏ နှုတ်ခမ်းကို နာကျင်အောင် ကိုက်လိုက်မိသည်။
"မင်းလည်း သူတို့နောက်ကို လိုက်သွားပါ" ဝှီးချဲပေါ်ရှိ မိန်းကလေးက သူမဘေးက အမည်မသိ မိန်းကလေးကို ကြည့်ကာ အတင်းအကျပ် ပြုံးလျက် ပြောလိုက်သည်။
"တောင်းပန်ပါတယ်... ကျွန်မ တကယ်ပဲ မင်းကို ခေါ်သွားချင်တာပါ..." ထိုမိန်းကလေးက အလွန်အမင်း အားနာလှသော လေသံဖြင့် ဆိုသည်။
"စိတ်မပူပါနဲ့... သူတို့နောက်ကို မြန်မြန် လိုက်သွားပါတော့"
"မင်းအတွက် ကျွန်မ တစ်ခုခု လုပ်ပေးနိုင်မလား"
ဝှီးချဲပေါ်ရှိ မိန်းကလေးမှာ တစ်ခုခုကို စဉ်းစားမိသွားပုံရပြီး သူ၏ လက်ကောက်ကို အမြန်ချွတ်ကာ ထိုမိန်းကလေးအား ပေးလိုက်ရင်း ....
"မင်း ခိုလှုံရာစခန်းကို ရောက်ရင်... ဒါလေးကို ကျွန်မ မိသားစုဆီ ပေးပေးပါ..." ပြောလိုက်သည်။
ထိုမိန်းကလေးသည် ဝှီးချဲပေါ်ရှိ မိန်းကလေး၏ မိသားစု အချက်အလက်များကို အမြန် မှတ်သားလိုက်ပြီး လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။
"စိတ်မပူပါနဲ့... ကျွန်မ သူတို့ကို သေချာ ပြောပြပေးပါ့မယ်။ သူတို့ကို ဒီကို လာကယ်ဖို့ နည်းလမ်းရှာခိုင်းပါ့မယ်"
ဝှီးချဲပေါ်ရှိ မိန်းကလေးက ခေါင်းခါပြလိုက်ပြီး "ကျွန်မ အသတ်ခံလိုက်ရပြီလို့ပဲ ပြောပေးပါ" ဆိုသည်။
ထိုမိန်းကလေးမှာ အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ဘာပြန်ပြောရမှန်း မသိတော့ပါပေ။
နောက်ဆုံးတွင် ထိုမိန်းကလေးမှာ နောက်သို့ လှည့်ကာ ထွက်ခွာသွားတော့သည်။ သူမသည် အကြိမ်ကြိမ် နောက်လှည့်ကြည့်ချင်သော်လည်း အံကြိတ်ကာ ထွက်သွားခဲ့တော့သည်။
မှိန်ပျပျ အလင်းရောင်များကြားတွင် ရုံးဝန်ထမ်း အမျိုးသမီး လင်းကျား၏ စိတ်လုံးမှာ နာကျင်နေရသည်။ သူမ ထင်ထားခဲ့သည်မှာ အမျိုးသားများထဲမှ တစ်ယောက်ယောက် ထိုမိန်းကလေးကို ပိုးပြီး ခေါ်သွားလိမ့်မည် ဟူ၍ ဖြစ်သော်လည်း၊ နောက်ဆုံးတွင် သူတို့အားလုံးမှာ အမြန်ဆုံး ထွက်ပြေးသွားကြသည်သာ ဖြစ်၏။
ဤကဲ့သို့ လစ်လျူရှုခံရမှုက သူမ၏ နှလုံးသားကို ခါးသီးလှသော စိတ်ပျက်မှုများ ဖြစ်ပေါ်စေခဲ့သည်။
သို့သော် လင်းကျားကော ဘာတတ်နိုင်မည်နည်း။သူမ၏ ခြေထောက်မှာ ဒဏ်ရာရထားဆဲ ဖြစ်ရာ ထိုလူများနောက်ကို မမှီတမှီ လိုက်နေရခြင်းမှာပင် သူမအတွက် အတော်လေး ကောင်းမွန်နေပြီ ဖြစ်သည်။ သူမအနေဖြင့် ထိုမိန်းကလေးကို ပိုးသွားရန်မှာ လုံးဝ မဖြစ်နိုင်ပါပေ။
ဝှီးချဲပေါ်ရှိ အမည်မသိ မိန်းကလေးမှာမူ အလွန်ပင် တည်ငြိမ်နေပုံရသည်။ လူတိုင်းက သူ့ကို ထားခဲ့ရန် ဆုံးဖြတ်လိုက်ကြချိန်တွင် သူမထံမှ အသနားခံသော အရိပ်အယောင် အနည်းငယ်မျှ မတွေ့ရပေ။ သူ၏ မျက်လုံးများထဲတွင်လည်း ထိတ်လန့်တုန်လှုပ်မှု သို့မဟုတ် မျှော်လင့်ချက်မဲ့မှုများ ရှိမနေပေ။
"တောင်းပန်ပါတယ်... တောင်းပန်ပါတယ်..."
လင်းကျား၏ နှုတ်ခမ်းများမှာ သွေးစို့အောင် ကိုက်ထားမိပြီး၊ နောက်ဆုံးတွင် သူမသည် အဆက်မပြတ် တောင်းပန်ရင်း ထွက်သွားကြသော လူများနောက်သို့ ပြေးလိုက်သွားတော့သည်။
မကြာမီမှာပင် ကုန်တိုက်ကြီး တစ်ခုလုံးမှာ လုံးဝ တိတ်ဆိတ်သွားတော့သည်။ ကျန်ရစ်နေခဲ့သည်မှာ သာမန် ဝှီးချဲတစ်ခုနှင့် အစိမ်းရောင် ပိုးထည် ဂါဝန်ဝတ်ထားသော မိန်းကလေးတစ်ဦးသာ ဖြစ်၏။
လူတွေ အားလုံး ထွက်သွားကြပြီ ဖြစ်ရာ ယဲ့ရှင်းရှားသည် ခေါင်းကို ဖြည်းညှင်းစွာ ငုံ့ချလိုက်သည်။ ဆံပင်များက သူမ၏ မျက်နှာကို ဖုံးလွှမ်းသွားပြီး သူ၏ ဖြူဖွေးသော လက်နှစ်ဖက်မှာ ဒူးပေါ်တွင် တည်ရှိနေသည်။
သူမသည် မည်မျှပင် တည်ငြိမ်နေပါစေ၊ သူမ၏ ရင်ထဲ၌ ကြောက်ရွံ့မှုများမှာ အရှိန်အဟုန်ဖြင့် တိုးပွားလာနေပြီး၊ သူ၏ ဂါဝန်ကို မသိမသာ ဆုပ်ကိုင်ထားမိခြင်းကပင် ၎င်းကို အထင်ရှားဆုံး ပြသနေပေသည်။
သူ၏ ရင်ထဲ၌ ထိုလူများကို အပြစ်မတင်ပါပေ။ လမ်းမလျှောက်နိုင်ခြင်းမှာ ကံကြမ္မာသာ ဖြစ်ရာ မည်သူ့ကို အပြစ်တင်ရမည်နည်း။ လူတိုင်းတွင် ရှင်သန်ပိုင်ခွင့် ရှိကြသည် မဟုတ်ပါလား။
သို့သော် မိမိ၏ ဘေးပတ်ဝန်းကျင်တွင် မည်သည့် အန္တရာယ်များ ရှိနေမှန်း မသိရဘဲ၊ ဘယ်အချိန်မှာ သေရမလဲဆိုတာကို မသိရသည့် အခြေအနေမျိုးတွင် လောကကြီးက မိမိကို စွန့်ပစ်လိုက်ပြီဟူသော ခံစားချက်၊ အားကိုးရာမဲ့သည့် ခံစားချက်တို့မှာ ခန္ဓာကိုယ်၏ တစ်လက်မချင်းစီသို့ ပျံ့နှံ့သွားတော့သည်။
သူသည် ဆက်လက်၍ ဝေဒနာခံစားပြီး အားကိုးရာမဲ့စွာ စောင့်ဆိုင်းနေရမည်လား၊ သို့မဟုတ် မိမိဘာသာ အဆုံးစီရင်ပြီး ဤပြဿနာအားလုံးကို အဆုံးသတ်လိုက်ရမည်လားဆိုသည်ကို မဝေခွဲနိုင်တော့ပါပေ။ သေမင်း၏ တံခါးဝတွင် ရောက်ရှိနေချိန်၌ ဆက်လက် ရုန်းကန်နေရန် အကြောင်းရင်း ရှိပါသေးသလား။
သူမသည် ဆုံးဖြတ်ချက် တစ်ခုခု ချလိုက်သည့်အလား၊ ဝှီးချဲကို ဖြည်းညှင်းစွာ တွန်းရင်း မီးဖိုချောင်သုံး ပစ္စည်းများရှိရာသို့ ချဉ်းကပ်သွားလိုက်သည်။
သူသည် ဝှီးချဲပေါ်မှ အားစိုက်၍ မတ်တပ်ရပ်လိုက်ပြီး ထက်မြက်လှသော သစ်သီးလှီးဓား တစ်ချောင်းကို ယူလိုက်သည်။
သူသည် မတ်တပ်ရပ်နိုင်ပြီး ခြေလှမ်းအနည်းငယ်ကို အားစိုက်ကာ လျှောက်နိုင်ပါသေးသည်။ သို့သော် သူ၏ အားနည်းလှသော ခြေထောက်များက သူမကို အလွန်အမင်း ပင်ပန်းနွမ်းနယ်သွားစေသည်။
သူမသည် ဝှီးချဲပေါ်သို့ ပြန်လည် ထိုင်လိုက်ပြီးနောက်၊ ဝှီးချဲကို မူလနေရာသို့ ဖြည်းဖြည်းချင်း ပြန်တွန်းသွားလိုက်တော့သည်...
ယဲ့ရှင်းရှား၏ လုပ်ရပ်အားလုံးကို အလုပ်သမား လင်းကျားက မြင်တွေ့နေခဲ့ရပြီး သူ၏ ရင်ထဲ၌ အားနာစိတ်များ တစ်ဖန် ပြန်လည် ဖုံးလွှမ်းသွားရပြန်သည်။
အကယ်၍ ထိုကုန်တိုက်ကို မှော်သားရဲများက ရှာတွေ့ခဲ့လျှင်၊ ဝှီးချဲပေါ်ရှိ ထိုမိန်းကလေးသည် သူ၏ အသက်ကို ကိုယ်တိုင် အဆုံးစီရင်သွားပေလိမ့်မည်။
လင်းကျားသည် သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ပြီး၊ နောက်ဆုံးတွင် တံခါးကို ပိတ်လိုက်တော့သည်။
အခန်း (၁၀၉) ပြီး
***