"မှော်သားရဲဝင်ပေါက်တစ်ခုကို ရှာတွေ့ပြီး အောင်အောင်မြင်မြင် ဖျက်ဆီးနိုင်ခဲ့တဲ့ တခြားအဖွဲ့တစ်ဖွဲ့ ရှိတယ်" ဗိုလ်မှူးချန်က ဘေးဘက်မှ လျှောက်လာရင်း လူတိုင်းကို တည်ကြည်လေးနက်စွာ ပြောလိုက်သည်။
"ဒါဆိုရင် ငါတို့ ဝမ်းသာရမှာ မဟုတ်ဘူးလား" ရွှီတာဟွမ်က ချက်ချင်းပင် ပြုံးလိုက်မိသည်။
"အဲဒီအဖွဲ့တစ်ခုလုံးလည်း အကုန်သေသွားပြီ၊ တစ်ယောက်မှ အသက်ရှင်လျက် မလွတ်မြောက်ခဲ့ဘူး" ဗိုလ်မှူးချန်က တိုးတိုးလေး ထပ်ပြောလိုက်သည်။
ရွှီတာဟွမ်၏ မျက်နှာပေါ်ရှိ အပြုံးမှာ ချက်ချင်းပင် ရပ်တန့်သွားတော့သည်။
ကျန်ရှိသူများမှာလည်း အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားကြပြီး ဝမ်းသာအားရ ဖြစ်နေသည့် စိတ်များမှာလည်း လုံးဝ ပျောက်ကွယ်သွားရတော့သည်။
မှော်သားရဲဝင်ပေါက်တစ်ခုတွင် မှော်သားရဲအုပ်စုများ သေချာပေါက် ရှိနေပေလိမ့်မည်။ ထိုနေရာသို့ ခိုးကြောင်ခိုးဝှက် ဝင်ရောက်ရန်မှာ လွယ်ကူနိုင်သော်လည်း၊ ဝင်ပေါက်ကို ဖျက်ဆီးပြီးသည်နှင့် ထိုအဖွဲ့မှာ မှော်သားရဲအုပ်စုများ၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ချက်ချင်း ခံရပေတော့မည်။
အမှန်တကယ်တွင် အဖွဲ့ဝင်များကို ရွေးချယ်စဉ်ကပင် ဗိုလ်မှူးချန်သည် ဤတာဝန်မှာ သွားနိုင်သော်လည်း ပြန်လာနိုင်ခြေ မရှိသလောက်ဖြစ်ကြောင်း လူတိုင်းကို အသေအချာ ပြောပြထားခဲ့ပြီး ဖြစ်သည်။
"ဆက်သွားကြစို့၊ မင်ဝမ် မိန်းကလေး အလယ်တန်းကျောင်းနဲ့ သိပ်မဝေးတော့ဘူး" ဗိုလ်မှူးချန်က ဆိုသည်။
"ဟုတ်ကဲ့... ဒီအိမ်ဟောင်းတန်းကို ဖြတ်ပြီးရင် ကျောင်းသားလမ်းမ ရှိတယ်၊ အဲဒါကို ကျော်လိုက်တာနဲ့ မိန်းကလေးကျောင်းရဲ့ ဂိတ်ပေါက်ကို မြင်ရပြီ။ အရင်က သတင်းပို့ချက်တွေအရ သူတို့ရဲ့ ထမင်းစားဆောင်မှာ တုန်ခါမှုတွေ ဖြစ်နေတယ်လို့ ဆိုတဲ့အတွက်၊ မှော်သားရဲဝင်ပေါက်ဟာ ထမင်းစားဆောင် အောက်မှာပဲ ရှိဖို့ များပါတယ်" ရွှီတာဟွမ်က ရှင်းပြသည်။
အားလုံးက ခေါင်းညိတ်ထောက်ခံကြပြီး ရွှီတာဟွမ် ရွေးချယ်ပေးသော လမ်းကြောင်းအတိုင်း လိုက်ပါခဲ့ကြသည်။
လမ်းခရီးတွင် အနှောင့်အယှက်ပေးသော မှော်သားရဲအချို့နှင့် တွေ့ဆုံခဲ့သော်လည်း ဗိုလ်မှူးချန်က လျင်မြန်စွာပင် ဖြေရှင်းပေးခဲ့သည်။
အလယ်အလတ်အဆင့် မှော်ဆရာတစ်ဦးသည် အစေခံအဆင့်မှော်သားရဲများကို ချက်ချင်း သုတ်သင်နိုင်စွမ်း ရှိသဖြင့် သူတို့၏ ခရီးမှာ အတော်လေး မြန်ဆန်လှပေသည်။
"ကယ်ကြပါဦး...ကယ်ပါဦး...ကယ်ကြပါဦးဦး..."
သူတို့ ဆက်လက် ချီတက်တော့မည့် အချိန်မှာပင် သူတို့၏ ရှေ့တည့်တည့်မှ စူးရှလှသော အော်ဟစ်သံကြီးတစ်ခု ထွက်ပေါ်လာသည်။
ရွှီတာဟွမ်က လှုပ်ရှားရန် ပြင်လိုက်သော်လည်း ဗိုလ်မှူးချန်က သူ၏ ရှေ့၌ ချက်ချင်း ပိတ်ရပ်ကာ တားမြစ်လိုက်သည်။
ရွှီတာဟွမ်မှာ ဇဝေဇဝါ ဖြစ်သွားရပြီး ပါးစပ်ဟလိုက်ချိန်မှာပင် ဗိုလ်မှူးချန်က အေးစက်စွာ ပြောလိုက်သည်။
"ငါ ထွက်လာကတည်းက ပြောခဲ့ပြီးသားပဲ၊ ငါတို့ရဲ့ တာဝန်က မှော်သားရဲဝင်ပေါက်ကို ဖျက်ဆီးဖို့ပဲ။ လမ်းမှာ ငါတို့ သိတဲ့လူနဲ့ တွေ့ရင်တောင် လက်ကမ်း ကူညီလို့ မရဘူး။ သူ့ဆွေမျိုးကို ကယ်ဖို့ လိုက်လာတဲ့ မိုဖန်ကလွဲရင် ကျန်တဲ့လူတွေဟာ ဘာလုပ်ဖို့ လာတာလဲဆိုတာကို နားလည်ထားကြဖို့ မျှော်လင့်တယ်"
အားလုံး တိတ်ဆိတ်သွားကြသည်။
သူတို့သည် တိုက်ခိုက်ရေးမှော်ဆရာများ ဖြစ်ကြရာ အမိန့်နာခံမှုမှာ သူတို့၏ တာဝန်ပင် ဖြစ်သည်။ ထို့ကြောင့် ရှေ့လမ်းထောင့်၏ ညာဘက်ခြမ်းမှ နာကျင်လှသော အော်ဟစ်သံများ ထွက်ပေါ်နေသည့်တိုင် သူတို့မှာ နှုတ်ခမ်းကို တင်းတင်းစေ့ကာ ထိုနေရာမှာပင် ငြိမ်သက်စွာ ရပ်နေခဲ့ကြရသည်။
မိုဖန်မှာလည်း တုန်လှုပ်နေဆဲပင် ဖြစ်၏။ သို့သော် သေချာ ပြန်စဉ်းစားကြည့်လိုက်ချိန်တွင် လူမဆန်သယောင် ထင်ရသော ထိုဆုံးဖြတ်ချက်၏ နောက်ကွယ်က အကြောင်းရင်းကို သူ နားလည်လိုက်သည်။
အကယ်၍ သူတို့ လမ်းမှာ လူတွေကို ကယ်နေမည်ဆိုပါက ဤအဖွဲ့မှာ ကယ်ဆယ်ရေးအဖွဲ့ ဖြစ်သွားပေလိမ့်မည်။ လူများစွာကို ဝန်ထုတ်ဝန်ပိုးအဖြစ် သယ်ဆောင်လျက် မှော်သားရဲဝင်ပေါက် အတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန်မှာ မည်သို့မျှ မဖြစ်နိုင်ပါပေ။
မှော်သားရဲများ ရှိရာနေရာတွင် တစ်မိနစ် ပိုနေမိခြင်းကပင် သူတို့ ဆယ်ယောက်သား အသက်ဆုံးရှုံးရန် လုံလောက်လှပေသည်။ သူတို့ ရှေ့မှောက်က လူတွေကို လက်တစ်ကမ်း ကူညီရုံဖြင့် ကယ်နိုင်သည့်တိုင် ဤလမ်းကိုသာ ရွေးချယ်ရမည် ဖြစ်သည်။
နှစ်မိနစ်ခန့် ကြာပြီးနောက်တွင် နာကျင်လှသော အော်ဟစ်သံများမှာ နောက်ဆုံး၌ ပျောက်ကွယ်သွားတော့သည်။
ခဏအကြာတွင် နည်းပြ လော့ယွင်ပေါ် ပြန်ရောက်လာပြီး ဗိုလ်မှူးချန်ကို ပြောလိုက်သည်။
"မှော်သားရဲတွေ ထွက်သွားပြီ၊ ငါတို့ ဆက်သွားလို့ ရပြီ"
လော့ယွင်ပေါ်သည် ထိုလူများ သတ်ဖြတ်ခံရသည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသဖြင့် ယခုအချိန်တွင် သူ၏ မျက်နှာမှာ အလွန်ပင် ပျက်ယွင်းနေသည်။ အကယ်၍သာ ဤတာဝန်ကြောင့် မဟုတ်ပါက သူသည် ထိုလူများကို သေချာပေါက် သွားကယ်မိပေလိမ့်မည်။
သူတို့၏ အရှေ့တွင် အတော်လေး ကျယ်ဝန်းသော လမ်းမကြီးတစ်ခု ရှိနေပြီး ကားတစ်စီးမျှ မရှိဘဲ ဗလာကျင်းနေသည်။ သို့သော် ကတ္တရာလမ်းပေါ်တွင်မူ သွေးစိမ်းရှင်ရှင်နှင့် ကြောက်မက်ဖွယ်ကောင်းသော အလောင်းအချို့ ရှိနေသည်။ ၎င်းတို့မှာ သေဆုံးသွားသည်မှာ မကြာသေးပုံရ၏။ သူတို့ ခြေလှမ်းအနည်းငယ် ထပ်တိုးလိုက်ချိန်တွင် လမ်းပေါ်၌ လဲလျောင်းနေပြီး ပုပ်စော်နံနေသော ဝဝဖိုင့်ဖိုင့် အမျိုးသားတစ်ဦး၏ ခန္ဓာကိုယ်မှာ ရုတ်တရက် လှုပ်ရှားလာသည်။
သူသည် မသေဆုံးသေးပုံရဘဲ မျက်လုံးများကို ပြူးကျယ်လျက် အားစိုက်ကာ ခေါင်းမော့၍ အဖွဲ့သားများကို ကြည့်လာသည်။
သူ၏ မျက်လုံးများထဲတွင် ဒေါသနှင့် သံသယများ ပြည့်နှက်နေ၏။ သူသည် သွေးများ စိုရွှဲနေသော ခန္ဓာကိုယ်ဖြင့် တွားသွားနေစဉ်တွင် အဆောက်အအုံ မှန်သားများမှတစ်ဆင့် ဤမှော်ဆရာ အုပ်စုကို အထင်အရှား မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။
သူသည် ခုနကတင် ဤမှော်ဆရာများကို လှမ်းအော်ကာ ကယ်ခိုင်းနေခဲ့ခြင်း ဖြစ်ပေသည်။ သို့သော် သူ၏ ခြေထောက်များကို မှော်သားရဲများက ကိုက်ဖြတ်နေချိန်တွင် ဤလူများမှာ လှုပ်ရှားမှု တစ်ခုမျှ မလုပ်ခဲ့ကြပါပေ။ သူ၏ ခန္ဓာကိုယ် အောက်ပိုင်းကို မှော်သားရဲများက ဝါးမျိုလုနီးပါး ဖြစ်နေချိန်တွင်လည်း ဤနှလုံးသားမရှိသော မှော်ဆရာများမှာ လစ်လျူရှုနေခဲ့ကြသည်။
ထိုတိုက်ခိုက်ရေးမှော်ဆရာများ သူ၏ ဘေးမှ ဖြတ်လျှောက်သွားချိန်တွင် သူသည် နောက်ဆုံးလက်ကျန် အင်အားကို သုံး၍ တစ်ယောက်၏ ခြေထောက်ကို လှမ်းဖမ်းဆုပ်လိုက်သည်။ သူသည် လူတွေ အသက်ပျောက်နေသည်ကို ဘာကြောင့် ဒီအတိုင်း ရပ်ကြည့်နေကြသလဲဆိုသည်ကို ဤလူမဆန်သော မှော်ဆရာများကို အံကြိတ်ကာ မေးမြန်းချင်နေခဲ့သည်။
ဖန်းလီကျွင်းမှာ အရှိန်သတ်ကာ ရပ်လိုက်မိသည်။ သူမ၏ ခြေထောက်ကို လှမ်းဖမ်းထားသော ထွက်သက်ဝင်သက် မမှန်တော့သည့် အမျိုးသားကို ကြည့်လိုက်သော်လည်း သူမ၏ မျက်လုံးများတွင် ခံစားချက် အရိပ်အယောင် အနည်းငယ်မျှ ရှိမနေပေ။
နောက်တစ်စက္ကန့်တွင် သူမသည် ရှေ့သို့ ဆက်လက် လျှောက်လှမ်းသွားတော့သည်။ အားလုံးက ထိုအလွန် သနားစရာကောင်းသော အမျိုးသားကို မကြည့်ကြဘဲ အလျင်အမြဲ ရှေ့ဆက်သွားခဲ့ကြသည်။
ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက်တွင် မမှတ်မိနိုင်လောက်အောင် ပျက်စီးနေသော အလောင်းများကို ထပ်မံ မြင်တွေ့ရပြန်သည်။
လမ်းလယ်သို့ ရောက်ရှိချိန်တွင် သေဆုံးခါနီး လူသား၏ တိတ်ဆိတ်လှသော ပြစ်တင်ဝေဖန်မှုများကို ခံခဲ့ရသည့် မှော်ဆရာများသည် မြေအောက်လှိုင်ဂူ ဝင်ပေါက်နားတွင် မျက်လုံးကြီး ကြွက်လူဝံ၏ ကိုက်ဖြတ်ခြင်း ခံထားရသဖြင့် လည်ပင်း ပြတ်ထွက်နေသော အမျိုးသမီး အလောင်းတစ်ခုကို တွေ့လိုက်ကြရသည်။
"သူတို့တွေ မြေအောက် ရေမြောင်းလမ်းကို သုံးပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့ပုံရတယ်၊ ဒါပေမဲ့..." လော့ယွင်ပေါ်၏ အသံမှာ တိုးဝင်သွားသည်။
"မြေအောက် ရေမြောင်းလမ်းတွေဆိုတာ မျက်လုံးကြီး ကြွက်လူဝံတွေရဲ့ အသိုက်အမြုံတွေပဲ၊ သူတို့က ကိုယ့်သေတွင်းကိုယ် တူးလိုက်မိတာပဲ" ရွှီတာဟွမ်က မတတ်သာဘဲ ခေါင်းခါရင်း ဆိုသည်။
သူတို့ မသွားသင့်ဆုံး လမ်းမှာ ထိုရေမြောင်းလမ်းများပင် ဖြစ်၏။ မှော်သားရဲများသည် မြေအောက်ကမ္ဘာကို အသုံးချကာ မြို့၏ နေရာအနှံ့အပြားသို့ ပျံ့နှံ့နေကြခြင်း ဖြစ်သည်။
"သွားကြစို့... ငါတို့ ဒီဝင်ပေါက်ကို မဖျက်ဆီးနိုင်ရင် နောက်ထပ် လူတွေ အများကြီး သေရဦးမှာပဲ" ဗိုလ်မှူးချန်က မည်သည့် ခံစားချက်မျှ မပြဘဲ ပြောလိုက်သည်။
ကျန်ရှိသူများက ခေါင်းညိတ်လိုက်ကြသည်။
မိုဖန် ရှေ့သို့ ဆက်သွားရန် ပြင်လိုက်ချိန်တွင် သူ၏ ခြေလှမ်းများမှာ ရုတ်တရက် ရပ်တန့်သွားသည်။
သူ၏ အကြည့်မှာ ရေမြောင်းဝင်ပေါက်နားက မိန်းကလေး၏ လက်ကောက်ဝတ်ထံသို့ စိုက်ကျသွားသည်။ သူသည် ထိုမိန်းကလေးကို တစ်ခါမျှ မမြင်ဖူးပေ၊ သို့သော် သူမ ဝတ်ထားသော လက်ကောက်မှာမူ သူ အလွန်ပင် ရင်းနှီးနေသော အရာ ဖြစ်သည်။
ဤလက်ကောက်မှာ ယဲ့ရှင်းရှား၏ (၁၆) နှစ်ပြည့် မွေးနေ့တုန်းက ကျောင်းသားလမ်းမတွင် သူမအတွက် သူကိုယ်တိုင် ဝယ်ပေးခဲ့သော လက်လုပ်လက်ကောက်လေး ဖြစ်သည်။ သူတို့နှစ်ဦးသည် မတူညီသော ပုတီးစေ့လေးများကို ရွေးချယ်ကာ ထူးခြားသော ဤလက်ကောက်လေးကို ပြုလုပ်ခဲ့ကြခြင်း ဖြစ်ပြီး၊ ၎င်းထဲတွင် သူကိုယ်တိုင် အားတက်သရော ထည့်သွင်းပေးခဲ့သော အရုပ်ဆိုးလှသည့် အမည်းရောင် ပုတီးစေ့လေး တစ်စေ့လည်း ပါဝင်နေသည်။
အခြားသော ကောင်လေးနှင့် ကောင်မလေးများမှာ လက်ကောက်၏ တစ်ဝက်စီကို သီကုံးတတ်ကြသော်လည်း၊ မိုဖန်ကဲ့သို့ ပေါ့ပေါ့တန်တန် နေတတ်သူတစ်ဦးမှာမူ အလွန် ကြာမြင့်စွာ အချိန်ယူပြီးမှ လိုက်ဖက်မှု မရှိလှသော အမည်းရောင် ပုတီးစေ့လေးကို သီကုံးပေးခဲ့ခြင်း ဖြစ်သည်။ လှပလှသော ဤလက်ကောက်လေးမှာ ကြွက်ချေးတစ်ခုကြောင့် ညစ်နွမ်းသွားသယောင် ရှိခဲ့သော်လည်း ယဲ့ရှင်းရှားမှာမူ ၎င်းကို နေ့တိုင်း ပျော်ရွှင်စွာ ဝတ်ဆင်လေ့ ရှိသည်။
ဤကဲ့သို့သော လက်ကောက်မျိုးမှာ လမ်းမပေါ်တွင် နေရာအနှံ့ ရှိနိုင်သော်လည်း၊ သူ သီပေးခဲ့သော အမည်းရောင် ပုတီးစေ့လေးမှာမူ အလွယ်တကူ ခွဲခြားသိမြင်နိုင်ပေသည်။ ဤသည်မှာ သူနှင့် ယဲ့ရှင်းရှား ပူးပေါင်းပြီး ပြုလုပ်ခဲ့သော လက်လုပ်လက်ကောက်လေး ဖြစ်ကြောင်း သေချာလှသည်။ သို့သော် အဘယ်ကြောင့် သူစိမ်းမိန်းကလေးတစ်ဦး၏ လက်ထဲသို့ ရောက်နေရသနည်း။
"မိုဖန်... မင်း အဆင်ပြေရဲ့လား" အဖွဲ့၏ အရှေ့ဆုံးမှ ဖန်းလီကျွင်းက လှည့်ကြည့်ကာ မေးလိုက်သည်။
"ကျွန်တော် သဲလွန်စတစ်ခု တွေ့လိုက်ပြီ ထင်တယ်၊ ဒီမိန်းကလေး ဝတ်ထားတာ ကျွန်တော့်ညီမလေးရဲ့ လက်ကောက်ပဲ" မိုဖန်သည် ထိုမိန်းကလေး၏ လက်ကောက်ဝတ်မှ လက်ကောက်ကို ချွတ်ယူလိုက်သည်။ သေချာစွာ စစ်ဆေးကြည့်ပြီးနောက် ၎င်းမှာ မှန်ကန်ကြောင်း သူ အတည်ပြုလိုက်နိုင်သည်။
"သေနေတဲ့ လူဝကြီးရဲ့ ကျောပေါ်မှာ ဝေါမတ်ရဲ့ တံဆိပ် ပါတယ်၊ ဒီလူတွေဟာ ဝေါမတ်နားက မြေအောက် ရေမြောင်းလမ်းအတိုင်း ဒီကို ထွက်ပြေးလာကြတာ ဖြစ်ရမယ်။ သူတို့ လမ်းတစ်ဝက်မှာတင် မျက်လုံးကြီး ကြွက်လူဝံတွေရဲ့ ရှာတွေ့ခြင်းကို ခံလိုက်ရလို့ အပေါ်ထပ်ကို တက်ပြေးဖို့ ကြိုးစားခဲ့ကြတာ ဖြစ်မှာပါ" ဖန်းလီကျွင်းက ဆိုသည်။
မိုဖန်သည် ရေမြောင်းဝင်ပေါက်ကို တစ်ချက် ကြည့်လိုက်ရာ အောက်ထပ်တွင် နောက်ထပ် အလောင်းနှစ်ခု ရှိနေသည်ကို မြင်လိုက်ရသည်။ ထို့အပြင် သူတို့၏ ကိုယ်ပေါ်မှ ရေမြောင်းနံ့များကြောင့် သူတို့သည် ရေမြောင်းအတွင်းမှ လာခဲ့ကြခြင်းဖြစ်ကြောင်း သူ အတည်ပြုနိုင်ခဲ့သည်။
"ဒီပတ်ဝန်းကျင်မှာဆိုရင် မင်ဝမ် ဈေးဝယ်စင်တာရဲ့ အောက်မှာ ဝေါမတ် ကုန်တိုက် တစ်ခုပဲ ရှိတာ" ရွှီတာဟွမ်သည် ဤနယ်မြေကို အလွန် ကျွမ်းကျင်သူ ဖြစ်ရာ မိုဖန်ကို ချက်ချင်းပင် ပြောပြလိုက်သည်။
ယခင်က ရှာဖွေရသည်မှာ မြက်ပုံထဲတွင် အပ်ရှာရသကဲ့သို့ ခက်ခဲခဲ့သော်လည်း၊ ကံတရားက သူ့အပေါ် ကြင်နာပြီး သဲလွန်စအချို့ ပေးခဲ့လိမ့်မည်ဟု မည်သူ ထင်ထားမည်နည်း။
ယဲ့ရှင်းရှားသည် ထိုကုန်တိုက်တွင် ရှိ၊ မရှိ သူ အတည်မပြုနိုင်သေးသော်လည်း၊ ယခုအခါတွင်မူ သူ သွားရမည့် ဦးတည်ချက်တစ်ခု ရှိသွားခဲ့ပြီ ဖြစ်သည်။ သူသည် ခေါင်းမပါသော ယင်ကောင်တစ်ကောင်ကဲ့သို့ ဤပတ်ဝန်းကျင်တွင် ရမ်းသန်း ရှာဖွေနေစရာ မလိုတော့ပါပေ။
"မိုဖန်..."
မိုဖန် ခေါင်းညိတ်ပြလိုက်သည်။
"ကျွန်တော် နားလည်ပါပြီ"
"ဒါဆိုရင် မင်းကို ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်" ဗိုလ်မှူးချန်က ဘာမှ ဆက်မပြောတော့ဘဲ အဖွဲ့သားများနှင့်အတူ ရှေ့သို့ ဆက်လက် ချီတက်သွားတော့သည်။
"မင်း ကံကောင်းပါစေ"
အခန်း (၁၁၀) ပြီး
***