ဖေမိသားစုက ကပ်ဘေးကြီး မတိုင်ခင်ကတည်းက ဩဇာလွှမ်းမိုးမှု အလွန်ကြီးမားသော စီးပွားရေးလုပ်ငန်းရှင် မိသားစုကြီးတစ်ခု ဖြစ်ခဲ့သည်။ ကပ်ဘေးကြီး အလွန်တွင်မူ ဖေရန်ရွှန်းက စောစီးစွာ ပါရမီနိုးထလာခဲ့သည်။ သူက လူသားမျိုးနွယ်၏ အစောဆုံး စစ်သည်တော်များထဲတွင် တစ်ဦးအပါအဝင် ဖြစ်ခဲ့သည်။ သို့သော် ကံမကောင်းစွာဖြင့် သူ့တွင် ပါရမီ အားနည်းခဲ့သည်။
နှစ်ပေါင်း ခုနစ်ဆယ် ကြာမြင့်သွားခဲ့သည်။သူက အဆင့်B ၏ ဒုတိယအလွှာသို့သာ ရောက်ရှိနိုင်ခဲ့သည်။ သူတို့၏ စစ်ရေးစွမ်းရည်က အထူးတလည် အားမကောင်းလှသော်လည်း သူတို့တွင် ငွေကြေးများစွာရှိသဖြင့် စစ်သည်တော် အများအပြားကို စုဆောင်းထားနိုင်ခဲ့သည်။ ထို့ကြောင့် ဖေမိသားစုက စိတ်ကူးယဉ်ကျင့်ကြံခြင်း ဝတ္ထုများထဲမှ ကျင့်ကြံခြင်း မိသားစုကြီးများကဲ့သို့ပင် အလွန်တရာ ကြီးမားကျယ်ပြန့်လှပေသည်။
မိသားစု အစည်းအဝေးခန်းမထဲတွင် ဖေရန်ရွှန်းက ရူးသွပ်နေသော သားရဲတစ်ကောင်နှင့် တူနေသည်။ သူ၏သားက မည်မျှပင် အသုံးမကျသော အမှိုက်ကောင်ဖြစ်နေပါစေ ထိုအရာက သူ၏ သွေးသားအရင်းအချာပင် ဖြစ်သည်။ မိသားစုမှ သက်ကြီးရွယ်အို အဘိုးအိုတစ်ဦးက တုန်တုန်ယင်ယင်ဖြင့် မတ်တပ်ရပ်လာသည်။ သူက ဖြူလျော့နေသော မျက်နှာဖြင့် ပြောလိုက်သည်။
"အိမ်တော်သခင်..."
"တော်စမ်း"
ဖေရန်ရွှန်းက ဟိန်းဟောက်လိုက်သည်။
"အမှိုက်ပုံထဲက ပုရွက်ဆိတ်တစ်ကောင်က ငါ့ဖေမိသားစုကို စော်ကားပြီး ငါ့သားကို ဒီလိုနှိပ်စက်ရဲတာလား... မင်းတို့က သူဟာ မဟာမိတ်အဖွဲ့က မျက်စိကျနေတဲ့ ပါရမီရှင် ဖြစ်နေနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်လေးတစ်ခုနဲ့ ငါ့ကို အလျင်စလို မလှုပ်ရှားဖို့ တားနေကြတာလား... ငါတို့ ဖေမိသားစုက ဘယ်တုန်းကများ ဒီလောက် သတ္တိကြောင်ပြီး သူရဲဘောကြောင်သွားရတာလဲ"
အဘိုးအို၏ မျက်နှာအမူအရာက ပြောင်းလဲသွားကာ အသံများက တုန်ယင်နေသည်။
"အိမ်တော်သခင်... ဒီ လုချန်ဆိုတဲ့ ကောင်လေးက... ကျွန်တော်တို့ တကယ်ကို သတိထားသင့်တယ်... မဟာမိတ်အဖွဲ့က..."
"ဒီချီးထုပ် မဟာမိတ်အဖွဲ့ကို ငါ ဂရုမစိုက်ဘူး"
“ဘန်း...”
ဖေရန်ရွှန်းက သူ့ရှေ့ရှိ စားပွဲကို ရိုက်ချလိုက်သည်။ ကီလို နှစ်ထောင်အလေးချိန်ရှိသော အဆင့်မြင့် စပ်ဟပ်သတ္တု စားပွဲပြင်ကြီးက ဆွေးမြည့်နေသော သစ်သားတစ်ပိုင်းကဲ့သို့ အလယ်မှနေ၍ ကွဲအက်သွားလေသည်။
"အထူးစစ်ဆင်ရေးအဖွဲ့ကို ခေါ်လိုက် အခြေစိုက်မြို့တော် D6 တစ်ခုလုံးကို အဲဒီ ခွေးသူတောင်းစားလေးနဲ့အတူ မြေမြှုပ်ပစ်မယ်"
ခန်းမထဲရှိ ဖေမိသားစုဝင် အားလုံးမှာ ထိတ်လန့်တုန်လှုပ်သွားကြသည်။ သူတို့အားလုံး ဒူးထောက်ချလိုက်ကြသည်။ ထို့နောက် သူ့အား တောင်းပန်တသစွာဖြင့် ကြည့်လိုက်ကြသည်။ ထိုစဉ် မှောင်မိုက်နေသော စင်္ကြံလမ်းနောက်ကွယ်မှ နက်ရှိုင်းသော အသံတစ်သံ ထွက်ပေါ်လာသည်။
"မလုပ်ရဘူး"
အားလုံး၏ အကြည့်များက ထိုအရပ်ဆီသို့ ရောက်သွားကြသည်။ အရိပ်များကြားမှ အဖြူရောင်ဝတ်ရုံနှင့် အဘိုးအိုတစ်ဦး ထွက်ပေါ်လာသည်။ သူကား ဖေမိသားစု၏ ထောက်တိုင်ကြီး ဖြစ်သော ဖေယွမ်ကျောက် ပင်ဖြစ်သည်။ တစ်မိသားစုလုံးတွင် တစ်ဦးတည်းသော အဆင့်B ပညာရှင် ဖြစ်သည်။ သူ၏ အငွေ့အသက်များက ပင်လယ်ပြင်ကြီးလို ကျယ်ပြောလှသော်လည်း ပြီးပြည့်စုံစွာ ဖုံးကွယ်ထားနိုင်သည်။ ဖေရန်ရွှန်း၏ ရင်ဘတ်က နိမ့်ချည်မြင့်ချည် ဖြစ်နေကာ ခေါ်လိုက်သည်။
"အဖေ..."
ဖေယွမ်ကျောက်က စားပွဲထိပ်တွင် ထိုင်နေသော လူရိပ်တစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။
"မင်း... ဒီလုချန်ဆိုတဲ့ကောင်ကို သွားစုံစမ်း... သူ့မိသားစု၊ နောက်ခံ၊ သူ့ကို ထောက်ပံ့နေတဲ့သူတွေ... အချက်အလက် အကုန်လုံး ငါ့ဆီ ယူလာခဲ့"
ထိုလူရိပ်က အရိုအသေပေးလိုက်သည်။ ထို့နောက် ခန်းမထဲမှ ချက်ချင်း ပြေးထွက်သွားသည်။ ဖေရန်ရွှန်းက အံတင်းတင်းကြိတ်လိုက်သည်။ သူက အံကို တင်းကျပ်လွန်းစွာ ကြိတ်ထားသဖြင့် သွားများဆီမှ အသံများပင် ထွက်ပေါ်နေသည်။ စက္ကန့်များက တစ်ခုပြီးတစ်ခု ကုန်ဆုံးသွားသည်။
ခန်းမတစ်ခုလုံးက လုံးဝ တိတ်ဆိတ်နေသည်။ အချိန်တွေ ရပ်တန့်နေသကဲ့သို့ အဆုံးအစမဲ့နေသည်။ မည်သူကမှ စကားတစ်ခွန်းမျှ မဟရဲကြပေ။ မိနစ်သုံးဆယ် ကြာပြီးနောက် ထိုလူရိပ်က ပြန်ရောက်လာသည်။ သူ၏ မျက်နှာက ဝိညာဉ်လွင့်ထွက်သွားသည့်အလား ဖြူလျော့နေသည်။
"ရှင်းပြစမ်း"
ဖေယွမ်ကျောက်က အမိန့်ပေးလိုက်သည်။ ထိုလူရိပ်က တံတွေးကို ခက်ခဲစွာ မျိုချလိုက်သည်။ သူ၏ အသံများက တုန်ယင်နေသည်။
"ကျွန်... ကျွန်တော်တို့ သူ့နောက်ခံကို စုံစမ်းလို့ ရပါပြီ... အဲဒီ လုချန်ဆိုတဲ့ကောင်က သာမန်လူ မဟုတ်ပါဘူး"
"သူက A1 အခြေစိုက်မြို့တော်က စူပါမိသားစုကြီးဖြစ်တဲ့ လုမိသားစုရဲ့ တိုက်ရိုက်သွေးဆက် ဆက်ခံသူပါ"
ခန်းမတစ်ခုလုံး လေးလံသော အသက်ရှူသံများဖြင့် ပြည့်နှက်သွားသည်။
A1 အခြေစိုက်မြို့တော်။ လုမိသားစု။
၎င်းက လူသားလောကရှိ တားမြစ်ချက်တစ်ခု ဖြစ်သည်။ သူတို့၏ ဘိုးဘေးကြီးက အဆင့်B ၏ နဝမအလွှာရှိသော စစ်သည်တော်တစ်ဦးဖြစ်ပြီး ဒဏ္ဍာရီတစ်ခုနီးပါး တန်ခိုးကြီးမားသည်။ သူ၏ သားနှစ်ယောက်စလုံးကလည်း အဆင့်B ပညာရှင်များ ဖြစ်ကြသည်။
ဖေမိသားစုက ဩဇာကြီးမားသော မိသားစုကြီးတစ်ခု ဖြစ်သော်လည်း ဤလူသားမျိုးနွယ်၏ ထောက်တိုင်ကြီးဖြစ်သော လုမိသားစုနှင့် ယှဉ်လိုက်လျှင်မူ အရောင်အဝါ မှေးမှိန်သွားရသည်။ လုမိသားစု၏ ဘေးထွက်သွေးဆက်များမှ ဒုတိယမျိုးဆက် လူငယ်တစ်ယောက်ကပင် သူတို့ ဖေမိသားစုတစ်ခုလုံးထက် ပို၍ စွမ်းအားကြီးမားပေသည်။ ကော်ပန်းလုပ်ငန်းစု တစ်ခုလုံးနှင့် ပေါင်းလိုက်လျှင်တောင်မှ ထိုမိသားစုကြီးကို ဘာမှလုပ်နိုင်မည် မဟုတ်ပေ။
ဖေရန်ရွှန်း၏ လက်ချောင်းများက ကွဲအက်နေသော စပ်ဟပ်သတ္တုစားပွဲပြင်ထဲသို့ နစ်ဝင်သွားသည်။ သူ၏ နဖူးမှ သွေးကြောများ ထောင်ထလာသည်။ သူ၏သားကို ဒုက္ခိတဖြစ်အောင် လုပ်ခဲ့သော တရားခံကို သူ သတ်ပစ်ချင်နေသည်။ ထိုကောင်၏ မိသားစုကိုလည်း အသေအလဲ နှိပ်စက်ပစ်ချင်သည်။ သို့သော် ဒီကောင်လေးက ဖေမိသားစုတစ်ခုလုံး ရန်မစရဲသည့် သူတစ်ယောက် ဖြစ်နေခဲ့သည်။ သူက အဘိုးအိုကို ကြည့်လိုက်သည်။ ထို့နောက် အသံဩဩဖြင့် ပြောလိုက်သည်။
"အဖေ... အဖေ ဘာမှ မလုပ်ရဲဘူးဆိုရင်တောင် ကျွန်တော်ကတော့ အိမ်တော်သခင်ရာထူးကနေ အခုချက်ချင်း နှုတ်ထွက်ပြီး အဲဒီခွေးသူတောင်းစားလေးကို ကိုယ်တိုင်သွားသတ်ပစ်မယ်"
ဖေရန်ရွှန်း၏ မျက်လုံးများက ရူးသွပ်မှုများဖြင့် ပြည့်နှက်နေသည်။ လက်စားချေရန်အတွက် သူ ဘာကိုမှ ဂရုစိုက်တော့မည် မဟုတ်ပေ။ ဖေယွမ်ကျောက်က တည်ငြိမ်စွာ ပြန်ပြောသည်။
"ကျင်းအာက ဘာပဲဖြစ်ဖြစ် ငါ့မြေးပဲ... သူ ဒီလောက် ကြီးမားတဲ့ စော်ကားမှုကို ခံရတာတောင် ငါက ဘာမှမလုပ်ဘဲ နေပါ့မလား"
"ဒါပေမဲ့ ငါတို့ မလှုပ်ရှားခင် သေချာ ဂရုတစိုက် စီစဉ်ဖို့တော့ လိုတယ်... အရင်ဆုံး ကျင်းအာကို ဒီကို ခေါ်လာခဲ့... သူ့ကို ကုသပေးလို့ ရမရ အရင်ကြည့်ကြတာပေါ့"
ထို့နောက် ချက်ချင်းပင် ဖေမိသားစု တစ်ခုလုံး ချက်ချင်း လှုပ်ရှားလာကြသည်။ သူတို့၏ လက်စားချေမှု အစီအစဉ်ကို စတင်ရေးဆွဲကြလေတော့သည်။ တစ်ချိန်တည်းမှာပင် လုချန်နှင့် လော့နျန်ဝေတို့က အခြားဆိုင်တစ်ဆိုင်သို့သွားကာ လက်ဝတ်ရတနာများ ဝယ်ယူနေကြသည်။ ထို့နောက် အလှကုန်ပစ္စည်းများ ထပ်ဝယ်ကြပြန်သည်။ ဖေကျင်းကြောင့် ဖြစ်လာနိုင်သော နောက်ဆက်တွဲ ပြဿနာများနှင့် ပတ်သက်၍မူ လုချန်က လုံးဝ စိုးရိမ်ပူပန်ခြင်း မရှိပေ။
ဖေမိသားစုက နောက်နှစ်ရက်လောက်နေမှ ပြဿနာလာရှာလျှင်တောင် သူက အဆင့်B အောက်ရှိ မည်သည့်အခြေအနေကိုမဆို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း ရှိနေပြီဖြစ်သည်။ ထို့အပြင် သူ့နောက်တွင် လုမိသားစုကြီး ရှိနေသေးသည်။ လိုအပ်လာပါက သူ၏ ဘိုးဘေးကြီးကို အကူအညီတောင်းခံနိုင်သည်။
သူတို့နှစ်ဦးက သုံးနာရီခန့် အချိန်ယူ၍ စျေးဝယ်ထွက်ခဲ့ကြသည်။ ထို့နောက် အတူတူ ညစာစားခဲ့ကြပြီး ရုပ်ရှင်သွားကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။ လုချန်နှင့် လော့နျန်ဝေတို့ ကုန်တိုက်ထဲမှ ထွက်လာကြသည်။ ယာဉ်မောင်းလေးက လုချန်ထံသို့ ကားကို အပြေးအလွှား မောင်းနှင်လာသည်။
လုချန်က သူ့ကို ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီး မုန့်ဖိုးအဖြစ် ယွမ် တစ်သောင်း ပေးလိုက်သည်။ ထိုကောင်လေးမှာ ဤမျှများပြားသော ငွေကြေးပမာဏကြောင့် လန့်ဖျပ်သွားရသည်။ သူ၏ တစ်လစာ လစာကပင် ယွမ် လေးထောင်ခန့်သာ ရှိသည်မဟုတ်ပါလား။
သူက လုချန်အား အရိုအသေပေးကာ အကြိမ်ကြိမ် ဦးညွှတ်လိုက်သည်။ လုချန်က သူ့ကို မွေးထားသော ကျေးဇူးရှင် ဖခင်အရင်းကြီးတစ်ဦးအလားပင်။ သူက အရမ်းကို စိတ်လှုပ်ရှားနေမိသည်။ ဒီတစ်ကြိမ်တွင်တော့ လော့နျန်ဝေက အရင်ကလို မျက်စောင်းမထိုးတော့ပေ။ လုချန်က ပိုက်ဆံကို ရေလိုသုံးတတ်သော သူဋ္ဌေးသားတစ်ယောက်မှန်း သူမ သိနေပြီ ဖြစ်သည်။ ထို့နောက် သူတို့နှစ်ဦး ရုပ်ရှင်ရုံသို့ တိုက်ရိုက်ထွက်ခွာသွားကြသည်။
ည ၈ နာရီတွင် ရုပ်ရှင်ကား ပြီးဆုံးသွားပြီ ဖြစ်သည်။ လုချန်နှင့် လော့နျန်ဝေတို့ နှစ်ဦးသား ပန်းခြံတစ်ခုသို့ ရောက်ရှိလာကြသည်။ သူက ကားကို ရပ်လိုက်သည်။ ထို့နောက် သူတို့နှစ်ဦး ယှဉ်တွဲလျက် လမ်းလျှောက်လာခဲ့ကြသည်။ နှစ်ယောက်စလုံး စကားမပြောကြပေ။ ရုတ်တရက် လုချန်က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
"နျန်ဝေ... ကိုယ်နဲ့အတူ A1 အခြေစိုက်မြို့တော်ကို လိုက်ခဲ့ပါလား... အန်တီနဲ့ နျန်ယင်းကိုပါ ခေါ်ခဲ့လေ... မင်းကို ဒီမှာထားခဲ့ရမှာ ကိုယ် နည်းနည်း စိတ်ပူနေလို့"
သူက ဤနေရာတွင် ကိုယ်ပွားတစ်ခု ချန်ထားခဲ့မည် ဖြစ်သော်လည်း ထိုဓာတ်သဘာဝ ကိုယ်ပွားက သူ၏ မူလစွမ်းအား ၅ ရာခိုင်နှုန်းသာ ရှိသည်။ အရေးပေါ်အခြေအနေများကို ကိုင်တွယ်ဖြေရှင်းနိုင်မည် မဟုတ်ပေ။ ထိုစကားကို ကြားသောအခါ လော့နျန်ဝေက အလွန်အမင်း ဝမ်းသာကြည်နူးသွားရသည်။ သို့သော် သူမက တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။
" A1 အခြေစိုက်မြို့တော်က အိမ်ထောင်စုစာရင်း မှတ်ပုံတင်ရတာ အရမ်းတင်းကျပ်တယ်လေ... အထူးလူပုဂ္ဂိုလ်တွေမှပဲ အဲဒီမှာ အခြေချနေထိုင်ခွင့် ရတာ... ကျွန်မသာ စတားဒူး အကယ်ဒမီကို ဝင်ခွင့်မရခဲ့ရင် A1 ကို ဝင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး... မိသားစုကို ခေါ်သွားဖို့ဆိုတာကတော့ ပြောစရာတောင် မလိုတော့ဘူးပေါ့"
လုချန်က တဲ့တိုးပင် ပြောချလိုက်သည်။
"ဒါဆိုလည်း ကိုယ်တို့ လက်ထပ်လိုက်ကြရအောင်... ပြီးရင် ဆွေမျိုးတွေအနေနဲ့ အတူတူ ပြောင်းသွားကြတာပေါ့"
လော့နျန်ဝေ၏ ခြေလှမ်းများက ရုတ်တရက် ရပ်တန့်သွားသည်။ သူမ၏ နှလုံးသားက ပေါက်ကွဲထွက်မတတ် ခုန်ပေါက်နေသည်။ ယနေ့က သူမအတွက် လုံးဝကို မှော်ဆန်သော နေ့တစ်နေ့ပင် ဖြစ်သည်။ ဤအမျိုးသားက သူမအပေါ် သိပ်ကို ကောင်းလွန်းနေသည်။ သူမ၏ ခံစားချက်များကို သူမကိုယ်တိုင်ပင် မထိန်းချုပ်နိုင်တော့ပေ။
လုချန်က သူ့ဘာသာသူ ရှေ့သို့ ဆက်လျှောက်သွားလိုက်သည်။ အနောက်သို့ ပြန်ကြည့်လိုက်သောအခါ လော့နျန်ဝေ လိုက်မလာသည်ကို သတိထားမိလိုက်သည်။ သူ ရပ်လိုက်ပြီး အနောက်သို့ လှည့်ကြည့်လိုက်သည်။ လော့နျန်ဝေက ထိုနေရာတွင် ရပ်နေဆဲဖြစ်သည်။ သူမ၏ မျက်နှာလေးက မှည့်နေသော ပန်းသီးလေးတစ်လုံးကဲ့သို့ နီရဲနေသည်။
လုချန်က ထိုပါးပြင်လေးကို ဆွဲညှစ်ပစ်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာသည်။ သို့သော် သူ၏ ရင်တွင်း၌ ကိန်းအောင်းနေသော မိစ္ဆာအတွေးများကို ခဲယဉ်းစွာ ထိန်းချုပ်လိုက်ရသည်။ သူက မေးလိုက်သည်။
"ဘာဖြစ်လို့လဲ ပင်ပန်းနေပြီလား... အိမ်ပြန်ကြမလား"
လော့နျန်ဝေက ဘာမှပြန်မပြောပေ။ သူမက အိမ်မပြန်ချင်သေးပေ။ သူနဲ့အတူ ရှိနေရတာက အရမ်းကို ရင်ခုန်ဖို့ကောင်းလွန်းနေသည် မဟုတ်ပါလား။ ထို့ကြောင့် သူမက ခေါင်းညိတ်ပြလိုက်သည်။
လုချန်က ထိုအမူအရာကို မြင်သောအခါ အနည်းငယ် စိတ်ပျက်သွားသည်။ သူက ဘာတွေများ ထပ်လုပ်လို့ရမလဲဆိုပြီး တွေးနေသေးတာကို...
“အဟမ်း... အဟမ်း...”
“မဟုတ်သေးပါဘူး... သူ ဘာမှ တွေးမနေပါဘူး...”
သူတို့နှစ်ဦး ကားထဲသို့ ဝင်လိုက်ကြသည်။ ကားမောင်းနေရင်း လုချန်က ပြောလိုက်သည်။
"A1 အခြေစိုက်မြို့တော်ကို ပြောင်းရွှေ့ဖို့ ကိစ္စအတွက် မင်း စိတ်ပူစရာမလိုပါဘူး... ကိုယ်တို့ လက်မထပ်ရသေးရင်တောင်မှ အဲဒီမှာ အခြေချဖို့ မင်းကို ကိုယ် ခေါ်သွားလို့ရပါတယ်"
သူ့စိတ်ထဲတွင် အစီအစဉ်တစ်ခု ရှိပြီးသား ဖြစ်လေသည်။
***