သူတို့နှစ်ဦး၏ ခန္ဓာကိုယ်များ ထိတွေ့သွားသော ခဏလေးအတွင်းမှာပင် သူမ၏ ခန္ဓာကိုယ်လေးက အနည်းငယ် တုန်ယင်သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့နှစ်ဦးစလုံး ဘာမှမလှုပ်ရှားမိကြတော့ပေ။ နွေးထွေးသော ဝင်သက်ထွက်သက်များက သူ၏ နှုတ်ခမ်းများပေါ်သို့ ညင်သာစွာ ဖြတ်သန်းသွားသည်။
ထို့နောက် သူမက ရုတ်တရက် အနောက်သို့ ဆုတ်လိုက်သည်။ သူမ၏ မျက်လုံးများက သူ့အကြည့်များကို ရှောင်လွှဲသွားသည်။ ထို့နောက် အခန်းထဲသို့ ကပျာကယာ ပြေးဝင်သွားလေတော့သည်။ အနောက်မှ တံခါးကိုလည်း ပိတ်ချလိုက်သည်။ ရှန်စီမှာ ကြက်သေသေသွားရသည်။ မျက်တောင်လေးများသာ ပုတ်ခတ်ပုတ်ခတ် လုပ်နေမိသည်။
လုချန်က တိုးတိုးလေး ရယ်မောလိုက်သည်။ ဒီအချိန်လေးမှာ သူ တစ်ခါမှ မခံစားဖူးသေးသည့် ကျေနပ်ရောင့်ရဲမှုမျိုးကို ခံစားလိုက်ရသည်။ သူက မတ်တပ်ရပ်လိုက်ကာ လေကို ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်သည်။
"အန်တီ... ကျွန်တော် ပြန်တော့မယ်"
ရှန်စီက သူ့လက်ကို ဆုပ်ကိုင်လိုက်သည်။ သူမက ကိုယ်ကို နက်ရှိုင်းစွာ ကိုင်းညွှတ်လိုက်သည်။
"လုချန်... ကျေးဇူးတင်ပါတယ်... အန်တီတို့ မိသားစုနဲ့ နျန်ဝေအတွက် သားလုပ်ပေးခဲ့သမျှ အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်ကွယ်"
သူက ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် လူနေအဆောက်အအုံထဲမှ ထွက်လာခဲ့သည်။ မိုးကုပ်စက်ဝိုင်းဆီမှ နေဝင်ဆည်းဆာကို ကြည့်ရင်း သူ၏ မျက်နှာပေါ်တွင် နူးညံ့သော အပြုံးတစ်ခု ပေါ်ပေါက်လာသည်။
C6 အခြေစိုက်မြို့တော် မဟာမိတ်အဖွဲ့ အဆောက်အအုံ။
လုချန်က မဟာမိတ်အဖွဲ့ ခန်းမထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်လာခဲ့သည်။ အံ့ဩနေကြသော အကြည့်များစွာကြားမှ သူက ချိုက်ကျိကွမ်၏ ရုံးခန်းဆီသို့ တည့်တည့်မတ်မတ် လျှောက်သွားလိုက်သည်။ တံခါးကိုပင် မခေါက်တော့ဘဲ တွန်းဖွင့်ကာ ဝင်သွားလိုက်သည်။ ချိုက်ကျိကွမ်က သူ၏ စားပွဲတွင် ထိုင်နေသည်။ သူက စာရွက်စာတမ်းတစ်ခုကို လက်မှတ်ထိုးရန် ကိုယ်ကို ကိုင်းညွှတ်ထားသည်။
တံခါးက ပွင့်လာသောအခါ သူ ခေါင်းမော့ကြည့်လိုက်သည်။ မသိစိတ်အရ အကြီးအကျယ် ပေါက်ကွဲရန် အသင့်ပြင်လိုက်သည်။ သို့သော် ဝင်လာသူမှာ လုချန်ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ ချိုက်ကျိကွမ်က သူ့စိတ်ကို ချက်ချင်း ပြန်ထိန်းလိုက်ရသည်။ ထို့နောက် စတင်၍ မကျေမချမ်း အပြစ်တင်တော့သည်။
"ဒီခွေးကောင်လေး"
သူ၏ အသံက ကျယ်လောင်ပြတ်သားနေသည်။ လက်ထဲရှိ ဘောပင်ဖြင့်လည်း ချွန်ထက်သော ဓားတစ်လက်အလား ချိန်ရွယ်ထားသည်။
"မင်း တံခါးလေး ဘာလေး မခေါက်တတ်ဘူးလား... ငါသာ မိန်းမတစ်ယောက်နဲ့ အိပ်နေရင် ဘယ်လိုလုပ်မလဲ... အဲဒီလိုပဲ ဇွတ်အတင်း ဝင်လာမှာလား"
လုချန်က မျက်ခုံးတစ်ဖက်ကို ပင့်လိုက်သည်။
"အဘိုးကြီးချိုက်... ခင်ဗျားအသက်က တစ်ရာနီးပါး ရှိနေပြီကို မိန်းမတွေနဲ့ အိပ်နိုင်သေးလို့လား... ခင်ဗျားဟာကြီးက မတ်နိုင်သေးလို့လား"
ချိုက်ကျိကွမ်၏ မျက်နှာက ချက်ချင်းပင် ခရမ်းရောင် သန်းသွားသည်။
"ဒီကောင်စုတ်လေး မင်း ဘာသိလို့လဲ... အိုပေမဲ့ စွမ်းသေးတယ်ဆိုတဲ့ စကားကို မင်း ကြားဖူးလား။ ဘယ်သူက မမတ်နိုင်ဘူး ပြောလဲ"
"ငါသာ တကယ်လုပ်မယ်ဆိုရင် တစ်နှစ်အတွင်း မင်းလို ကလေးမျိုး ဆယ်ယောက်လောက်တောင် ရနိုင်တယ်ကွ"
"အေးပါ အေးပါ"
လုချန်က သူ့လက်ကို ပျင်းရိစွာ ဝှေ့ယမ်းလိုက်သည်။
"ခင်ဗျား လုပ်နိုင်ပါတယ်... လုပ်နိုင်ပါတယ်"
ချိုက်ကျိကွမ်က နောက်တစ်ခွန်း ပြန်ပက်ရန် ပြင်လိုက်သေးသည်။ သို့သော် လုချန်က သူ့စကားကို ဖြတ်ပြောလိုက်သည်။
"ကဲပါ ကဲပါ အဘိုးကြီးချိုက်ရယ်... ကျွန်တော် ဒီကိုလာတာ ခင်ဗျားနဲ့ ငြင်းခုံဖို့ လာတာမဟုတ်ဘူး"
"ကျွန်တော် အဆင့်Eကို ဖောက်ထွက်နိုင်သွားပြီ... ကျွန်တော့် အချက်အလက်တွေကို လာပြင်တာ... မှတ်ပုံတင်ပေးလို့ ရမလား"
ချိုက်ကျိကွမ်က မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ တောင့်တင်းသွားသည်။ သူက ခေါင်းမူးသွားသလိုပင် ခံစားလိုက်ရသည်။ နည်းနည်းလည်း ဇဝေဇဝါ ဖြစ်သွားသည်။
"မင်း ဘာပြောလိုက်တယ်... ဒီနေ့ ငါ့ကို တမင်လာနောက်နေတာလား"
လုချန်က မျက်လုံးလှန်ကြည့်လိုက်သည်။
"ခင်ဗျားက ချောမောလှပနေတဲ့ မိန်းမချောလေးမှ မဟုတ်တာ... ကျွန်တော်က ဘာကိစ္စ ခင်ဗျားကို လာနောက်နေရမှာလဲ... ခင်ဗျားကိုယ်တိုင် လာစစ်ကြည့်လိုက်ပါလား"
ထိုသို့ပြောရင်း သူတို့နှစ်ဦးက လက်သီးထိုးအားတိုင်းစက်ဆီသို့ ရောက်သွားကြသည်။
“ဘန်း...”
လုချန်က စက်ကို လက်သီးဖြင့် တစ်ချက် ထိုးချလိုက်သည်။ မော်နီတာက ရူးသွပ်နေသလို တဖျတ်ဖျတ် လည်ပတ်သွားသည်။ ထို့နောက် ရှင်းလင်းပြတ်သားသော ဂဏန်းတစ်ခုတွင် ရပ်တန့်သွားသည်။
“ကီလို ၆၀,၀၀၀...”
ဒါက သံသယဝင်စရာမလိုအောင် အဆင့်E စစ်သည်တော်တစ်ယောက်၏ စံနှုန်းခွန်အားပင် ဖြစ်သည်။ ချိုက်ကျိကွမ်၏ ခြေထောက်များက အနည်းငယ် ပျော့ခွေသွားသည်။
“ဒီခွေးကောင်လေးက ငါ့ကို တစ်နေ့ကျရင် လန့်သေအောင် လုပ်တော့မှာပဲ...”
သူက အသက်ရှူ မြန်လာသည်။ တုန်ယင်နေသော လက်များဖြင့် ရှောင်ဝမ်လုံ ကိုယ်တိုင်ပေးထားခဲ့သော လုံခြုံရေး ဖုန်းနံပါတ်ကို စမ်းတဝါးဝါး နှိပ်လိုက်သည်။ ဖုန်းခေါ်သံ နှစ်ချက်မြည်ပြီးနောက် ဖုန်းဝင်သွားသည်။
"ချိုက်ကျိကွမ်... ဘာကိစ္စလဲ"
တစ်ဖက်မှ ရှောင်ဝမ်လုံ၏ ဩဇာပါသော အသံဩဩကြီး ထွက်ပေါ်လာသည်။
"ရုတ်တရက်ကြီး ဘာလို့ ဖုန်းဆက်တာလဲ... လုချန် တစ်ခုခု ဖြစ်လို့လား"
ချိုက်ကျိကွမ်က တံတွေးကို ခက်ခဲစွာ မျိုချလိုက်သည်။
"ဟုတ်ကဲ့... ဆရာ"
"အဲဒီကောင်လေး အခု ကျွန်တော့်ရှေ့မှာ ရောက်နေတယ်... သူ အခု အဆင့်Eကို ဖောက်ထွက်သွားပြီတဲ့"
ရှည်လျားသော တိတ်ဆိတ်မှုတစ်ခုက လွှမ်းမိုးသွားသည်။ ထို့နောက် ရှောင်ဝမ်လုံ၏ အသံဩဩကြီးက နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။ မယုံကြည်နိုင်သော လေသံဖြင့် ပြောလိုက်သည်။
"မင်း ငါ့ကို နောက်နေတာလား"
ချိုက်ကျိကွမ်က မျက်လုံးလှန်ကြည့်လိုက်မိပြန်သည်။ မျက်နှာကျက်ကို မော့ကြည့်ရင်း စဥ်းစားလိုက်သည်။
“ငါ့မှာ အဲဒီလောက် သတ္တိရှိမယ် ထင်နေတာလား...” သူက စိတ်ထဲမှ တိတ်တဆိတ် ညည်းတွားလိုက်သည်။ သို့သော် သူက အလွန်တရာ လေးနက်သော လေသံဖြင့် ပြန်ပြောလိုက်သည်။
"ဆရာ... ကျွန်တော် ဘယ်ဝံ့ရဲပါ့မလဲ... လုချန်က တကယ်ပဲ အဆင့်တက်သွားတာပါ... ကျွန်တော် ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ စစ်ဆေးပြီးပါပြီ"
ချိုက်ကျိကွမ်က တစ်ဖက်မှ တိုးညင်းသော ရေရွတ်သံကို သဲ့သဲ့လေး ကြားလိုက်ရသည်။
"သုံးရက်... လွန်ခဲ့တဲ့ သုံးရက်ကမှ အဲဒီကောင်လေးကို ငါ တွေ့ခဲ့တာ... အဲဒီအချိန်တုန်းက သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်က အဆင့်F ရဲ့ အဆင့် ၁၀ မှာပဲ ရှိသေးတာ"
"သူက ဒီနေ့မှ မင်းဆီကို သွားတွေ့တယ်ဆိုတော့ သူက မနေ့ကတည်းက အဆင့်တက်သွားတာ ဖြစ်နိုင်တယ်"
"ဒါဆိုရင်... သူက အဆင့်F ကနေ အဆင့်Eကို ဖောက်ထွက်ဖို့ နှစ်ရက်ပဲ အချိန်ယူခဲ့ရတာပေါ့"
ထပ်မံ၍ တိတ်ဆိတ်သွားပြန်သည်။ ထို့နောက် ရှောင်ဝမ်လုံက ရုတ်တရက် ရယ်မောလိုက်သည်။ ရူးသွပ်ပြီး ထိန်းချုပ်မရသော ရယ်မောသံကြီးက ဖုန်းခွက်ထဲမှတစ်ဆင့် ပဲ့တင်ထပ်လာသည်။
"ဟားဟားဟားဟား လူသားမျိုးနွယ်မှာ မျှော်လင့်ချက် ရှိသွားပြီကွ ငါတို့သာ နောက်ထပ် လေးငါးနှစ်လောက် တောင့်ခံထားနိုင်မယ်ဆိုရင်... ငါတို့သာ တောင့်ခံထားနိုင်ရင်... ဒီကပ်ဘေးကြီးကနေ လွတ်မြောက်ဖို့ အခွင့်အရေး အရမ်းများသွားပြီ"
ချိုက်ကျိကွမ်က သူ၏ ရင်ဘတ်ထဲတွင် ကြပ်တည်းသွားသလို ခံစားလိုက်ရသည်။ သူ၏ နှလုံးသားက ရင်ဘတ်ထဲမှ ခုန်ထွက်လာတော့မည့်အလားပင်။ အချိန်အတော်ကြာသွားပြီးနောက် တစ်ဖက်မှ အခြေအနေ ပြန်လည်တည်ငြိမ်သွားသည်။ ရှောင်ဝမ်လုံ၏ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။ ဤတစ်ကြိမ်တွင်မူ အသံက တည်ငြိမ်မှုကို ပြန်လည်ရရှိသွားပြီ ဖြစ်သည်။ သူက တရားဝင် လေသံဖြင့် ပြောလိုက်သည်။
"ဖုန်းကို သူ့ဆီ ပေးလိုက်"
ချိုက်ကျိကွမ်က ဖုန်းကို အမြန်ကမ်းပေးလိုက်သည်။
"မင်းကို ရှာနေတယ်"
လုချန်က ဖုန်းကို ယူလိုက်သည်။ သူ၏ လေသံက အရင်ကလိုပင် ပေါ့ပေါ့ပါးပါး ဖြစ်နေသည်။
"ဒုတိယဥက္ကဋ္ဌ... မင်္ဂလာပါ ဒီရက်ပိုင်း နေကောင်းရဲ့လား..."
တစ်ဖက်မှ ရှောင်ဝမ်လုံ၏ ရယ်မောသံက မိုးကြိုးသံကြီးလို ဟိန်းထွက်လာသည်။
"ဟားဟား... အဆင်ပြေရဲ့လားဆိုတော့... ကောင်းပါတယ်ကွာ ငါ အရမ်းနေကောင်းတယ်... အရင်ကထက်တောင် ပိုပြီး ပေါ့ပါးလန်းဆန်းနေသေးတယ်... ငါ့ဝိညာဉ်ကြီး လွတ်မြောက်သွားသလိုပဲ"
"မင်းလို ဘီလူးကောင်လေးက ငါ့ကို တကယ် စိတ်ပျက်မသွားစေဘူးပဲ... မင်းရဲ့ တန်ဖိုးကို နောက်တစ်ကြိမ် သက်သေပြလိုက်ပြန်ပြီ"
လုချန်က ပြုံးလိုက်သည်။
"ချီးကျူးတဲ့အတွက် ကျေးဇူးပါ"
"ငါ မင်းကို လက်ဆောင်တစ်ခု ပေးချင်တယ်"
ရှောင်ဝမ်လုံက ပြောသည်။
"ပြောစမ်း... မင်း ဘာလိုချင်လဲ"
လုချန်က တုံ့ဆိုင်းမနေပေ။
"ဒုတိယဥက္ကဋ္ဌ... ကျွန်တော် ခင်ဗျားရဲ့ အကူအညီကို တကယ် လိုအပ်နေတယ်"
"အို... ဘာကိစ္စလဲ"
ရှောင်ဝမ်လုံက ထိုစကားကို ကြားသောအခါ အံ့ဩသွားသလို ဝမ်းလည်းဝမ်းသာသွားသည်။
"ငါ့စွမ်းဆောင်နိုင်ရည်ထဲမှာ ရှိသရွေ့ ငါ ဘယ်တော့မှ ငြင်းမှာမဟုတ်ဘူး... ပြောသာပြော"
"ကျွန်တော် A1အခြေစိုက်မြို့တော်မှာ နောက်ထပ် အခြေချနေထိုင်ခွင့် နေရာသုံးနေရာ လိုချင်လို့ပါ... လော့နျန်ဝေနဲ့ သူ့မိသားစုအတွက်ပါ"
ရှောင်ဝမ်လုံက ခေတ္တမျှ တိတ်ဆိတ်သွားသည်။ အချိန်အတော်ကြာမှ သူ ပြန်ပြောလိုက်သည်။
"ဒါလေးပဲလား... ဒီလိုကိစ္စလေးအတွက် မင်း ငါ့ဆီ လာပြောစရာမလိုပါဘူး... မင်းရဲ့ အဆင့်အတန်းနဲ့ဆိုရင် မင်းခေါ်ချင်တဲ့သူ ဘယ်သူ့ကိုမဆို ခေါ်သွားလို့ ရနေပါပြီ"
"တခြား တောင်းဆိုစရာရော ရှိသေးလား"
လုချန်က ပခုံးတွန့်လိုက်သည်။ ရှောင်ဝမ်လုံကတော့ မမြင်နိုင်ပေ။
"မရှိတော့ပါဘူး ဒါပါပဲ... ခင်ဗျားက မဟာမိတ်အဖွဲ့ရဲ့ အတွင်းပိုင်း ဝက်ဘ်ဆိုက်မှာရှိတဲ့ ကျင့်စဉ်မှတ်တမ်း အကြောင်းအရာတွေ အားလုံးကို ကျွန်တော့်အတွက် အခမဲ့ ဖွင့်ပေးထားပြီးသားဆိုတော့ လောလောဆယ် ကျွန်တော် လိုအပ်တာ ဘာမှမရှိတော့ပါဘူး"
"တကယ်လို့ ကျွန်တော် တစ်ခုခု လိုအပ်လာရင်လည်း သေချာပေါက် တုံ့ဆိုင်းမနေဘဲ တောင်းဆိုမှာပါ"
ရှောင်ဝမ်လုံက တိုးတိုးလေး ရယ်မောလိုက်သည်။
"အရမ်းကောင်းတယ်... A1 ခံတပ်မြို့ကို ဘယ်တော့လောက် လာမလဲ"
"နောက်နှစ်ရက်လောက်နေရင် လာမယ်ထင်တယ်"
"ကောင်းပြီ... ငါ မင်းကို စောင့်နေမယ်"
"ဒီနှစ်ရက်အတွင်း သေချာ အနားယူဦး ပြီးတော့... ဂရုစိုက်ပါ"
နောက်ဆုံးစကားကို မှာကြားပြီးနောက် ဖုန်းကျသွားလေသည်။
A-1 အခြေစိုက်မြို့တော်။
လူသားမျိုးနွယ် မဟာမိတ်ဌာနချုပ်။
ရှောင်ဝမ်လုံက ဖုန်းခွက်ကို ချလိုက်သည်။ သူ၏ လက်များက အလွန်အမင်း တည်ငြိမ်နေဆဲဖြစ်သည်။ သို့သော် သူ၏ မျက်လုံးများကမူ နွေးထွေးမှုများဖြင့် ပြည့်နှက်နေသည်။ ထို့နောက် သူက လုဟုန်တောက်ထံသို့ ချက်ချင်း ဖုန်းခေါ်လိုက်လေတော့သည်။
***