လုဟုန်တောက်၏ မျက်နှာက ဟိုလိုဂရမ် စခရင်ပေါ်တွင် ပေါ်လာသည်။
"ဒုတိယဥက္ကဋ္ဌကြီး... ကျွန်တော့်ကို တွေ့ချင်လို့လား"
"ခင်ဗျားရဲ့ မြစ်လေးက အခု အဆင့်Eကို ဖောက်ထွက်သွားပြီဗျ"
ရိုးရှင်းပြီး သာမန်ကာလျှံကာ ပြောလိုက်သော စကားတစ်ခွန်းပင်။ သို့သော် လုဟုန်တောက်၏ မျက်နှာက ချက်ချင်းပင် အေးခဲတောင့်တင်းသွားသည်။ ထို့နောက် သူ၏ မျက်နှာအမူအရာက အလျင်အမြန် ပြောင်းလဲသွားသည်။
ထိတ်လန့်မှု၊ မယုံကြည်နိုင်မှု၊ အံ့ဩမှင်သက်မှု... ထို့နောက် ဆုံးရှုံးသွားရာမှ ပြန်လည်ရရှိလာသော ဝမ်းသာကြည်နူးမှုများ။ နောက်ဆုံးတွင်မူ နက်ရှိုင်းသော ကျေနပ်ရောင့်ရဲမှုများက အစားထိုး ဝင်ရောက်လာခဲ့သည်။ သူက ချက်ချင်း အနောက်သို့ လှည့်လိုက်သည်။ တံခါးဆီသို့ လှမ်းအော်လိုက်သည်။
"မင်းတို့နှစ်ယောက်... ဒီကို ဝင်လာခဲ့ကြစမ်း"
လုကျန့်လျန်နှင့် လုကျန့်မုန်းတို့ အပြေးအလွှား ဝင်လာကြသည်။
"အဖေ... ဘာဖြစ်လို့လဲ"
လုဟုန်တောက်က သူတို့၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။
"လုချန်က အဆင့်E ကို ဖောက်ထွက်သွားပြီတဲ့... အိမ်ကို ပြင်ဆင်မွမ်းမံမှုတွေ လုပ်ကြ... အကြီးကျယ်ဆုံးသော အခိုက်အတန့်အတွက် ကြိုတင်ပြင်ဆင်နေသလိုမျိုး လုပ်ထားကြ"
"သူ့ရဲ့ အောင်မြင်မှုတွေနဲ့ ထိုက်တန်တဲ့ ဂုဏ်ပြုမှုတွေနဲ့ သူ့အပြန်ကို ငါတို့ ကြိုဆိုကြရမယ်"
"ဟုတ်ကဲ့ပါ အဖေ"
C6 အခြေစိုက်မြို့တော်။
လူသားမျိုးနွယ် မဟာမိတ်ဌာနခွဲ အဆောက်အအုံ။
ချိုက်ကျိကွမ်က သူ့ကုလားထိုင်ပေါ်တွင် နောက်မှီချလိုက်သည်။ နဖူးမှ ချွေးများကို သုတ်လိုက်သည်။ သူက လုချန်ကို စိုက်ကြည့်နေသည်။
"မင်းက တကယ့် ဘီလူးကောင်ပဲ... မင်းက တကယ် လူမှဟုတ်ရဲ့လား"
လုချန်၏ မျက်နှာက ချက်ချင်း မည်းမှောင်သွားသည်။
"ကျွန်တော်သာ တကယ် လူမဟုတ်ဘူးဆိုရင် ခင်ဗျားက ပထမဆုံး ခံရမယ့်သူပဲ"
ချိုက်ကျိကွမ်က လန့်သွားသည်။ ထို့နောက် သူ ဘာပြောလိုက်မိသလဲဆိုတာကို သတိထားမိသွား၏။ သူက အနေခက်စွာဖြင့် ချောင်းဟန့်လိုက်သည်။
"ဒါပေမဲ့ မင်းက တကယ့် သားရဲတစ်ကောင်လိုပဲကွ... မင်းနဲ့တွေ့ခဲ့တဲ့ ဒီရက်ပိုင်းလေးက ငါ့ဘဝရဲ့ ပထမတစ်ဝက်လောက်ထက်တောင် ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းနေတယ် ပြီးတော့ မင်းရဲ့ ကောက်ကျစ်တဲ့ စိတ်ကူးတွေဆီကနေ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုတွေကိုလည်း ငါ ခံစားနေရသေးတယ်"
ချိုက်ကျိကွမ်က သက်ပြင်းချလိုက်သည်။ သို့သော် သူ၏ စကားတစ်ဝက်က ညည်းတွားနေခြင်းဖြစ်သော်လည်း ကျန်တစ်ဝက်ကမူ ဂုဏ်ယူဝင့်ကြွားနေခြင်းပင် ဖြစ်သည်။
"ဒါနဲ့... မင်းက မကြာခင် ထွက်သွားတော့မှာဆိုတော့ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေကို နှုတ်ဆက်ဖို့ ဧည့်ခံပွဲကြီး ဘယ်တော့ လုပ်မှာလဲ"
"သန်ဘက်ခါလောက်ပါ"
လုချန်က ခဏမျှ စဉ်းစားပြီးမှ ပြန်ဖြေလိုက်သည်။
"မနက်ဖြန် ကျွန်တော် ကျောင်းပြန်သွားမလို့ အဲဒါ ကျွန်တော့်အတွက် အဆင့်မြင့် ခန္ဓာကိုယ်သန့်စင်ဆေးရည် ပုလင်း ၅၀ လောက် မှာပေးထားလို့ ရမလား အဲဒီကျရင် သူတို့ကို ပေးခဲ့မလို့"
လုချန်က မထွက်ခွာမီ ချိုက်ကျိကွမ်ဘက်သို့ လှည့်ကာ မေးလိုက်သည်။
"ဒီမှာ ကောင်းကင်ခွဲ နတ်ဓားသိုင်း ရှိလား"
ကောင်းကင်ခွဲ နတ်ဓားသိုင်းက သာမန် ဓားသိုင်းပညာရပ်တစ်ခု မဟုတ်ပေ။ ၎င်းက လူသားလောကရှိ ဒဏ္ဍာရီလာ ဓားသိုင်းပညာရပ် သုံးခုထဲမှ တစ်ခုဖြစ်သည်။ မဟာမိတ်အဖွဲ့ ဥက္ကဋ္ဌကိုယ်တိုင်ပင် ထိုကျင့်စဉ်ကို ကျင့်ကြံခဲ့ဖူးသည်။ ချိုက်ကျိကွမ်က ခေါင်းခါလိုက်သည်။
"မရှိဘူး... ဒီလို အထွတ်အထိပ်အဆင့် ဓားသိုင်းတွေက A1 အခြေစိုက်မြို့တော်မှာပဲ သိမ်းဆည်းထားပြီးတော့ အထူးအမြန်နှုန်းမြင့် လေယာဉ်တွေနဲ့ပဲ သယ်ယူပို့ဆောင်ပေးတာ"
" A1 အခြေစိုက်မြို့တော်ကနေ ဒီကိုရောက်ဖို့ သုံးနာရီလောက် ကြာတယ်။ မင်း အတွင်းပိုင်း ဝက်ဘ်ဆိုက်ကနေ ဝယ်လို့ရတယ် ပြီးရင် မင်းအိမ်ကို ငါ လာပို့ပေးမယ်"
လုချန်က စကားဖြတ်ရန် သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။
"ကျွန်တော့်အိမ်ကို လာပို့စရာ မလိုပါဘူး... ကျွန်တော် တည်းနေတဲ့ ဟိုတယ်ကိုပဲ လာပို့ပေးပါ"
ချိုက်ကျိကွမ်က အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
"မင်းက ဘာလို့ ဟိုတယ်မှာ တည်းနေတာလဲ... မင်း မိဘတွေ အိမ်မှာ မရှိဘူးလား"
"သူတို့က..."
လုချန်က အကြောင်းပြချက်တစ်ခုကို ကမန်းကတန်း ရှာကြံလိုက်ရသည်။ ထို့နောက် စကားလမ်းကြောင်း ပြောင်းလိုက်သည်။
"ကျွန်တော် သူတို့ကို လွတ်လွတ်လပ်လပ် နေစေချင်လို့ပါ"
သေချာပေါက် ဒါက လိမ်ပြောနေခြင်းပင်။ တကယ်တမ်းတော့ သူက သုံးရက်နေရင် ပြန်လာမယ်လို့ အမြဲပြောခဲ့တာ ဖြစ်သည်။ သို့သော် တစ်ရက်တည်းနှင့် ပြန်ရောက်လာခဲ့၏။ ပြောခဲ့တဲ့စကားတွေက ပြန်ရုပ်သိမ်းလို့မှ မရတော့တာ။ ထို့ကြောင့် သူ အိမ်ပြန်ရန် အနည်းငယ် တုံ့ဆိုင်းနေခဲ့ခြင်းဖြစ်သည်။ သေချာသည်ကတော့ ဤသို့လုပ်ခြင်းက ပထမဆုံးအကြိမ် မဟုတ်ပေ။ သို့သော် ဒီတစ်ခါက အရင်ကနဲ့ မတူတော့ဘူးလေ။ အခြေအနေက နည်းနည်း ဆိုးရွားလာပုံရသည်။ ချိုက်ကျိကွမ်က သူ့ကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် စဉ်းစားချင့်ချိန်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
"ကောင်းပါပြီလေ... အခုတော့ သွားအနားယူလိုက်တော့"
လုချန်က အတွင်းပိုင်း ဝက်ဘ်ဆိုက်မှ တစ်ခုခုကို ဝယ်ယူလိုက်သည်။ ဤသိုင်းကွက်အတွက် သူရရှိထားသော ငွေကြေးများကို ကောဂျီက အပြည့်အဝ ပေးချေထားသော်လည်း လက်ရှိတွင် တောရိုင်းနယ်မြေထဲမှ သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို လျှို့ဝှက်ထားဆဲ ဖြစ်သည်။ ထိုပိုက်ဆံများကို လွယ်လွယ်ကူကူ အသုံးပြု၍ မရနိုင်ပေ။ ထို့ကြောင့် သူက အခမဲ့ ဝယ်ယူရန် ရွေးချယ်ခွင့်ကိုသာ အသုံးပြုနိုင်သည်။
တစ်နေကုန် ဟိုပြေးဒီလွှား လုပ်ပြီးနောက် လုချန်က ခန္ဓာကိုယ်ပိုင်းဆိုင်ရာအရ မပင်ပန်းသော်လည်း၊ စိတ်ပိုင်းဆိုင်ရာအရ ပင်ပန်းနွမ်းနယ်နေသလို ခံစားလိုက်ရသည်။ အခုတော့ သူက အစားအသောက် တစ်ဝကြီး စားပစ်ချင်နေသည်။ ထို့နောက် ကောင်းကောင်း အိပ်ပစ်လိုက်တော့မည်။ ဟိုတယ်သို့ ပြန်ရောက်သောအခါ ဧည့်ကြိုကောင်တာမှ ဝန်ထမ်းလေးက ချက်ချင်းပင် နွေးထွေးစွာ လာရောက်နှုတ်ဆက်သည်။
လုချန်က ခေါင်းတစ်ချက်သာ ငြိမ့်ပြလိုက်သည်။ ထို့နောက် အခန်းထဲသို့ ဝင်သွားလိုက်သည်။ ရေချိုးခန်းထဲ ဝင်ကာ ရေပူပန်းအောက်တွင် မိနစ်နှစ်ဆယ်ခန့် မတ်တပ်ရပ်နေလိုက်သည်။
"ဟူး... ရေချိုးလိုက်ရမှပဲ တော်တော်လေး လန်းဆန်းသွားတော့တယ်"
သူက ရေချိုးခန်းထဲမှ ထွက်လာခဲ့သည်။ လေကို ရှည်လျားစွာ မှုတ်ထုတ်လိုက်သည်။
"အစားအသောက် နည်းနည်းလောက် ထပ်မှာဦးမှပါ"
လုချန်က သန့်ရှင်းသော ညအိပ်ဝတ်စုံကို လဲဝတ်လိုက်သည်။ အစားအသောက်များကို မှာလိုက်သည်။ ထို့နောက် နူးညံ့အိစက်နေသော ကုတင်ပေါ်တွင် သက်သောင့်သက်သာ လှဲလျောင်းလိုက်သည်။ ဖုန်းကို ဖွင့်လိုက်ပြီး လော့နျန်ဝေထံသို့ စာတစ်စောင် ပို့လိုက်သည်။
“အချစ်လေး...”
တစ်ဖက်မှ ချက်ချင်း ပြန်စာဝင်လာသည်။ သူမက ဖုန်းနံဘေးတွင် အချိန်ပြည့် ထိုင်စောင့်နေခဲ့သည့်အလားပင်။
“ရှင် လျှောက်ပြောနေပြန်ပြီ... ဘယ်သူက ရှင့်အချစ်လေးလဲ...”
“ကိုယ့်ရဲ့ ပထမဆုံးအနမ်းကို ခိုးယူသွားပြီးတော့ အခုကျမှ နောက်ဆုတ်ချင်နေတာလား”
“အဲဒီအကြောင်း မပြောနဲ့နော် အဲဒီတုန်းက ရှင် ကျွန်မကို တစ်ခုခု မိစ္ဆာပညာတွေများ သုံးလိုက်တာလားမသိဘူး”
ထိုအနမ်းအကြောင်းကို သူမက ဆက်တိုက် တွေးနေမိသည်။ သူမက လုံးဝကို ရှက်နေမိသည်။ သူမ၏ ပါးပြင်လေးများ နီရဲလာပြီး နှလုံးခုန်လည်း မြန်လာသည်။
“ကိုယ်က အပြစ်ကင်းတဲ့သူပါ ကိုယ် ဘာမှမလုပ်ခဲ့ရပါဘူး...”
“ဘယ်သူသိမှာလဲ...”
လုချန်က ပြုံးစိစိ ဖြစ်သွားသည်။ ချစ်သူတွေကြားက ဒီလို နောက်ပြောင်ကျီစယ်တဲ့ စာပြန်ရတာမျိုးက တကယ်ကို အသစ်အဆန်းပင်။ ထိုအချိန်မှာပင် သူမှာထားသော အစားအသောက်များ ရောက်လာသည်။
မီးတောင် သိုးခြေထောက်ကင်၊ ယွမ်နန်းဆန်၊ ဇလုံတစ်လုံးစာလောက်ရှိသည့် ရေနက်ပိုင်း တူနာငါးနှင့် လတ်ဆတ်သော သစ်သီးများ။ အခြားသော အရသာရှိသည့် အစားအစာများလည်း ပါဝင်သေးသည်။ ဥပမာ- အခြားဗန်းတစ်ခုပေါ်ရှိ အချိုပွဲဖြစ်သော ရေခဲမုန့်။
လုချန်က ဓာတ်ပုံတစ်ပုံ ရိုက်ကာ လော့နျန်ဝေထံသို့ ပို့လိုက်သည်။
“ဗိုက်ဆာနေပြီလား... ဆာရင် ဒီကို လာခဲ့လို့ရတယ်နော်...”
“ရှင့်ဘာသာရှင်စား... ရှင် ဝဖြိုးပြီး ရုပ်ဆိုးသွားတာ အကောင်းဆုံးပဲ”
သို့သော် လုချန်က သူမကို ကောင်းကောင်းသိသည်။ သူမက စားကြူးတဲ့သူလေးပင်။ သူမရဲ့ မာကျောတဲ့ အမူအရာလေးကိုတော့ သွားမယုံလိုက်နှင့်။ အခုလောက်ဆို တံတွေးတွေတောင် မျိုချနေလောက်သည်။ သူက ပြုံးလိုက်သည်။ ထို့နောက် တူညီသော အစားအသောက် တစ်စုံကို ထပ်မှာလိုက်သည်။ ၎င်းကို ဒရုန်းဖြင့် သူမ၏ အိမ်သို့ ပို့ခိုင်းလိုက်သည်။ ခြောက်မိနစ်ပင် မပြည့်မီ ရောက်ရှိသွားသည်။
“ကျေးဇူးပါ...”
“အတူတူ စားကြတာပေါ့... ကိုယ်လည်း မစရသေးဘူး...”
လော့နျန်ဝေ၏ ရင်ထဲတွင် နွေးထွေးမှုလှိုင်းလေးတစ်ခု ဖြတ်သန်းသွားသည်။ သူတို့ အတူတူ မရှိနေကြသော်လည်း မတူညီသော နေရာဒေသ နှစ်ခုမှနေ၍ တူညီသော အစားအသောက်များကို တစ်ပြိုင်နက်တည်း အတူတူစားရသည့် ဤခံစားချက်လေးက အလွန်တရာ အံ့ဩဖို့ကောင်းလှသည်။ ၎င်းက ငြိမ်းချမ်းမှုနှင့် ပျော်ရွှင်မှု ခံစားချက်တို့ကို ပေးစွမ်းနိုင်သည်။ သူမ၏ မျက်နှာပေါ်တွင် ညင်သာသော အပြုံးလေးတစ်ခု အလိုအလျောက် ပေါ်ပေါက်လာခဲ့သည်။
ညစာစားပြီးနောက် သူတို့နှစ်ဦးက နောက်ထပ် နှစ်နာရီနီးပါးခန့် စကားဆက်ပြောနေကြသေးသည်။ ထို့နောက် တံခါးခေါက်သံ ထွက်ပေါ်လာသည်။ ချိုက်ကျိကွမ်က သူလာနေပြီဖြစ်ကြောင်း မက်ဆေ့ချ် ပို့ထားခဲ့သည်လေ။ လုချန်က လော့နျန်ဝေကို “Goodnight”လို့ ပြောလိုက်သည်။ ထို့နောက် တံခါးကို သွားဖွင့်ပေးလိုက်လေသည်။
***